အခန်း (၄၆)

အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်ဆို လုံလောက်ပြီ

အပိုင်း(၄၆)

အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်ဆို လုံလောက်ပြီ

ရန်ကျောက်ကဲသည် ချီကို လက်နက်သဏ္ဌာန်ဖွဲ့တည်နိုင်ရုံသာမက ခြေလှမ်းတစ်ရာပတ်လည်အထိ ထိန်းချုပ်နိုင်သည်ကို မြင်သောအခါ ချောင်ယွမ်လုံ၏မျက်လုံးများ ရုတ်ချည်း အမှောင်ကျသွားသည်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသော ချောင်ယွမ်လုံသည် စိတ်ပိုင်းဆိုင်ရာအရ ဆက်လက်တောင့်မခံနိုင်တော့ဘဲ တိုက်ရိုက် မေ့မျော့သွားတော့သည်။

ရန်ကျောက်ကဲ၏လက်ထဲတွင် နောက်တစ်ကြိမ် ဆိုးဝါးစွာ ရှုံးနိမ့်ပြီးနောက် ရူးနိုင်လောက်သည်အထိ သူ့စိတ်များ နောက်နေသည်။

ယခု ရန်ကျောက်ကဲက သူ့မျက်စိရှေ့တွင် ထပ်မံ တိုးတက်လာပြန်ပြီ။ ထမင်းစား၊ရေသောက်သလို အပြင်ပိုင်းသိုင်းပညာရှင် အလယ်အလတ်အဆင့်သို့ ရန်ကျောက်ကဲ တက်လာခြင်းက ချောင်ယွမ်လုံ၏ပြိုလဲနေသော စိတ်ကို လုံးဝ တစစီ ဖြစ်စေခဲ့သည်။

ဤသို့ ဖြစ်လာခဲ့ရာ အပြင်ပိုင်းသိုင်းပညာရှင်အဆင့်သို့ အတင်းအကြပ် ချိုးဖျက်ရန် ဘေးထွက်ဆိုးကျိုးများကို တောင့်ခံကာ ကောင်းကင်နေအပ်များကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခဲ့သည်က အချည်းနှီးဖြစ်သွားပြီ မဟုတ်ပါလော။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် သူတို့နှစ်ယောက်စလုံးမှာ အတွင်းပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့်၌သာ ရှိနေသေးသည်။ အချိန်တိုအတွင်း ဆက်တိုက်ချိုးဖြတ်ကာ ရန်ကျောက်ကဲသည် အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်ကို မည်ကဲ့သို့ ရောက်လာသနည်း။

နဂါးချူပ်လှောင်ခြင်းချောက်နက်၌ ဖြစ်ပွားခဲ့သော အစောပိုင်းက သူတို့တိုက်ပွဲက တကယ်ပဲ ထင်ယောင်ထင်မှားတွေဖြစ်သလော။

ထိုနေ့က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ရန်ကျောက်ကဲ၏စွမ်းရည်ကို တွေ့ခဲ့ရသော နေသူတော်စင်ဂိုဏ်းတပည့်အားလုံးသည် သစ်သားကြက်ရုပ်များကဲ့သို့ ကြောင်အနေကြသည်။

ရှောင်ရှန်းသည် ရန်ကျောက်ကဲ အဆင့်တက်လာသည်ကို ကြည့်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး လေပေါ်တွင် ရပ်နေရာမှ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။

မင်းအမေ!!!!!

အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်သို့ ရောက်ရှိရန် မည်မျှပင် သူ အချိန်ယူခဲ့ရသနည်း။

ရှောင်ရှန်း၏မျက်လုံးများသည် မျက်လုံးအိမ်များမှ ကျွတ်ထွက်လုမတတ်ဖြစ်နေကာ ထိုအတွေးကို သူ ဆက်မတွေးရဲတော့ပေ။

ရန်ကျောက်ကဲ၏ကြယ်တာရာချီက ကြာပွတ်သဏ္ဌာန် ပြောင်းလဲသွားသည်။ ၎င်းကို လေထဲတွင် ဝေ့ယမ်းလိုက်သောအခါ ‘ရွှမ်း’ခနဲ မြည်သံ ထွက်ပေါ်လာသည်။

“စောစောစီးစီး ထုတ်ပြတယ်၊ ငါ့ရဲ့စွမ်းရည်တွေကို လျှိုထားရမယ်၊ ငါက ဘာလို့ အဲ့လို လုပ်ကမှာလဲ”

ရန်ကျောက်ကဲက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “မင်း သိထားရင်ကော မင်းဘာလုပ်နိုင်မှာလဲ၊ မင်းက ငါ့ကို တစ်ခုခု လုပ်နိုင်တဲ့ပုံစံမျိုး ပြောနေပါလား”

“ဒီကမ္ဘာမှာ ငါ့ကို အနိုင်ယူနိုင်တဲ့သူတွေအများကြီး ရှိတယ်၊ ဒါပေမယ့်….. ရှောင်ရှန်း မင်းတော့ မပါဘူး”

ရန်ကျောက်ကဲ၏ အခြားလက်တစ်ဖက်ကို ရမ်းလိုက်သောအခါ ကြယ်တာရာချီလှိုင်းများက လေထဲတွင် စုစည်းသွားပြီး ဧရာမ ရေခဲပြာဓားတစ်ချောင်းအသွင်  ပြောင်းလဲသွားသည်။

ဓားသွားထက်တွင် အေးစက်သော အလင်းက ဖြာထွက်နေပြီး ခပ်ဖျော့ဖျော့နဂါးပုံရိပ်က အရောင်လက်နေသည်။

အဖြူရောင်ရေခဲအလွှာက ဓားပတ်လည်တွင် ဝန်းရံနေရာ တိမ်လွှာများကြားတွင် ရေခဲနဂါး ပုန်းအောင်းနေသည်နှင့် ဆင်တူပေသည်။

ရှောင်ရှန်းက သက်ပြင်းရှိုက်လိုက်သည်။ “ရန်ကျောက်ကဲ၊ မင်း တစ်ခုခုမေ့နေပုံရတယ်”

“လက်ရှိမှာ မင်းက အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ပဲ ရှိသေးတယ်”

“အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ကို မချိုးဖြတ်နိုင်ရင် မင်း ဒီနေ့ သေဖို့ သေချာသလောက်ပဲ”

ထိုသို့ အော်ပြောပြီး ရှောင်ရှန်းသည် ဒေါသတကြီး မာန်သွင်းလိုက်ကာ လေထဲမှ တဟုန်ထိုး ဆင်းသက်လာသည်။

မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းများက ရှောင်ရှန်းနှင့်အတူ ရန်ကျောက်ကဲထံသို့ ကောင်းကင်မှ ထိုးဆင်းလာသည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဝေ့ရမ်းလိုက်သောအခါ လေထဲတွင် ဝဲနေသော ရေခဲပြာဓားက တဟုန်ထိုး ပျံသန်းသွားလေသည်။ နဂါးတစ်ကောင် မိုးကုတ်စက်ဝိုင်းမှ ပျံသန်းလာသည်နှင့်ဆင်တူသော ထိုရေခဲပြာဓားအလင်းတန်းက ရွှေရောင်ဓားအလင်းတန်းများကို တစ်ခုပြီး တစ်ခု ဖျက်စီးသွားသည်။

ရွှေရောင်အလင်းတန်းများက များပြားသော်လည်း အဆုံးမှာတော့ ရှောင်ရှန်းသည် အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ဖြစ်သည်။ ရွှေရောင်အလင်းတန်းတစ်ခုစီက ကျစ်လစ်ပြောင်လက်ကာ ရန်ကျောက်ကဲ၏ ကြယ်တာရာချီဓားထက် မနိမ့်ပါးချေ။

သို့သော် အကြိမ်တိုင်းတွင် ရန်ကျောက်ကဲ၏ရေခဲပြာဓားက ရွှေရောင်အလင်းတန်းများ၏ဟာကွက်ကို တိုက်ခိုက်နိုင်ခဲ့သည်။

ရလဒ်ကတော့ ရန်ကျောက်ကဲ၏ရေခဲပြာဓားမှာ အများနှင့် တစ်ခု တိုက်ခိုက်နေရသော်လည်း ရွှေရောင်အလင်းတန်းများ၏ အဆက်မပြတ် ထိုးနှက်မှုကို ကောင်းမွန်စွာ ခုခံနိုင်ခဲ့သည်။

ရွှေရောင်အလင်းတန်းများသည် ရှောင်ရှန်း၏ ကြီးကျယ်ခမ်းနားသော တိုက်ကွက်ဖြစ်ခဲ့သည်။

သို့သော် ရွှေရောင်အလင်းတန်းများသည် ရန်ကျောက်ကဲ၏ကြယ်တာရာချီဖြင့် သဏ္ဌာန်ဖွဲ့ထားသော ရေခဲပြာဓားကြောင့် ကွဲထွက်ကုန်ကာ လေထဲတွင် ပျောက်ကွယ်သွားရမည့်အစား ပုံပျက် တွန့်လိမ်ကုန်ကြသည်။

ရွှေရောင်အလင်းတန်းအကြွင်းအကျန်များက တောင်ကြားတစ်ခုလုံး၏ လေထုထဲတွင် ဖုံးလွှမ်းနေသည်။ နေ့ခင်းဘက်မှ နေဝင်ချိန်သို့ ချက်ချင်း ရောက်လာသည့်အလား အနက်ရောင်ကောင်းကင်တွင် နေဝင်ချိန်ရှု့ခင်းကို ခြယ်မှုန်းပြသနေလေ၏။

ရှောင်ရှန်း၏နှုတ်ခမ်းထောင့်မှ အနည်းငယ် တွန့်ကွေးသွားသည်။ သူ့လက်ဖဝါးနှစ်ဖက်က ဧရာမ ပုံရိပ်ယောင်လက်ဖဝါးနှစ်ဖက်သဏ္ဌာန်ပြောင်းသွားပြီး ရန်ကျောက်ကဲထံသို့ တွန်းလွှတ်လိုက်သည်။

သူ့ကြယ်တာရာချီဖြင့် ဖန်တီးထားသော ရွှေရောင်အလင်းနယ်ပယ်တစ်ခုလုံးက သူ့လက်ဝါးချက်နှင့်အတူ ပြိုကျသွားကာ ရန်ကျောက်ကဲထံသို့ စုပြုံတိုးဝင်လာလေ၏။

ပုံရိပ်တစ်ထောင် ဆည်းဆာလက်ဝါးများ၏ နက်နဲသည့်စွမ်းအားကို သည်တစ်ခါ ရှောင်ရှန်း ထုတ်ဖော်ပြသသည်က နေသူတော်စင်ရုပ်သေးရုပ်နှင့် သူ ထုတ်ဖော်ပြသသည်ထက် သာလွန်သည်။

အဝေးမှ တောင်တန်းများသို့ နေဝင်သွားသည့်နှယ် ရန်ကျောက်ကဲ ရှေ့မှ ကမ္ဘာကြီးသည် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။

“ဟ!” အာမေဍိတ်သံတစ်ခုနှင့် ရန်ကျောက်ကဲ သူ့လက်သီးနှစ်ဖက်စလုံးကို ပြန်ရုတ်ကာ ဝမ်းဗိုက်ဆီ ကပ်ထားလိုက်သည်။

သူ့ဘယ်လက်က ထိုနေရာတွင် ငြိမ်သက်စွာ တည်ရှိလျက် သူ့ဝမ်းဗိုက်ကို ဖိထားသည်။
သူ့ညာလက်မှာမူ အနည်းငယ် လှုပ်ရှားပြီး သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ထုနေသည်။

လက်နှစ်ဖက်၊ တစ်ဖက်က လှုပ်ရှားနေပြီး တစ်ဖက်ကတော့ ငြိမ်သက်နေ၏။ လက်တစ်ဖက်က ယင်၊ အခြားလက်တစ်ဖက်က ယန်။ လက်တစ်ဖက်က လေးနက်စွာ ဆိပ်ငြိမ်နေကာ ကျန်လက်တစ်ဖက်က ပေါ့ပေါ့ပါးပါး လှုပ်ရှားလျက်ရှိသည်။ သူတို့သည် ပြီးပြည့်စုံစွာဖြင့် သဟဇာတဖြစ်သော အခြေအနေသို့ ရောက်နေကြသည်။

ဘယ်ဘက်လက်က ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်း၏ ကျောက်သားပမာသမုဒ္ဒရာလက်သီးကို ပြသနေကာ ကောင်းကင်လိပ်တစ်ကောင်၏ပုံရိပ်ကို ဖော်ကျူးနေသည်။

ညာလက်ကမူ ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်း၏ ကောင်းကင်မြွေဘုရင်လက်သီးကို ထုတ်ဖော်ထားကာ ကောင်းကင်မြွေတစ်ကောင်၏ပုံရိပ်သဏ္ဌာန် အသွင်ပြောင်းထားသည်။

လိပ်နှင့်မြွေတို့ ယှက်နွယ်သွား၏။ လှုပ်ရှားမှုနှင့် ငြိမ်သက်မှုတို့ ပေါင်းစည်းသွား၏။ ယင်နှင့် ယန်တို့ ရောနှောသွားလေ၏။

လူ့ဝမ်းဗိုက်ကြွက်သားအတွင်းပိုင်းတွင် သွေးတံခါးဝဟုခေါ်သော ရှန်တုအကြောတည်ရှိသည်။ ၎င်းသည် သိုင်းကျင့်ကြံသူ၏ သွေးလည်ပတ်မှုစနစ်အတွက် အရေးအကြီးဆုံးအကြောဖြစ်သည်။

သွေးတံခါးဝအား လှုံ့ဆော်၍ နှလုံးနှင့် အတူတကွ လှုပ်ရှားရာ သူ့တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာပြီး ယခင်က မရှိခဲ့ဖူးသော စွမ်းဆောင်ရည်မျိုး ထွက်ပေါ်လာသည်။

မဟာကပ်ဘေးမတိုင်မီက ၎င်းကို ကောင်းကင်နန်းတော်ကြီး၏ အစစ်အမှန်လက်သီးသိုင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားလေသည်။ “ရှန်တုအတွင်း၊ သွေးတံခါးဝ၊ ရွှမ်းဝူနေ၊ မြောက်အရပ်က ဧကရာဇ်”

တစ်ခုက မြန်နေပြီး တစ်ခုက နှေးနေသော ချီနှင့် သွေးစီးကြောင်း နှစ်ခု ရန်ကျောက်ကဲ၏ ရှန်တုအကြောတွင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားရာ ၄င်းမှာ ကောင်းကင်နှင့် မြေကြီး နှစ်ခြမ်းမကွဲခင်က တည်ရှိခဲ့သော ကမ္ဘာဦး ဒြပ်ထုများနှင့်ပင် ဆင်တူလေသည်။

နောက်အခိုက်အတန့်တွင် ၎င်းသည် ရုတ်တရက် တုန်ခါသွားကာ  ရန်ကျောက်ကဲ၏ကိုယ်ထဲမှ သဘာဝလွန် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ရန်ကျောက်ကဲသည် လက်နှစ်ဖက်ကို တပြိုင်တည်း ဆန့်ထုတ်လိုက်၏။

သူ့ဘယ်လက်မှ ကြယ်တာရာချီသည် ဧရာမဒိုင်းကြီးသဏ္ဌာန် ဖွဲ့တည်သွားကာ ပင်လယ်ကို တည်ငြိမ်စေသော ကောင်းကင်လိပ်ကြီးနှင့် ဆင်တူပေသည်။

သူ့ညာဘက်လက်ထဲရှိ ကြယ်တာရာချီကမူ ထူထဲရှည်လျားသော ကြာပွတ်သဏ္ဌာန် ဖြစ်ပေါ်လာကာ ကောင်းကင်မြွေဘုရင်နှင့် ဆင်တူ၏။

လိပ်နှင့် မြွေတို့ ပေါင်းစပ်သွားကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။

လူနှင့်တူသော ဧရာမပုံရိပ်ကြီးတစ်ခု ခပ်ရေးရေးမျှ ပေါ်လာသည်။

မြောက်အရပ်မှ ရွှမ်းဝူဧကရာဇ်……။

လိပ်နှင့်မြွေတို့ ပူးပေါင်းတိုက်ခိုက်မှု၊ ရွှမ်းဝူဧကရာဇ် ဆင်းသက်လာလေပြီ။

တောင်တွေကို အမြစ်လှန်နိုင်ပြီး ပင်လယ်တွေကို ဖိနှိပ်နိုင်သည့် ဧရာမ စွမ်းအားကြီးတစ်ခု ရှောင်ရှန်းထံသို့ တိုးဝင်လာကာ သူ့ဆည်းဆာတစ်ထောင်ပုံရိပ်ယောင်လက်ဝါးများကို ချိုးဖျက်သွားသည်။

အထိတ်တလန့်ဖြင့် ရှောင်ရှန်းသည် လက်ဝါးများကို ပြန်ရုတ်လိုက်၏။ ဆည်းဆာအလင်း အနည်းငယ်သာ ကျန်တော့သဖြင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ ခုခံရန် သူ ချက်ချင်း အားထုတ်လိုက်သည်။

လေပေါ်တွင် ရပ်နေသော ရှောင်ရှန်းသည် ချက်ချင်းပင် နောက်သို့ ပျံသန်းသွားကာ အတော် ဝေးဝေးရောက်မှ ရန်ကျောက်ကဲ၏တိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။

ရှောင်ရှန်း ချွေးသီးချွေးပေါက်များ ကျလာသည်။ “ဒါက အပြင်ပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့် တစ်ယောက်ရဲ့ စွမ်းအားလား”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “အပြင်ပိုင်းကြယ်တာယာချီအလယ်အလတ်အဆင့်ဆို လုံလောက်ပြီ”

“ငါ့ရဲ့ နောက်တစ်ကွက်ကို ခံကြည့်လိုက်ဦး”

သူ့ခြေထောက်တစ်ဖက်ကို အားထည့်၍ ဆောင့်လိုက်ရာ တောင်ကြားတစ်ဝက်လုံး ကွဲအက်ကုန်သည်။

ထိုမှ ကန်အားဖြင့် ရန်ကျောက်ကဲသည် အမြောက်ပြောင်းမှ ထွက်လာသော အမြောက်ဆံတစ်လုံးကဲ့သို့ ရှောင်ရှန်းထံ တရှိန်ထိုး ပစ်ဝင်လာသည်။

ရှောင်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်တစ်ကြိမ် ခုန်ဆုတ်လိုက်သည်။

လျှပ်စီးကဲ့သို့ အလျင်ဖြင့် ရှောင်ရှန်းသည် အနောက်သို့ ရုတ်ချည်း ရောက်ရှိသွားရာ ရန်ကျောက်ကဲနှင့် အတန် ဝေးကွာသွားသည်။

နေသူတော်စင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် သိုင်းပညာတစ်ရပ်ဖြစ်သလို မဟာနေမင်းသိုင်းပညာခုနစ်ရပ်အနက် တစ်ခုဖြစ်သော တက်စနေမင်း၏ ခုန်ပျံခြင်းဖြစ်သည်။

ရန်ကျောက်ကဲ လေပေါ်တွင် မပျံသန်းနိုင်ခြင်းကို အခွင့်ကောင်းယူကာ ရှောင်ရှန်း အနောက်သို့ ဆက်ကာ ဆက်ကာ ပျံဆုတ်၍ အခွင့်အရေးကို ချောင်းမြောင်းနေ၏။

ရန်ကျောက်ကဲ အရှိန်ကုန်ကာ မြေပေါ်သို့ ပြန်ကျမည့်အချိန်ကို ရှောင်ရှန်း စောင့်စားလျက်ရှိသည်။

ပတ်ဝန်းကျင်တခွင် တောက်ပသွားသည့် ရွှေဘီး ထွက်ပေါ်လာကာ ရန်ကျောက်ကဲ၏ ထိပ်တည့်တည့်သို့ တိုက်ရိုက် ထုချလိုက်သည်။

စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်၊ မဟာနေမင်းဘီး။

ရှောင်ရှန်း၏မျက်နှာက အေးစက်နေကာ သူ့စွမ်းအားအပြည့်အဝကို တစ်ချက်တည်း ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ရန်ကျောက်ကဲက အသင့်ပြင်ထားပြီးဖြစ်သည်။ သူ့သွေးတံခါးဝတွင် စုစည်းထားသော စွမ်းအားက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်။

အရှိန်ကုန်သွားသောကြောင့် အောက်သို့ ထိုးဆင်းနေသော သူ့ခန္ဓာကိုယ်က ထိုအခိုက်တွင် လေထဲ၌ ရပ်တန့်သွားသည်။

ရန်ကျောက်ကဲက သူ့ညာဘက်အင်္ကျီလက်ကို ရမ်းလိုက်သည်။ ချက်ချင်းပင် နဂါးတစ်ကောင်နှင့် ဆင်တူသော အစိမ်းရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံသန်းသွားသည်။

သည်တစ်ခါ ရန်ကျောက်ကဲ၏လက်ထဲမှ လက်နက်မှာ ဝါးကိုင်းမဟုတ်တော့။ ကျောက်စိမ်းကဲ့သို့ အရောင်ဖြင့် အစိမ်းနက်ရောင်ဓားဖြစ်သည်။

တောက်ပသော အလင်းတစ်ခု ဓားသွားတွင် အရောင်လက်နေကာ အစစ်အမှန်နဂါးတစ်ကောင်၏ ကြီးကျယ်ခမ်းနားသော နဂါးဟိန်းသံ ထွက်ပေါ်လာသည်။

စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်၊ ကျောက်စိမ်းနဂါးဓား။

ရန်ကျောက်ကဲသည် ဓားနှင့် တသားတည်း ဖြစ်သွားပြီး ကောင်းကင်သို့ ပျံတက်သွားကာ ရှောင်ရှန်း၏ ရှေ့၌ ရုတ်ချည်း ပေါ်လာသည်။

ဓားဖျား ဦးတည်ရာ နေရာတွင် ကောင်းကင်တစ်ခွင် လင်းလက်သွားစေနိုင်သော ခုနစ်စဉ်ကြယ်အလင်း ထွက်ပေါ်လာသည်။

ဝါဒတောင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်များသာ သင်ယူရသော သိုင်းပညာဖြစ်သလို အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်အနက် တစ်ခုဖြစ်သော ခုနစ်စဉ်ကြယ်ဓားသိုင်းဖြစ်သည်။

ရှောင်ရှန်းက သူ့မဟာနေမင်းဘီးကို အသုံးပြုကာ ရန်ကျောက်ကဲ၏ကျောက်စိမ်းနဂါးဓားကို ခုခံလိုက်ရသည်။

ရှောင်ရှန်း စိတ်အေးတော့မည့် အချိန်မှာပင် ညာဘက်လက်မှ ကျောက်စိမ်းနဂါးဓားကို ကိုင်ထားသော ရန်ကျောက်ကဲသည် ဝတ်ရုံထဲမှ သူ့ဘယ်ဘက်လက်ကို ရုတ်တရက် ဆန့်ထုတ်ကာ ရှောင်ရှန်း၏ခေါင်းတည့်တည့်ကို ရိုက်ချလိုက်သည်။

(ရွှမ်းဝူ = လိပ် + မြွေ)


Comment

Leave a Reply

Options

not work with dark mode
Reset