Switch Mode

အပိုင်း (၆၂၀):

ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်(၁)

ထိုအသံတိတ်ဝမ်းနည်းမှု ဂီတသံက ဝမ်လင်းနားထဲသို့ တိုးဝင်လာ၏။သည်အသံက သူ့ကို ခဏတာ တုံ့ဆိုင်းသွားစေသည်။သို့သော် သူက နောက်သို့ ပြန်လှည့်ခြင်း မပြုတော့ဘဲ ရှေ့သို့သာ ဆက်လျောက်သွား၏။

ညသန်းခေါင်ယံချိန် မဟုတ်သေးသော်လည်း ကောင်းကင်ထက်၌ လပြည့်ဝန်းက သာထွန်းနေသည်။ လရောင်က ကောင်းကင်နတ်ဆိုးမြို့ကို ပက်ဖျန်းထား၏။

မိုအိမ်တော်၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်က ဖျပ်ခနဲ ပြန်ပျောက်ကွယ်သွားကြ၏။ သူတို့က ဟုန်အကျဉ်းထောင်သို့ ဦးတည်သွားနေခြင်းပင်။ သူတို့နှစ်ယောက်လုံးက အလွန်မြန်ဆန်ကာ ဟုန်မြို့၏ အဆောက်အဦများစွားစွာနှင့် လမ်းများစွာကို ဖြတ်ကျော်လို့သွား၏။ သိပ်မကြာခင်တွင် ဟုန်အကျဉ်းထောင်သို့ ရောက်ရှိလာကြတော့၏။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ယင်း အကျဉ်းထောင်ဧရိယာသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်မကျေချမ်းမှုတို့ဖြင့်သာ ပြည့်နေသည်။

မိုအိမ်တော်မှ ပုံရိပ်နှစ်ခုက ဟုန်အကျဉ်းထောင်သို့ စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာ၏။ ထိုသူနှစ်ယောက်က မိုလီဟိုင်နှင့် ဝမ်လင်းတို့ပင်။

သူတို့နှစ်ယောက် ပေါ်လာသည်နှင့် သူတို့နှစ်ယောက်ရှေ့ရှိ ကြီးမားလှသည့် အနက်ရောင်သံတံခါးက ရုတ်တရက် အနည်းငယ် ဟလာ၏။ ထိုတံခါးအဟနေရာကနေ ခက်ထန်ထန် ခါးကုန်းကြီးတစ်ယောက်က လှမ်းလျှောက် ထွက်လာသည်။ သူက ဝမ်လင်းတို့နှစ်ယောက်ကို ကြည့်လိုက်၏။ သည့်နောက် သူက စကားတစ်ခွန်းမှမဆိုဘဲ လက်ဝှေ့ရမ်းကာ အထဲသို့ ပြန်ဝင်သွားတော့သည်။

ဝမ်လင်းမျက်လုံးက ယောင်ယောင်လေး မှေးသွား၏။ သည်ခက်ထန်ထန်လူ၏ ကျင့်ကြံမှုအဆင့်က မိုလီဟိုင်နှင့် တူတူပင်။ သူတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်နှင့် ညီမျှသောကျင့်ကြံမှုအဆင့်တွင် ရှိနေသည်။

မိုလီဟိုင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူက ထိုတံခါးအဟကနေ အလင်းတန်းအလား တိုးဝင်သွားသည်။ ဝမ်လင်းကလည်း သူ့နောက်ကနေ အမြန်လိုက်ပါသွား၏။

ခက်ထန်ထန်ခါးကုန်းကြီးက ဝမ်လင်းကို သေချာကြည့်လိုက်ပြီး မေးလိုက်သည်။ “ဒါက အကိုမိုပြောတဲ့လူလား…”

မိုလီဟိုင်က ခေါင်းညိမ့်ကာ ပြောလိုက်၏။ “သူပါပဲ။ ကျန်တဲ့ကိစ္စကတော့ အကိုရှုပေါ့ မူတည်သွားပြီနော်…”

