ရွမ်ဒုတပ်မှူးချုပ်၏ အိမ်တော်မှ ထွက်ခွာလာပြီးသည့်နောက် မိုလီဟိုင်မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့နှင့် ပြည့်နေခဲ့တော့သည်။ သူက စကားပြောလိုနေသဖြင့် အကြိမ်ကြိမ်ဟန်ပြင်သော်လည်း တစ်ခွန်းမှ မဆိုနိုင်ဖြစ်နေသည်။ မိုအိမ်တော်သို့ ပြန်ရောက်လာသည့်အခါတွင် မိုလီဟိုင်က အသက်ဝဝရှူသွင်းလိုက်၏။သူ့မျက်လုံးထဲတွင် ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် သူက ပြောလိုက်သည်။ “အကိုဝမ်…ငါက နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲမှ မင်းအပေါ် မူတည်နေခဲ့ပြီ။ငါက ဒီကူညီပေးမှုကို အမြဲမှတ်ထားပါ့မယ်…”
သည်လိုလေသံနှင့် ဝမ်လင်းကို ပြောခြင်းက မိုလီဟိုင်အတွက် ပထဆုံး အကြိမ်ပင်။ သူ့စိတ်ထဲတွင် ဝမ်လင်းက သူနှင့် အဆင့်တူခြင်းမရှိတော့ပေ။ ဝမ်လင်းက ဒုနတ်ဆိုးဗိုလ်မှူးချုပ်ကိုပင် မန္တန်တစ်ခုတည်းနှင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားစေခဲ့သူ မဟုတ်လား။
မိုလီဟိုင်က ဝမ်လင်းအကူအညီနှင့်ဆိုပါက သည်ပြိုင်ပွဲကို သိမ်းပိုင်နိုင်လိမ့်မည်ဟု သူက ယုံကြည်ပေ၏။
သူက ဝမ်လင်းမန္တန်ကို ပိုနားလည်လာလေ အလွန်တုန်လှုပ်လာမိလေ ဖြစ်နေ၏။ခုပြန်လာသည့် လမ်းတစ်လျှောက်တွင်လည်း သူက ထိုမန္တန်အကြောင်းကို ဆက်လက်စဉ်းစားနေပြီး ၎င်းကို သူကိုယ်တိုင် စိတ်ကူးထဲ၌ ရင်ဆိုင်ကြည့်မိနေသည်။ အဆုံးသပ်၌ မည်သို့ပင် သူ ကြိုးစားပါစေ ရှုံးနိမ့်သွားမည်သာ ဖြစ်နေခဲ့၏။
ဝမ်လင်းအသွင်က မောက်မာဝံ့ကြွားနေခြင်း ကင်းမဲ့၏။ သူက တည်ငြိမ်လျက်သာ ရှိနေသည်။ သည်အခိုက်တွင် သူက ပြုံး၍ ပြောလိုက်၏။ “အကိုမို…ငါက ဒီကိစ္စကို သဘောတူထားပြီး ဖြစ်တဲ့အတွက် ငါ မင်းကို ကျိန်းသေပေါက် ကူညီမှာပါ…”
မိုလီဟိုင်က ရယ်မောလိုက်သည်။ သူက အလွန်ပျော်နေသည်မှာ သိသာလှ၏။ သူက ပြုံး၍ ပြောလိုက်သည်။ “အကိုဝမ်…ငါ့မှာ နှစ်ငါးရာကြာ မြှုပ်နှံ့ထားတဲ့ ရှေးဟောင်းအရက်အချို့ ရှိတယ်။ ဒီည ငါတို့နှစ်ယောက် သောက်ကြာတာပေါ့…”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ပြုံး၍ ခေါင်းညိတ်ပြသည်။
သည်အခိုက်တွင် ကောင်းကင်နတ်ဆိုးမြို့၏ ဗဟိုရှိ ဓားခန်းမတွင် အဝါရောင်ဝတ်စုံနှင့် လူတစ်ယောက် ပေါ်လာသည်။ သူက အင်ပါယာဓားခန်းမကို ကြည့်ကာ ပြုံးလိုက်၏။ “ကစားတာ တော်လောက်ပြီ။ ဟုန်အကျဉ်းထောင်ကို ထပ်ပြီး မသွားပါနဲ့တော့။ ရက်နည်းနည်း ကြာရင် နေသားပြန်ကျသွားမှာပါ…”
