အထပ်နှစ်ထပ်ရှိသည့် စားသောက်ဆိုင်၏ ဒုတိယထပ်သည် မြစ်ပြင်၏ ဟိုဘက်ကမ်း ဝမ်လင်းနှင့် ပေတစ်သောင်းကွာတွင် ရှိနေသည်။ ထိုစားသောက်ဆိုင်၏ ပြတင်းပေါက်ဘေးတွင် လူနှစ်ယောက် ရှိနေ၏။ သူတို့အကြည့်များက ဝမ်လင်းထံသို့ ရောက်နေသည်။
ထိုအမျိုးသားနှစ်ယောက်လုံးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။သူတို့ထဲကတစ်ယောက်က အခြားတစ်ယောက်ထက် အနည်းငယ် ငယ်ရွယ်ပေ၏။
အသက်ကြီးသည့်လူက ပြောလိုက်သည်။ “တော်တော်သန်မာတာပဲ…”
လူငယ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီလူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဖြစ်လိမ့်မယ်…”
သူ့ကျင့်ကြံမှုအဆင့်က ဘယ်လိုပဲ ဖြစ်ဖြစ် ဘိုးဘေးက သူ့ကို ဖမ်းချင်ရင် သူဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…” အသက်ပိုကြီးသည့်လူက ခွက်တစ်ခုကို ကောက်ကာ တစ်ငုံမော့သောက်လိုက်၏။
ထို့နောက် အသက်ပိုကြီးသည့်တစ်ယောက်က ပြောလိုက်သည်။ “လူတွေ ပိုလွှတ်လိုက်ပါ။ ဘိုးဘေး စောင့်နေရအောင် မလုပ်နဲ့…”
လူငယ်က ပြုံးလိုက်၏။ သူက စားပွဲခုန်သို့ ညင်သာစွာ ခေါက်လိုက်သည်။ သူ ထိုသို့ခေါက်လိုက်သည့်အခါ ပထမထပ်တွင် ထိုင်နေသော အနက်ရောင်ဝတ်စုံများထဲက တစ်ယောက်က မတ်တပ်ထရပ်လာသည်။ သည်လူက သက်လတ်ပိုင်းအရွယ်ရှိကာ မျက်လုံးများက တဖျပ်ဖျပ် ဖြစ်နေ၏။ သူက စားသောက်ဆိုင်ထဲက လမ်းလျှောက်ထွက်သွားပြီး ဝမ်လင်း ရှိရာသို့ ဓားစွမ်းအင်တန်းအသွင် ပြောင်း၍ ပျံသန်းသွားလေ၏။
ဝမ်လင်းက မြစ်ဘေးတွင် ထိုင်နေတုန်းပင်။ သူ့ရှေ့ရှိ လှေက မြစ်လယ်သို့ပင် ကျော်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ကုချင်းဂီတသံကတော့ သူ့နားထဲသို့ တိုးဝင်လာနေဆဲသာ ဖြစ်သည်။သူက သည်ဂီတသံထဲ၌သာ နစ်မြုပ်နေပြီး သူ့မျက်နှာပေါ်၌ အေးငြိမ်းမှု တို့ရှိနေ၏။
ဓားစွမ်အင်က ဝမ်လင်းထံသို့ ပျံသန်းလာရင်း အာကောင်းသော သတ်ဖြတ်မှု စိတ်ဆန္ဒတစ်ခုကိုပါ သယ်ဆောင်လာခဲ့သည်။ခုချိန်တွင် ကီလိုမီတာအနည်းငယ်အတွင်း၌ တစ်ဦးတစ်ယောက်မှ ရှိမနေတော့ပဲ ခြောက်ကပ်လို့သွားလေ၏။
မြစ်ပေါ်ရှိ လှေက သည်ပုံမှန်မဟုတ်မှုကို သတိပြုမိသွားသည့်ဟန်ဖြင့် ချက်ခြင်း အမြန်မြှင့်တင်လိုက်သည်။
ဓားစွမ်းအင်က ရုတ်တရက် နီးကပ်လာခဲ့ကာ ချက်ခြင်း ပေတစ်ထောင်အတွင်းသို့ ဖြတ်သန်းလာတော့သည်။ ဝမ်လင်းပတ်လည်ရှိ မြက်ပင်များအားလုံးကလည်း လေပြင်းတစ်ခုကြောင့် တစ်ဖက်တည်းသို့သာ တိမ်းညွှတ်လို့နေ၏။
ဝမ်လင်းက ခေါင်းလှည့်၍ပင် မကြည့်ပေ။ သူက သူ့လက်မကိုမြှောက်ကာ တိုးဝင်လာနေသည့် ဓားစွမ်းအင်ထံသို့ ဦးတည်၍ မရဏလက်ချောင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပေသည်။