ရှုလို့ခေါ်သည့်လူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သင် ထွက်သွားလို့ရပြီ။ ငါ သူ့ကို အထဲ ခေါ်သွားလိုက်မယ်…”

မိုလီဟိုင်က ဝမ်လင်းနားသို့ ကပ်လာကာ ခပ်တိုးတိုးပြောလိုက်သည်။ “အကိုဝမ်…ဂရုစိုက်ပါ။ မင်းကျင့်ကြံမှု အောင်မြင်ဖို့ ငါမျှော်လင့်နေမယ်…” ထိုသို့ပြောပြီးနောက် သူက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်လို့သွားတော့သည်။

ရှုလို့ခေါ်သည့်လူက ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။ “မင်း နာမည် ဘယ်လိုခေါ်လဲ…”

“ဝမ်လင်း…” ဝမ်လင်းအသံက အလွန်တည်ငြိမ်နေ၏။

ရှုလို့ခေါ်သည့်လူက စကားဆက်မဆိုတော့ပေ။ သူက လှည့်၍ ဟုန်အကျဉ်းထောင်ထဲသို့ လျှောက်လှမ်းသွား၏။ ဝမ်လင်းကလည်း သူနောက်ကနေ လိုက်ပါသွားသည်။ သူ့ခြေလှမ်းတိုင်းက ခိုင်မာလို့နေ၏။ သူက အထဲသို့ ပိုဝင်သွားလေလေ သတ်ဖြတ်ခြင်းအငွေ့အသက်များက ပိုသိပ်သည်းလာလေ ဖြစ်နေ၏။

ခက်ထန်ထန်လူက သည်အော်ရာအငွေ့အသက်အပေါ် ကျေနပ်နေသည့် ဟန်ပန်ရှိ၏။ သူက ဝမ်လင်းကို မသိမသာ အကဲခတ်လိုက်ရာ ဝမ်လင်းသည် အလွန်တည်ငြိမ်စွာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်မိသွား၏။ သည့်နောက် သူက မိုလီဟိုင်သည် အခုလောက် အကုန်ကျများစွာခံခဲ့ကတည်းက သည်လူက သာမန်မဟုတ်သည်ကို တွေးမိသွား၏။

ဟုန်အကျဉ်းထောင်ကို မြေပေါ်၊ မြေအောက် ဟူ၍ နှစ်ပိုင်း ခွဲထား၏။

ရှုလို့ခေါ်သည့်လူက ဝမ်လင်းကို မြေအောက်အပိုင်းသို့ ချက်ခြင်း ဦးဆောင်ခေါ်သွားသည်။ သူတို့နှစ်ယောက်က ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်အောက်တွင် မြေအောက်သို့ ဆင်းသွားကြ၏။

နံရံဘေးဘက်တွင် တစ္ဆေဆန်သော မီးတောက်အချို့ ရှိနေ၏။ သည်မီးတောက်က ဖျပ်ခနဲ ဖျပ်ခနဲ တောက်နေခြင်းက သည်နေရာကို ပို၍ပင် ကျောချမ်းဖွယ် ဖြစ်စေ၏။

သူတို့နှစ်ယောက်က လှေကားအတိုင်း စဆင်းလာချိန်တွင် အလွန်တိတ်ဆိတ်လို့နေသည်။ သို့သော် သူတို့က အောက်သို့ ပိုရောက်လာလေလေ မြေအောက်အနက်ပိုင်းမှ အော်ဟစ်ဆူညံသံများကို ကြားလာရ၏။ သည်အသံများက သတ်ဖြတ်လိုမှု၊မကျေချမ်းမှုတို့နှင့် ပြည့်နေသည်။

ရှုလို့ခေါ်သည့်လူက အောက်သို့ ဆင်းလာရင်း ဝမ်လင်းကို မသိမသာ လေ့လာနေ၏။ သူက သည်ထောင်၏ အော်ရာက အလွန်တရာ သိပ်သည်းကြောင်း သိထားပေ၏။ နတ်ဆိုးဗိုလ်ချုပ်အဆင့်များနှင့် ကျင့်ကြံမှုတူသည့်သူ့ကိုပင် မသက်မသာ ခံစားရစေ၏။ သို့သော် သူက သည်အော်ရာများကို နှစ်များစွာကတည်းက အသားကျနေခဲ့ပြီး ဖြစ်သည်။