အစီအရင်ထဲရှိ ငွေရောင်ဓားက ဓားတေးသံများကို ထုတ်ဖော်ကာ လက်မလျော့ချင်သေးကြောင်း ပြသ၏။
ထိုလူက ရယ်မောလိုက်လေသည်။ “မင်းက ထပ်ပြီး အကြမ်းဖက်နေရင် ငါမင်းကို နဂါးကန်ကို ပို့ထားရလိမ့်မယ်…”
အင်ပါယာဓားက ဓားတေးသံများ ထုတ်ဖော်နေခြင်းကို ရုတ်တရက် ရပ်တန့်ပစ်သည်။သူ့မောက်မာမှုသည်လည်း ရုတ်ချင်း ပျောက်ရှသွား၏။ ၎င်းက ခုလိုမျိုး ငြိမ်ခံလိုက်ရသော်လည်း သူ့အစာလောက်သာ ရှိသည့်လူက သူ့ကိုရန်စခဲ့သည်နှင့် ပတ်သတ်သော ဒေါသက ပိုသန်မာလာခဲ့ပေသည်။
အင်ပါယာဓားက ဟုန်အကျဉ်းထောင်သို့ သွားရောက်ခြင်းအား ရပ်တန့်လိုက်ပြီးနောက် အကျဉ်းထောင်အောက်ခြေရှိ သွေးရောင်ကမ္ဘာကလည်း တဖြည်းဖြည်း ပြန်ကောင်းမွန်လာခဲ့သည်။ ပိုများသော အပြစ်သားသည်လည်း ၎င်းအထဲသို့ ပစ်ချခြင်းခံရကာ သတ်ဖြတ်ခြင်းသံသရာက တစ်ကြော့ပြန်လေ၏။
သွေးအိုင်တစ်ခုထဲ၌ အနက်ရောင်ဆံပင်နှင့်လူက တိတ်ဆိတ်စွာ ထိုင်နေ၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ အမျှင်တန်းများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့နေသည်။ သူ့ပတ်လည်ရှိ အသတ်အဖြတ်စိတ်ဆန္ဒက အားကောင်းသထက် အားကောင်းလာနေ၏။
သူက ခေါင်းမော့ကာ ကြည့်သည်။ သူ့သွေးဆာနီရဲနေသော မျက်လုံးထဲ၌ ကြည်လင်မှု အရိပ်အငွေ့တစ်ခု ရှိနေ၏။
“ငါက သူ့လိုမျိုး လွတ်မြောက်နိုင်ရမယ်…”
သတ်ဖြတ်မှုပွဲက စတင်သည့်အခါ သွေးအိုင်ထဲရှိ လူတိုင်းက လေထဲသို့ ခုန်တက်လာခဲ့ကာ တစ်ယောက်နှင့်တစ်ယောက် စတင်သတ်ဖြတ်ကြတော့သည်။ အနက်ရောင်ဆံပင်နှင့်လူက သတ်ဖြတ်သူနတ်ဘုရားတစ်ပါးအလား တည်ရှိ၏။ သူ့မျက်လုံးက ပြင်းထန်သောသတ်ဖြတ်လိုမှုနှင့် ပြည့်နေကာ သူ့လှုပ်ရှားမှုတိုင်းက ရက်စက်ကြမ်းကြုတ်လှ၏။
အဆုံးမဲ့ သတ်ဖြတ်မှုများ ပြီးသည့်နောက် ကောင်းကင်ထက်တွင် အနက်ရောင်ဆံပင်နှင်လူသာ ကျန်ခဲ့တော့သည်။ သွေးအိုင်ထဲ၌ ပြန်ရှင်သန်လာသည့် လူများကလည်း တည်ငြိမ်သည့် ဟန်ပန်နှင့် ရှိနေကြပြီး ကောင်းကင်ထက်သို့ ကြည့်နေခြင်း မရှိကြပေ။
အနက်ရောင်ဆံပင်နှင့် လူငယ် ပတ်လည်ရှိ သွေးအိုင်က ပေရာနှင့်ချီကာ ကျယ်ပြောနေ၏။ သူက အသက်ဝဝရှူသွင်းလိုက်ရာ ရှားပါးလှသော ကြည်လင်မှုတစ်ခု ထွက်ပေါ်လို့သွား၏။
