ကောင်းကင်နတ်ဆိုး မြို့၏ အင်ပါယာမြို့တွင်းရှိ နန်းတော်ထဲမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီကောင်လေးက မိုလီဟိုင်ကို နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲ မတိုင်ခင် စိန်ခေါ်ချင်နေတာလား။သူက မီးနတ်ဆိုးနိုင်ငံနဲ့ တိုက်ခိုက်တုန်းက ရရှိခဲ့တဲ့ စစ်တပ်ဆိုင်ရာ အရည်အသွေးကို အသုံးပြုဖို့ ဆန္ဒရှိနေတယ်။ ဒါ့ကြောင့် ငါက သူ့ကို မငြင်းဆန်နိုင်တော့ဘူးပေါ့လေ။ ဒီကောင်လေးက စိတ်ဝင်စားစရာပဲ။ ငါက သူ့ကို ခွင့်ပြုပေးရတော့မှာ ပေါ့…”
နန်းတော်ထဲမှ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒါက…နတ်ဆိုးအင်ပါယာ သူတို့နှစ်ယောက်က ရှေ့မှာ ဒီလို သာဓက ဖြစ်သွားရင် အခြားနတ်ဆိုးအင်ပါယာ တွေကလည်း ခုလို လုပ်လာမှာကို ငါစိုးရိမ်မိပါတယ်…”
“စစ်တပ်အရည်အသွေး အမှတ်တစ်သောင်း ပြည့်မှီတဲ့ ဘယ်သူမဆို သူတို့နှစ်ယောက်လို လုပ်ရင် ငါခွင့်ပြုတယ်…”
“ဟုတ်ကဲ့ပါ…”
သိပ်မကြာခင်တွင် နန်းတော်ထဲကနေ အဘိုးအိုတစ်ယောက်သည် စာလိပ်တစ်ခုကို ကိုင်ထားရင်း လမ်းလျှောက်လို့ထွက်လာသည်။ သူက ခေါင်းအနည်းငယ်ယမ်း၍ ခပ်သုတ်သုတ် ပြန်ထွက်လာခဲ့တော့သည်။
နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲနေ့ရက်က နီးကပ်သထက် နီးကပ်လာခဲ့သည်။ ကောင်းကင်နတ်ဆိုးတစ်မြို့လုံးသည် မွန်းကြပ်သော ဖိအားတို့နှင့် လွှမ်းခြုံလို့နေသည်။နေ့စဉ်ရက်ဆက်လည်း တိုက်ပွဲများစွာ မရေမတွက်နိုင်အောင် ဖြစ်ပွားနေသည်။
ဝမ်လင်းက မြစ်ဘေးတွင် ထိုင်နေလျက်ရှိနေသည်။ သူက အရက်အိုးကို အောက်သို့ ချလိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်သည်။သည့်နောက် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါက ကစားပွဲ တစ်ခုပဲ…”
“နတ်ဆိုးအင်ပါယာရဲ့မျက်လုံးထဲက ကစားပွဲ တစ်ခုသာသာပါပဲ။ နတ်ဆိုးအင်ပါယာ အမြင်မှာ နတ်ဆိုးဗိုလ်ချုပ်တွေကို မြင့်မားတဲ့ နေရာကို ရောက်ဖို့အတွက် ကူညီပြီး ပြင်ပကျင့်ကြံသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတယ်။ဒါက အကောင်းဆုံး ကစားပွဲတစ်ခုပဲ…” ဝမ်လင်းက အရက်တစ်ငုံ ထပ်သောက်လိုက်သည်။ သူ့မျက်လုံးများက ကြည်လင်ရှင်းလင်း မှုတို့နှင့် ပြည့်နေ၏။
သူက အနည်းငယ် စဉ်းစားပြီးနောက် မတ်တပ်ထရပ်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားတော့၏။