ဝမ်လင်းအသွင်က ခုထိ ပုံမှန်အတိုင်း ရှိနေသည်ကို တွေ့ရသဖြင့် သူက ပိုတုန်လှုပ်လာမိသည်။

ဝမ်လင်းကို သေချာလေ့လာပြီးနောက် ရှုလို့ခေါ်သည့်လူက ဝမ်လင်းအပေါ်ရှိနေသည့် သူ့အကြံများအားလုံးကို စွန့်လွှတ်လိုက်တော့သည်။ သူက သည်လူသည် သည်နေရာတွင် ကျင့်ကြံရန် လာရောက်ခြင်း ဖြစ်ကြောင်းကို နားလည်သွား၏။ သူက ထပ်မံပြီး ထောက်လှမ်းနေလျှင် သင့်တော်တော့မည် မဟုတ်ပေ။

သည်မြေအောက်သို ဆင်းသည့် လှေကားက ရှည်လျားလှ၏။ အချိန်အတန်ကြာပြီးမှ သူတို့နှစ်ယောက်က အဆုံးသို့ ရောက်လာတော့သည်။ အဆုံးသပ်က အလွန်ပင် ကြက်သီးဖြန်းစရာ ကောင်း၏။ သည်အဆုံးသပ်နေရာက လှောင်အိမ်ကြီးတစ်ခုကနေ လှောင်အိမ်များစွာကို ခွဲထားသည့်နှင့်ပင် ဆင်တူ နေသည်။

ဆူသံ၊အော်သံ၊ ဆဲဆိုသံများက သည်နေရာအတွင်း၌ ပဲ့တင်ထပ်လို့နေ၏။ သည်အသံများက အလွန်ကျယ်လောင်လှသည်။ သာမန်လူတစ်ယောက်သာ ဆိုရင် သူတို့၏ နားစည်များပင် မြည်ဟီးသွားနိုင်၏။

ရှုက သည်အရာများအားလုံးနှင့် နေသားကျနေခဲ့ပြီးသားသူ ဖြစ်သည်။ သူက သုန်မှုန်သောလေသံဖြင့် ပြောလိုက်၏။ “မင်းတို့အားလုံး…တိတ်ကြ…”

ထိုသို့ပြောလိုက်ပြီးနောက် အကျဉ်းခန်းမှ အသံဗလံများအားလုံးက တိတ်သွားကြကာ ဖိနှိပ်နိုင်သော အော်ရာက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာ၏။

သည် အကျဉ်းခန်းတန်း၏ ဝင်ပေါက်တွင် အနက်ရောင်အိမ်တစ်လုံး ရှိနေ၏။ သည်အိမ်အပြင်ဘက်တွင် မတ်တပ်ရပ်နေရင်း ရှုက ဝမ်လင်းကို နောက်တစ်ကြိမ် သေချာလေ့လာပြန်သည်။ သူက ပြုံးလာခဲ့သည်။ သည်အပြုံးက သူ့မျက်နှာကို ပို၍ ကျောချမ်းစဖွယ်ဖြစ်အောင် ပြုလုပ်ပေးလေ၏။

“အကိုဝမ်…ငါက မင်းကို ဒီနေရာအထိ ပို့ပေးဖို့ တာဝန်ယူထားတယ်။သူတို့အားလုံးကို မင်းနဲ့ လွှဲလိုက်ပြီ။ သူတို့က ဇန်နဝါရီကျရင် ကွပ်မျက်ခံရတော့မှာ။ ဒါ့ကြောင့် မင်းက မင်းစိတ်ဆန္ဒအတိုင်း ကျင့်ကြံနိုင်တယ်။ မင်းက သူတို့အားလုံးကို သတ်မယ်ဆိုရင်တောင် ကိစ္စ မရှိဘူး…”

