သူတို့ရှေ့ရှိ စစ်တပ်လမ်းမထက်မှ မြင်းခွာသံများက ပိုပိုနီးကပ်လာခဲ့သည်။ မိုလီဟိုင်တို့အုပ်စု ရှိရာသို့ စစ်မြင်းဆယ်ကောင်ကျော်သော အုပ်စုတစ်ခုက တည့်တည့်မတ်မတ် လာနေ၏။ထိုမြင်းအုပ်စု၏ ရှေ့တွင်တော့ လူနှစ်ယောက် ရှိနေသည်။တစ်ယောက်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင်များ ရှိ၏။သူ့မျက်နှာက ကြည့်ကောင်းသောလည်း နတ်ဆိုးဆန်သောခံစားမှုကို ပေးစွမ်းလို့နေ၏။
သို့ရာတွင် သူ့မျက်နှာညာဘက်ခြမ်းရှိ အမာရွတ်တစ်ခုက သူ့ပုံပန်းအသွင်ကြည့်ကောင်းမှုကို ဖျက်စီးနေပေ၏။
အမာရွတ်နှင့်လူ၏ ဘေးရှိစစ်မြင်းပေါ်တွင်လည်း လူတစ်ယောက် ထိုင်လို့နေသည်။ထိုလူ၏မျက်နှာကတော့ ဖြူရောပါးလွှာသည်။သို့သော် မျက်လုံးများကတော့ တောက်ပလို့နေ၏။ သူက မြင်းစီးလာသည့် ဝမ်လင်းကို တွေ့မြင်လိုက်သည်အခါ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်ကာ သွားသည်။
သည်အုပ်စုနှစ်စု အရှိန်လျော့မည့်ဟန် မရှိဘဲ ထိပ်တိုက် တိုးဝင်လာနေကြသည်။ အုပ်စုနှစ်စုလုံး၏ နတ်ဆိုးသားရဲနှင့်တူသော အရိပ်နှစ်ခုကလည်း တစ်ကောင်နှင့်တစ်ကောင် မာန်ဖီနေကြသည်။
မျက်နှာအမာရွတ်နှင့်လူက မိုလီဟိုင်ကို စူးစိုက်ကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ မိုလီဟိုင်ကလွဲ၍ အခြားလူများက တည်ရှိနေခြင်း မရှိသည့်အလားပင်။
သည်အခိုက်တွင် နှစ်ဖက်အုပ်စုက ပိုပိုနီးကပ်လာလေတော့၏။
သူတို့က ထိပ်တိုက်တွေ့ခါနီးအခိုက်တွင် မိုလီဟိုင်က ရယ်မောကာ ညာလက်သီးကို ပစ်သွင်းလိုက်၏။ သည်လက်သီးချက်က လေပြင်းအလား ရွှေ့လျားသွားကာ အမာရွတ်နှင့်လူထံသို့ တိုးဝင် သွား၏။
လက်သီးရှေ့ရှိ လေထုပေါက်ကွဲသံများကိုပါ အတိုင်းသား ကြားလိုက်ရသည်။ အားကောင်းသောလက်သီးစိတ်ဆန္ဒက သည်လက်သီးချက်ထဲ၌ ပါဝင်လို့နေ၏။
အမာရွတ်နှင့်လူ၏ အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ညာလက်ကို မြှောက်၍ သူ့လက်ညှိုးကို ရှေ့သို့ ညွှန်သည်။ သည့်နောက် သူက ကျန်လက်လေးချောင်းကိုပါ ရှေ့သို့ ဖျပ်ခနဲ ဖျပ်ခနဲ ညွှန်လိုက်၏။ ထိုလက်ငါးချောင်းက အတူစုစည်းသွားကာ လုံးချွန်းအသွင် ဖြစ်ပေါ်ကာ ရှေ့သို့ ထိုးတက်သွားသည်။
ထိုလက်သီးချက်နှင့် လက်ချောင်းတိုက်ခိုက်မှုတို့ထံကနေ လှိုင်းတစ်ခု ပျံ့နှံ့သွား၏။ သို့ရာတွင် သည်လှိုင်းက ပေသုံးဆယ်ခန့်ထိသာ ပျံ့နှံပြီး စစ်တပ်လမ်း၏ အစွန်းတွင် ပျောက်ကွယ်သွားသည်။ထို့ကြောင့် မည်သည့်အဆောက်အဦကိုမှ ပျက်စီးသွားစေခြင်း မရှိပေ။
သူတို့နှစ်ယောက်က သူတို့ခွန်အားများကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ကြပေသည်။
မျက်နှာအမာရွတ်နှင့်လူ၏ ခန္ဓာကိုယ်က လွန့်လူးသွား၏။ အကြောင်းကတော့ သူ့အောက်ရှိ စစ်မြင်းက ခြေထောက်လေးချောင်းကျိုးသွားကာ နာကျင်စွာ မြည်တမ်းလိုက်သည်။ သည့်နောက် မြင်းတစ်ကိုယ်လုံးက ပေါက်ကွဲထွက်သွားသည်။ထို့ကြောင့် အမာရွတ်နှင့်လူက နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရတော့သည်။ သည်ခြေတစ်လှမ်းစီက မြေပြင်ကို တုန်ခါသွားစေပေ၏။