အနက်ရောင်အလင်းတန်းတစ်ခုက ထပ်မံ တိုးထွက်သွားပြန်၏။ ၎င်းက ဓားစွမ်းအင်ထံသို့ အလွန်လျင်မြန်စွာ တိုးဝင်သွား၏။
ဓားစွမ်းအင်က ပြိုပျက်သွားပြီး ငြီးငြူသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့မျက်နှာက အလွန်ဖြူရောနေ၏။ သူက သွေးတစ်လုပ်အန်ထုတ်လိုက်ပြီးနောက် နောက်သို့ ရူးသွပ်စွာ ပြန်ဆုတ်သည်။ သူက ချက်ခြင်းပင် နောက်သို့ ဆုတ်သွားခြင်း ဖြစ်သည်။
သို့ရာတွင် မရဏလက်ချောင်းက အလွန်မြန်ဆန်လှ၏။ ထို့ကြောင့် ၎င်းလက်ချောင်းစွမ်းအင်က ထိုလူ၏ ရင်ဘက်ပေါ်သို့ ရိုက်ခတ်သွားတော့သည်။
ထိုလူက မာန်သွင်းကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ပမာဏ များစွာ ထုတ်လွှတ်လာသည်။ သူ့ခန္ဓာကိုယ်ကလည်း မြေပေါ်သို့ ပစ်ကျသွားသည်။ သူက နောက်သို့ တရွတ်တိုက် ဆွဲသွားလေ၏။ သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပျက်စီးသွားကာ သူက နောက်တစ်ဖန် သွေးအန်ထုတ်လိုက်ရပြန်သည်။
သူ့ခန္ဓာကိုယ်မှ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ ပျံသန်းလာလေ၏။
ဝမ်လင်း၏ အာရုံက မရဏလက်ချောင်းပေါ်တွင် ရှိနေခြင်းမရှိဘဲ သူသည် ကုချင်းဂီတသံကိုသာ တိတ်တဆိတ် ဆက်လက်နားထောင်လို့နေပေ၏။
ပေတစ်သောင်းအကွာရှိ စားသောက်ဆိုင်ထဲရှိ လူငယ်က ချက်ခြင်းမတ်တပ်ထရပ်ကာ မြစ်တစ်ဖက်ကမ်းရှိ ဝမ်လင်းထံသို့ စူးစိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက အသက်ဝဝရှူသွင်းကာ ပြန်ထိုင်ချလိုက်လေ၏။
အသက်ပိုကြီးသည့်လူ၏ အသွင်က မပြောင်းမလဲ ရှိလို့နေဆဲပင်။
လူငယ်က အလေးအနက်လေသံဖြင့် ပြောလိုက်သည်။ “သူက သူ့စွမ်းအင်ကို ထိန်းချုပ်ထားတယ်။ဒါ့ကြောင့် ငါတို့က သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို တိတိကျကျ မသိနိုင်ဘူး ဖြစ်နေတယ်…”
အသက်ပိုကြီးသည့်လူက ဝမ်လင်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့် ဖြစ်လောက်တယ်။သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်နဲ့ ညီမျှတဲ့ နံပါတ်လေးကို သတ်နိုင်ခဲ့တယ်။ အဲ့တော့ ခု နံပါတ်သုံးကို စေလွှတ်လိုက်ပါ…”
လူငယ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့စိတ်ထဲ၌ တိုက်ပွဲဝင်စိတ်ဆန္ဒတို့ ထုတ်လွှတ်သွား၏။သူက ခေါင်းရမ်းကာ တိုးညင်းစွာ ပြောလိုက်၏။ “နံပါတ်သုံးကို လွှတ်စရာ မလိုဘူး။ ငါကိုယ်တိုင် သွားလိုက်မယ်…”
သူက ထိုသို့ပြောနေရင်း မတ်တပ်ထရပ်ကာ ဝမ်လင်းကို ကြည့်လိုက်၏။
“မင်း…” အသက်ပိုကြီးသည့်လူက မျက်မှောင်ကြုတ်သွားသည်။
“ငါက နံပါတ်နှစ် ဆိုတာ မမေ့ပါနဲ့…” လူငယ်က စားသောက်ဆိုင်အောက်သို့ ဆင်းသွားလေတော့သည်။
