ပိုင်ရှောင်ချန်းက သူ၏အတွေးတစ်ချက်နှင့် သွေးဘိုးဘေး၏အကူအညီကို ယူထားသော မည်သည့်ကျင့်ကြံသူမဆို သွေးချီများထောက်ပံ့ပေးကာ သူတို့၏ တိုက်ပွဲစွမ်းအင် အမြောက်အမြား တိုးပွားသွားစေရန် ဆောင်ရွက်နိုင်ကြောင်း ခံစားမိလိုက်ရလေသည်။
ထိုအတွေးကြောင့် ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာသည်။ မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ပြီးနောက် လက်တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးအား မည်သို့ထိတ်လန့်တုန်လှုပ်သွားအောင်လုပ်နိုင်ကြောင်း တွေးကြည့်နေမိလေသည်။
သို့သော်ထို့နောက်တွင် သူ၏လက်ကိုမြှောက်လိုက်ပြီးနောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရူးသွပ်သွားပြီးသူ့အားသတ်ရန်ကြိုးစားနေသည့် အခြားမြင်ကွင်းတစ်ခုအားတွေးကြည့်လိုက်မိလေသည်။
လူလိမ်ညမုဆိုးမှာ ပိုင်ရှောင်ချန်းမြင်ရသမျှကို မြင်နေရသည့်အတွက် တုန်ရီသွားကာ မယုံကြည်စွာဖြင့် ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်မိလေသည်။
” သွေးးသွေးနတ်ဆိုး…။ ဘုရားရေ…။ ခင်ဗျား သွေးနတ်ဆိုးဖြစ်လာလိမ့်မယ်ဆိုတာ ကျုပ် မယုံနိုင်ဘူးဗျာ…”
သွေးနတ်ဆိုးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဒဏ္ဍာရီတစ်ခုသာဖြစ်လေသည်။ ဒဏ္ဍာရီအဆိုအရ သွေးနတ်ဆိုးမှာ ဂိုဏ်းအား ဂုဏ်အရှိန်အဝါကြီးမားအောင် ဦးဆောင်လမ်းပြနိုင်သကဲ့သို့ ဂိုဏ်းအား လုံးဝပျက်စီးအောင် ဖျက်စီးပစ်နိုင်သည်။
လူလိမ်ညမုဆိုး၏အသံမှာ ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် မြည်ဟည်းလာသည်နှင့်တပြိုင်နက် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏အမူအရာမှာ အလွန်လေးနက်သွားလေသည်။
“တိတ်တိတ်နေ..” သူက ပတ်ပတ်လည်အားကြည့်ရှုကာ အိတ်အားပုတ်နေရင်း ရင်ထဲတွင်စိတ်လှုပ်ရှားမှုများနှင့် စိုးရိမ်ကြောင့်ကြမှုများ ရောပြွမ်းလျက် ပြောလိုက်လေသည်။
” ငါ့ရဲ့မူလရည်ရွယ်ချက်က မဟာအကြီးအကဲတစ်ယောက်ဖြစ်လာဖို့ပဲ။ ပြီးရင် ငါကိုယ်တိုင် ထိန်းချုပ်နိုင်အောင် သွေးသခင်အဖြစ် အဆင့်တက်ဖို့ပဲ။ ငါသွေးနတ်ဆိုးဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ တွေးမိမယ်မထင်ဘူး” သူကလည်း ဆူပုတ်ပုတ်နှင့် အံ့သြနေရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။