ထိုလူက မိုလီဟိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “ဆယ်ခုပြိုကျခြင်းလက်သီးစိတ်ဆန္ဒ…”
မိုလီဟိုင်ခန္ဓာကိုယ်ကလည်း တုန်ယင်သွား၏။ သူ သူ့မြင်းနှင့်အတူ နောက်သို့ ဆုတ်သွားရသည်။ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားကာ သူက ညာလက်ကို မြှောက်၍ မိုလီဟိုင်ထံသို့ လက်ညွှန်လိုက်သည်။ ဝမ်လင်းအသုံးပြုလိုက်သည့် စွမ်းအားက အနုစိတ်လှ၏။ မိုလီဟိုင်ပေါ်၌ သက်ရောက်နေသည့် အားအတော်များများကို ချေဖျက်ပေးနိုင်လိုက်သည်။
မိုလီဟိုင်က အသက်ဝဝရှူသွင်းကာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်၏။ ထို့နောက် သူ့မြင်းကလည်း မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။
မိုလီဟိုင်က ပြုံး၍ ပြောလိုက်သည်။ “လက်ခြောက်ချောင်း နတ်ဆိုးဓားက ဒီလောက်ပဲလား…”
အမာရွတ်နှင့်လူ၏ အကြည့်က မိုလီဟိုင်ထံကနေ ဝမ်လင်းပေါ်သို့ ကျရောက်သွား၏။သူက အလေးအနက် ပြောလိုက်သည်။ “မင်း နာမည်ဘယ်သူလဲ…ပြင်ပကျင့်ကြံသူ…”
ဝမ်လင်းက ထိုလူ့ကို ကြည့်လိုက်၏။သို့သော် မည်သည့်စကားမျှ မဆိုချေ။
အမာရွတ်နှင့်လူက မျက်မှောင်ကြုတ်သွားသည်။သည်အခိုက်တွင် သူ့ဘေးရှိ ပိန်ပါးပါးလူက တိုးညင်းစွာ ပြောလိုက်သည်။ “သူ့နာမည်က ဝမ်လင်း…”
မိုလီဟိုင်၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ဝမ်လင်းနှင့် ပိန်ပါးပါးလူတို့ကို ကြည့်လိုက်သည်။
အမာရွတ်နှင့်လူက မေးလိုက်သည်။ “အို…မင်းတို့နှစ်ယောက်က သိနေကြတာလား…”
ပိန်ပါးပါးလူက ဝမ်လင်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “သူက ငါ့ဂျူနီယာညီပဲ…”
“မတွေ့တာကြာပီ…အကိုစွန်ထောင်။ ကြည့်ရတာ နှစ်အချို့တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက် သင့်ဒဏ်ရာတွေက ပြန်ကောင်းလာတဲ့ပုံပဲ” ဝမ်လင်းက ထိုသို့ပြောလိုက်သည်။ သူ့အသံက တည်ငြိမ်နေ၏။ထို့ကြောင့် ပျော်ရွှင်သလား၊ဒေါသထွက်နေလား မခွဲခြားနိုင်ပေ။ ဝမ်လင်းက စွန်ထောင်ကို မြင်လိုက်ကတည်းက သူ ဒဏ်ရာအပြင်းအထန်ရထားကြောင်း ချက်ခြင်းသိလိုက်သည်။ သည်ဒဏ်ရာက အတော်လေး ပြင်းထန်ကာ သူ့မူလစိတ်ဝိညာဉ်ကိုပင် သက်ရောက်မှု ရှိခဲ့ပေသည်။ သူ့ဒဏ်ရာကို အတင်းဖိနှိပ်ထားလိုက်နိုင်သော်လည်း စွန်ထောင်၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအလယ်အဆင့်မှသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ လျော့ကျသွားခဲ့လေ၏။
စွန်ထောင်က ဝမ်လင်းကို သေချာကြည့်လိုက်၏။ သူ့စိတ်နှလုံးထဲရှိ တုန်လှုပ်နေမှုကလည်း ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။ သူက ဝမ်လင်းကို ပထမဆုံးတွေ့လိုက်ကတည်းက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်မှ အထွတ်အထိပ်အဆင့်သို့ ခုန်တက်သွားကြောင်း ချက်ခြင်းသိလိုက်သည်။