ဝမ်လင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ သူက သည်နေရာတွင် အတားအဆီးများ ထားရှိထားသည့် နေရာများစွာ ရှိကြောင်းတွေ့လိုက်ရ၏။

ဝမ်လင်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်…”

ရှုက မြင်းရယ်သံလို ရယ်ကာ ပြောလာ၏။ “ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။မင်းက တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ရင် မိုလီဟိုင်ကိုသာ တင်ပါ။ သူက ငါ မင်းကို ဒီနေရာကို ခေါ်လာပေးဖို့အတွက် ဆယ်ခုပြိုကျခြင်းလက်သီးစိတ်ဆန္ဒမန္တန်ရဲ့ ပထမသုံးဆင့်ကို ပေးခဲ့တာပဲ…” သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အနက်ရောင်အိမ်ရှိရာသို့ လှမ်းသွားသည်။

“ဆယ်ခုပြိုကျခြင်းလက်သီးစိတ်ဆန္ဒ ပထမသုံးဆင့်…။မိုလီဟိုင်က ငါ ဒီနေရာကို ဝင်နိုင်ဖို့အတွက် အတော်လေး တန်ကြေးပေးလိုက်ရတာပဲ…” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သည်လှောင်အိမ်ကြီး ရှိရာသို့ လျှောက်လှမ်းသွားတော့သည်။

သည်နေရာက အကျဉ်းခန်းများ ကျပ်ကျပ်သိပ်သိပ် စီတန်းထားသလိုမျိုး ရှိသည်။ ဝမ်လင်းက လမ်းလျှောက်ဝင်လာရင်း သူ့ရှေ့မှ ဖိနှိပ်သော အော်သံများ၊ဟစ်ကြွေးသံများ ပေါက်ကွဲထွက်လာ၏။ သည်အော်သံ၊ပေါက်ကွဲသံများက အသံလှိုင်းမန္တန်များကဲ့သို့ ပြန့်နှံ့လို့လာသည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက သည်အကျဉ်းခန်းတန်းများကို ဖြတ်၍ လျှောက်သွားနေသည်။ မရေမတွက်နိုင်သော လက်များက သံတိုင်များကြားကနေ ဆန့်ထွက်လာကာ သူ့ကို ဖမ်းရန် ရည်ရွယ်နေသည်။ တစ်ပြိုင်နက်တည်းမှာပင် အကျဉ်းခန်းထဲမှ ရယ်သံများပါ ထွက်ပေါ်လာသည်။

“ဒီ အသစ်ကောင်လေးက ဘယ်ကလာတာလဲ။ဒီကိုလာ ငါ့မင်းကို ထိကိုင်ကြည့်ရအောင်…”

“မင်းက ငါအရင်တုန်းက သတ်ခဲ့တဲ့ ဖာနဲ့ ချွတ်ဆွတ်ပဲ…”

“ပြင်ပကျင့်ကြံသူ…အတိတ်တုန်းက ငါ သတ်ရတာ အကြိုက်ဆုံးက ပြင်ပကျင့်ကြံသူတွေကိုပဲ…”

သွေးနီရောင်မျက်လုံး အစုံများက သံတိုင်နောက်ကနေ ဝမ်လင်းကို စူးရဲစွာ ကြည့်နေကြ၏။ထိုမျက်လုံးများထဲတွင် အမျိုးမျိုးသော စိတ်ခံစားချက်၊လိုအင်ဆန္ဒများ ပါဝင်နေသည်။

ဝမ်လင်းက သည်လူများကို‌ အေးစက်စွာ ကြည့်လိုက်၏။ သည်လူများက လွန်ခဲ့သောနှစ်များက ခုလောက် ရူးသွပ်နေမည် မဟုတ်ပေ။ သူတို့က သည်နေရာတွင် အချိန်များစွာ ပိတ်လှောင်နေသောကြောင့်သာ ခုလို ဖြစ်လာခဲ့ခြင်း ဖြစ်၏။

ထောင်သားများအားလုံးက အော်ဟစ်နေကြခြင်းတော့ မဟုတ်ပေ။ သူတို့၏ အကျဉ်းလှောင်အိမ်ထဲ၌ တိတ်ဆိတ်စွာ ထိုင်နေကြသူများလည်း ရှိကြပေ၏။