အမှန်တကယ်တွင် ဂိုဏ်းမှလူတချို့သာ သွေးနတ်ဆိုးအား ပျော်ပျော်ရွှင်ရွှင်ကြိုဆို လက်ခံပေလိမ့်မည်။ အခြားသူများမှာမူ သူ့အားအသက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။ ထို့နောက် သူ့အားသတ်နိုင်ရန် မည်သည့်အရာမဆိုလုပ်ကြပေလိမ့်မည်။
” ငါသေချာပေါက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေကို ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သိခွင့်ပြုလို့မဖြစ်ဘူး။ အီး… သိပ်ပြီးထူးချွန်လွန်းနေတာ တစ်ခါတလေတော့ စိတ်ပျက်ဖို့ကောင်းသား…..” သက်ပြင်းချကာ အထီးကျန်သူရဲကောင်းကြီး၏ပုံစံအတိုင်း သူ၏မေးကိုငေါ့လျက် အကျီလက်ကို ခါထုတ်လိုက်သည်။
” လက်ဖျောက်တစ်ချက်တီးလိုက်ရင် ငါ…ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုတောင် ပြာအဖြစ်ပြောင်းနိုင်တယ်ကွ” သက်ပြင်းချလိုက်ကာသူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဘယ်သောအခါမျှ ပြီးမြောက်အောင်မြင်အောင် မလုပ်ခဲ့ဖူးသောအရာများကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် မည်သို့ပြီးမြောက်အောင်မြင်အောင်လုပ်ခဲ့ပုံကို စဥ်းစားနေမိတော့သည်။
သူက ဤဂိုဏ်းတွင်လုပ်ခဲ့သမျှကို ပြန်၍စဥ်းစားကြည့်ရင်းယခင်ကထက်ပင်ပို၍ သက်ပြင်းချမိတော့သည်။ ထို့နောက်သူက ရွှယ်မေ့၏ မျက်နှာဖုံးအောက်တွင် ရှိသောတုလင်ဖေး၏ မျက်နှာအားသတိရလိုက်သောအခါ သူ၏မျက်လုံးများထဲတွင် လေးနက်မှုများတောက်ပလာလေသည်။
“ရွှယ်မေ့…..တုလင်ဖေး” အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူကရှေ့သို့ေလျှာက်လိုက်ပြီး သူ့အတွင်းရှိအမွေအနှစ်အားဆွဲထုတ်လိုက်လေသည်။ ချက်ခြင်းပင် သူ၏ရှေ့၌ လေပွေတစ်ခုပေါ်လာပြီး သူကထိုအထဲသို့လျှောက်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
သူက ပြန်လည် ပေါ်ထွက်လာသောအခါ သွေးဘိုးဘေး၏ခန္ဓာကိုယ်အပြင်ဘက်သို့ရောက်နေပြီး သူ၏မျက်နှာနှင့်ဆင်တူနေသောသွေးချီများအတွင်းတွင်ရှိနေကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏အထက်ရှိလေထဲတွင် ပျံဝဲနေလေတော့သည်။
ဖြစ်ပျက်နေသောအကြောင်းအရာများနှင့် ပတ်သက်၍ ထင်မြင်ချက်များစွာကို လူအများအပြားပေးနေကြလေရာ သူတို့က သူ့အားမြင်လျှင်မြင်ချင်း အံ့အားသင့်နေသော အော်သံများပျံ့လွင့်တက်လာသည်။
” သူထွက်လာပြီဟ….”