“နံပါတ်နှစ်ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တစ်ယောက်နဲ့ ညီမျှတယ်။သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်ရောက်ဖို့လည်း ဆံခြည်တစ်မျှင်လောက်ပဲ လိုတော့တယ်။ သူသာ သွားရင် ဒီတိုက်ပွဲက ဘာမှ စိတ်ထင့်နေစရာ မလိုတော့ဘူး…” အသက်ပိုကြီးသည့်လူက သူ့အရက်ခွက်ကို ကောက်ကိုင်လိုက်၏။ သူက မြစ်တစ်ဖက်ကမ်းသို့ ဆက်ပင် မကြည့်တော့ချေ။
လူငယ်က စားသောက်ဆိုင်ထဲကနေ ထွက်လာသည်နှင့် မြစ်ပြင်ထံမှ လေညင်းက သူ့အင်္ကျီဝတ်စုံများကို ရိုက်ခတ်သွား၏။ သူက ထိုလေညင်းကို ဆန့်ကျင်ရင်း ဝမ်လင်းထံသို့ ဖြည်းဖြည်းချင်း လှမ်းလာနေ၏။
သူက ပေတစ်သောင်း အကွာအဝေးကို တည်ငြိမ်စွာ ဖြတ်လျှောက်လျက် ရှိနေ၏။ သူ့ခြေတစ်လှမ်းတိုင်းတွင် သူ့ခွန်အားက ဆက်၍ ဆက်၍ တိုးလာနေပေ၏။
သူက ဝမ်လင်းနှင့် ပေသုံးရာအကွာတွင် ရပ်တန့်လိုက်သည်။ ခုလက်ရှိသူက နတ်ဆိုးစိတ်ဝိညာည်စွမ်းအင်များနှင့် လုံးဝ ဝန်းရံလို့နေသည်။ သို့သော် ထူးဆန်းသည်က သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကြားထဲတွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အချို့ပါ ရောလို့နေခဲ့၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် နတ်ဆိုးစိတ်ဝိညာည်စွမ်းအင်တို့ ပေါင်းစပ်ထားခြင်းက ထူးဆန်းသော အော်ရာတစ်ခုကို ဖြစ်ပေါ်စေသည်။ထိုအော်ရာက သည်ဧရိယာတွင် ပြည့်နှက်လာသည်။ စားသောက်ဆိုင်မှ လူငယ်က သည်နေရာတွင် အရှင်သခင်တစ်ပါးလို ဟန်ပန်ဖြင့် မတ်တပ်ရပ်လို့နေသည်။
ဝမ်လင်းက ထိုလူ့ကို ကြည့်ပင် မကြည့်ပေ။ မြစ်ပြင်ပေါ်ရှိ လှေကလည်း အကွအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့၏။ ကုချင်းဂီတသံကလည်း သူ့နားထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာခဲ့ကာ ထူးဆန်းသောခံစားချက်ကို ဝမ်လင်းအား ပေး၏။
ပေသုံးရာအကွာတွင် ရှိနေသော်လူထံကိုတော့ ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မရဏလက်ချောင်းက ထပ်မံပေါ်လာပြန်တော့သည်။
မရဏလက်ချောင်းက အနက်ရောင်အလင်းအဖြစ်ပြောင်း၍ လူငယ်ထံသို့ လျှပ်စီးတန်းတစ်ခုကဲ့သို့ တိုးဝင်လို့သွားလေသည်။
လူငယ်က လှောင်ရယ်လိုက်သည်။ သူက နောက်သို့ဆုတ်ရမည့်အစား ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံ၊နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အရောက သူ့လက်ထဲတွင် ချက်ခြင်း သိပ်သည်းကာ လက်သီးဆုပ်ခန့် အလင်းလုံးတစ်လုံး ဖြစ်သွားသည်။
ထိုအလင်းလုံး ပေါ်လာသည့်အခိုက်မှာပင် မရဏလက်ချောင်းက ရောက်ရှိလာတော့၏။ သည်အားနှစ်ခုက ချက်ခြင်း ထိပ်တိုက်တွေ့ဆုံသွားသည်။မရဏလက်ချောင်း၏ အနက်ရောင်အလင်းက အလင်းလုံးထဲသို့ ချက်ခြင်း စုပ်ယူခြင်း ခံလိုက်ရပေသည်။