သည်နေ့က ခုနစ်ရက်မြောက်နေ့ပင်။သည့်အတွက် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲက ရှစ်ရက်သာ လိုတော့ပေ၏။
ကောင်းကင်နတ်ဆိုးမြို့၏ လေထုက ဖိအားများဖြင့် တင်းကြပ်နေသဖြင့် လမ်းသွားလမ်းလာများက နည်းပါးသထက် နည်းပါးလာကြသည်။ အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ပေတစ်ထောင်လောက် အကွာကနေ မိုအိမ်တော်ထံသို့ လမ်းလျှောက်လာနေ၏။
သည်လူ၏ နောက်ကျောဘက်တွင် ဓားကြီးတစ်လက် ရှိနေသည်။ သူ့အသွင်က မိုအိမ်တော်သို့ လမ်းလျှောက်ဝင်လာနေရင်းဖြင့်ပင် တည်ငြိမ်စွာ ရှိလို့နေသည်။သူက နီးကပ်လာသည်နှင့် သူ့ပတ်လည်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကပါ ဖြည်းဖြည်းချင်း ပျံ့နှံ့လို့လာသည်။
တစ်ချိန်တည်းမှာပင် ဖိအားအော်ရာ တစ်ခုက မိုအိမ်တော်တစ်ခုလုံးကို လွှမ်းခြုံလာ၏။
မိုအိမ်တော်အတွင်း၌ မိုလီဟိုင်က လျှို့ဝှက်ခန်းတစ်ခုတွင် ကျင့်ကြံလျက် ရှိနေသည်။ သူ့ပတ်လည်တွင် လက်မောင်းလုံးခန့် အရွယ်ရှိသော နတ်ဆိုးဆန်သည့်အလင်းကို ထုတ်လွှတ်နေသည့် ရုပ်သေးရုပ် (၁၇)ရုပ်က လွင့်မြောလို့နေသည်။
မိုလီဟိုင်ထံမှလည်း နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပေါက်ကွဲ ထွက်လာ၏။ သည်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ရုပ်သေး(၁၇)ရုပ်နှင့် ချိတ်ဆက်ထားပြီး ပြည့်စုံစွာ လှည့်ပတ်နေ၏။
ထိုအခိုက်မှာပင် မိုလီဟိုင်က ရုတ်တရက် မျက်လုံးဖွင့်လာသည်။သူ့အကြည့်က မိုအိမ်တော်ပြင်ပအထိ ထွင်းဖောက်လို့သွားသည်။
မိုအိမ်တော်သို့ ဝင်လာနေသည့် လူက အံ့အားသင့်သွားပြီး ပြုံးလိုက်၏။သူက မိုအိမ်တော်ရှေ့သို့ ရောက်လာသော်လည်း ရပ်တန့်ခြင်း မပြုချေ။ သူက မည်သည့်မန္တန်ကိုမျှလည်း အသုံးပြုလိုက်သည့်ဟန် မပေါ်ပေ။ သို့သော် မိုအိမ်တော်၏ ဝင်ပေါက်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
ကျိုးပဲ့စများက လွင့်စင်သွားစဉ်တွင် နာနာကျင်ကျင်ငြီးငြူသံ နှစ်သံကို ကြားလိုက်ရ၏။ ထိုအစောင့်နှစ်ယောက်ထံမှ သွေးများ ပန်းထွက်လာပြီး သူတို့က မိုအိမ်တော် အတွင်းပိုင်းသို့ လွင့်စင်သွားကြ၏။
“တာ့လော့ဓားကလန်ရဲ့ (၁၂)ခုမြောက် ဓား၊ မိုယန်က အရှင်မိုလီဟိုင်ကို နှုတ်ဆက်ဖို့ လာရောက်ပါတယ်…”
သူ့ထံမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ သူက ရပ်တန့်ခြင်း မရှိဘဲ မိုအိမ်တော်ထဲသို့ ဆက်လက်လှမ်းဝင်လာ၏။ သူက မိုလီဟိုင် တံခါးပိတ်ကျင့်ကြံနေသည့် လျှို့ဝှက်ခန်းထံသို့ ဦးတည်၍ လျှောက်လှမ်းလာခြင်း ဖြစ်သည်။
