Switch Mode

အပိုင်း(၆၂၉):

လင်းထျန်ဟူ၏ဓားစွမ်းအင် (၂)

မိုယန်က မှင်သက်သွား၏။

“ငါက တာ့လော့ဓားကလန်နဲ့ ဘာရန်ငြှိုးမှ မရှိဘူး။မင်းကသာ ငါ့ကို ထပ်ခါတလဲလဲ တားဆီနေတာကြောင့် မဟုတ်ရင် ငါလည်း မင်းကို တိုက်ခိုက်စရာ မလိုတော့ဘူး။ဓားဆယ့်နှစ်လက်ကို ပြောလိုက်ပါ။ငါက မင်းတို့နဲ့ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရန်သူ မဖြစ်ချင်ဘူးလို့…” ဝမ်လင်းက ထိုသို့ပြောနေရင်း သူ့လက်ထဲရှိ ဓားကို မိုယန်ထံသို့ ပစ်ပေးလိုက်သည်။သည့်နောက် သူက မိုယန်ကို ကျော်၍ သူ့အခန်းရှိရာသို့ ဆက်လျှောက်သွားသည်။

ထွက်ခွာသွားသည့်သူ့ပုံရိပ်က မိုယန်ကို လုံးဝမှင်သက်သွားစေ၏။သူက သူ့အသက်ကယ်ရတနာကိုပင် အသုံးပြုရတော့မည့် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်လား။ သို့သော် ဝမ်လင်းက ခုလိုပြောလိုက်ခြင်းကိုပင် သူက မယုံကြည်နိုင်ဟန် ခံစားမိနေသည်။

သူက အသက်ဝဝရှူသွင်းကာ သူ့ဓားကြီးကို လှမ်းယူလိုက်၏။သူက ဓားကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် မည်သည့်အရာမှ မှားယင်းနေခြင်း မရှိကြောင်ကို တွေ့လိုက်ရသည်။ သူက ထွက်ခွာသွားသည့် ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လို့နေသည်။

“ငါက မင်းပြောလိုက်တာကို ကျိန်းသေပေါက် ပြန်ပြောပြလိုက်ပါ့မယ်…” သည့်နောက် မိုယန်က မိုအိမ်တော်ကနေ မြန်ဆန်စွာ ထွက်ခွာသွားတော့သည်။

သူက မိုအိမ်တော်နှင့် ပေတစ်သောင်းအကွာသို့ ရောက်သည့်အခါ အရှိန်လျော့လိုက်၏။သို့သော် သူ့နတ်ဘုရားအာရုံကတော့ ဖြန့်ကျက်ထားဆဲပင်။ခဏအကြာတွင် ဝမ်လင်းက သူ့ကို တိုက်ခိုက်လာခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ “ကြည့်ရတာ ဝမ်လင်းက ငါ့ကို တကယ် လွှတ်ပေးလိုက်တာပဲ…”

“ဝမ်လင်း ငါက ဒီနေ့အရှက်ကွဲခဲ့တာနဲ့ ပတ်သတ်ပြီး မင်းကို ဆယ်ဆပြန်ပေးဆပ် စေမယ်။ မင်းရဲ့ မန္တန်က အားကောင်းပေမဲ့လည်း နောက်တစ်ကြိမ်ကျရင် ငါကမင်းကို ငါ့စီနီယာအကို တွေနဲ့အတူ တိုက်ခိုက်ပစ်မယ်။အဲ့ကျရင် မင်းက တည်ငြိမ်နေနိုင်ဦးမလား ငါကြည့်ချင်မိတယ်။ဟက်…စီနီယာလောဘကြီးကသာ မီးနတ်ဆိုးနိုင်ငံကို သွားနေတာကြောင့်သာ မဟုတ်ရင် သူက မင်းကို တစ်ချက်တည်းနဲ့တောင် သတ်ပစ်နိုင်တယ်…”မိုယန်မျက်လုံးများက သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။ထို့နောက် သူက မိုအိမ်တော်ကို အေးစက်စွာ ကြည့်၍ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