လူငယ်က ပြောလိုက်၏။ “မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ…” သို့ရာတွင် သူ့စကားဆုံးသည်နှင့် လူငယ်၏ အသွင်က ပြောင်းလဲသွားတော့၏။
အနက်ရောင်မြူအမျှင်တန်းက ရုတ်တရက် အလင်းလုံးထဲတွင် ပေါ်လာခဲ့သည်။ ချက်ခြင်းပင် ထိုအလင်းလုံးက အနက်ရောင်မြူနှင့် ပြည့်သွားကာ အနက်ရောင်အလင်းလုံးအဖြစ်သို့ ပြောင်းသွားသည်။ တစ်ချိန်တည်းမှပင် ထိုအလင်းလုံးပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာ၏။ လူငယ့်အသွင်က သုန်မှုန်သွား၏။ အလင်းလုံးကလည်း တစစီကွဲထွက်သွားပြီး အနက်ရောင်အလင်းတန်းတစ်ခုက သူ့ထံသို့ တိုက်ရိုက် တိုးဝင်လာသည်။
သူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ပြုလုပ်သည်။ ထိုအခါ အလင်းလုံးတစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာ၏။ ချက်ခြင်းပင် အလင်းလုံး တစ်ရာကျော်က လူငယ့်ရှေ့တွင် ပေါ်ထွက်လာပြီး ထိုအနက်ရောင်အလင်းတန်းကို ပိတ်ဆို့လေ၏။
အနက်ရောင်အလင်းလုံးက ပျောက်လိုက် ပြန်ပေါ်လိုက်ဖြင့် အလင်းလုံးများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ပျက်စီးစေသည်။သို့ရာတွင် အလင်းလုံးတစ်ခု ပျက်စီးသွားတိုင်း အနက်ရောင်အလင်းသည်လည်း မှိန်ဖျော့သွားနေ၏။ အလင်းလုံး ရှစ်ခုခန့်သာ ကျန်သည့်အခါတွင် အနက်ရောင်အလင်းက လုံးဝပျောက်ကွယ်သွားတော့သည်။
လူငယ့်နှဖူးထက်၌ ချွေးပြန်နေခဲ့လေပြီ။ သူက အသက်ဝဝရှူသွင်းကာ ခုချိန်ထိ သူ့ကို လှည့်ပင် မကြည့်သေးသော ဝမ်လင်းကို ကြည့်သည်။ “ငါက ဒီအနက်ရောင်အလင်း မန္တန်ဟာ မင်းရဲ့ အားအကောင်းဆုံးမန္တန်လို့ ထင်တယ်။ ဒီမန္တန်က တကယ်စွမ်းအားကောင်းတာ ငါဝန်ခံပါတယ်။ နံပါတ်လေးနဲငါးတို့ ဒီမန္တန်ကြောင့် သေသွားရတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ ဒါပေမဲ့ ခု မင်းရဲ့ အားအကောင်းဆုံးမန္တန်က ငါ့ကြောင့် ပျက်စီးသွားခဲ့ရပြီ။ ငါက မင်းရဲ့နောက်ထပ် တိုက်ကွက်တွေကို မြင်ချင်နေမိပြီ…”
သည်အခိုက်မှာပင် မြစ်ပြင်ပေါ်ရှိ လှေကလည်း အကွာအဝေးတစ်ခုသို့ လုံးလုံး ပျောက်ကွယ်သွားသလို ဝမ်လင်းနားထဲသို့ တိုးဝင်လာနေသည့် ကုချင်းသံသည်လည်း ပျောက်ကွယ်လို့သွာ၏။ ဝမ်လင်းက မတ်တပ်ထရပ်ကာ လူငယ် ထံသို့ လှည့်လာသည်။ ရုတ်တရက် သူက မျက်လုံးဖွင့်လိုက်ရာ သူ့မျက်လုံးထဲ၌ အနီရောင်အရိပ်အငွေ့တို့ ရှိနေ၏။ ဝမ်လင်းမျက်လုံးထဲကနေ သတ်ဖြတ်သူအော်ရာက ထက်ရှသည့် ဓားတက်လာကဲ့သို့ ထိုးထွက်လာသည်။