မရေမတွက်နိုင်သော တပ်သားများနှင့် မိုလီဟိုင်၏ အစေခံများက ဝရောသုန်းကား လှမ်းထွက်လာကြ၏။ သို့ရာတွင် ထိုလူနှင့် ဆယ်ပေတွင်းသို့ ရောက်လာသည့် လူတိုင်းသည် သွေးမြူများအဖြစ်သို့ တစစီကွဲထွက်သွားတော့သည်။
လမ်းတစ်လျှောက်တွင် အသံပေါက်ကွဲမှု များစွာ ဖြစ်ပေါ်သွားသည်။ မည်သူကမျှ သူ့ကို ရပ်တန့်နိုင်စွမ်း မရှိ ဖြစ်နေ၏။ အချို့အဆောက်အဦများနှင့် တောင်အတုများပင် ပျက်စီးသွားခဲ့ရလေသည်။
သည်အခိုက်တွင် ပုံရိပ်တစ်ခုက ထိုလူ့ရှေ့တွင် ပေါ်ထွက်လာ၏။ ထိုပုံရိပ်ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက တာ့လော့ဓားကလန်မှ လူကို ခုခံရန် ပျံ့နှံ့လာသည်။
တာ့လော့ဓားကလန်မှ လူက ခေါင်းအနည်းငယ်ခါယမ်းကာ ရှေ့သို့ဆက်လျှောက်လာသည်။ ထိုပုံရိပ်၏ မျက်နှာက ဖြူရောသွားကာ သူက လူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ဓားတစ်လက်ကို ရင်ဆိုင်နေရသလို ခံစားမိလိုက်သည်။
ထိုပုံရိပ်က နောက်သို့ အလိုလို ဆုတ်သွားမိသည်။ သူက နောက်သို့ ပေများစွာ ဆုတ်လိုက်ပြီးနောက် သူ့နောက်ကျောဘက်သို့ လက်တစ်ခုက တွန်းကန်လာပေးသည်။ ထိုအခါကျမှ ထိုပုံရိပ်သည် စိတ်သက်သာရာရဟန်ဖြင့် အသက်ဝဝရှူနိုင်တော့၏။
ထိုပုံရိပ်နောက်တွင် လူသုံးယောက်ပေါ်လာ၏။ သည်သုံးယောက်လုံးက ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုများ ဖြစ်ကြသည်။ သူတို့က မတ်တပ်ရပ်လျက် ရှိနေပြီး တာ့လော့ဓားကလန်မှ လူကို အေးစက်စွာ ကြည့်သည်။
တာ့လော့ဓားကလန်မှ လူ၏ အကြည့်က ထိုအဘိုးအိုသုံးယောက်ထံသို့ ကျရောက်လာသည်။သည့်နောက် သူက ပြုံး၍ ရှေ့သို့သာ ဆက်လျှောက်သွားလေသည်။
အဘိုးအိုသုံးယောက်အသွင်က အလေးအနက် ဖြစ်သွားကြ၏။သူတို့မန္တန်များကိုပင် အသုံးပြုရန် ဟန်ပြင်လိုက်ကြ၏။သို့သော် ထိုအခိုက်မှာပင် ခပ်တိုးတိုးအသံတစ်ခုက သူတို့နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ…” ထိုအသံထဲ၌ လွှမ်းမိုးနိုင်မှုတို့ ပါရှိသည်။ အကြီးအကဲသုံးယောက်က ချက်ခြင်းပင် လေးစားသည့်ဟန်ပန်ဖြင့် လမ်းရှင်းပေးလိုက်ကြသည်။ ထိုအခါ မိုလီဟိုင်၏ အသွင် ထွက်ပေါ်လာ၏။
မိုလီဟိုင်က တာ့လော့ဓားကလန်မှ လူငယ်ကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက မီးတောက်များအလား တောက်ပနေ၏။ ခုချိန်တွင် သူ့အော်ရာက ရှေးဟောင်းနတ်ဆိုးမြို့မှာထက် ပိုအားကောင်းနေခဲ့ပြီ ဖြစ်သည်။