“အသစ်ဝင်လာတဲ့လူ…ဒီကိုလာခဲ့…” ဝမ်လင်း ဘေးနားရှိ အကျဉ်းခန်းမှ အနက်ရောင်လူက သူ့လက်နှစ်ဖက်ကို ဝမ်လင်းထံသို့ ဆန့်တန်းလိုက်သည်။ သူက ဝမ်လင်း သူ့ကို လှည့်ပတ်ကာ ကျော်သွားသည်ကို သတိပြုမိလိုက်သည်နှင့် ဝမ်လင်းထံသို့ တံတွေးဖြင့် လှမ်းထွေးလိုက်သည်။

ဝမ်လင်းက နောက်သို့ ဆုတ်ကာ သည်နံစော်နေသည့် တံတွေးကို ရှောင်လိုက်၏။

အနက်ရောင်လူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ့မျက်လုံးထဲ၌ သောက်ရေးမစိုက်ခြင်းနှင့် ပြည့်နေ၏။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေဆဲသာ။ သည့်နောက် သူက ထိုလူ့ကို ကြည့်ကာ ပြုံးလိုက်၏။ သူက ရှေ့သို့ဆက်သွားရန် မူလက ဆုံးဖြတ်ထားခြင်းပင်။သို့သော် ခု ရပ်လိုက်ရ၏။

အနက်ရောင်လူက ဝမ်လင်းအပြုံးကို မြင်လိုက်သည့်အခါ မတုန်ယင်ဘဲ မနေနိုင် ဖြစ်သွား၏။ အချို့အကြောင်းပြချက်များကြောင့် သူက သည်အပြုံးကို မြင်လိုက်သည်နှင့် ပြောမပြတက်အောင် ကြောက်လန့်လို့သွားသည်။ သို့ရာတွင် သူ့ ကြမ်းကြုတ်မှုက ချက်ခြင်း ပြန်အစားထိုးသွား၏။

ဝမ်လင်းက ထိုလူ ရှိနေသော နေရာသို့ သူ့ညာလက်ကို ဆန့်ထုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “လာခဲ့…”

သည်လူက မှင်သက်သွား၏။ သူက အလိုလိုနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ သူ့အသွင်က သုန်မှုန်သွား၏။

ဝမ်လင်းက ထပ်ပြောလိုက်သည်။ “လာခဲ့လေ…”

သည်အခိုက်တွင် အော်သံဆူသံများက ပိုမို ဆိုးဝါးလာခဲ့သည်။ သည်ပတ်ဝန်းကျင်ရှိ အားပေးအားမြှောက် အော်သံများကြောင့် အနက်ရောင်လူက အံတင်းတင်းကြိတ်ကာ သူ့လက်ကို သံတိုင်ကြားကနေ ဖြတ်၍ ဝမ်လင်းလက်ထံသို့ ဆန့်တန်းလိုက်လေသည်။

သည်လူ့လက်ဆန့်တန်းလိုက်သည့် အခိုက်တွင် ဝမ်လင်း ညာလက်က ဓားတစ်လက်အဖြစ်သို့ ပြောင်းသွားကာ ထိုလူ၏ လက်ဝါးထံသို့ ညွှန်လိုက်၏။ တစ်ချိန်တည်းမှာပင် သတ်ဖြတ်သူအမျှင်တန်းက ထိုလူ၏ ကိုယ်ထဲသို့ ထိုးဆွ ဝင်ရောက်သွားတော့သည်။

သည်ထောင်းသား၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ သူ့တစ်ကိုယ်လုံးကလည်း ယိုင်ထိုးနေပြီး သူ့ဒွာရပေါက်များကနေ အနက်ရောင်သွေးများ ယိုစီးကျလာ၏။ မျက်နှာတစ်ခုလုံးလည်း အလွန်နာကျင်နေသည့်ဟန်ဖြင့် ရှုံ့တွလို့နေသည်။