သူက အလွန်မြန်ဆန်စွာ ထွက်ခွာသွားခြင်းပင်။သူက မိုအိမ်တော်နှင့် ပိုဝေးသွားလေလေ ပိုစိတ်သက်သာရာ ရလေဖြစ်သည်။ သူက စောနပိုင်း တိုက်ပွဲအကြောင်း ပြန်စဉ်းစားမိသည့်အခါ မကြောက်ရွှံ့ဘဲ မနေနိုင် ဖြစ်ရသည်။

“ဒီဝမ်လင်းက တကယ့်ကို သန်မာလွန်းတယ်။ဒါပေမဲ့ ငါက ဆရာပေးခဲ့တဲ့ ဓားစွမ်းအင်ကို အသုံးပြုရင် သူခံနိုင်မှာ မဟုတ်ပါဘူး…” မိုယန်က အေးစက်စွာ ပြုံးလိုက်လေသည်။

သို့ရာတွင် ထိုအခိုက်၌ သူ့ကျောဘက်ရှိ ဓားကြီးထံကနေ မီးခိုးရောင်အမျှင်တန်းများက တိတ်တဆိတ် ထွက်ပေါ်လာသည်။ယင်းအမျှင်တန်းများသည် မိုယန်၏ ခေါင်းထဲသို့ တိုက်ရိုက် တန်းဝင်သွားသည်။

ပြင်းထန်သော အန္တရာယ်အသိက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာ၏။သို့သော် မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းများက သူ့ဦးခေါင်းထဲသို့ သူဘာမှ မလုပ်နိုင်ခင်မှာပင် တူးဆွသွားလေတော့သည်

မီးခိုးရောင်အခိုးငွေ့၏ အမြန်နှုန်းက အံ့မခန်းပင်။မိုယန်က အန္တရာယ်ကို သတိပြုမိလိုက်သည့် အခိုက်တွင် သူက ထိတ်လန့်တကြား အော်ဟစ်မိလိုက်၏။သူ့ခန္ဓာကိုယ်က ကောင်းကင်ထက်ကနေ ပြုတ်ကျလာကာ တစ်ကိုယ်လုံး ခြောက်သွေ့လို့သွား၏။သူ့ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံက ကောင်းကင်ထက်၌ ပဲ့တင်ထပ်လို့သွားသည်။

သူ့မူလစိတ်ဝိညာဉ်ပင် လွတ်မြောက်သွားနိုင်ခြင်း မရှိဖြစ်ရ၏။မီးခိုးရောင်အခိုးငွေ့ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက်တွင် ၎င်းက သူ့မူလစိတ်ဝိညာဉ်ကိုပင် ဖြတ်ထုတ်ပစ်ခဲ့ကာ တစ်ချိန်တည်းမှာလည်း အသွေးအသားများနှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်များကိုပါ စုပ်ယူပစ်လိုက်၏။

သူက မြေပေါ်သို့ ကျရောက်လာသည့််အခါတွင် မိုယန်၏မျက်လုံးများက ပွင့်လျက်သား ဖြစ်နေပြီး မံမီတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားတော့၏။သူ့စိတ်ထဲရှိ နောက်ဆုံးတွေးမိသည့် အတွေးက သူ့ဧရာမဓားကြီး အကြောင်းပင်။သူက ၎င်းကို စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း ၎င်းဓားအတွင်း၌ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းက မည်သို့ ပုန်းနေနိုင်ခဲ့သနည်း။

သူ့ခန္ဓာကိုယ်ရှေ့ရှိ လေဟာနယ်က ဆုတ်ပြဲသွားကာ ဝမ်လင်းသည် လှမ်းလျှောက်ထွက်လာ၏။သူက မိုယန်ခန္ဓာကိုယ်၏ နေရာအမှတ်များကို လက်ညွှန်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ဖမ်းယူလိုက်၏။ထို့နောက် ခြေတစ်လှမ်းဖြင့်ပင် ပြန်ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက မိုအိမ်တော်ထဲရှိ သူ့နေထိုင်သည့်နေရာတွင် ပြန်ပေါ်လာခဲ့သည်။သူက သူ့ညာလက်ကို မြှောက်လိုက်ပြီး မိုယန်ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ဝမ်လင်း မျက်လုံးက အလေးအနက် ဖြစ်လာကာ သိုလှောင်အိတ်ထဲမှ အတားအဆီးအလံကို ထုတ်ယူလိုက်၏။အတားအဆီးအလံက အနက်ရောင်မြူအဖြစ်သို့ ပြောင်းသွားကာ သူ့အခန်းပတ်လည်သို့ လွှမ်းခြုံလို့သွားသည်။ ထိုမြူနက်ထဲ၌ မရေမတွက်နိုင်သာ အတားအဆီးများစွာ ရှိလို့နေ၏။

ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက အသက်ဝဝရှူသွင်းကာ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ သူက ခဏတာကျင့်ကြံပြီးနောက် မျက်လုံးပြန်ပွင့်လာသည်။သူ့အကြည့်က မိုယန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လို့နေသည်။ မိုယန်ခန္ဓာကိုယ်ကို သေချာလေ့လာကြည့်ပြီးနောက် သူ့အကြည့်က မိုယန်၏ နှဖူးထက်သို့ ကျရောက်လို့သွား၏။

သူက မသေချာမရေရာသည့်ဟန်ပန် ဖြစ်နေ၏။သူ မည်သည့်အရာကို တွေးနေမှန်းလည်း မသိရချေ။ ခဏတာ စဉ်းစားပြီးနောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် မန္တန်တစ်ခုကို စတင်ရွတ်ဆိုသည်။သိပ်မကြာခင်တွင် တစ္ဆေဆန်သော မီးတစ်ခုက သူ့လက်ထဲ၌ ပေါ်လာ၏။

သူ့လက်ဟန်က ဆက်လက်ပြောင်းလဲနေပြီး ပုံရိပ်များအထပ်ထပ်ကို ဖြစ်ပေါ်စေသည်။သည့်နောက် သူက မိုယန်ခန္ဓာကိုယ်ထံသို့ လက်ညွှန်၍ တိုးညင်းစွာ ပြောလိုက်၏။ “သန့်စင်ခြင်း…”

တစ္ဆေမီးတောက်က မိုယန်ခန္ဓာကိုယ်ထံသို့ မြောလွင့်သွားသည်။ချက်ခြင်းပင် သူက မိုယန်အလောင်းကို လွှမ်းခြုံလို့သွား၏။မိုယန်ခန္ဓာကိုယ်ကနေ တစီစီပေါက်ကွဲသံများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က အရည်ပျော်ကြလာသည်။

သူ့ခန္ဓာကိုယ်က မီးခိုးရောင်အခိုးငွေ့၏ စုပ်ယူမှုကြောင့် အဆီအနှစ်မရှိတော့ဘဲ မံမီတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ခု မီးကျွမ်းလောင်သည့်အခါ ထူးဆန်းသောအနံ့တစ်ခုက အခန်းထဲ၌ ပြည့်လာခဲ့သည်။သို့ရာတွင် ဝမ်လင်းက သည်အနံ့ကို အာရုံစိုက်နေရန် အချိန်မရှိချေ။သူက မိုယန်ခန္ဓာကိုယ်ထံသို့သာ စူးနစ်စွာ ကြည့်လို့နေ၏။

စောစောပိုင်းတိုက်ပွဲတုန်းက မိုယန်က သူ့နှဖူးကို ထိလိုက်သည့်အခါတွင် ဝမ်လင်းသည့် သူ့ထံသို့ ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည်ဟု ခံစားခဲ့ရ၏။

သူက သတ်ဖြတ်ခြင်းစွမ်းအင်များကို အောင်မြင်ပြီးသည့်နောက် ခုလိုမျိုးအန္တရာယ်ခံစားချက်ကို လုံးဝခံစားခဲ့ရခြင်း မရှိတော့ချေ။အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ထိုသို့သော အော်ရာမျိုးကို ထုတ်လွှတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ထိုအရာက သူ့အသက်ဓာတ်ချိပ်တံဆိပ် သုံးထောင်ကျော်အလွှာကို ထွင်းဖောက်၍ သူ့မူလစိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေခဲ့ပေသည်။