သည်အကြည့်က လူငယ် စိတ်ထဲတွင် မိုးကြိုးပေါင်းများစွာ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားသွားစေ၏။ ဝမ်လင်းထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ထိုလူငယ်၏ ကောင်းကင်ဘုံ၊နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များကို ထွင်းဖောက်၍ သူ့စိတ်ထဲသို့ပင် ခတ်နှိပ်သွား၏။ သူ့ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားရ၏။
“ဒါ…ဒါက…” လူငယ့်နှလုံးသားက တုန်ယင်နေသည်။ သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်ဟု ခံစားလိုက်ရ၏။ သူ့မျက်ခုံးနှစ်ခုကြားမှ နာကျင်မှုအာရုံတစ်ခုကို ခံစားလိုက်ရသည်။
လူငယ်က သူ့နှလုံးသည် မြန်ဆန်စွာ ခုန်ပေါက်နေသည်ကို ရှင်းလင်းစွာ ကြားနေရ၏။ သူက သူ့စိတ်ပင် ပြိုလဲတော့မလို ဖြစ်နေသည်ကို ခံစားမိနေသည်။
သူ ဝမ်လင်းထံသို့ လျှောက်လှမ်းလာရာတွင် ဖန်တီးခဲ့သည့် အားကောင်းသောအော်ရာက သည်အကြည့်တစ်ချက်ဖြင်ပင် ပျက်စီးသွားတော့၏။
မြစ်ဟိုဘက်ကမ်းရှိ စားသောက်ဆိုင်အောက်ထပ်ရှိ အနက်ရောင်ဝတ်စုံနှင့်လူများက သည်မြင်ကွင်းကို ကြည့်၍ တုန်လှုပ်နေမိကြသည်။သူတို့က ဝေးကွာသော နေရာတွင် ရှိနေကြသော်လည်း အလိုလို ချွေးပြန်လာကာ ထိုသူတို့၏ အင်္ကျီများသည် ချွေးများဖြင့် ရွှဲနစ်နေတော့သည်။
သူတို့ကျင့်ကြံမှုအဆင့်ဖြင့် သည်လိုမျိုး ဘာကြောင့်ဖြစ်သည်ကို မသိနိုင်ပေ။ ပေတစ်သောင်းအကွာတွင် ရှိနေသည့်အကြည့်က သူတို့ကို ခုလိုမျိုး ဖြစ်သွားအောင် ပြုလုပ်နိုင်နေပေသည်။ ထိုအကြည့်က သူတို့ကို သေခြင်းတရားနှင့် နီးကပ်သွားသည်ဟု ခံစားရစေ၏။သူတို့နှင့် ပေတစ်သောင်းအကွာတွင် ရှိနေသည့် ထိုလူက သတ်ဖြတ်သူ နတ်ဘုရားအဖြစ် ပြောင်းလဲသွားသလား ထင်မှတ်ရပေ၏။
ဒုတိယထပ်ရှိ အသက်ကြီးကြီးလူ၏ မျက်လုံးကလည်း လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူက မြန်ဆန်စွာ မတ်တပ်ထရပ်လိုက်ရာ သူ့ရှေ့ရှိ စားပွဲပင် ပေါက်ကွဲထွက်သွား၏။
သူ့တည်ငြိမ်နေသော မျက်နှာသည်လည်း ရုတ်တရက် ကြီးစွာ ပြောင်းလဲသွား၏။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကလည်း ဒေါမာန်ပြင်းသည့် နဂါးတစ်ကောင်အလား ပေါက်ကွဲထွက်လာ၏။
သူက သည်အရာများကို အလိုလို ပြုလုပ်မိသွားခြင်းပင်။သူက ထိုအကြည့်ကို ခုခံနိုင်လိမ့်မည် မဟုတ်ဟု ခံစားမိနေ၏။ သူ့မျက်လုံးထဲ၌ မသေချာမရေရာ ဖြစ်မှုများနှင့် ပြည့်နေသည်။ ထိုအကြည့်မှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ခုချိန်တွင် အထည်ဒြပ် ရှိနေသည့်အလားပင်။
“သတ်ဖြတ်ခြင်း တာအို…။ ဒါက သတ်ဖြတ်ခြင်း တာအိုပဲ။ လူဘယ်လောက်များများကများ အကြည့်တစ်ချက်နဲ့ ဒီလို သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို အထည်ဒြပ်နီးပါး ဖြစ်အောင် လုပ်နိုင်လို့လဲ။ သူက သိပ်သန်မာတယ်။ တကယ့်ကို သန်မာလွန်းတယ်…”
ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်က အလွန်လေးနက်လာခဲ့၏။ သူက သည်လို လေးနက်မှုမျိုးကို ကောင်းကင်ဘုံအစောင့်အရှောက်များနှင့် မျက်နှာချင်းဆိုင် ရချိန်တွင်သာ ဖြစ်ပေါ်လေ့ ရှိသည်။
“တကယ့်ကို ကြောက်ဖို့ ကောင်းလွန်းတယ်…။ ငါ့ကျင့်ကြံမှုအဆင့်က သူနဲ့ တူတူဆိုပေမဲ့ ငါက သူ့ပြိုင်ဘက် မဖြစ်နိုင်တာ ကျိန်းသေတယ်။ ငါက ဒီက အမြန်ထွက်သွားမှ ရမယ်…” ထိုလူက တုံ့ဆိုင်းမနေပေ။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး တည်နေရာ ရွှေ့ပြောင်းရန် ပြင်လိုက်၏။ သို့သော် လေဟာနယ်ထဲမှ အားတစ်ခု ချက်ခြင်း ထွက်ပေါ်လာသည်။
သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။ သူက တည်နေရာရွှေ့ပြောင်းရန် မကြိုးစားတော့ဘဲ ချက်ခြင်း ထလိုက်၏။ သူထုတ်လွှတ်လိုက်သော ကောင်းကင်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက စားသောက်ဆိုင် ဒုတိယထပ်တစ်ခုလုံးကို ပြိုကျသွားစေ၏။
သူက သည်နေရာကနေသာ အမြန်ထွက်သွားလိုနေ၏။ သူက ကောင်းကင်ထက်၌ ချက်ခြင်း ရပ်တန့်လိုက်သည်။ သူ့တစ်ကိုယ်လုံးကလည်း ချွေးစေးများ ပြန်နေခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက သူ့ရှေ့ ဆယ်ပေသို့ ရောက်ရှိနေပြီး သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။
မင်းက ငါ့ကျင့်ကြံမှုကို နှောက်ယှက်ပြီး ထွက်သွားချင်နေသေးတာလား…”
အသက်ကြီးကြီးလူက ခါးသီးစွာ ပြုံး၍ သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှု အရိပ်အငွေ့များ ထွက်ပေါ်လာသည်။ ချက်ခြင်းပင် သူက သူ့ဘဝတွင် တစ်ခါမှ ထိတွေ့ရန် စိတ်ကူးထားခြင်း မရှိသည့် ချိပ်တံဆိပ်ကို ထိတွေ့လိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံ၊နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ချက်ခြင်း ပေါက်ကွဲထွက်လာတော့၏။
အဖျက်အစီးအော်ရာက သည်ပြိုကျသွားသည့် အဆောက်အဦ ပတ်ဝန်းကျင်တွင် ဝန်းရံသွားကာ လေထုပေါက်ကွဲသံများကိုပင် ဖြစ်သွားစေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီးနောက် ပေတစ်ထောင်အတွင်းရှိ အရာအားလုံးက လုံးဝ တိတ်ဆိတ်လို့သွားသည်။
ဝမ်လင်းက ပေတစ်ထောင် အကွာတွင် ပေါ်လာ၏။ သူ့အသွင်က ပုံမှန်သာ ရှိနေသော်လည်း သူ့မျက်လုံးထဲတွင်တော့ သုန်မှုန်လို့နေသည်။ သူက သူ့အင်္ကျီပေါ်ရှိ ဖုန်မှုန်များကို ပုတ်ထုတ်ကာ အကွာအဝေးတစ်ခုသို့ လှမ်းလျှောက်လို့သွားသည်။
မြစ်ပြင်ပေါ်တွင် လူငယ်၏ ခန္ဓာကိုယ်က ပြိုလဲကျသွားပြီး သူ့ခန္ဓာကိုယ်ထဲမှလည်း မီးခိုးရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ ဝမ်လင်းနောက်သို့ လိုက်ပါလာလေ၏။