တာလော့ဓားကလန်မှ လူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရပ်တန့်လိုက်ပြီး ပြောလိုက်၏။ “နတ်ဆိုးဗိုလ်ချုပ် မိုဖန်…”
မိုလီဟိုင်က မျက်မှောင်ကြုတ်ကာ အော်မေးလိုက်သည်။ “ဘာအတွက်လဲ…”
“ငါက ဒီကိုလာရတဲ့အကြောင်းက အရှင်မိုဖန်က ဗိုလ်ချုပ်မိုလီဟိုင်အတွက် စိမ်ခေါ်စာ ပို့ခိုင်းလိုက်လို့ပဲ…” လူငယ်က သူ့လက်ကို တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်း တစ်ခုက ထိုးထွက်သွားကာ မိုလီဟိုင်ရှေ့တွင် ရပ်တန့်သွား၏။
မိုလီဟိုင်အသွင်က သူ့ရှေ့ရှိ ရွှေရောင်တုန်ကင်ကို ကြည့်ကာ သုန်မှုန်သွား၏။
ထို တုန်ကင်ပေါ်၌ စာလုံးတစ်လုံးသာ ပါ၏။ “တိုက်ပွဲ”
“ခုက စပြီး သုံးရက်မြောက် ရှေးဟောင်းလျှောက်လှမ်းခန်းမ အပြင်ဘက်…” တာလော့ဓားကလန်မှလူက ထိုသို့ပြောဆိုပြီးနောက် လှည့်၍ ထွက်ခွာသွားသည်။
သို့သော် သူလှည့်လိုက်သည့်အခိုက်တွင် သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားမိ၏။ သူက အားကောင်းသော အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သည်အော်ရာက မိုအိမ်တော်သို့ သူဝင်လာချိန်၌ ထုတ်လွှတ်ခဲ့သော အော်ရာထက် ပိုမိုသာလွန်နေ၏။
သူက သူ့ရှေ့ပေတစ်ထောင်အကွာရှိ ပုံရိပ်တစ်ခုကို ကြည့်လိုက်ရင်း သူ့မျက်လုံးက တောက်ပလာခဲ့၏။သူက ပြောလိုက်သည်။ “ခရမ်းရောင်အုပ်စုခွဲရဲ့ နံပါတ်ခုနစ် ဝမ်လင်း…”
မိုလီဟိုင်ကလည်း ဝမ်လင်းကို သတိပြုမိသွား၏။ သည့်အတွက် သူက နည်းနည်း စိတ်သက်သာရ ရသွားသည်။
ဝမ်လင်းက ထိုလူ့ကို ကြည့်ပင် မကြည့်ချေ။ သူက ရှေ့သို့သာ ဆက်လျှောက်သွား၏။သို့ရာတွင် တာ့လော့ဓားကလန်မှ လူ၏ အမြင်တွင်တော့ သူ့အတွက် ဒေါသထွက်စရာ ဖြစ်သွားလေ၏။
တာ့လော့ဓားကလန်မှ လူက အေးစက်စွာ ပြောလိုက်သည်။ “ပြောကြတာက ခရမ်းရောင်အုပ်စုခွဲရဲ့ ခုနစ်ရောက်မြောက်တပည့်က တော်တော်လေး မောက်မာတယ်လို့ ဆိုတယ်။ဒီနေ့ မင်းကို ကြည့်ရတာ ကောလာဟာလ ပြောတာတွေက အမှန်ဖြစ်နေတာပဲ…”
ဝမ်လင်းက သူဘာမှ မကြားရသကဲ့သို့ ရှေ့သို့သာ ဆက်လျှောက်လာနေသည်။ တာ့လော့ဓားကလန်မှလူ၏ အော်ရာက မြှင့်တက်သွားကာ ဝမ်လင်းထံသို့သာ စူးရဲစွာ ကြည့်နေသည်။
သူ့အော်ရာက အထွတ်အထိပ်သို့ ရောက်သွားသည့်အခိုက်တွင် ဝမ်လင်းက တစ်ခဏလေးပင် ရပ်တန့်သွားခြင်း မရှိဘဲ သူ့ကို ဖြတ်ကျော်လို့သွားသည်။
တာ့လော့ဓားကလန်မှလူက မှင်သက်သွားမိသည်။သို့သော် သူက ချက်ခြင်း ဒေါသပိုထွက်လာခဲ့သည်။သူက အဝေးသို့လှမ်းသွားနေသော ဝမ်လင်းထံသို့ ကြည့်ကာ အော်ပြောလိုက်သည်။ “ဝမ်လင်း…မင်း ငါပြောတာ မကြားဖူးလား…”