သည်အခိုက်တွင် အနီးအနားရှိ ထောင်သားများ၏ အော်သံများက ပိုလို့ပင် ဆိုးလာလေ၏။

သို့သော် တစ်စက္ကန့်ခန် ကြာပြီးနောက် ထိုထောင်သားထံမှ ကြောက်လန့်တကြား စူးရှရှအသံ တစ်ခု ထွက်ပေါ်လာလေ၏။ သည် အာခေါင်ခြစ်အော်သံက ပတ်ဝန်းကျင်ရှိ အသံဗလံများအားလုံးကို ထွင်းဖောက်သွားတော့သည်။

သည်အခိုက်တွင် အနီးအနားရှိ လူတိုင်းက အော်ဟစ်နေရာကနေ ရပ်တန့်သွားကြ၏။

သည်လို နာကျင်စွာ စူးရှရှ အော်ဟစ်လိုက်သံက ဆက်လက် လွင့်ပြယ်နေသည်။ သည်အသံထဲတွင် ပြင်းထန်သည့် ကြောက်လန့်မှုတို့ ပါဝင်နေ၏။ ဝမ်လင်းက မထူးမခြားနားသာ ရှိနေသည်။ သည်လှောင်အိမ်ထဲရှိ လူသည် နဂိုထဲက ပိန်ပါးနေရာ ခုဆို မံမီတစ်ကောင်လို ခြောက်သွေ့လို့သွားတော့၏။

သူ့ပါးစပ်ထဲကနေ မီးခိုးရောင်အမျှင်တန်းတစ်ခု ထွက်လာ၏။သည်အမျှင်တန်းက ဝမ်လင်းလက်ထဲသို့ ပြန်ရောက်လာသည်။ ခုချိန်တွင် ၎င်းအမျှင်တန်းက အရင်ထက် ပိုသိပ်သည်းသွားပြီ ဖြစ်၏။

“အမျှင်တန်းတစ်ခုပဲ ရှိနေတုန်းပဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။

သတ်ဖြတ်သူစွမ်းအင် မီးခိုးရောင်အမျှင်တန်းက ထိုလူ့ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် သူ၏ အသွေးအသားအားလုံးရှိ အသက်ဓာတ်ကို စုပ်ယူသွားတော့သည်။

“တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် သတ်ဖြတ်သူစွမ်းအင်ကို အသုံးပြုခြင်းက ဒီစွမ်းအင်ကို အားဖြည့်ပေးတယ်။ငါက ဒါကို နောက်ထပ်နှစ်ခု ကွဲစေချင်ရင် ငါက အခုထိ တစ်ခုခုလိုနေတုန်းပဲ…ဉာဏ်အလင်းအချို့ လိုနေတုန်းပဲ…” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သည်မံမီရုပ်လို့ဖြစ်သွားသည့်လူကို ကြည့်သည်။ ထိုလူ၏ ကျင့်ကြံမှုအဆင့်က မြင့်မားခြင်း မရှိပေ။သည့်အပြင် သူ့ကိုယ်ထဲရှိ အတားအဆီးကြောင့် သူ့ခွန်အားပြည့်ကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိပေ။ သူတစ်ယောက်သာ ထိုသို့မဟုတ်ဘဲ သည်အကျဉ်းထောင်ထဲရှိ ထောင်သားအားလုံးက အတားအဆီးဖြင့် ချိပ်ပိတ်ခံထားရသည်သာ ဖြစ်၏။

သည် အာခေါင်ခြစ် အော်လိုက်သံက သူသေသွားမှ ရပ်တန့်သွား၏။ အကျဉ်းထောင်တစ်ခုလုံးသည်လည်း လုံးဝတိတ်ဆိတ်လို့သွားသည်။ သို့ရာတွင် ခဏအကြာတွင် အော်သံဆူသံများက ထပ်မံ ထွက်ပေါ်လာပြန်၏။ သူတစ်ကြိမ်က ပိုလို့ပင် ပေါက်ကွဲထွက်လာကြ၏။

Comment

Leave a Reply

Options

not work with dark mode
Reset