” သူကအခြားသွေးသခင်တွေထက်ကို ဘိုးဘေးကြီးရဲ့ကိုယ်ထဲမှာ အချိန်အကြာကြီးနေခဲ့တာကွ။ ဒါကသူနောက်ထပ်ကံကောင်းခြင်းတွေရှာတွေ့နေတာဖြစ်နိုင်လား”
” အဟမ်း….ညမုဆိုးက အရင်ကထက်ကို စွမ်းအားကြီးတဲ့ပုံပေါ်တယ်ကွ”
စုန့်ချွဲက ခါးသက်စွာ ညည်းညူလိုက်သည်။ ရွှီရှောင်ရှန်းကမူ သက်ပြင်းချလိုက်သည်။ နတ်ဆရာမှာတုန်တုန်ရီရီဖြင့် မတ်တပ်ရပ်နေလေသည်။ လူအများ၏အကြည့်မှာ ပိုင်ရှောင်ချန်းအပေါ် အာရုံစိုက်နေကြသည်။ လူတိုင်းမှာသူတို့ကိုယ်ပိုင်အတွေးများနှင့် လွှမ်းမိုးနေကြသည်။ သို့ရာတွင် အလယ်တောင်ထိပ်မှ ကျင့်ကြံသူများမှာတုန်ရီနေကြပြီး ပိုင်ရှောင်ချန်းဆီမှ ဖြာထွက်လာသောဖိအားများမှာ သူတို့၏ခေါင်းကို အတင်းအဓမ္မဦးညွှတ်သွားစေရန် ခိုင်းစေနေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးမှာ တုန်လှုပ်သွားကြသည်။ ပိုင်ရှောင်ချန်းမှာလေထဲတွင် ပျံဝဲကာ ဂိုဏ်းသားများအားလုံးနှင့် သူတို့၏ တုန့်ပြန်မှုများအား ငုံ့ကြည့်လိုက်လေသည်။ သူကသူ့အပေါ်အာရုံစိုက်နေခြင်းအား အထူးနှစ်ခြိုက်ပြီး မည်သည့်အချိန်အခါတွင်မဆို ဝါရင့်ဂိုဏ်းဝင်တစ်ဦး၏ဟန်ကို ဆောင်နေလေသည်။ သို့သော် လက်ရှိအချိန်တွင် သူ၏အာရုံမှာ ထွေပြားသွားလေသည်။ အမှန်တကယ်တော့ သူ၏အာရုံစူးစိုက်မှုမှာ ဘိုးဘေးတောင်၏ဆွဲဆောင်ခြင်းကိုခံလိုက်ရခြင်းကြောင့်ပင်။
ထိုနေရာတွင် သူက ရွှယ်မေ့၏အငွေ့အသက်များကို အာရုံရနေလေသည်။
ပိုင်ရှောင်ချန်းက သွေးသခင်ဖြစ်သွားရခြင်းကြောင့်ပင်ဖြစ်စေ၊ သွေးနတ်ဆိုးဖြစ်သွားရခြင်းကြောင့်ပင်ဖြစ်စေ အတိုင်းအတာတစ်ခုအထိသူ့ကိုယ်သူ ကျေနပ်နေသော်လည်း တုလင်ဖေးကြောင့် ပို၍ကျေနပ်နေမိသည်။
” ဒါဆို တုလင်ဖေးက ရွှယ်မေ့ပေါ့…” သူကသူ့ကိုယ်သူရေရွတ်လိုက်သည်။
” ပြီးတော့ရွှယ်မေ့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရာထူးကြီးကြီးရှိတဲ့ ခေါင်းဆောင်ကြီးအတုမဲ့ရဲ့ တစ်ဦးတည်းသောသမီးလေးပေါ့”
ပိုင်ရှောင်ချန်းက ရွှယ်မေ့မှာ တုလင်ဖေးဖြစ်လိမ့်မည်ဟု ဘယ်သောအခါမျှခန့်မှန်း၍ မရနိုင်ခဲ့သော်လည်း ယခုသူစဉ်းစားကြည့်လိုက်သောအခါ အဓိပ္ပာယ်ရှိနေသည်။
သူကနောက်ထပ်စဉ်းစားလိုက်ပြီးနောက် သူ၏မျက်လုံးများမှာ တဖျတ်ဖျတ်လင်းလက်သွားကာ ဘိုးဘေးတောင်ထိပ်ဆီသို့ အလင်းတန်းအသွင် ပြောင်းလိုက်ကာ တဟုန်ထိုးသွားလိုက်တော့သည်။ သူနီးကပ်လာသည်နှင့်အမျှ များပြားလှသော နတ်ဘုရားစွမ်းရည်များမှာ သူ့အားစစ်ဆေးရန်ပေါ်လာကြသော်လည်း သူ၏လမ်းကြောင်းအားမတားစီးကြပေ။
