ဝမ်လင်း ဦးနှောက်ထဲ၌ အတိတ်က မြင်ကွင်းများက တဖျပ်ဖျပ် ပေါ်လာခဲ့သည်။ ဝမ်လင်းက ခြံဝန်းထဲ၌ ထိုင်နေရင်း သည်မှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း အမျိုးအစားခွဲနေ၏။ သူ့စိတ်ထဲတွင် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို အောင်မြင်စွာအသုံးပြုနိုင်ခဲ့သည့် မှတ်ဉာဏ်များက တရိပ်ရိပ်ပေါ်လာနေသည်။ သူက ထိုအောင်မြင်ခဲ့သည့် မှတ်ဉာဏ်ပုံရိပ်များ၏ တူညီမှူများကို သေချာလေ့လာကြည့်နေသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချ၏။ သည်အတိတ်မှတ်ဉာဏ်များကို ဂရုတစိုက်စောင့်ကြည့်ပြီးစိုက်စောင့်ကြည့်ပြီးနောက် သူက သတ်ဖြတ်သူစွမ်းအင်ကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်သည်။
“ဒါက အရာတစ်ခုသာ ဖြစ်သေးပေမဲ့ စီမာယန်ကို ငါသတ်လိုက်တဲ့နေ့တုန်းက ထူးဆန်းတဲ့အရာတစ်ခု ဖြစ်သွားတယ်။ အဲ့အခိုက်မှာ ငါက ဒေါသနဲ့ လုပ်ဆောင်တဲ့အတွက် သတ်ဖြတ်သူစွမ်းအင် အမျှင်တန်းတစ်ခုကို ဖန်တီးလိုက်နိုင်တယ်…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သို့သော် ချက်ခြင်း ပြန်မှိန်ဖျော့သွားပြန်၏။
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေသည်။ သူက ခုထိ တစ်ခုခုရှာမတွေ့နိုင်ဆဲ ဖြစ်နေသေး၏။ သူက တဖြည်းဖြည်း မျက်မှောင်ကြုတ်လာမိသည်။
“ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံဖို့က ငါ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ဝင်ရောက်လာခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်။ ငါက တာ့ဆန်ကို ခုခံနိုင်ဖို့ ဒီမန္တန်ကို သင်ယူခဲ့တာ။ တာ့ဆန်က တကယ့်ကို သန်မာလွန်းတယ်။ ငါက သူနဲ့ ရင်ဆိုင်နိုင်ဖို့ အများကြီး ပိုပြင်ဆင်ထားဖို့ လိုတယ်။ ခု ငါ့မှာ သွေးစိတ်ဝိညာဉ်ဆေးလုံးလည်း ရှိနေပြီ။ ဒီပညာရပ်နဲ့ ဒီဆေးလုံး နှစ်ခုပေါင်းရင်တော့ ငါ့အတွက် အသက်ရှင်ဖို့ အခွင့်ရေးပိုများသွားပြီ။ ဒါပေမဲ့ သွေးစိတ်ဝိညာဉ်ဆေးလုံးက ငါ့မှာအကန့်အသတ်ရှိတယ်။ ဒါ့ကြောင့် ငါ့ဦးစားပေးက ဒီကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် ပဲ…”
ဝမ်လင်းက တွေးဆနေသည်။ သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံသည်မှာ အခုဆို နှစ်အတန်ကြာ ရှိလာခဲ့ပြီ ဖြစ်သည်။ ပထမဆုံးသတ်ဖြတ်သူစွမ်းအင်ကို ဖန်တီးလိုက်နိုင်ခြင်းက သူဟာ သည်ပညာရပ်၏ ပထမအဆင့်ကို ရောက်ရှိခဲ့ပြီဟု ဆိုလိုပေ၏။ သို့ရာတွင် သည်မန္တန်ကို ကျွမ်းကျင်ရန် ခက်ခဲမှုက မြင့်မားလွန်းလှသည်။
“ဒီကောင်းကင်ဘုံသတ်ဖြတ်ခြင်းမန္တန်နဲ့ ပတ်သတ်ပြီး ထူးဆန်းမှုအချို့ရှိတယ်လို့ ငါ ခံစားမိတယ်။ ဒါပေမဲ့ ငါ ထိန်းချုပ်အသုံးပြုနိုင်တဲ့ အသက်ဓာတ်ချိပ်တံဆိပ်တွေက စမ်းသပ်ကြည့်ဖို့ နည်းပါးလွန်းနေသေးတယ်…” ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ မီးခိုးရောင်အမျှင်တန်းငါးခုက သူ့လက်ချောင်းများကြားတွင် လှုပ်ရှားလို့သွား၏။
“အမျှင်တန်းငါးခု…ငါက တစ်ခုကို ယောင်ရှင်းရွှယ်ကို ချိပ်ပိတ်ဖို့ အသုံးပြုထားတဲ့အတွက် တကယ်ဆို အမျှင်တန်းခြောက်ခုကို ငါပိုင်ဆိုင်နေပြီ…”
ဝမ်လင်းက သက်ပြင်းချမိသည်။ သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ခုထိ ဖြတ်မြင်နိုင်စွမ်း မရှိသေးချေ။ သူက သည်သတ်ဖြတ်သူစွမ်းအင် မည်သို့ထုတ်လုပ်ရမည်နှင့် ပတ်သတ်၍ အတော်လေးစိတ်ရှုပ်ထွေးမိနေဆဲ ဖြစ်၏။
သူက များစွာသောအကြောင်းရင်းများကို တွေးမိပေသည်။သို့သော် သည်အကြောင်းရင်းများက အခြေအနေတစ်ခုစီတွင်သာ တည်မှီလို့နေ၏။
“ကြည့်ရတာ ငါက စမ်းသပ်မှုတော်တော်များများကို ထပ်လုပ်ဖို့ လိုသေးတယ်ပုံပဲ။ ဒါမှသာ ငါက ဒီပညာရပ်ရဲ့ ထူးဆန်းမှုတွေကို နားလည်နိုင်ဖို့ ဆင်ခြင်နိုင်လိမ့်မယ်…”
ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။ သူ့မျက်လုံးထဲကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ထုတ်လွှတ်သွား၏။
သူက အနည်းငယ် စဉ်းစားပြီးနောက် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တပ်ကြပ်နှစ်ယောက်ကို ရှာလိုက်၏။
သူတို့နှစ်ယောက်က ဝမ်လင်းမန္တန်ကို နှလုံးသားထဲကနေ ကြောက်ရွှံ့နေကြသည်။ထို့ကြောင့် သူတို့က ဝမ်လင်းနားတွင် မနေဝံ့ကြတော့ချေ။ သို့ရာတွင် အရှင်(ဗိုလ်ချုပ်မိုလီဟိုင်)၏ အမိန့်ကိုလည်း သူတို့က နာခံရပေမည်။သည့်အတွက်ကြောင့် သူတို့က ခြံဝန်းဝင်ပေါက်တွင် စောင့်ကြပ်နေရန် ဆုံးဖြတ်လိုက်ပြီး မည်သူ့ကိုမျှ ဝင်ခွင့်မပေးတော့ပေ။
ဝမ်လင်း နတ်ဘုရားအာရုံက သူတို့နှစ်ယောက်ပေါ်သို့ ကျရောက်သွားသည့်အခါ သတင်းတစ်ခုကို ပို့လွှတ်လိုက်၏။
သိပ်မကြာခင်တွင် တပ်ကြပ်နှစ်ယောက်က ခြံဝန်းထဲသို့ လျှောက်လှမ်းလာကြ၏။ သူတို့က ဝမ်လင်းနှင့် သုံးပေအကွာတွင် မတ်တပ်ရပ်လိုက်ကြပြီး လေးစားစွာ ပြောသည်။ “ဒုဗိုလ်ချုပ်ဝမ်ကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ အပြင်သွားမို့ မင်းတို့နှစ်ယောက် လမ်းပြပေးပါ…”
သူတို့နှစ်ယောက်က မှင်သက်သွားကြ၏။သို့သော် ခပ်မြန်မြန် ခေါင်းညိတ်လိုက်ကြသည်။
ဝမ်လင်းက ရှေ့သို့ ခြေလှမ်းများစွာ လှမ်းသွား၏။ တပ်ကြပ်နှစ်ယောက်ကလည်း သူ့နောက်သို့ ချက်ခြင်း လိုက်ပါသွားကြသည်။ သို့သော် တပ်ကြပ်တစ်ယောက်က တုံ့ဆိုင်းဆိုင်းနှင့် လေးစားစွာ မေးလိုက်သည်။ “ဒုဗိုလ်ချုပ်ဝမ်…ငါတို့ စစ်မြင်းတစ်ကောင် ပြင်ဆင်ပေးရဦးမလား…”
“မလိုဘူး…” ဖျပ်ခနဲပင် ဝမ်လင်းက တောင်အတုပတ်လည်သို့ ရွှေ့လျားသွားပြီး ခြံဝန်းထဲကနေ ထွက်သွားတော့၏။
သူတို့သုံးယောက်က မိုအိမ်တော်ကို ချန်ထားကာ ဝမ်လင်းက ရှေ့က ဦးဆောင်သွာ၏။ မိုအိမ်တော်က ဟုန်မြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိကာ အတော်လေး တိတ်ဆိတ်မှု ရှိသည်။ သူက လမ်းအတိုင်း လျှောက်လှမ်းသွားနေသည်။
ဝမ်လင်းက ပုံမှန်သာ လမ်းလျှောက်သွားနေ၏။ သူက ပတ်ပတ်လည်ကို ကြည့်ရှုနေပြီး တဖြည်းဖြည်းဖြင့် ဟုန်မြို့၏ လမ်းမကြီးဘက်သို့ ဦးတည်လာ၏။ သည်လမ်းသွယ်၏ ဘေးတစ်ဖက်တွင် ဆိုင်များ၊လူများနှင့် ပြည့်ကာ အသက်ဝင်နေ၏။ သည်လမ်းဘေးတွင် မြစ်တစ်ခုကလည်း ကွေ့ပတ်စီးဆင်းကာ နေ၏။
လမ်းသွယ်ထက်တွင်လည်း ယောက်ျား၊မိန်းမများက သွားလာလို့နေကြသည်။ နတ်ဆိုးကုန်းမြေတွင် ဝတ်စားဆင်ယင်မှုက ပွင့်လင်းပေ၏။ အထူးသဖြင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပင်။ သည်ကုန်းမြေ၏ အမျိုးသမီးများ၏ အဝတ်အစားများက အရောင်စုံလှသည့်အပြင် သူတို့၏ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များကိုလည်း လှစ်ဟ ပြသနေသေးသည်။ သည်အရာက တကယ့်ကို မျက်စိပဒါသ ဖြစ်စေသည်။
ဝမ်လင်း ရှေ့ရှိ အရာတိုင်းတိုင်းက ပြီးခဲ့သော ရက်ပိုင်းက တင်းကြပ်နေသည့် သူ့စိတ်ကို သက်သောင့်သက်သာ ဖြစ်စေနေ၏။သူက လမ်းသွယ်များအတိုင်း သေမျိုးတစ်ယောက်ကဲ့သို့ လျှောက်လှမ်းလို့နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ဖုံးကွယ်လို့ထားသည်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက ဆိုင်တစ်ဆိုင်ရှေ့တွင် တစ်ခါတစ်လေ ရပ်တန့်သည်။တစ်ခါတစ်လေ အထဲသို့ ဝင်ကြည့်သည်။သို့သော် ဆိုင်များအတွင်း၌ ခဏသာ နေပေ၏။
သူက အေးအေးဆေးဆေး ဖြတ်သွားဖြတ်လာသဘောမျိုးဖြင့် သည်ပြင်ပမြို့ထဲတွင် ဖြတ်သန်းကာ လမ်းလျှောက်လို့နေ၏။
ဝမ်လင်းပုံပန်းအသွင်က ချောမောခြင်းမရှိပေ။ သို့သော် သူက ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ကြည်ကြည်လင်လင်တော့ ရှိ၏။ သို့အတွက်ကြောင့် လူအုပ်ထဲရှိ မလုံတလုံဝတ်ဆင်ထားသည့် အမျိုးသမီးများ၏ အကြည့်က ဝမ်လင်း ဖြတ်သန်းသွားသည့်အခါ သူ့ထံသို့ ရောက်ရောက်လာတက်ပေသည်။
ဝမ်လင်းက အဖြူရောင်ဝတ်စုံနှင့် ကျောင်းတော်သားတစ်ယောက်ပုံစံ ပေါက်နေ၏။ သူ့နောက်ရှိ တပ်ကြပ်နှစ်ယောက်ကလည်း အများအမြင်တွင် သာမန်အစောင့်များကဲ့သို့သာ ဖြစ်နေသည်။
သို့ရာတွင် သည်နေရာက သူနေထိုင်ခဲ့သည့် ဂြိုဟ်တွေ မဟုတ်ပေ။ သည့်အတွက် သည်နေရာက သူနှင့်ခြားနားသော အငွေ့အသက်တို့ ရှိနေဆဲသာ။ ထို့အတွက် ဝမ်လင်းထံကနေ ဝမ်းနည်းသောခံစားမှု ခပ်ဖျော့ဖျော့ ပျံ့လွင့်လာ၏။
လမ်းသွားလမ်းလာများကြားတွင် အမျိုးသား၊အမျိုးသမီး စုံတွဲများလည်း ပါကြ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ရယ်ကာမောကာ စကားပြောဆိုလို့နေကြ၏။ သူတို့နှင့်ယှဉ်ကြည့်ပါက ဝမ်လင်းပုံရိပ်က အထီးကျန်ဆန်လှပေသည်။
သူက လူအုပ်ကြားတွင် လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်ရှိ အသံဗလံများက အခြားကမ္ဘာတစ်ခုကဲ့သို့သာ ထင်မှတ်နေသည်။ယောက်ျား၊မိန်းမ စုံတွဲတို့၏ ရယ်မောသံများကလည်း အခြားကမ္ဘာကကဲ့သို့သာ။ သူ့ရှေ့ရှိ အရာအားလုံးက သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်း သို့မဟုတ် ပတ်သတ်ဆက်နွှယ်ခြင်း မရှိဟု ခံစားမိ၏။
ဝမ်လင်းစိတ်ထဲ၌ ဘယ်လိုဘယ်ဝါမှန်းမသိသည့် ခံစားချက် တစ်ခု ပေါ်လာ၏။ သူက သက်ပြင်းသဲ့သဲ့ချမိသည်။ သည်လမ်းမကြီးက ရှည်လျားလှသည်။ သို့သော် သူက လမ်းဆက်မလျှောက်ချင်တော့ပေ။
သူက ပြန်ထွက်ခွာသွားဟန် ပြင်လိုက်စဉ် ဝမ်းနည်းမှု အငွေ့အသက်ပါသည့် ကုချင်းသံတစ်သံက သူ့နားထဲသို့ တိုးဝင်လို့လာသည်။ သည် ခပ်ဖျော့ဖျော့ဝမ်းနည်းမှုနှင့် ကုချင်းဂီတက ဝမ်လင်းစိတ်ကို ထူးဆန်းစွာ ကောင်းမွန်သွားစေသည်။ သူက ရပ်တန့်လိုက်မိ၏။
ဝမ်လင်းက သည်ကုချင်းသံထွက်ပေါ်လာရာသို့ ဖြည်းဖြည်းချင်း လှမ်းလို့သွားသည်။ လမ်းမနှင့် သိပ်မဝေးသည့်နေရာတွင် မြစ်တစ်စင်းရှိပေသည်။
မြစ်ပြင်ပေါ်တွင် လှေများစွာ ရှိနေကာ သည် ကုချင်းဂီတသံက လှေတစ်စင်းပေါ်ကနေ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ဝမ်လင်းက မြစ်ဘေးတွင် ဆိတ်ငြိမ်စွာ ရပ်လို့နေပြီး ကုချင်းတီးခတ်သံကို နားထောင်လို့နေ၏။ သူ့မြင်ကွင်းထဲတွင် လေပေါ်၌ ကုချင်းတီးခတ်နေသော အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့သည်။သို့သော် သည်အမျိုးသမီးက ကျောခိုင်းလို့နေ၏။
သူမ နောက်ကျောသည်လည်း သူမ ကုချင်းသံကဲ့သို့ ဝမ်းနည်းမှု၊အထီးကျန်မှု ခံစားချက်ကို ပေးစွမ်းလို့နေသည်။ သူမနှင့် သိပ်မဝေးသောနေရာတွင် လူငယ်အချို့က သောက်စားရယ်မောနေကြသည်။
ဝမ်လင်းက ထိုလှေကို တိတ်ဆိတ်စွာ ကြည့်လို့နေသည်။ ကုချင်းဂီတသံက သူ့နားထဲသို့ ရောက်လာသည့်အခါ သူက သည်အသံထဲ၌ နစ်မြုပ်သွားပြီး သူနှင့်ရင်းနှီးသော အာရုံကို ဖြည်းဖြည်းချင်း ပြန်ရှာတွေ့သွားသည်။ သည်အခိုက်တွင် သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်၊ အေးချမ်းသောတောင်ကြားတစ်ခုရှိ သူနှင့်လီမူဝမ်တို့၏ အိမ်ကို ပြန်လည်အောက်မေ့မိနေသည်။
သည်အေးချမ်းသော နေ့ရက်များမှ ဝမ်အာ၏ ကုချင်းသံက ဝမ်လင်းထံသို့ ခုထိ လိုက်ပါနေသေးသည်။
ဝမ်အာ၏ ကုချင်းသံတွင်လည်း ဝမ်းနည်းမှုအဆွေးဓာတ်တို့ ပါဝင်ခဲ့သည် မဟုတ်လား။ သို့သော် အတိတ်တုန်းက ဝမ်လင်းက သည်ခံစားမှုကို နားမလည်ခဲ့ပေ။ သည်ဝမ်းနည်းမှုက ခပ်ဖျော့ဖျော့ရှိရာကနေ ပိုသိသာလာခဲ့သည်။
ဝမ်အာ ထွက်သွားပြီးနောက် ဝမ်လင်းက ကုချင်းဂီတသံကို နောက်ထပ် လုံးဝ ထပ်မံ မကြားခဲ့ရတော့ချေ။ ယနေ့တွင် သည်တူညီသော ကုချင်းဂီတသံကို ကြားလိုက်ရခြင်းကြောင့် သူ့စိတ်ထဲရှိ ဝမ်းနည်းမှုက ဖြည်းဖြည်းချင်း ပြန်ပေါ်လာခဲ့တော့သည်။
လီမူဝမ် သူ့ကို ထားမသွားခင်တုန်းက သူမအပေါ် သူ့ခံစားချက်က နှစ်ရာချီ၍ သူ့ကို စောင့်နေသည့်အတွက်ကြောင့်သာ ပြန်တုန့်ပြန်ခဲ့သည်ဟု ထင်ခဲ့မိ၏။ သည်အရာက အချစ်လို့ သူမထင်ခဲ့မိသေးပေ။
သို့ရာတွင် ဝမ်အာထွက်သွားပြီးနောက် ဝမ်လင်းက သူ့အကြောင်းကို တစ်ခါတစ်ရံ အလိုလို သတိရမိ၊တွေးနေမိပေသည်။ သည်လိုအချိန်များတွင် သူ့နှလုံးသားက တော်တော်လေး နာကျင်ရသည်။ သူက အထီးကျန်သစ်တောထဲသို့ ဝင်လိုက်ရသကဲ့သို့ ခံစားရပေသည်။
သည်ခံစားချက်က သူ့စိတ်နှလုံးထဲတွင် ဘယ်တော့မှ ပျက်ပြယ်မသွားမည့် ဆေးခါးတစ်ခွက် သောက်လိုက်ရသလိုပင်။ သူက သူမ သူနှင့် ပထမဆုံးအကြိမ် ဆုံတုန်းက သူမမျက်လုံးထဲရှိ ကြောက်ရွှံ့မှုကို အမြဲ အမှတ်ရနေခဲ့ပေသည်။
ကုချင်းသံက သိသာစွာ ဖျော့တော့သွားသော်လည်း ဝမ်လင်းက ဝမ်အာသည် လေဟာနယ်ထဲက ဖြတ်၍ သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ သူ့လက်မောင်းကို တွဲခိုလိုက်သလိုမျိုး ခံစားမိနေဆဲသာ။
သည်အရာက အတိတ်တုန်းက သူနှင့်လီမူဝမ်တို့ တောင်ကြားထဲတွင် အတူရှိနေစဉ် နေဝင်ချိန်ကို အတူကြည့်၊ နေထွက်ချိန်ကို စောင့်မျှော်နေကြသကဲ့သို့သာ…
သည်အရာက လူတစ်ယောက် အလိုချင်ဆုံးအရာကို ဆုံးရှုံးလိုက်ရသလိုသာ…
ဝမ်အာ ထွက်ခွာသွားသည့် နှစ်များတွင် ဝမ်လင်းက သူမနာမည်ကို ထပ်ခါထပ်ခါ ခေါ်နေမိခဲ့ပေသည်။ ခုချိန်တွင်တော့ သူ့နှလုံးသားထဲ၌ သူမကို ကမ္ဗည်းထွင်းထားပြီး ထာဝရတိုင်အောင်ထိပင်။
နေ့တာ တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ကောင်းကင်ကပင် မှောင်ရိပ်သန်းလာ၏။ ကြယ်များက ကောင်းကင်ထက်တွင် ဖျောက်တောက်တောက် ပေါ်လာသည်။ မည်သူကမျှ ကြယ်ရောင်၊လရောင် ဘယ်နေရာက လာသည်ကို မမေးကြပေ။ သည်အရာက အရေးလည်း မကြီးလှ။ အရေးကြီးတာက သည်ကြယ်ရောင်က ကုချင်းဂီတသံနှင့်အတူ ဝမ်လင်း၏ပိတ်သိမ်းထားခဲ့သည့် မှတ်ဉာဏ်များကို တို့ထိခဲ့လေခြင်းသာ ဖြစ်သည်။
ကြယ်ရောင်က ဝမ်လင်းမျက်လုံးထဲတွင် ထင်းလို့နေသည်။ ကုချင်းသံက တဖြည်းဖြည်းချင်း လွင့်ပါးသွားခဲ့သည်။ သူ့နှလုံးသားထဲ၌လည်း ခံစားချက်တစ်ခုက သိပ်သည်းလာတော့၏။ သည်အရာက အထီးကျန်ခံစားချက်ပင်။ သည်ခံစားချက်က သူ့နှလုံးသားထဲ၌ အချိန်ကြာမြင့်စွာကတည်းက ရှိနေခဲ့ပေသည်။
ကုချင်းသံက တိုးသထက်တိုးလာခဲ့သည်။ ဝမ်လင်းက သူ့လက်ကိုမြှောက်၍ မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်သည်။ သည်လိုပြုလုပ်ခြင်းက သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲတွင် ရှိနေသည့် လီမူဝမ်ကို ထိတွေ့ရသကဲ့သို့ ထင်မှတ်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဝမ်အာ…ငါတို့နောက်ထပ် ဆုံရဦးမှာပါ…ဒါက နင့်အတွက် ငါ့ကတိပဲ…”
လှေက ဖြည်းဖြည်းခင်း ထွက်ခွာလို့သွားသည်။လှေပေါ်ရှိ အမျိုးသမီးပုံရိပ်သည်လည်း ပျောက်ကွယ်လို့သွား၏။
ဂီတသံက လုံးလုံးပျောက်ကွယ်လုနီးပါး အခိုက်တွင် အမျိုးသမီးက တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် မြစ်တစ်ဖက်ကမ်းသို့ လှည့်ကြည့်လာသည်။သူမက အကွာအဝေးတစ်ခုရှိ မြစ်ဘေးကို ကြည့်လိုက်သည်။ သို့သော် မြင်တွေ့နိုင်ရန်က မှောင်လွန်းနေသည်။ သို့သော် သည်အမှောင်ထုထဲ၌ပင် သူမက လမ်းလျှောက်၍ ထွက်ခွာသွားသော အထီးကျန်ပုံရိပ်တစ်ခုကို မြင်တွေ့နေရပုံ ပေါ်လေသည်။
လှေပေါ်ရှိ အမျိုးသမီးက သက်ပြင်းချလိုက်၏။ သည့်နောက် သူမလက်များက လှုပ်ရှားသွားကာ ဝမ်နည်းမှုဂီတသံက နောက်တစ်ဖန် မြစ်ပြင်ကျယ်တွင် ပြည့်နှက်လာတော့သည်။ လှေပေါ်တွင် အလင်းဓာတ်ရှိသော်လည်း အရာအားလုံးက မှောင်နေဆဲသာ။
အမှောင်ထုထဲ၌ ကျောက်စိမ်းရောင်သူမလက်များက လှုပ်ရှားလို့နေသည်။ အကွာအဝေးတစ်ခုရှိ လှေပေါ်မှာ ရယ်သံများကို သူမ ကုချင်းသံက ပြိုကွဲသွားစေတော့သည်။
သူမက လှေဦးတွင် ထိုင်နေခဲ့သည်။ သူမမျက်လုံးထဲ၌ မည်သည့်အလင်းဓာတ်မှ ရှိမနေတော့ချေ။သို့သော် သည်အခိုက်တွင် သူမက ရွှံနွံထဲမှ ဖူးပွင့်လာသည့် ကြာပန်းတစ်ပွင့်လို ထင်မှတ်မှားရပေ၏။ သို့ရာတွင် သည်ဖူးပွင့်မှုကို မည်သူမျှနားမလည်၊ အာရုံလည်း မရှိကြပေ။
ကုချင်းဂီတသံက မြစ်ပြင်ကျယ်တွင် ပဲ့တင်ထပ်လို့နေသည်။ သို့သော် မည်သူကမျှ အလေးအနက် နားထောင်နေခြင်း မရှိကြပေ။ အကယ်၍ အလေးအနက်နားထောင်နေသည့် တစ်စုံတစ်ယောက် ရှိနေလျှင်ပင် သူမက အမှောင်ထဲ၌ မည်သို့ မြင်နိုင်ပါ့မည်နည်း။