ဝမ်လင်းက သူနေထိုင်သောနေရာသို့သာ ဆက်လက် သွားနေပေသည်။
တာ့လော့ဓားကလန်မှလူ၏ မျက်လုံးက အေးစက်လာသည်။တာ့လော့ဓားကလန်၏ ဓားဆယ်နှစ်လက်ထဲမှ တစ်ယောက်အနေဖြင့် သူ့အဆင့်အတန်းက ကောင်းကင်ကံကြမ္မာကလန်၏ တပည့်ခုနစ်ရောက်၏ ကျော်ကြားမှုနှင့်တူတူပင် မဟုတ်လော။
သို့ရာတွင် သည်လူက သူ့ကို လုံးလုံးလျာလျာ လစ်လျူရှူထားပေသည်။သူက အေးစက်စက် နှာခေါင်းရှုံ့ကာ ဝမ်လင်းရှေ့၌ ပေါ်လာ၏။သည့်နောက် သူက ပြောလိုက်သည်။ “ဝမ်…”
သူ့စကားမဆုံးခင်မှာပင် ဝမ်လင်းက ခေါင်းမော့ကာ ပြောလိုက်သည်။ “ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ခုလိုလွယ်လွယ် ဒေါသထွက်နေရင် မင်းရဲ့ နှစ်ထောင်ချီကျင့်ကြံမှုက တော်တော်စိတ်ပျက်ဖို့ ကောင်းနေတာပဲ…”
တာ့လော့ဓားကလန်မှ လူက ဒေါသတကြီး ရယ်မောလိုက်သည်။သူ့မျက်လုံးကလည်း ပိုအေးစက်လာပြီး သူက ပြောလိုက်သည်။ “ငါက မင်းရဲ့ နှစ်ထောင်ချီကျင့်ကြံမှုကြောင့် ဘယ်လိုအောင်မြင်မှုများ ရှိနေမလဲ သိမြင်ချင်မိတယ်…”
ဝမ်လင်းက ခေါင်းယမ်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ကြိုးစားကြည့်…”
တာ့လော့ဓားကလန်မှလူက ရယ်မောလိုက်ပြီးနောက် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး သူ့ရှေ့တွင် ဓားစွမ်းအင်တစ်ခုကို သိပ်သည်းစေ၏။သည်ဓားစွမ်းအင်တန်းက တစ်ခုမှသည် နှစ်ခု၊လေးခု…ခြောက်ဆယ့်လေးခုထိ ဆင့်ပွားသွားပြီး သည်စွမ်းအင်တန်းအားလုံးက ဝမ်လင်းထံသို့ ကျရောက်လာ၏။
ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။သူက ဓားစွမ်းအင်တန်း (၆၄)ခု ကြည့်ပင်မကြည့်ချေ။ ဝမ်လင်းပေါ်သို့ ဓားစွမ်းအင်များ ကျရောက်လာသည်။သို့သော် ထိုအခိုက်တွင် အသက်ဓာတ်ချိပ်တံဆိပ်များက ဖျပ်ခနဲ လင်းလက်သွား၏။ ဓားစွမ်းအင်က ထိုအသက်ဓာတ်ချိပ်တံဆိပ်နှင့် ထိတိုက်သွားကာ အားလုံးပျောက်ကွယ်သွားလေ၏။
“ဒါက မင်းမှာရှိတဲ့ စွမ်းအားအကုန်လား။ ကြည့်ရတာ မင်းရဲ့ နှစ်ထောင်ချီ ကျင့်ကြံမှုက စိတ်ပျက်ဖို့ကောင်းရုံတင် မဟုတ်တော့ပဲ လုံးဝ သုံးစားမရတော့ဘူးကို…” ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။