အနည်းငယ်မျှ တုံ့ဆိုင်းမှုမရှိပဲ သူကတောင်ပေါ်သို့တက်ပြီးနောက် ရွှယ်မေ့၏အငွေ့အသက်နောက်သို့လိုက်ကာ သူမ၏အင်မော်တယ်ဂူဆီသို့ စတင်၍လိုက်သွားလိုက်တော့သည်။
သူမ၏အင်မော်တယ်ဂူမှာ ဇီးပင်အုပ်စုလိုက်ဝန်းရံထားပြီး တင်းကြပ်စွာ ပိတ်ထားလေသည်။ ကြည့်ရသည်မှာ ယခုအခါ ရွှယ်မေ့က မည်သူကိုမဆို တွေ့ဆုံလိုခြင်းမရှိပုံရသည်။
ပိုင်ရှောင်ချန်းက တံခါးကြီးအားကြည့်ကာ ဇီးပင်အုပ်စု၏အနားသတ်တွင်ရပ်လိုက်လေသည်။ သူကရွှယ်မေ့အားတွေ့ချင်နေပြီး သူမအား မေးခွန်းများ မေးလိုလှသည်။
တုလင်ဖေးပျောက်ကွယ်သွားသည့်အချိန်တုန်းက ဂိုဏ်းခေါင်းဆောင်ကြီးကျိန်းယွမ်သုန်က သူမမှာ ဂိုဏ်းအတွင်းရောက်နေသောသူလျှိုတစ်ယောက်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး ထိုအကြောင်းအရာကြောင့် ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တလျှောက်လုံးပူလောင်နေခဲ့ရသည်။
သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သောအရာများ၊ အထူးသဖြင့် လောချိန်မျိုးနွယ်စု၏လိုက်လံဖမ်းဆီးခြင်းကိုခံရစဥ်က သူတို့အကြား ရင်းနှီးမှုတွေက အမှန်တကယ်ဟုတ်ခဲ့၊မဟုတ်ခဲ့ကို သိချင်နေသည်။
” တုရွှယ်မေ့…ထွက်လာပြီး ကျုပ်ကိုလာတွေ့စမ်းပါ ”
သူ၏အသံမှာ ဇီးပင်များအကြားပဲ့တင်ထပ်သွားသည်အထိ ကျယ်လောင်စွာပြောလိုက်လေသည်။ ဘိုးဘေးတောင်ထိပ်မှ လူများမှာ သူ့အားစောင့်ကြည့်နေကြပြီး သူ့စကားလုံးများကို လူတိုင်းကြားနေရလေသည်။
အင်မော်တယ်ဂူ၏အတွင်းထဲရှိ ရွှယ်မေ့မှာလည်း ကြားနေရသည်။ သို့သော် အချိန်တချို့စောင့်နေပါသော်လည်း ပိုင်ရှောင်ချန်းမှာ မည်သည့်တုန့်ပြန်မှုမှ မရရှိပေ။
” တုရွှယ်မေ့…အပြင်ထွက်လာပြီးကျုပ်ကိုတွေ့စမ်းပါ” သူကထပ်၍ပြောလေသည်။ ဤအကြိမ်တွင် သူကပို၍ကျယ်လောင်စွာပြောလိုက်သည်။ ထိုအချက်ကြောင့် ဘိုးဘေးတောင်မှ ခေါင်းဆောင်များမှာ ထိုမြင်ကွင်းအားကြည့်လာပြီး ဂိုဏ်းစောင့်အကြီးအကဲများနှင့် သွေးေအးလူသတ်သမားများမှလည်း တရားထိုင်နေဆဲမှ ကြည့်လာကြတော့သည်။