သူက ပေအနည်းငယ်သို့သာ လှုပ်ရှားလိုက်သည့်အခါ ငွေရောင်အလင်းတစ်ခုက ဖျပ်ခနဲ ပေါ်လာသည်။သည်အလင်းက ငွေရောင်နဂါးအဖြစ် ပြောင်းလဲသွာ၏။ ၎င်းနဂါး၏ ကြီးမားသည့် လက်သည်းကြီးကပါ ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ သွေးမြူထဲရှိ အနက်ရောင်ဆံပင်နှင့်လူငယ်က ခါးသီးစွာ ပြုံးလိုက်သည်။
သူက သူကိုယ်တိုင်သာ ကြားနိုင်လောက်သည့် လေသံဖြင့် တိုးညင်းစွာ ပြောလိုက်သည်။ “ပေါက်ကွဲစမ်း…”
စကားတစ်ခွန်းဖြင့်ပင် သူ့တစ်ကိုယ်လုံးက ပေါက်ကွဲထွက်သွား၏။ သူ့ပတ်လည်ရှိ သွေးမြူများပင် ပေါက်ကွဲထွက်သွားသည်။ သည်ပေါက်ကွဲအားက ငွေရောင်နဂါး၏လက်သည်းနှင့် တွေ့ဆုံသွားလေ၏။
ကျယ်လောင်သော ပဲ့တင်သံက သည်ဧရိယာတွင် ပြည့်နှက်သွားသည်။ ငွေရောင်နဂါးက သူ့လက်သည်းကို ပြန်ဆုတ်လိုက်သည်။ သူ့လက်သည်းပေါ်တွင် ဒဏ်ရာများစွာ ရရှိသွားလေ၏။ သည်အဖြစ်ပျက်က ငွေရောင်နဂါး၏ ဝမ်လင်းအပေါ် အမုန်းကို နောက်တစ်ဖန် မီးစထိုးပေးလိုက်သလိုပင်။
အနက်ရောင်ဆံပင်နှင့်လူက သွေးအိုင်ထဲ၌ နောက်တစ်ဖန် ပြန်ရှင်သန်လာ၏။ သည့်နောက် သူက ခေါင်းငုံ့ကာ စဉ်းစားနေသည်။
ငွေရောင်နဂါးက ဒေါသတကြီး အော်ဟစ်လိုက်၏။ သည့်နောက် ၎င်း၏ အကြည့်က အနက်ရောင်ဆံပင်နှင့်လူထံသို့ ကျရောက်လာသည်။ ၎င်းက နောက်ထပ် ဟိန်းဟောက်လိုက်ရာ ဓားစွမ်းအင်အလင်းတန်းတစ်ခုက သွေးအိုင်ထံသို့ တိုးဝင်လို့သွား၏။
သွေးအိုင်က တစစီ ပြန့်ကျဲသွားကာ အထဲရှိ အနက်ရောင်ဆံပင်နှင့်လူငယ်သည်လည်း သေဆုံးသွားလေတော့သည်။
သည်လို သေလိုက်၊ပြန်ရှင်လိုက် လှည့်ပတ်နေမှုက ထပ်ခါထပ်ခါ ဖြစ်နေသည်။ သူက ပြန်ရှင်လာသည့်အခါတိုင်း ငွေရောင်နဂါးက သူ့ကို သတ်ပစ်နေခဲ့သည်။ ထိုသို့အကြိမ်များစွာ ပြုလုပ်ပြီးသည့်နောက် ငွေရောင်နဂါးက မော်ကြွားသည့်ဟန်ပန်ကို ထုတ်ဖော်ပြီး ပြန်ပျောက်ကွယ်သွားတော့၏။
နတ်ဆိုးအင်ပါယာက ၎င်းကို ဟုန်အကျဉ်းထောင်သို့ ရက်အနည်းငယ် မသွားရန် ပြောလိုက်ပြီးကတည်းက ၎င်းအင်ပါယာဓားက ၎င်း၏ ဒေါသကို သွေးရောင်ကမ္ဘာတွင် ပေါက်ကွဲပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