တာ့လော့ဓားကလန်မှလူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူ့မျက်နှာပေါ်၌လည်း မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်နေသည်။ သည်ဓားစွမ်းအင်တန်း (၆၄)ခုက သူ့ အသန်မာဆုံး တိုက်ချက် မဟုတ်သော်လည်း အားနည်းသည်ဟုလည်း မဆိုလိုပေ။ ဝမ်လင်းက သည်စွမ်းအင်ကို လွယ်လင့်တကူ တောင့်ခံလိုက်သည်ကို ကြည့်ရင်း သူ့နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားသည်။
“ဒါက ဘယ်လို မန္တန်မျိုးလဲ။ဒီလူက ဘာရတနာကိုမှလည်း အသုံးမပြုခဲ့ဘူး။ဒါပေမဲ့ ငါ့ဓားစွမ်းအင်က သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာတဲ့အခါမှာ ဒါက ချက်ခြင်း ပျက်စီး သွားတယ်။ဓားဆယ့်နှစ်လက်ထဲက နဂါးဓားတောင် ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက ခေါင်းခါယမ်းကာ ရှေ့သို့ ဆက်လျှောက်လို့သွားသည်။
တာ့လော့ဓားကလန်မှ လူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။သည့်နောက် သူက အသက်ဝဝရှူသွင်းကာ သူ့လက်ကို ဓားကြီးပေါ်သို့ တင်လိုက်၏။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူက ထိုလူ့ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ထွက်သွားစမ်း…ဒီနေ့ မင်းက စိန်ခေါ်စာကို လာပို့တာ ဖြစ်တဲ့အတွက် ငါမင်းကို မသတ်တော့ဘူး…”
“မင်းက ငါ့နဲ့အဆင့်တူတဲ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်။မင်းမန္တန်က အားကောင်းနေရင်တောင် ဒီဓားကို တောင့်ခံနိုင်ဖို့ နည်းလမ်း မရှိနိုင်ဘူး…” တာ့လော့ဓားကလန်မှ လူ၏ မျက်လုံးများက အလေးအနက် ဖြစ်လာသည်။သူက မည်သည့်စကားမှ ဆက်မဆိုတော့ပေ။သူ့ညာလက်ကို လှုပ်ရှားလိုက်ရာ သူ့နောက်ကျောရှိ ရတနာဓားက ပျံသန်းထွက်လာတော့၏။
ထိုအခါ ခရမ်းရောင်ဓားကြီးတစ်လက်က ထိုလူ၏ အထက်၌ ပေါ်လာ၏။သည်ဓားက ပြင်းထန်သောဓားစွမ်းအင်ကို ပေးစွမ်းနေသည်။သည်ဓား ထွက်ပေါ်လာသည့် အခိုက်တွင် ပြင်းထန်သောဓားစိတ်ဆန္ဒက ပတ်ဝန်းကျင်သို့ ဝန်းရံလာ၏။ ထိုဓားပေါ်တွင် အံ့ဖွယ်သင်္ကေတတစ်ခုလည်း ရှိလို့နေသည်။
ထိုသင်္ကေတထံမှ ကြီးမားသည့် ခရမ်းရောင်သိုးထီးကြီးတစ်ကောင်၏ ပုံရိပ်ယောင်နှင့် ပြင်းထန်သောအော်ရာက ထွက်ပေါ်လို့လာသည်။၎င်းက ဓားနှင့်ပေါင်းစပ်သွားကာ ဓား၏ဓားစိတ်ဆန္ဒက ပိုမို အားကောင်းလာခဲ့သည်။
“ပွဲသိမ်းသိုးထီး ဓားတိုက်ကွက်…” ထိုလူက အော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း မြင့်တက်လာ၏။သူက သူ့လက်ကို လွှဲပိုင်းချလိုက်၏။တစ်ပြိုင်နက်တည်းမှာပင် လေထဲရှိဓားကြီးက လှုပ်ရှားလာ၏။ယင်းဓားက မခန့်မှန်းနိုင်သည့် ဓားစွမ်းအင်ပမာဏနှင့်အတူ ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။