သူတို့က ညမုဆိုးနှင့် ရွှယ်မေ့အကြား မည်သည့်ကိစ္စရပ်များဖြစ်ပွားခဲ့သည်ကိုသေချာမသိပေ။ သို့သော် သူတို့က သူမနှင့်စုန့်ကျင်းဝမ်အကြားတွင် မည်သို့သော ရုန့်ရင်းဆန်ခတ်မျိုးဖြစ်သွားခဲ့ကြောင်းနှင့် ထိုရုန့်ရင်းဆန်ခတ်ဖြစ်ပွားမှုမှာ ညမုဆိုးက သွေးသခင်ဖြစ်သွားသည့်အခါမှ ရပ်သွားခဲ့မည်ဖြစ်ကြောင်း စိတ်ကူးကြည့်၍သိနိုင်လေသည်။
အချိန်များမှာ ကုန်လွန်သွားလေသည်။ နာရီပေါင်းအနည်းငယ်ကြာသည်အထိ ရွှယ်မေ့၏အင်မော်တယ်ဂူမှာ ငြိမ်ချက်သားကောင်းနေဆဲဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ တိတ်ဆိတ်မှုအပေါင်းဝန်းရံလျက် ဇီးပင်အစုလိုက်၏အပြင်တွင်ရပ်နေလေသည်။ သူ၏မျက်နှာအမူအယာမှာ တဖြည်းဖြည်းနှင့် ခက်ထန်တင်းမာ လာလေသည်။
သူ၏ခေါင်းအား ခါးသက်စွာ ခါယမ်းလိုက်ကာ ဇီးပင်အစုလိုက်ကြားရှိ အင်မော်တယ်ဂူအား နောက်ဆုံးအနေဖြင့်တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာလှည့်ကာ ပြန်လိုက်တော့သည်။ အကယ်၍ သူမသာသူ့အားမတွေ့ချင်လျှင် သူကထိုနေရာ၌ အကြောင်းမဲ့ရပ်နေစရာမလိုပေ။
သူက ဘိုးဘေးတောင်အားမထွက်ခွာနိုင်သေးမီ အလင်းတန်းတစ်ခုမှာ သူ့အရှေသို့ဆင်းသက်လာလေသည်။ ထိုလူရိပ်မှာ မကြာမီအချိန်အတွင်း မြင်ရလာပြီး စုန့်ကျင်းဝမ်ဖြစ်လေသည်။
ပိုင်ရှောင်ချန်းက နေရာမှာပင်ရပ်လိုက်ကာ သူမအားကြည့်လိုက်လေသည်။ သူတို့၏အကြည့်များဆုံသွားသည့်အခါ သူမ၏မျက်လုံးထဲတွင် ရောထွေးနေသောခံစားချက်များအားသူ မြင်လိုက်ရလေသည်။ သူမ၏ အမိန့်ပေးဆွဲပြားအား သူ့ကိုပေးခဲ့သော်လည်း သူသာ ရွှယ်မေ့အားတားဆီးပြီး သူကိုယ်တိုင် သွေးသခင်ဖြစ်လာအောင်လုပ်ပါက သူမကသူ့အားထောက်ခံအားပေးမည်ဟုလည်း ပြောခဲ့သေးသည်။ သို့သော် သူမကစိတ်ခံစားမှုများအား ဖုံးကွယ်မထားနိုင်သေးပေ။
” ကျုပ်….” သူက စိတ်လှုပ်ရှားလာလေသည်။ သို့သော် သူဘာမျှမပြောသေးမီ စုန့်ကျင်းဝမ်က လက်ကိုဆုပ်ကာဦးညွတ်လိုက်ပြီးပြောလေသည်။
” စုန့်ကျင်းဝမ်က သွေးသခင်ကို ဂါရဝပြုပါတယ်။ အချိန်ခဏလောက်ပေးပါ..စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သွေးသခင်ကို တွေ့ဆုံလိုပါတယ်တဲ့”
ပိုင်ရှောင်ချန်းက အချိန်ခဏကြာသည်အထိ စဥ်းစဥ်းစားစားဖြင့် မတ်တပ်ရပ်နေလေသည်။ ထို့နောက် တုလင်ဖေးနှင့်ပတ်သက်သော ကိစ္စရပ်များကိုနှလုံးသားထဲတွင် ခဏသိမ်းထားလိုက်တော့သည်။ သူကထိုကဲ့သို့သော အကြောင်းမျိုးကို အချိန်အကြာကြီးခံစားမနေချင်ပေ။ ထိုအစားသူက လက်ရှိအခြေအနေကို စဥ်းစားကြည့်လိုက်သည်။ သူက စည်းစနစ်အရ သွေးသခင်ဖြစ်လာသော်လည်း အကယ်၍ ဂိုဏ်းကသာဤအခြေအနေအား လက်မခံခဲ့သည်ရှိသော် မည်သည့်ကိစ္စမဆိုဖြစ်သွားနိုင်သည်။