နတ်ဆိုးဗိုလ်ချုပ်များကြား ပြိုင်ပွဲကလည်း ကျင်းပရန် လဝက်သာ လိုတော့၏။ ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးတွင် ဖိအားသက်ရောက်မှု ရှိနေ၏။ များစွာသော နတ်ဆိုးဗိုလ်ချုပ်များက ကိုယ်ပိုင်ကြိုတင်ပြင်ဆင်မှုများကို အသီးသီး ပြုလုပ်နေကြ၏။
သာမန်ပြင်ဆင်မှုများအပြင် နောက်ကွယ်မှ အစီအစဉ်များစွာလည်း ရှိနေသည်။ လျို့ဝှက်သဘောတူညီမှုများ၊ သို့မဟုတ် လျှို့ဝှက် လုပ်ဆောင်မှုများကို ဖြစ်စေ နတ်ဆိုးအင်ပါက လုံးဝ လစ်လျူရှုထားပေး၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် အမိန့်သာ ပဓာန ဖြစ်သော်လည်း ထိုအမိန့်ထဲ၌ မဆုံးမရှိသော ကဗြောင်းကဗြန်ဖြစ်မှုများ ဖုံးကွယ်နေ၏။အခုချိန်က ဗြောင်းဆန်နေသည့် အချိန်အခါပင်။
နတ်ဆိုးဗိုလ်ချုပ်များကြားရှိ တိုက်ပွဲက အရေးကြီးလှသည်။အကြောင်းကတော့ သူတို့၏ အခွင့်ရေးနှင့် သက်ဆိုင်နေသောကြောင့်ပင် ဖြစ်၏။ သူတို့က သည်အခွင့်အရေးကို လွဲချော်သွားပါက နတ်ဆိုးဗိုလ်ချုပ်ဆိုသည့် ရာထူးတွင်သာ ထာဝရ တစ်ဆို့နေရပေတော့မည် မဟုတ်လော။
သည့်အတွက်ကြောင့် နတ်ဆိုးဗိုလ်ချုပ်များသည် သည်ကိစ္စနှင့်ပတ်သတ်၍ သေချာ ဂရုစိုက်နေကြခြင်းပင်။
ဒုဗိုလ်ချုပ်မှူး ဖြစ်လာခြင်းက အနာဂတ်တွင် ဗိုလ်ချုပ်မှုးအဆင့်သို့ ရောက်လာနိုင်ရန် အရည်အချင်းများ ဖြည့်တင်းရန်သာ လိုပေတော့မည်။ သည်လို အရည်အသွေးပြည့်မှီရန် အတွက်လည်း မည်သည့်နည်းလမ်းကို မဆို အသုံးပြုနိုင်ပေ၏။
ခုချိန်က ဗြောင်းဆန်နေသော်လည်း သည်ဗြောင်းဆန်နေမှုထဲ၌ စည်းမျဉ်းတစ်ခု ရှိနေဆဲသာ။ သည်စည်းမျဉ်းက နတ်ဆိုးဗိုလ်ချုပ်များသည် သေခြင်းရှင်ခြင်းတိုက်ပွဲများကို မဖြစ်ပွားရပေ။ မဟုတ်လျှင် သည်ပြိုင်ပွဲတွင် အရည်အချင်း မမှီ ဆိုသည့် စည်းမျဉ်းပင်။
ထို့ကြောင့် အစီအစဉ် အကွက်ချမှုများအားလုံးက နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ချင်းစီကို ကူညီသူများပေါ်သို့ ကျရောက်လာသည်။ထိုကူညီသူများကို သတ်ပစ်နိုင်ခြင်းက ထိုဆိုင်ရာ ဗိုလ်ချုပ်၏ ညာလက်မောင်းကို ချိုးဖျက်ပစ်ခြင်းနှင့် တူပေသည်။ နတ်ဆိုးဗိုလ်ချုပ်များ၏ ကူညီပေးသူများကို သတ်ဖြတ်ခြင်းအား အများရှေ့တွင်ပင် ပေါ်တင်လုပ်လာကြပေသည်။