မိုလီဟိုင်အသွင်က ပြောင်းလဲသွားသည်။ သူက နောက်သို့ ချက်ခြင်း ဆုတ်လိုက်၏။သူ့နောက်ရှိလူများသည်လည်း လိုက်ပါဆုတ်သည်။မျက်စိတစ်မှိတ်အတွင်း သူတို့က ပေတစ်ထောင်ကျော်သို့ ရောက်ရှိသွားကြ၏။
ဧရာမဓားက လျှပ်စီးတန်းအလား ဆင်းသက်လာ၏။
ဝမ်လင်းအသွင်က မထူးမခြားနားပေ။ သည်ဧရာမဓားကြီးက သိုးထီးစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်လျှင် အထူးအားကောင်းသွားမည် ဖြစ်သော်လည်း သူ့ရှေ့ရှိလူက သည်သိုးထီးစိတ်ဝိညာဉ်၏ စွမ်းအားကို ပြည့်ပြည့်ဝဝအသုံးပြုနိုင်သည့် စွမ်းရည် မရှိသေးပေ။
“ဓားကောင်းကို အလကား ဖြစ်စေလိုက်တာပဲ…” ဝမ်လင်းက ထိုသို့ပြောလိုက်ရင်း သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ ဝမ်လင်းက ထိုဓားကို လက်ဖြင့် ဖမ်းဆွဲလိုက်ခြင်းပင်။ တာ့လော့ဓားကလန်မှ လူ၏တုန်လှုပ်မှုက စာဖွဲ့၍ပင် မရတော့ချေ။
ဝမ်လင်းက ထိုဓားကို ဖမ်းဆုပ်လိုက်သည့်အခိုက်တွင် သူ့လက်ထဲရှိ အသက်ဓာတ်ချိပ်တံဆိပ်များက ရူးသွပ်ဖွယ်ကောင်းအောင် တဖျပ်ဖျပ် တောက်ပသွားပြီး သူ့လက်ကို အသက်ဓာတ်ချိပ်တံဆိပ် တစ်ထောင်ကျော်က ဖုံးအုပ်သွားတော့၏။
ထိုဧရာမဓားထဲကနေ အော်သံများ ထွက်ပေါ်လာ၏။ထိုဓားထဲရှိ သိုးထီးစိတ်ဝိညာဉ်က ရူးသွပ်ဖွယ် ရုန်းကန်နေပြီး ဝမ်လင်းလက်ထဲကနေ လွတ်မြောက်ရန် ကြိုးပမ်းနေသည်။ သို့ရာတွင် ဝမ်လင်းလက်က သန်လာလွန်းလှသဖြင့် ၎င်းက မည်မျှကြိုးစားပါစေ ဝမ်လင်းလက်ထဲမှ တစ်လက်မပင် ရွေ့အောင် မစွမ်းနိုင်ချေ။
ဓားကြီးအတွင်းရှိ သိုထီးစိတ်ဝိညာဉ်က မွန်းစတားဆန်စွာ ဟစ်အော်လိုက်သည်။ ၎င်း၏မျက်လုံးများက ခုလက်ရှိတွင် ဦးမညွတ်သည့်ဟန်တို့ ရှိနေ၏။၎င်းက ပါးစပ်ဟလာပြီး ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာ၏။
၎င်းက ဓားစိတ်ဝိညာဉ်မျှဖြစ်သည့်အတွက် ပုံရိပ်ယောင်သာ ဖြစ်သော်လည်း ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားရန် ကြိုးစားသည့်အခါ ၎င်းထံမှ ငါးညှီနံ့များထွက်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။
“မကောင်းဆိုးဝါး တိရိစ္ဆာန် …မင်းလုပ်ဝံ့လား…” ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားပြီး အနီရောင်ဖျပ်ခနဲ လင်းလက်သွားသည်။ သည့်နောက် သူ့မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ထိုးထွက်လာကာ သိုးထီးစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