“ငါ ဒီဂိုဏ်းမှာရှိနေရတဲ့ ရည်ရွယ်ချက်က ထာဝရတည်မြဲခြင်း အမွေအနှစ်ကို ယူဖို့ပဲ” သူကတွေးတောလိုက်သည်။ “တုလင်ဖေးသာ ငါဘယ်သူဖြစ်ကြောင်း ထုတ်ဖော်ပြောချင်တဲ့ဆန္ဒရှိရင် သူမကိုငါတားနိုင်မှာ မဟုတ်ဘူး။ အကယ်၍သူမက မဖော်ထုတ်ခဲ့ရင်တောင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနဲ့ သွားတွေ့တဲ့အခါ အောင်မြင်ဖို့လိုတယ်” သူ၏အတွေးများမှာ ယောက်ယက်ခတ်နေပြီး သူ့ကိုယ်သူထိန်းလိုက်ကာ စုန့်ကျင်းဝမ်အားတုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်မှာ ဘိုးဘေးတောင်ပေါ်ရှိ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ အင်မော်တယ်ဂူဆီသို့ ဦးတည်ကာသွားလိုက်ကြသည်။
လမ်းတလျှောက် စုန့်ကျင်းဝမ်မှာ တိတ်ဆိတ်နေပြီး ပိုင်ရှောင်ချန်းကလည်း မည်သို့ပြောရမည်ကို သေချာမသိပေ။ သူတို့အင်မော်တယ်ဂူ၏ဝင်ပေါက်သို့ ရောက်ရှိသောအခါ စုန့်ကျင်းဝမ်ကရပ်လိုက်ကာ သူ့အားကြည့်လာလေသည်။
” အစ်မ ကတိပေးခဲ့တာတွေအတွက် နောင်တလုံးဝမရဘူး” သူမကပြောလိုက်လေသည်။
“အစ်မ ခေါင်းဆောင်ကြီးကို အရာအားလုံးရှင်းပြခဲ့ပြီးပြီ။ အစ်မရဲ့နှလုံးသားထဲမှာ မင်းက သွေးသခင်ပါပဲ။ ခေါင်းဆောင်ကြီးက ဒီကိစ္စကိုဘယ်လိုပဲမြင်မြင် အစ်မက သူသဘောတူအောင် အတတ်နိုင်ဆုံးကြိုးစားထားတယ်”
ပိုင်ရှောင်ချန်းက ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက်သူက အသက်ပြင်းပြင်းရှူလိုက်ကာ အံကိုတင်းတင်းကြိတ်လျက် အင်မော်တယ်ဂူထဲသို့ လျှောက်ဝင်သွားလိုက်တော့သည်။ သူက သူမအနားဖြတ်လျှောက်သွားသောအခါ စုန့်ကျင်းဝမ်မှာ တခဏတုံ့ဆိုင်းနေပြီး သူမ၏အတွေးတချို့အား ထပ်ပေါင်းပြောပြလိုက်လေသည်။
“အရင်တုန်းက သွေးသခင်နေရာကို အပြင်က ကျင့်ကြံသူတွေရခဲ့ဖူးတယ်။ မင်း…သူ့ဆီကနေခိုင်မာတဲ့ ရပ်တည်ချက်ရအောင်ယူပါ” ထိုသို့ပြောပြီး သူမကလှည့်ကာပြန်သွားတော့သည်။
ပိုင်ရှောင်ချန်းက သူမထွက်သွားသည်ကိုကြည့်ပြီးနောက် အင်မော်တယ်ဂူထဲသို့ ဆက်ဝင်လိုက်လေသည်။ မကြာမီတွင် သူက အင်မော်တယ်ဂူ၏အဓိက ခန်းမထဲသို့ရောက်သွားလေသည်။ သူပထမဆုံးမြင်သည့်အရာမှာ ကျောက်တုံးစင် လေးပေါ်တွင် တင်ပျဥ်ခွေကာ တရားထိုင်နေသော စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးဖြစ်လေသည်။