လျှို့ဝှက်တိုက်ခိုက်မှုများတွင်တော့ နတ်ဆိုးဗိုလ်ချုပ်များကိုပါ လုပ်ကြံသတ်ဖြတ်ကြ၏။ နတ်ဆိုးဗိုလ်ချုပ်များကတော့ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ခွင့် မရှိပေ။သို့သော် သူတို့ကို ကူညီသူများကတော့ သတ်နိုင်ခွင့် ရှိကြသည်။ သူတို့က ထိုသို့သတ်ဖြတ်ရန်အတွက် လုပ်ကြံသတ်ဖြတ်သူကိုပင် ငှားရမ်းနိုင်၏။ထိုအရာက စည်းမျဉ်းကို ချိုးဖျက်ရာလည်း မကြချေ။
သို့ရာတွင် သည်အရာက စည်းမျဉ်းကို မချိုးဖောက်သော်လည်း နတ်ဆိုးအင်ပါယာ၏ အဓိကအင်အားကို ထိခိုက်ဆန့်ကျင်နေ၏။ထို့ကြောင့် နတ်ဆိုးဗိုလ်ချုပ်ကို သတ်လိုက်သော လူ၏ ကျင့်ကြံမှုအဆင့်ကသာ ကောင်းကင်လောက် မြင့်မားခြင်း မရှိပါက ထိုလူ့ကို သင်က အတောင်တက်ပေးလျှင်ပင် သူ့အတွက် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ သူတို့က သံသယမရှိ သေရမည်သာ ဖြစ်၏။
တကယ်တော့ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် သေဆုံးရခြင်းက နိုင်ငံအတွက် ကိစ္စကြီးတစ်ရပ်သာ ဖြစ်၏။
ထို့ကြောင့် လုပ်ကြံသတ်ဖြတ်မှုကိုသာ မှီခိုနေသည့်လူတိုင်းက ကြံရာမရာ လျှောက်လုပ်သည့် ရူးမိုက်သော သူများဟု ပြောလျှင်ပင် မှားမည် မဟုတ်ပေ။
လူမြင်သာသည့်နေရာတွင် ဖြစ်ပျက်သည့် တိုက်ပွဲနှင့် လျှို့ဝှက်တိုက်ပွဲများက ပြိုင်ပွဲနီးကပ်လာသည်နှင့် ပိုစိတ်လာခဲ့တော့သည်။မိုလီဟိုင်ကလည်း အပြင်ထွက်ခဲလှ၏။ သူက အချိန်အများစုကို တံခါးပိတ်ကျင့်ကြံလို့သာ နေ၏။ သည်လိုပြုလုပ်ခြင်းက သူ့အကောင်းဆုံး အခြေအနေကို ရရှိစေမည့် အပြင် လုပ်ကြံသတ်ဖြတ်မှုများကိုပါ ရှောင်လွှဲနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူက အစီအရင်တစ်ခုကို ချမှတ်ကာ ကျင့်ကြံမှုအဆင့်မြင့်သည့် သူ့လူဟောင်းများကိုပါ စောင့်ကြပ်ရန် စီစဉ်ထားသေး၏။
သည်လို ဖိအားများသည့် ကာလအတွင်း ဝမ်လင်းတစ်ယောက်ကတော့ လုံးဝ တည်ငြိမ်လို့နေသည်။ သူ့နေထိုင်မှုကလည်း ပြောင်းလဲသွားခြင်း မရှိပေ။ သူက မနက်ခင်းတိုင်း မိုအိမ်တော်မှထွက်ကာ မြစ်ဘေးတွင် ထိုင်၍ ကုချင်းဂီတသံကို နားထောင်နေတုန်း ဖြစ်၏။
သူ့အတွက် တိုက်ပွဲကြီးမစခင် တင်ကူးလှုပ်ရှားမှုများ၊ ဖိအားများက တိမ်များအလားပင်။ သူ့အတွက် ကုချင်းဂီတသံကသာ အရေးကြီးနေ၏။
သူက ဂီတသံကို ကြားသည့်အခါတိုင်း သူက ၎င်းသံစဉ်ထဲတွင် နစ်မြုပ်ကာ နေ၏။ နေ့စဉ်နေ့တိုင်း သူ့နှလုံးသားက ကြည်လင်ရှင်းလင်းလာပေသည်။
ဝမ်လင်းက မိုလီဟိုင် လုပ်ကြံခံရမလား၊မခံရဘူးလားနှင့် ပတ်သတ်၍ပင် စိတ်ပူခြင်း မရှိပေ။ မိုလီဟိုင်က သတိထားရှိသည့်၊ဉာဏ်ရှိသည့်လူတစ်ယောက် မဟုတ်လော။