သိုးထီးစိတ်ဝိညာဉ်က အထိတ်တလန့်အော်ဟစ်လိုက်ရပြီး ၎င်း၏ခန္ဓာကိုယ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ဖျက်စီးခြင်း ခံလိုက်ရသည်။သိုးထီးစိတ်ဝိညာဉ်မှ ပြိုပျက်သွားသည့် အသက်ဓာတ်များက ဓားကြီးထံသို့ ပြန်ရောက်သွား၏။ထိုအခိုက်တွင် ဓားသည် ရုန်းကန်နေရာကနေ ရပ်တန့်လို့သွားသည်။
မိုလီဟိုင်က သည်မြင်ကွင်းကိုတွေ့သည့်အခါ လေအေးတစ်ချက် ရှိုက်သွင်းမိသွားသည်။သူက ဝမ်လင်းကို ကြည့်၍ စိတ်ရှုပ်ထွေးသည့်ဟန် မဖြစ်ပေါ်ဘဲ မနေနိုင် ဖြစ်ရပေသည်။
“သူက ဒီသုံးလလောက်နဲ့ အခုလောက် သန်မာလာခဲ့တာပဲ။ ဒုနတ်ဆိုးဗိုလ်ချုပ်မှူးတောင် သူ့ပြိုင်ဘက် မဟုတ်တော့ဘူး။အခုလို အားကောင်းလှတဲ့ ဓားစိတ်ဝိညာဉ်တောင် သူရဲ့ ဖိနှိပ်ခြင်းကို ခံလိုက်ရတယ်။လွန်ခဲ့တဲ့ သုံးလကသာ ခုလိုအားကောင်းတဲ့မန္တန်သူ့မှာ ရှိရင် ငါလည်း ကျန်းသေပေါက် ရှုံးမှာပဲ…”တာ့လော့ဓားကလန်မှ မိုယန်၏ခန္ဓာကိုယ်က တုန်ယင်နေသည်။သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရ၏။ သည်အသက်ကယ်ရတနာဓားက လူတစ်ယောက်၏ ယူဆောင်ခြင်းကို ခံလိုက်ရသည့်အပြင် ဓားစိတ်ဝိညာဉ်ပါ ထိခိုက်သွားရ၏။
သည်ဝမ်လင်းက ခုလောက် သန်မာနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးချေ။ မဟုတ်လျှင် မည်သို့ပင်ဖြစ်ဖြစ် သူက သည်နေရာသို့ ကိုယ်တိုင်လာရောက်မည် မဟုတ်ချေ။ သူက အံတင်းတင်းကြိတ်ကာ သူ့လက်ကို နှဖူးထက်သို့ ညွှန်လိုက်၏။ သည့်နောက် အသက်ဝဝရှူသွင်းကာ ဆုံးဖြတ်ချက်ချသည်။ သူ့နောက်ဆုံးဝှက်ဖဲက သူ့ဆရာ သူ့ကိုပေးခဲ့သော ဓားစွမ်းအင်အမျှင်တန်း ပင် ဖြစ်ချေ၏။
သည်ဓားစွမ်းအင်တန်းတွင် စုစုပေါင်း အမျှင်တန်း ဆယ့်နှစ်ခုရှိသည်။ ဓားဆယ့်နှစ်လက်တစ်ယောက်ချင်းစီက ထိုဓားစွမ်းအင်အမျှင်တန်းတစ်ခုကို ပေးအပ်ထားခြင်း ခံခဲ့ရပေသည်။ သည်စွမ်းအင်အမျှင်တန်းက တကယ့်ကို အသက်ပိုတစ်ခု ဖြစ်သည့် ရတနာတစ်ခုပင်။ သည်အရာကို အဆင်ခြင်မဲ့စွာ အသုံးပြုလိုက်မိပါက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် နေထိုင်ရန် ကျန်သေးသည့် နှစ်လေးရာတွင် အလွန်ခက်ခက်ခဲခဲ ဖြစ်သွားပေလိမ့်မည်။
သို့သော် သူက သည်စွမ်းအင်အမျှင်တန်းကို ခုချိန်တွင် အသုံးမပြုပါကလည်း ထွက်သွားနိုင်စွမ်း မရှိ ဖြစ်နိုင်၏။
ဝမ်လင်းက မိုယန်ကို ကြည့်နေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း ထွက်သွားနိုင်တယ်…”