သူက အလွန်တုန်လှုပ်သွားခဲ့မိ၏။ထို့ကြောင့်လည်း သူက မိုယန်ကို ဆက်မတိုက်ခိုက်တော့ဘဲ နောက်ပြန်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်လင်းက မိုယန်ကို ချောင်ပိတ်သည့်အထိ တွန်းအားမပေးလျှင် သူက ထိုစွမ်းအင်ကို အသုံးပြုလာမည် မဟုတ်မှန်း သေချာသိနေခဲ့သည်။

မိုယန်ခန္ဓာကိုယ်က တဖြည်းဖြည်းအရည်ပျော်လာကာ သူ့မူလစိတ်ဝိညာဉ်ပင် ထွက်ပေါ်လာသည်။ သူ့မူလစိတ်ဝိညာဉ်က မီးခိုးရောင်အလွှာများနှင့် ထွေးပတ်ထားခြင်းကို ခံထားရ၏။

မိုယန်၏ မူလစိတ်ဝိညာဉ်က မျက်လုံးတင်းကြပ်စွာ မှိတ်ထားသည်။၎င်းက တစ္ဆေမီးတောက်ထဲ၌ မလှုပ်မယှက် ရှိနေသည်။ဝမ်လင်းမျက်လုံးက လက်ခနဲ တောက်ပသွားကာ သူက ယင်းမူလစိတ်ဝိညာဉ်ကို သေချာစမ်းစစ်ကြည့်နေသည်။ရုတ်တရက် မိုယန်နှဖူးပေါ်သို့ အကြည့်ရောက်သွားသည့်အခါတွင် သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။ထိုနှဖူးပေါ်၌ ဖျော့တော့သော အပြာရောင်လိုင်းတစ်ခုက တဖျပ်ဖျပ် တောက်ပလို့နေသည်။

လူတစ်ယောက်က နီးကပ်စွာ ကြည့်ပါက သည်လိုင်းပါးလေးက ဓားတစ်လက်ကို အကြိမ်များစွာ ကျုံ့စေပြီး တည်ရှိစေသည့်အသွင် ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။

ဝမ်လင်းက အပြာရောင်လိုင်းကို မြင်လိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ဝမ်လင်းက ဓားသူတော်စင်လင်းထျန်ဟူ ကိုယ်တိုင်ကို ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။

“လင်းထျန်ဟူ…” ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့မျက်လုံးကလည်း အလေးအနက် ဖြစ်လာ၏။

“အတိတ်တုန်းက ဒီနေရာကို လာတဲ့ ဝင်ပေါက်မှာ လင်းထျန်ဟူက အသက်ကယ်ရတနာလို့ ခေါ်တဲ့ ဓားစွမ်းအင်တန်းတွေကို သူ့တပည့် ဓားဆယ့်နှစ်လက်ကို ပေးခဲ့တယ်…”

“ဒီအပြာရောင်လိုင်းက ဓားစွမ်းအင်ပဲ။ငါ့ကို သေခြင်းရှင်ခြင်း အခြေအနေကို ရောက်သွားသလို ခံစားစေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ဒီစွမ်းအင်က ငါ့အသက်ဓာတ်ချိပ်တံဆိပ်တွေကို တိုက်ရိုက် ဖြတ်ကျော်လာနိုင်ခဲ့တာပဲ…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားကာ ဆုံးဖြတ်ချက်ပြတ်သားသည့်ဟန် ဖြစ်ပေါ်သွား၏။

“ဒီဓားစွမ်းအင်တန်းကို ငါမြင်လိုက်ကတည်းက ဒါက ငါ့ဟာ ဖြစ်လာစေရမယ်…”

သူက မျက်လုံးမှိတ်ကာ သူ့လက်ကို ဒူးပေါ်သို့ တင်လိုက်၏။သူ့မူလစိတ်ဝိညာဉ် က ခန္ဓာကိုယ်မှ ထွက်ခွာ၍ သူ့ခေါင်းထက်မှ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။သည့်နောက် အသက်ဓာတ်ချိပ်တံဆိပ်များက သူ့မူလစိတ်ဝိညာဉ်ကို အလွှာလိုက် ဝန်းရံထားလေ၏။

ဝမ်လင်းမူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ခွာထွက်လာပြီး မိုယန်၏မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။သူက အနည်းငယ်စဉ်းစားပြီးနောက် မူလမီးတောက်အချို့ကို တစ္ဆေမီးတောက်ထဲသို့ ထည့်ပေါင်းစပ်သည်။တစ္ဆေမီးတောက်က ပိုမိုအားကောင်းစွာ လောင်ကျွမ်းလာသည်။