ဝမ်လင်းက မိုလီဟိုင်နှင့် ပတ်သတ်ခဲ့သည့် ကာလအတွင်း သည်အကြောင်းကို ရှင်းရှင်းလင်းလင်း သိထားပေသည်။ မိုလီဟိုင်ကသာ သူ့နည်းလမ်းနှင့်သူမရှိလျှင် သူက အခုလို ထိပ်တန်းနတ်ဆိုးဗိုလ်ချုပ်တစ်ယောက်အဖြစ် မည်သို့ ရပ်တည်နိုင်နေပါ့မည်နည်း။
ဝမ်လင်းက မျက်လုံးမှိတ်ကာ မြစ်ဘေးတွင် ထိုင်နေရင်း လှေထံမှ လွင့်ပြယ်လာသည့် ကုချင်းဂီတသံကို နားထောင်လို့နေ၏။ သူက လက်ကျန်မရှိတော့သော အရက်အိုးကို ကောက်ယူလိုက်သည်။
သူက သက်ပြင်းချကာ မျက်လုံးပြန်ဖွင့်လာပြီး ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်လို့နေလေသည်။
သူက ကုချင်းဂီတသံကို ကြားရသည့်အခါတိုင်း သူ့နှလုံးသားက တုန်ယင်ကာ အဆင့်ချိုးဖျက်နိုင်ရန် ဝိုးဝဝါးခံစားချက်ကို ရရှိ၏။ ကံမကောင်းစွာနှင့် ကောင်းကင်နှင့်မြေကြီးအပေါ် သူ့နားလည်နိုင်မှုက အလွန် သိမ့်မွေ့နေဆဲသာ ဖြစ်လို့နေသေးသည်။
ကုချင်းဂီတသံကို နားထောင်နေစဉ်အတွင်း ဝမ်လင်းက သူ့ကိုယ်သူ ထိုဂီတထဲ၌ နစ်မြုပ်နေကာ ၎င်းကို တိတ်တဆိတ် ထိတွေ့နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဖုံးကွယ်ထားပေသည်။ တကယ်တော့ နတ်ဆိုးအင်ပါယာဓားက သူ့ကို ရှာဖွေနေဆဲပင်။
သို့ရာတွင် သည်အခိုက်၌ သူက မျက်မှောင်ကြုတ်မိ၏။ သူက ကောင်းကင်နှင့်မြေကြီးကို နားလည်ရန် ကြိုးစားကာ ဂီတသံထဲတွင် ပျော်မွေ့နေစဉ်အတွင်း ကြားဖြတ်နှောက်ယှက်ခြင်း ခံလိုက်ရ၏။
“မင်းက မိုလီဟိုင်ရဲ့ ဒုဗိုလ်မှူးမလား…”ထိုအသံက ဂီတသံကို လုံးဝ နှောက်ယှက်ကာ ဂီသသံ၏ ဈန်ဝင်စားမှုကိုပါ တစစီဖျက်စီးသွားလေ၏။
ဝမ်လင်းနှင့် ပေတစ်ရာ အကွာတွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ရှိနေ၏။ သူ့လက်က သူ့ရင်ဘက်ရှေ့တွင် ရှိနေကာ မြွေအသွင်ဓားတစ်လက်က သူ့အား လှည့်ပတ်လို့နေ၏။ထိုလူ့မျက်နှာပေါ်တွင် စိတ်မရှည်သည့်ဟန်ပန်လည်း ရှိနေသည်။
“မင်းကို သတ်လိုက်တာက မိုလီဟိုင်ရဲ့ လက်တစ်ဖက်ကို ယူနိုင်တာနဲ့ တူတူပဲ…”
ဝမ်လင်းက အရက်ခွက်ကို ပြန်ချလိုက်သည်။ သို့သော် သူက ထလာခြင်းပင် မရှိပေ။ ထို့လူကို ကြည့်ပင် မကြည့်ပေ။ သူက ထိုလူ့ထံသို့ ညာဘက်လက်မကို ညွှန်လိုက်ရာ မရဏလက်ချောင်းက အနက်ရောင်အလင်းတန်းအဖြစ် ထိုးထွက်သွားတော့သည်။
ထိုအနက်ရောင်အလင်းတန်း တိုးဝင်လာသည့်အခိုက်တွင် ပတ်ဝန်ကျင်းရှိ မြက်ပင်များက ခြောက်သွေ့လို့သွားကြ၏။
ယင်း အနက်ရောင်အလင်းက အနက်ရောင်ဝတ်စုံနှင့်လူနှင့် နီးကပ်လို့လာသည်။ သူ့အသွင်က ပြောင်းလဲသွားပြီးနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။သည့်နောက် သူ့ကိုလှည်ပတ်နေသော ဓားက အနက်ရောင်အလင်းတန်းထံသို့ ထိုးတက်သွားသည်။ သို့ရာတွင် အနက်ရောင်အလင်းနှင့် ထိမိသည့်အခါ ထိုဓားထိပ်ဖျားကနေ စတင်အက်ကွဲသွားလေ၏။အနက်ရောင်အလင်းက ထိုဓားကို ထွင်းဖောက်လာလေ၏။ ထိုဓားပျံကလည်း မရေမတွက်နိုင်သော သေးငယ်သည့် အပိုင်းအစများအဖြစ်သို့ ချက်ခြင်းပြောင်းလဲသွားလေ၏။
အနက်ရောင်ဝတ်စုံနှင့်လူက မယုံကြည်နိုင်ဟန်ဖြင့် နောက်သို့သာ ဆက်ဆုတ်နေရသည်။ ကံမကောင်းစွာဖြင့် သူက နှေးလွန်းနေ၏။ အနက်ရောင်အလင်းတန်းက ဓားကို ဖြတ်သန်းလာပြီးနောက် ထိုလူ၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားလေတော့သည်။
သည်လူ့၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်ထွက်သွား၏။ သူ့ခန္ဓာကိုယ်မှလည်း သွေးများပန်းထွက်လာခဲ့သည်။ ထိုလူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးတာတောင်မှ သွေးမြူများက ကောင်းကင်ထက်၌ ကျန်ရှိနေဆဲ ဖြစ်နေသည်။
အနက်ရောင်ဝတ်စုံနှင့်လူ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ၎င်း၏ မျက်လုံးများက လုံးဝ မှိန်ဖျော့လို့သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်မှ မီးခိုးရောင်အခိုးငွေ့ အမျှင်တန်း တစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်း ညာဘက်လက်ထဲတွင် ပျောက်ကွယ်သွားတော့၏။
ထိုလူက ပြင်ပကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှ လူတစ်ယောက်သာ ဖြစ်၏။ သည်လူ၏ ကျင့်ကြံမှုအင့်က မြင့်မှားလှခြင်း မရှိသော်လည်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနောက်ဆုံးအဆင့်တော့ ရှိလေ၏။ သူက ဝမ်လင်းကို မသိသော နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ယောက်က ဝမ်လင်းနှင့်ပတ်သတ်၍ ထောက်လှမ်းနိုင်ရန် စေလွှတ်လိုက်ခြင်း ဖြစ်နိုင်ပေ၏။
သည့်နောက် ဝမ်လင်းကတော့ ကုချင်းဂီတသံကိုသာ ဆက်လက် နားထောင်လျက် ရှိနေလေ၏။