ခေါင်းဆောင်ကြီး၏ခန္ဓာကိုယ်မှ အိုမင်းရင့်ရော်နေဟန်လက္ခဏာရပ်များ ထွက်ပေါ်နေပြီး မမြင်ရနိုင်သောအငွေ့အသက်များလည်း ဝိုင်းရံထားလေသည်။ ပိုင်ရှောင်ချန်းက နီးကပ်လာသည်နှင့်အမျှ သူ့အပေါ်တွင် မယုံကြည်နိုင်လောက်သော ဖိအားကြီးဖိချနေသကဲ့သို့ခံစားလိုက်ရသည်။
ဝုနြးးးးးးးးးးး
ခေါင်းဆောင်ကြီး၏ကျင့်ကြံခြင်းအခြေခံဖိအားမှာပိုင်ရှောင်ချန်းအား တုန်ရီသွားစေကာ လာေနရာမှ ရပ်သွားစေသည်။ ထိုဖိအားမှာ မရေမတွက်နိုင်အောင်များပြားလှသော တောင်များက သူ့အပေါ်ကျဆင်းနေသကဲ့သို့ခံစားနေရပြီး သူ၏ကျင့်ကြံခြင်းအခြေခံအား အစွမ်းကုန်ပြန်ထုတ်သုံးရန် ဖိအားပေးနေလေသည်။
ခဏအကြာတွင် ထိုဖိအားမှာ ရုတ်တရက်ပျောက်ကွယ်သွားကာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ရုန့်ရင်းဆန်ခတ်ဖြစ်လာသည်။ ကောင်းကင်ဘုံနတ်ဆိုးမှာ သူ၏အနောက်တွင်ပေါ်ထွက်လာပြီးနောက် သူ၏အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့်စွမ်းအားများလဲ ပေါက်ကွဲထွက်လာသည်။
ထိုအချိန်တွင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ၏မျက်လုံးကိုဖွင့်လိုက်ကာ အကြည့်စူးစူးဖြင့် ပိုင်ရှောင်ချန်း၏စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်မြင်ရသကဲ့သို့ ကြည့်လိုက်လေသည်။
ကံကောင်းထောက်မသည်မှာ ပိုင်ရှောင်ချန်းတွင် ကောင်းကင်ကိုပင်ဖီဆန်နိုင်သည့် မျက်နှာဖုံးရှိနေလေသည်။ သူကသူ၏ကျင့်ကြံခြင်းအခြေခံအား မထိန်းချုပ်နိုင်သော်လည်း မျက်နှာဖုံးမှာ သူ၏အစစ်အမှန် အဆင့်အားဖုံးကွယ်ပေးထားဆဲဖြစ်လေသည်။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူ့အားခေါင်းအစခြေအဆုံးကြည့်ကာ ထူးထူးခြားခြား သတိမထားမိပုံပေါ်နေလေသည်။
ဖြစ်စဉ်တစ်ခုလုံးမှာ အသက်ရှူချိန်အနည်းငယ်ခန့်သာ ကြာမြင့်သော်လည်း ပိုင်ရှောင်ချန်းအတွက်မူ ထိုအချိန်လေးမှာ များစွာကြာနေပုံပေါ်နေလေသည်။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ဖောက်ထွင်းလုမတတ် အကြည့်များအား ပြန်လည်ရုပ်သိမ်းလိုက်သည့်အချိန်တွင် ပိုင်ရှောင်ချန်း၏မျက်နှာထက်၌ ချွေးများတဒီးဒီးလှိမ့်ဆင်းသွားလေသည်။ ထိုစဥ် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူကာ လက်ကိုဆုပ်၍ ဦးညွတ်လိုက်ရင်း လေးနက်စွာဆိုလေသည်။
” ညမုဆိုးက ခေါင်းဆောင်ကြီးကို ဂါဝရပြုပါတယ် “