ဝမ်လင်းက မူလမီးတောက်များကို ဆက်လက် ထုတ်လွှတ်နေသည်။

မိုယန်၏မူလစိတ်ဝိညာဉ်က နာကျင်သည့်အသွင် ဖြစ်ပေါ်နေသည်။သူက ရုန်းကန်လိုသော်လည်း သူ့မူလစိတ်ဝိညာဉ်ကို ဝန်းရံထားသည့် အသက်ဓာတ်က သူ့ကို လုံးလုံး ချိပ်ပိတ်ထားလေသည်။

ဝမ်လင်း မူလစိတ်ဝိညာဉ်ကတော့ ဂရုတစိုက်ဟန် ဖြစ်ပေါ်နေပြီး ဓားစွမ်းအင်ကို ရှောင်ကြဉ်နိုင်ရန် တစ္ဆေမီးတောက်ကို သေချာထိန်းချုပ်လို့နေသည်။မိုယန်၏ မူလစိတ်ဝိညာဉ်က တဖြည်းဖြည်း သန့်စင်ခြင်း ခံလာရသည်။

သည်ဖြစ်စဉ်က ရက်များစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ဝမ်လင်းစိတ်ခွန်အားဖြင့်ပင် အချိန်အတန်ကြာ အာရုံစူးနစ်ထားရသည့််အတွက် သူ့မူလစိတ်ဝိညာဉ်ကပင် မှိန်ဖျော့လာခဲ့သည်။သူ့မျက်နှာက ပင်ပန်းနေသည့်ဟန် ပေါ်နေ၏။

သို့သော် သူ့မျက်လုံးက တောက်ပသထက် တောက်ပလာခဲ့သည်။

အချိန်အကြာကြီး သန့်စင်ပြီးနောက် သည်နေ့တွင် မိုယန်၏မူလစိတ်ဝိညာဉ်က မရေမတွက်နိုင်သော အပြာရောင်အစက်အပြောက်များ အဖြစ်သို့ ပျက်စီးသွားတော့၏။

ဝမ်လင်းမူလစိတ်ဝိညာဉ်ကလည်း နစ်မြုပ်နေကာ မိုယန်၏ တစစီပျက်စီးသွားသည့် မူလစိတ်ဝိညာဉ်က ဝမ်လင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။သည်ဝါးမြိုမှုကို အသုံးပြု၍ဝမ်လင်း၏ စွမ်းအင်အားလုံးက ပြန်ပြည့်လာခဲ့သည်။ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက အပြာရောင်လိုင်းကို မမှိတ်မသုန် မလှုပ်မယှက်ကြည့်လို့နေသည်။

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက အံတင်းတင်း ကြိတ်လိုက်သည်။သူက မည်သည့်တုံ့ဆိုင်းမှုမှ မရှိဘဲ ထိုအပြာရောင်လိုင်းပါးကို ဝါးမြိုပစ်လိုက်လေသည်။

သည်အခိုက်တွင် သူ့မူလစိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် တုန်ခါကာ သူ့ခန္ဓာကိုယ်နှင့်ပင် ချိတ်ဆက်မှု ကင်းလွတ်တော့မလို ဖြစ်လာခဲ့သည်။ဝမ်လင်းက ထိုသို့ ဖြစ်လာမည့် အရာအတွက် ကြိုပြင်ဆင်ထားခဲ့ပေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က ဝေးဝေးသို့ မသွားဘဲ မူလစိတ်ဝိညာဉ်နှင့် နီးကပ်စွာ ရှိနေခြင်း ဖြစ်သည်။သူက တစ်ချက်ရုန်းကန်လိုက်ရာ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။

ဝမ်လင်းက သုံးရက်လုံးလုံး တိတ်ဆိတ်စွာ ထိုင်နေသည်။သုံးရက်မြောက်နေ့ ညနေခင်းတွင် ဝမ်လင်းက မျက်လုံးပွင့်လာသည်။သူ့အကြည့်က တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများကတော့ တလက်လက် ဖြစ်လို့နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset