ဟုန်အကျဉ်းထောင်ထံမှ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။ အမှုန်အမွှားများက လေထဲသို့ လွင့်တက်ကုန်သည်။ ငွေရောင်ဓားတစ်လက်က ဓားတေးသံတစ်ခုကို ထုတ်လွှတ်ကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားသည်။
ဝမ်လင်းက အင်ပါယာဓားပျံသန်းသွားသည့် အရပ်သို့ ကြည့်ကာ ပြုံးယောင်သန်းလာ၏။ “ဒီဓားက ဘာလို့ ကလေးတစ်ယောက်လို ပြုမူနေရတာလဲ။ဒီဓားက ငါ့ကို မရှာနိုင်တာနဲ့ ဟုန်အကျဉ်းထောင်ကို ခုလို ရန်ငြှိုးထားနေတယ်။ ခုဆို ဒီလို ပြုမူနေတာ ဆယ်ကြိမ် ရှိနေပြီ…”
မိုလီဟိုင်က ဝမ်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။သူက ခါးသီးစွာ ပြုံးနိုင်သည်။ တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းအပေါ်သူက လေးစားမိနေသည်။ သူက ဝမ်လင်းကိုသာ စောင့်ကြည်နေခြင်း မဟုတ်ပါက သူသည်လည်း ဝမ်လင်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း အင်ပါယာဓားက သူတို့နှစ်ယောက်နေရာကို အကြိမ်များစွာ ဖြတ်သန်းသွားသော်လည်း ဝမ်လင်းကို ရှာမတွေ့နိုင်ခြင်း ဖြစ်နေ၏။
လွန်ခဲ့သောရက်က ဝမ်လင်း တောင်အတု အပေါက်ထဲကနေ ထွက်ခွာလာသည့် အခါတွင်ပင် သူက သတိပြုမိခဲ့ခြင်း မရှိပေ။ဝမ်လင်းအပေါ် သူ့အထင်ကြီးမှုက ပိုတိုးလို့သွားခဲ့၏။
ထပ်ပြောရလျှင် ဝမ်လင်းက ဟုန်အကျဉ်းထောင်ကနေ ပြန်လာပြီးနောက် မိုလီဟိုင်သည် ဝမ်လင်းမှာ အခြားလူတစ်ယောက် ဖြစ်သွားသလို ခံစားမိနေသည်။အထူးသဖြင့် ဝမ်လင်းနှဖူးထက်၌ တောက်ပနေသော သင်္ကေတကို ကြည့်မိသည့်အခါတွင်ပင် ဖြစ်၏။ သည်သင်္ကေတက သူ့ကိုပင် နှလုံးခုန်မြန်စေသည်။
သူက အသေးစိတ်တော့ မမေးမြန်းခဲ့ပေ။ သို့သော် ဝမ်လင်းက အင်ပါယာဓားကို ဒေါသထွက်စေခဲ့မှန်းတော့ သူ ခန့်မှန်းမိပေ၏။ ဝမ်လင်းက သူ့မန္တန်တွင် အောင်မြင်ခဲ့ခြင်း သို့မဟုတ် ကံကောင်းမှုတစ်ခုနှင့် တွေ့ကြုံခဲ့ခြင်း ဖြစ်ရပေမည်။
“ခု လက်ရှိ အကိုဝမ် ခွန်အားက ဘယ်လောက်လဲ။ ရှေးဟောင်းနတ်ဆိုးမြို့တုန်းက ခွန်အားနဲ့ အခုအချိန် ပြန်နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုနေလဲ…” အချိန်အတန်ကြာ တွေးတောပြီးသည့်နောက် မိုလီဟိုင်က ထိုသို့မေးရန် ဆုံးဖြတ်လိုက်၏။ သူက နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲတွင် အဆင့်မည်မျှ ရရှိနိုင်မည်ကို သိချင်နေပေသည်။
နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲတွင် အခွင့်အရေးနှစ်ခု ရှိသည်။ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်က ရှုံးနိမ့်လျှင် သူတို့အကူက အစားထိုး တိုက်ခိုက်ပေးနိုင်ပေ၏။ သို့ရာတွင် ထိုအကူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဒေသခံတစ်ယောက် မဟုတ်ဘဲ ပြင်ပကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်။
ထို့ကြောင့်လည်း နတ်ဆိုးဗိုလ်ချုပ် မိုလီဟိုင်က ဝမ်လင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဝမ်လင်းအသံက တည်ငြိမ်နေ၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဟိုလက်ဝါး တိုက်ချက် မပါဘဲနဲ့ သင့်ကို အနိုင်ယူနိုင်ပြီ…”
မိုလီဟိုင်က ဝမ်လင်းကို စူးစိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက ရယ်မောကာ ပြောလိုက်သည်။ “ကောင်းတယ်…။ဒီစကားအရဆိုရင် ငါ့အားစိုက်ထုတ်ပေးမှုတွေက အချည်းနှီးမဖြစ်စေတော့ဘူး။ အကိုဝမ်…နတ်ဆိုးအင်ပါယာက လာမယ့်လဝက်မှာ နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲကို ကျင်းပလိမ့်မယ်။မင်းသာ ကောင်းကောင်းလုပ်ရင် ငါမင်းကို ကျေးဇူးပြန်တုံ့ပြန်ပေးမှာပါ…မင်းက နတ်ဆိုးဗိုလ်ချုပ်ရာထူးကို ရစေရမယ်…”
ဝမ်လင်းက ပြုံးရုံသာ ပြုံး၏။
မိုလီဟိုင်က အနည်းငယ် စဉ်းစားပြီးနောက် အလေးအနက်လေသံဖြင့် ပြောလိုက်သည်။ “အကိုဝမ်…မင်း စောစော ပြန်လာဖို့လိုတယ်။ဒီည ငါ မင်းကို အရေးကြီးတဲ့ လူတစ်ယာက်နဲ့တွေ့ဖို့ ခေါ်သွားပေးမလို့…”
မိုလီဟိုင်က ခေါင်းညိမ့်ပြသည်။ သည့်နောက် သူက မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “အကိုမို… စိတ်အေးအေး ထားနိုင်ပါတယ်…”
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြတော့၏။ မိုလီဟိုင်က ပြုံးရွှင်လို့နေသည်။ “ဒီတော့ ဒီအကိုကြီးက မင်းကို မနှောက်ယှက်တော့ဘူး။မင်းက ကုချင်းဂီတကို သွားနားထောင်နိုင်ပါပြီ…”
ဝမ်လင်းက မြစ်ဘေးရှိ ကုချင်သံကို နားထောင်တက်သည်မှာ လျှိုဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။ ထို့ကြောင့် မိုလီဟိုင်က သည်အရာကို သိပေ၏။
ဝမ်လင်းက မိုအိမ်တော်ကနေ လမ်းလျှောက်ကာ ထွက်လာ၏။
ဝမ်လင်းက မြစ်ဘေးတွင် အရက်အိုးတစ်အိုးနှင့် အေးဆေး ထိုင်ချလိုက်သည်။ သူက အလွန်တည်ငြိမ်ကာ စိတ်နှလုံးအေးငြိမ်းလို့နေ၏။
သည်နေ့ရက်များတွင် ဝမ်လင်းက နေ့တိုင်း မြစ်ဘေးတွင်ထိုင်ကာ လှေပေါ်မှ ကုချင်းဂီတသံကို နားထောင်ရန် စောင့်နေတက်သည်။ ကုချင်းသံက အရင်နှင့်မတူတော့ချေ။ သည်သံစဉ်က ပျော်ရွှင်သံစဉ် ဖြစ်နေသော်လည်း အတွင်းပိုင်းတွင်တော့ လွမ်းဆွတ်ဝမ်းနည်းမှုကို ဖုံးကွယ်ထားပေ၏။
သို့သော် ဝမ်လင်းက သည်သံစဉ်ကို အတင်းပြောင်းဆိုခိုင်းရန် မကြိုးစားပေ။သူက ဖြတ်သွားဖြတ်လား နားဆင်ကာ အမျိုးမျိုးသော ခံစားချက်များကို ကြည့်မြင်ကြည့်ရုံသာ ဖြစ်၏။
ခုချိန်ထိ ထိုကုချင်းတီးခတ်သည့် အမျိုးသမီးကို မည်သူမည်ဝါမှန်း သူ မသိပေ။ သည်အရာက အရေးလည်း မကြီး။အရေးကြီးသည်က သူ ကုချင်းဂီတသံကို နားထောင်နိုင်ရန်သာ ဖြစ်၏။
ကုချင်းဂီတကို နားဆင်ကာ သူ့နှလုံးသားထဲရှိ ချိပ်ပိတ်ထားသည့် မှတ်ဉာဏ်များကို ထိတွေ့မိသည့်အခါတွင် သူ မခံစားဖြစ်တာ ကြာပြီဖြစ်သော် ခံစားချက်တစ်ခုကို ပြန်ရ၏။ ဝမ်လင်းနှလုံးသားက ခုချိန်တွင် အလွန်တည်ငြိမ်လို့နေသည်။
သူ့ရှေ့ရှိ လှေများပေါ်မှ ကုချင်းသံ ထွက်ပေါ်လာသည်။ သည် မြူးကြွကြွ ကုချင်းဂီတသံက ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို ထုတ်လှစ်ပြနေသည်။ ကုချင်းသံနောက်မှ လှေများက ဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။
လှေဦး၌ ကုချင်းတီးခတ်နေသူက ဝမ်လင်းကို ကျောခိုင်းထားလျက်သာ ရှိလို့နေဆဲသာ။ သူမ၏ ကျောက်စိမ်းရောင်လက်လေးများက လှုပ်ရှားနေကာ ဂီတသံကို ဖြစ်ပေါ်စေ၍ လေထဲသို့ စိမ့်ဝင်ပေါင်းစပ်သွားစေ၏။ယနေ့တွင် သူမရှေ့တွင် လူတစ်ယောက်တည်းသာ ထိုင်နေ၏။
ထိုလူက အသက် (၂၇)၊(၂၈) လောက် ရှိသည့် လူငယ်တစ်ယောက်ပင်။သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သာမန်သာ ထင်ရ၏။သို့သော် သူ့ထံမှ ကြည်လင်သောခံစားချက်ကို ပေးစွမ်းနေသည်။ သူ့ပတ်လည်တွင်လည်း မည်သည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေပေ။ သူက အရက်ကောင်းကို သောက်နေရင်း ကုချင်းဂီတကို နားဆင်လို့နေ၏။
လူငယ်က အရက်ခွက်ကို အောက်ချ၍ ညင်သာစွာ မေးလိုက်၏။ “နင်…ဒီလိုမတီးလို့ ရနိုင်လား။ ငါက နင့်ဂီတကိုသာ ကြားချင်တယ်…”
အမျိုးသမီးက တီးခတ်ခြင်းကို ရပ်တန့်လိုက်သည်။ အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက် သူမက ခေါင်းညိတ်သည်။ သူမ လက်သွယ်လေးများက နောက်တစ်ကြိမ် လူးလားလှုပ်ရှားသွားပြန်၏။ ဂီတသံထဲမှ ဝမ်းနည်းမှုက သည်ဧရိယာတွင် ပျံ့နှံ့လာသည်။ ဂီတသံက လှေကြောင့် ဖြစ်ပေါ်သွားသည့် လှိုင်းတွန့်လေးများနှင့်ပါ ပေါင်းစပ်ကာ မြစ်ဘေးသို့ ပြန့်နှံ့သွားကြ၏။
လှိုင်းတွန့်လေးများက ဝမ်လင်းရှေ့တွင် ရပ်တန့်သွားသည်။ သို့သော် ထိုလှိုင်းတွန့်လေးများနှင့် ပါလာသည့် ဂီတကတော့ ဝမ်လင်းနားထဲသို့ တိုးဝင်လာခဲ့၏။
လှေပေါ်ရှိလူငယ်ကလည်း သူ့မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ကာ ကုချင်းဂီတသံထဲရှိ ဝမ်းနည်းနာကျင်မှု အနှစ်သာရကို တစိမ့်စိမ့်ခံစားလို့နေသည်။
ဝမ်လင်းကလည်း မျက်လုံးမှိတ်လိုက်၏။ သူက ကုချင်းဂီတသံထဲ၌ ဖြည်းဖြည်းချင်း နစ်မြုပ်လို့သွားတော့သည်။ သူ့စိတ်ထဲသို့ ဂီတသံစဉ်က ပေါင်းစပ်သွားပြီး ထိုခဏတွင် ပျောက်ပျက်မသွားတော့ပေ။
သူတို့နှစ်ယောက်၊ လှေပေါ်က တစ်ယောက်၊ မြစ်ကမ်းနဘေးက တစ်ယောက်။ သူတို့နှစ်ယောက်က ကုချင်းဂီတသံ၏ မတူညီသော အရာများကို နားလည်နေကြသော်လည်း ခုချိန်တွင် ချိတ်ဆက်မှုတစ်ခု ရှိလို့နေလေပြီ။
ဝမ်လင်းက မျက်လုံးဖွင့်ကာ လှေရှိရာသို့ ပထမဆုံးအကြိမ် အဖြစ် သေချာကြည့်လိုက်သည်။ သူ့အကြည့်က အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် လူငယ်ထံသို့ ကျရောက်သွား၏။
သည်အခိုက်တွင် သည်လူကလည်း မျက်လုံးဖွင့်လာကာ ဝမ်လင်းကို ကြည့်လိုက်၏။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ခဏတာ အကြည့်ချင်းစုံသည်။ ဝမ်လင်းက သူ့အရက်အိုးကို မြှောက်ပြပြီး အားပါးတရ တစ်ကျိုက်မော့သောက်လိုက်၏။ လှေပေါ်ရှိ လူငယ်ကလည်း ပြုံး၍ သူ့ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
လှေက ဖြည်းဖြည်းချင်း အကွာအဝေးတစ်ခုထံသို့ ရွေ့ရွေ့သွားကာ ဝမ်လင်းမြင်ကွင်းထဲကနေ ပျောက်ကွယ်လို့သွား၏။ကုချင်းဂီတသံကတော့ အကွာအဝေးတစ်ခုမှသည် လွင့်ပျံ့လာဆဲသာ။
လှေပေါ်ရှိ ကုချင်းတီးခတ်နေသော အမျိုးသမီးက လှည့်လာ၍ မြစ်ကမ်းဘေးထံသို့ ကြည့်လိုက်သည်။ သူမမျက်လုံးထဲ၌ အရာအားလုံးက မှောင်မဲနေဆဲသာ။
လူငယ်က အရက်ခွက်ကို အောက်ချကာ တိုးညှင်းစွာ ပြောလိုက်သည်။ “အဲ့နေရာမှာ လူတစ်ယောက် ရှိနေတယ်…”
မိုင်ရွမ်က စကားပြန်မဆိုချေ။ သူမက ခေါင်းပြန်လှည့်လာကာ ဝမ်းနည်းဖွယ်ဂီတသံကို တီးခတ်လိုက်ပြန်သည်။
လူငယ်က ဖျော့တော့စွာ ပြုံးလိုက်၏။ “စိတ်ဝင်စားစရာ ကောင်လေးပဲ…”
ဝမ်လင်းက မိုအိမ်တော်ကို ညအချိန်၌ ပြန်ရောက်လာခဲ့သည်။သိပ်မကြာခင်တွင် သူနှင့် မိုလီဟိုင်တို့က အတူပြန်ထွက်လာကာ ရွှမ်မြို့ထဲသို့ ဝင်ရောက်လာကြ၏။
ရွှမ်မြို့က ဟုန်မြို့နှင့် အရွယ်အစားတူလောက်သာ ရှိသော်လည်း ကွဲပြားခြားနားလှ၏။ထိုမြို့က ညအခါတွင် မီးလင်းထိန်နေကာ လမ်းသွားလမ်းလာများကြားတွင် ချပ်ဝတ်များဖြင့် တပ်သားများက ပိုများပြားလို့နေသည်။
မိုလီဟိုင်က ရွှမ်မြို့ထဲရှိ အိမ်တော်တစ်ခု အပြင်တွင် ရပ်တန့်လိုက်၏။သည့်နောက် သူက စာတစ်စောင်ကို ထုတ်ယူကာ အိမ်ပြင်ရှိ အစောင့်ကို ပေးလိုက်၏။ အစောင့်က ထိုစာကို ကြည့်လိုက်ပြီးနောက် အိမ်တော်ထဲသို့ ချက်ခြင်းတန်းဝင်သွားတော့သည်။
ဝမ်လင်းက ထိုအိမ်တော်ကို စမ်းစစ်ကြည့်သည်။သူ့အကြည့်က အိမ်တော်ဝင်ပေါက်ရှိ မော်ကွန်းကျောက်ပြားပေါ်တွင် ရပ်တန့်သွားသည်။
“ဒုနတ်ဆိုးဗိုလ်မှူးချုပ်၏ အိမ်တော်…”
မိုလီဟိုင်က ဝမ်လင်းကို ရှင်းပြလိုက်သည်။ “ရွမ်မြို့ရဲ့ ဒုဗိုလ်မှူးချုပ်က အင်ပါယာနဲ့ ဆက်ဆံရေးကောင်းတယ်…”
ဝမ်လင်းက ခေါင်းညိမ့်ပြလိုက်သည်။ မိုလီဟိုင်က သည်နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲတွင် ဒုဗိုလ်ချုပ်မှူးရာထူး နှစ်နေရာကို ရွေးချယ်မည့်အကြောင်းနှင့် အရေးကြီးသည့် အသေးစိတ်ကို ဝမ်လင်းအား ရှင်းပြခဲ့ပြီး ဖြစ်သည်။
သိပ်မကြာခင်တွင် အစောင့်က ပြန်ရောက်လာ၏။ သူက လေးစားသည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။ “ဗိုလ်မှူးမို…အရှင်ဒုတပ်မှူးချုပ်က သင့်ကို ကြိုဆိုခိုင်းပါတယ်…”
မိုလီဟိုင်အသွင်က အထဲသို့ လမ်းလျှောက်ဝင်လာရင်း အလေးအနက်အသွင် ဖြစ်လာ၏။ ဝမ်လင်းက သိပ်အလျင်မလိုသည့် အသွင်ဖြင့် နောက်မှ လိုက်ပါလာသည်။ မိုလီဟိုင်နှင့် ဝမ်လင်းတို့က ခြံဝန်းထဲသို့ ရောက်ရှိလာကြ၏။
“ဒုဗိုလ်ချုပ်မှူးက ဗိုလ်ချုပ်မိုကို ဒီနေရာမှာ လာတွေ့ပါလိမ့်မယ်…” အစောင့်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပေါင်းကူးတံတားတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူက လေးစားသည့်ဟန်ပန်ဖြင့် ပြန်ထွက်ခွာသွားသည်။
မိုလီဟိုင်က သည်ပေါင်းကူးတံတားအတိုင်း ဝမ်လင်းနှင့်အတူ တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။ ထို တံတားအလွန်တွင် အရောက်အသွေးစုံလင်သည့် ပန်းခင်းတစ်ခု ရှိနေသည်။ သည်ပန်းရနံ့များက သူတို့နှစ်ယောက်ထံသို့ တိုးဝင်လာ၏။
ခရမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက်က ထိုပန်းဥယျာဉ်ထဲ၌ မတ်တပ်ရပ်လို့နေသည်။သူ့နောက်တွင်လည်း ကောင်းကင်ထက်သို့ ကြည့်နေသည့် လူနှစ်ယောက် ရှိလေသည်။သည်လူ့၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်း အထွတ်အထိပ်အဆင့်နှင့် ညီမျှပေသည်။ သူက နောက်တစ်ဆင့်သို့ အချိန်မရွေး အဆင့်ချိုးဖျက်နိုင်သည့် အနေထားလည်း ရှိပေ၏။
သို့ရာတွင် သူက အမှန်တကယ် မချိုးဖျက်သေးသ၍ အာဏာတက်ခြင်းအလယ်အဆင့်ကျင့်ကြံသူနှင့်တော့ နှိုင်းယှဉ်နိုင်ခြင်း မရှိသေးပေ။
မိုလီဟိုင်က အသက်ဝဝရှူသွင်းလိုက်ပြီးနောက် လေးစားစွာ ပြောလိုက်သည်။ “မိုလီဟိုင်က အရှင်ဒုဗိုလ်ချုပ်မှူးကို နှုတ်ဆက်ပါတယ်…”
ထိုလူက မည်သည့်စကားမှ မဆိုချေ။သူက လှုပ်ပင်မလှုပ်။ သူက ထိုနေရာတွင် မတ်တပ်ရပ်နေရင်း ကောင်းကင်ထက်သို့သာ မော့ကြည့်ကာ နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝတိတ်ဆိတ်လို့နေသည်။
သည်တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ဧရိယာတွင် ဖိအားအဖြစ် မသိမသာ ပြောင်းလဲသွားသည်။ နတ်ဆိုးဗိုလ်ချုပ် မိုလီဟိုင်ကလည်း တည်ငြိမ်ကာ ငြိမ်သက်သည်။သူက တိတ်တဆိတ်သာ မတ်တပ်ရပ်လို့နေသည်။
ဝမ်လင်းအတွက်တော့ သူက သည်လိုဖိအားအောက်၌ မည်သို့ ပြိုလဲနိုင်ပါ့မည်နည်း။ ဝမ်လင်းအသွင်က တည်ငြိမ်နေသည်။ သူက ရှေ့ဖြစ်ဟောသူနှင့် တွေ့ဆုံရချိန်ပင် တည်ငြိမ်နေဆဲသာ ဖြစ်၏။သည်လူက အာဏာတက်ခြင်းအစောပိုင်းအဆင့်မျှသာ။ သူက ကျူးချွဲဇီနှင့် စစ်ထူနန်တို့ထက်ပင် အားနည်းနေသေးသည် မဟုတ်လား။
ဝမ်လင်းတည်ငြိမ်မှုနှင့် မိုလီဟိုင်တို့၏ မတုန်မလှုပ်အသွင်တို့က သည်ဖိအားကို ပျံ့နှံ့သွားစေသည်။
ခရမ်းရောင်ဝတ်ဆုံနှင့်လူက လှည့်လာ၏။သူ့မျက်လုံးက အလင်းတန်းအလား ဝမ်လင်းတို့နှစ်ယောက်ထံသို့ ကျရောက်လာသည်။ သူက သူတို့နှစ်ယောက်ကို အကြီးအကဲတစ်ယောက်က လူငယ်မျိုးဆက်ကို ကြည့်သလို အကြည့်မျိုးဖြင့် ကြည့်နေပေသည်။ သူက ခန့်ငြားသည့်လေသံဖြင့် ပြောလိုက်သည်။ “ငါ့ဖိအားအောက်မှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေတာပဲ…မဆိုးဘူး…”
“မိုလီဟိုင်…မင်းက ဒုဗိုလ်ချုပ်မှူးနေရာအတွက် ဘယ်လောက် ယုံကြည်မှု ရှိလဲ…” ခရမ်းရောင်ဝတ်စုံနှင့်လူက ပွင့်ပွင့်လင်းလင်း တည့်တိုးသာ မေးလိုက်၏။ သူက လိုရင်းကို တန်းမေးလိုက်ခြင်း ဖြစ်သည်။
မိုလီဟိုင်က အနည်းငယ် စဉ်းစားပြီးနောက် အလေးအနက် ပြန်ဖြေလိုက်သည်။ “(၄၀) ရာခိုင်နှုန်း…”
“အို…” ခရမ်းရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက ကျဉ်းမြောင်းသွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ရှိကို လာတဲ့ နတ်ဆိုးဗိုလ်ချုပ်တွေထဲမှာ ဆိုရင် မင်းက ယုံကြည်မှုအနည်းဆုံး ရှိနေတဲ့လူ ဖြစ်နေတယ်…”
မိုလီဟိုင်က ဝမ်လင်းကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။ “ဒီလူ့ကိုပါ ထည့်တွက်ရင် ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိပါတယ်…”
ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွားသည်။ သူ့မျက်လုံးများက တည်ငြိမ်နေသည်။ဝမ်လင်းက သူ့အမြင်တွင် ပုရွတ်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
သူက ဝမ်လင်းကို ထိုသို့ကြည့်ရန် အရည်အချင်း ပြည့်မှီပေသည်။သူက ဒုနတ်ဆိုးဗိုလ်ချုပ်မှူး ဖြစ်ရုံသာမက နတ်ဆိုးအင်ပါယာနှင့်လည်း မိတ်ဆွေကောင်းများ ဖြစ်ကြသေးသည်။သူက အခြားနတ်ဆိုးဗိုလ်ချုပ်များ၏ အထက်တွင် ရှိကာ အစစ်အမှန် ဒုနတ်ဆိုးဗိုလ်ချုပ် တစ်ယောက်ဖြစ်ရန် စောင့်နေရုံသာ ရှိ၏။ သူ့အမြင်တွင် ဝမ်လင်းနှင့် မိုလီဟိုင်တို့က သူ့နောက်လိုက်အဆင့်များသာ ဖြစ်သည်။
သူက မိုလီဟိုင်ကိုပင် ထိုက်တန်သည်ဟု မထင်ထားပေ။ သည့်အတွက် မိုလီဟိုင်နောက်လိုက် ဖြစ်သူ ဝမ်လင်းနှင့် ပတ်သတ်၍ မည်သို့ ဂရုစိုက်နေပါ့မည်နည်း။
နတ်ဆိုးအင်ပါယာ၏ အမြင်တွင် မိုလီဟိုင်သာ မရှိပါက သူက မိုလီဟိုင်ကိုပင် ခုလို လက်ခံတွေ့ဆုံမည် မဟုတ်ပေ။ သူ့အမြင်တွင် မိုလီဟိုင်က အရည်အချင်း မပြည့်မှီပေ။မိုလီဟိုင်နှင့်တွေ့မည့် အစား သူက ပန်းများဖြင့်သာ အချိန်ဖြုန်းလို၏။ ရှေးဟောင်းနတ်ဆိုးမြို့တွင် ရွမ်မြို့၏ ဒုဗိုလ်ချုပ်မှူးက ပန်းများကို မည်မျှ နှစ်သက်ကြောင်း လူတိုင်းနီးပါး သိကြပေ၏။ အထူးသဖြင့် ရပ်ခြားမှလာသည့် ရောင်စုံပန်းများပင်။ သူက ပန်းများကို နှစ်သက်သည့်အပြင် အလွန်လည်း ဂရုတစ်စိုက်ရှိသည်။ အစေခံတစ်ယောက်ကသာ ပန်းတစ်ပွင့်ကို မတော်တဆ ထိမိပါက အိမ်တော်ကနေ ချက်ခြင်း ကန်ထုတ်ခံရမည် ဖြစ်၏။သူ့ပန်းများကို ပျက်စီးစေပါက ထိုလူသည် ခေါင်းဖြတ်ခံရမည် ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူက စိတ်ထဲတွင် နည်းနည်း စိတ်မရှည် ဖြစ်လာ၏။ သို့သော် သူက မည်သည့်အမူအရာကိုမျှ ဖော်မပြချေ။
“မင်းရဲ့ အားအကောင်းဆုံးမန္တန်ကို ပြသပါ။မိုလီဟိုင်က မင်းကြောင့် အခွင့်ရေး (၅၀) ရာခိုင်နှုန်း ပိုတိုးမယ်လို့ ဘာလို့ထင်နေလဲ ငါ့ကို ပြသချေ…” ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အသံက တည်ငြိမ်လို့နေသည်။ သူ့အမြင်တွင် ဝမ်လင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံး အထွတ်အထိပ်အဆင့်သာ ဖြစ်သည်။ သူက သည်လိုလူမျိုးက သူ့စိတ်ဝင်စားမှုနှင့် ထိုက်တန်သည်ဟု ဘယ်တုန်းကမှ မထင်ထားချေ။
သူက ဝမ်လင်းကို အထင်သေးခြင်း မဟုတ်ဘဲ လုံးဝလစ်လျူရှုထားသည့် သဘောပိုဆန်ပေ၏။
“မင်း ခွန်အားအပြည့််ကို အသုံးပြုပါ။မင်းက ငါ့ကိုလှုပ်ရှားအောင် လုပ်နိုင်ရင် အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်လို့ရတယ်…” ခရမ်းရောင်ဝတ်စုံနှင့်လူက ကောင်းကင်ထက်သို့ ကြည့်နေပြီး ဝမ်လင်းကို ကြည့်ပင် မကြည့်ချေ။
ဝမ်လင်းက ထိုလူကို အေးစက်စွာကြည့်၏။ သူက ချက်ခြင်းပင် လက်မြှောက်လိုက်သည်။သူ့ထက်ထဲတွင် သတ်ဖြတ်ခြင်းစွမ်းအင်များက စုဝေးလာပြီးနောက် ဝမ်လင်းက ရှေ့သို့ လက်ညွှန်လိုက်သည်။
မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်တန်းများက သူ့လက်ထဲကနေ ပေါက်ကွဲထွက်သွား၏။ထိုအခိုက်တွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သည်ပတ်ဝန်းကျင်ဧရိယာတွင် မုန်တိုင်းတစ်ခုလို ရုတ်တရက် ဝန်းရံလာသည်။
ဝမ်လင်းထံမှ ပေါက်ကွဲထွက်လာသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ နှစ်ထောင်ကျော်က ခရမ်းရောင်ဝတ်စုံနှင့်လူထံသို့ နဂါးများအလား တိုးဝင်သွား၏။
အစကနေ အဆုံးထိ ထိုခရမ်းရောင်ဝတ်စုံနှင့်လူ၏ ဟန်ပန်က မပြောင်းလဲဘဲ ရှိနေကာ ဝမ်လင်းကိုလုံးဝ လစ်လျူရှိလို့ထားသည်။ သို့ရာတွင် ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒစွမ်းအင် အမျှင်တန်းနှစ်ထောင်ကျော်က သူ့အနီးသို့ ရောက်လာသည့်အခါတွင်တော့ သူ့အမူအရာက ပြောင်းလဲသွား၏။
ခရမ်းရောင်ဝတ်စုံနှင့်လူက ချက်ခြင်း နောက်သို့ ဆုတ်သည်။ သည့်နောက် သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး နတ်ဆိုးကျားအသွင် ဖြစ်ပေါ်သည်။ သို့ရာတွင် နတ်ဆိုးကျားအသွင်က ဖြစ်ပေါ်လာပြီးသည်နှင့် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရသည်။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းက ခရမ်းရောင်ဝတ်စုံနှင့်လူ၏ ရင်ဘက်ပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။
ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူက နောက်သို့ ထပ်ဆုတ်လိုက်ရ၏။ သူက သူအမြတ်တနိုးထားသည့် ပန်းပင်များပေါ်သို့ပါ ခြေချမိသွား၏။ သို့သော် သည်အချိန်တွင် သူက ပန်းများအကြောင်း မတွေးနိုင်ချေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များပင် ထောင်မတ်သွားရ၏။ သည်သူက သည်မန္တန်ကို ခုခံနိုင်ရန်သာ အာရုံအပြည့်စိုက်လိုက်သည်။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် ကြိုတင်ပြင်ဆင်ထားပါက ခုလိုမျိုး သနားစဖွယ် အခြေအနေမျိုး ဖြစ်သွားလိမ့်မည် မဟုတ်ပေ။ သို့သော် သူက ဝမ်လင်းကို အထင်သေးလွန်းအားကြီးခဲ့သည်။ သည်မန္တန်ကို ခုခံနိုင်ရန် သူက အပြည့်အဝ ကြိုတင်ပြင်ထားသင့်ပေသည်။ သို့သော် ခုချိန်တွင် သူ့အတွက် နောင်တရနေရန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
သူ့ခန္ဓာကိုယ်နှင့် ခုနစ်လက်မအကွာတွင် နတ်ဆိုးချပ်ဝတ် အပြာရောင်အလင်းမျက်နှာပြင် တစ်ခု ပေါ်လာ၏။ သို့သော် ၎င်းက ပေါ်လာသည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှစ်ထောင်ကျော်၏ ထိရိုက်ခြင်းကို ခံရကာ နောက်သို့ ဆုတ်သွားရသည်။
ထိုချပ်ဝတ်က နောက်သို့ သုံးလက်မခန့် ဆုတ်လာသည်ကို တွေ့မြင်လိုက်သည့်အခါ ခရမ်းရောင်ဝတ်စုံနှင့်လူက မာန်တစ်ချက်သွင်းလိုက်၏။ သူ့နှဖူးပေါ်ရှိ သွေးကြောများပင် ဖောင်းကြွလာခဲ့ကာ သူက နောက်သို့ ထပ်ဆုတ်လိုက်ရပြန်သည်။ သူက သူ အမြတ်တနိုး ထားသည့် မရေမတွက်နိုင်သောပန်းများပေါ်တွင် ခြေနင်းမိသွားပြန်၏။
သို့သော် နတ်ဆိုးချပ်ဝတ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒအမျှင်တန်း နှစ်ထောင်ကျော်ကို ခုခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းက ရုတ်တရက် ပျက်စီးလို့သွား၏။
သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း နှစ်ထောင်ကျောက် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး တစ်ကြိမ်လှည့်ပတ်သွား၏။ သည့်နောက် ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရာ သတ်ဖြတ်ခြင်းစွမ်းအင်က ထိုခရမ်းရောင်ဝတ်စုံနှင့်လူ၏ မွှေးညှင်းပေါက်များကနေ ထွက်၍ ဝမ်လင်းလက်ထဲသို့ ပြန်ရောက်ရှိလာလေ၏။
ခရမ်းရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက အလွန်အမင်း ဖြူရောနေသည်။ ဝမ်လင်းက ရုတ်တရက် တခြားတည်ရှိမှုတစ်ခုကဲ့သို့ ဖြစ်တည်သွား၏။
သူ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်နှင့် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းနှစ်ထောင်တို့ကြောင့် ဝမ်လင်းအတွက် အာဏာတက်ခြင်းအဆင့် အစောပိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ခက်ခဲခြင်း မရှိတော့ပေ။
“သိပ်ကောင်းတယ်။ မင်းက တကယ့်ကို အရည်ချင်း ရှိတာပဲ…” ခရမ်းရောင်ဝတ်စုံနှင့်လူက အသက်ဝဝရှုသွင်းကာ သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် လုပ်၍ လူကြီးတစ်ယောက်က လူငယ်မျိုးဆက်ကို ကြည့်သလို အကြည့်မျိုးနှင့်တူအောင် အတင်းညှစ်ထုတ်ကာ ပြုံးလိုက်သည်။
မိုလီဟိုင်အသွင်က ထူးဆန်းသွားသည်။သူက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ကာ ဝမ်လင်ကို ဦးဆောင်၍ လျင်မြန်စွာ ထွက်ခွာသွား၏။
သူတို့နှစ်ယောက် အဝေးသို့ ရောက်သွားသည့်အခါ ခရမ်းရောင်ဝတ်စုံနှင့်လူက ဆက်တောင့်မထားနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ အပြင်ဘက်မှ ဝင်လာသည့် အစေခံတစ်ယောက် သူ့ရှေ့ရှိ ထိုမြင်ကွင်းကို တွေ့မြင်လိုက်သည့်အခါ အလွန်အမင်း ကြောက်လန့်သွား၏။
“ဒီသုံးလအတွင်း ငါ ဘယ်သူနဲ့မှ မတွေ့ဘူး။ငါ တံခါးပိတ်ကျင့်ကြံမယ်…” ထိုသို့ပြောဆိုပြီးသည့်နောက် ခရမ်းရောင်ဝတ်စုံနှင့်လူက ပျောက်ကွယ်သွားတော့၏။