စွန်ထောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဂျူနီယာညီလေးဝမ်…ကြည့်ရတာ မင်းက ကံကောင်းမှုတစ်ခု ကြုံခဲ့ရတယ်ပုံပဲ။ ဒါပေမဲ့ မင်းက ကောင်းကင်နတ်ဆိုးနိုင်ငံမှာ ဂရုစိုက်ဖို့တော့လိုတယ်။ တာ့လော့ဓားကလန်က လူတွေလည်း ဒီကို ရောက်နေလို့ပဲ။ ငါ့ဒဏ်ရာတွေက သူတို့ကြောင့် ရခဲ့တာ…” သူ့လေသံထဲ၌ ဒေါသတို့စွက်နေသည်။ သည်ဒေါသက ဝမ်လင်းအပေါ်သို့ ထွက်ခြင်း မဟုတ်ဘဲ တာ့လော့ဓားကလန်အတွက်သာ ဖြစ်သည်။
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင်အိတ်ထြကနေ ဆေးလုံးများကို ထုတ်ယူလိုက်သည်။ သည်ဆေးလုံးများက စွန်ထောင်ပေါ်၌ သက်ရောက်မှုသိပ်မရှိသော်လည်း ဝမ်လင်း၏ ကောင်းမွန်သောဆန္ဒကို ကိုယ်စားပြုနိုင်ပေသည်။ သူက ဆေးလုံးများကို စွန်ထိုင်ထံသို့ ပစ်ပေးလိုက်၏။ ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့မြင်းကို ရှေ့တည့်တည့်သို့ ဆက်စီးနင်းသွား၏။
မိုလီဟိုင်က သူ့ရှေ့ရှိနှစ်ယောင်ကို ဝင့်ကြွားစွာကြည့်လိုက်၏။ထို့နောက် သူလည်း ဝမ်လင်းနောက်သို့ လိုက်ပါသွားတော့၏။
အမာရွတ်နှင့်လူက မိုလီဟိုင်နှင့် သူ့အပေါင်းအပါ နောက်ကျောကို အေးစက်စွာ ကြည့်၍ မေးလိုက်သည်။ “ဒီလူ့ကို ဘယ်လိုသဘောရလဲ…”
စွန်ထောင်က ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်၏။ “ငါသာ ဒဏ်ရာမရထားရင် သူ့ကို သတ်ပစ်နိုင်တယ်…”
“သူ့ကို လျော့မတွက်နဲ့။ ဒီမိုလီဟိုင်ရှိမှာ အားကောင်းတဲ့ မန္တန်သုံးခုရှိတယ်။ ပထမတစ်ခုက ဆယ်ခုပြိုကျခြင်းလက်သီးဆန္ဒ၊ ဒုတိယတစ်ခုက လှိုင်းတစ်ရာနတ်ဆိုးပင်လယ်။ တတိယတစ်ခုက နတ်ဆိုးအင်ပါယာကိုယ်တိုင် သူ့ကို သင်ပေးခဲ့တဲ့မန္တန်ပဲ။ ဒါ့ကြောင့် ဒါက အလွန်အစွမ်းထက်လိမ့်မယ်….” အမာရွတ်နှင့်လူက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “မင်းသာ ဒဏ်ရာ မရထားရင် ငါက ဒီပြိုင်ပွဲမှာ နိုင်ဖို့ တစ်ရာရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်…”
စွန်ထောင်က အနည်းငယ်စဉ်းစားလိုက်၏။ သိပ်မကြာခင်တွင် သူက ပြောလိုက်သည်။ “ငါက လိုအပ်တဲ့ဆေးအမယ်တွေရရင် တိမ်ကောင်းကင်ဆေးလုံးကို သန့်စင်နိုင်တယ်။ အဲ့ဆေးက ငါ့ကျင့်ကြံမှုအဆင့်ကို အချိန်တိုအတွင်း အာဏာတက်ခြင်းအစောပိုင်းအဆင့်ကို ပြန်ရောက်နိုင်တယ်…”
အမာရွတ်နှင့်လူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီဆေးအမယ်တွေအတွက် စိတ်မပူပါနဲ့။ ငါက ဒါတွေကို စုဆောင်းဖို့ လူတွေလွှတ်ထားပြီးပြီး…” ထို့နောက် သူက စကားလမ်းကြောင်း ပြောင်းကာ မေးလိုက်သည်။ “မင်း ဂျူနီယာညီကရော ဘယ်လိုလဲ…”
စွန်ထောင်က သက်ပြင်းချကာ ပြောလိုက်သည်။ “သန်မာတယ်။ တကယ့်ကို သန်မာတယ်။ သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်မဟုတ်ဘဲ အလယ်အဆင့် ဖြစ်နေရင်တောင် သူ့ကို ရန်သွားမစတာက အကောင်းဆုံးပဲ…”
အမာရွတ်နှင့်လူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက အချိန်အတန်ကြာကတည်းက စွန်ထောင်နှင့် အဆက်အဆံ ရှိခဲ့သူ ဖြစ်သည်။ သည်တစ်ကြိမ်က ပထမဆုံအကြိမ်အဖြစ် စွန်ထောင်ထံမှ တစ်စုံတစ်ယောက်ကို ခုလိုပြောခြင်းကို ကြားလိုက်ရခြင်းပင်။
စစ်တပ်လမ်းပေါ်တွင် မိုလီဟိုင်က ဝမ်လင်းကို ကြည့်ကာ ပြုံးလိုက်၏။ “အစောပိုင်းက ကူညီလိုက်တဲ့အတွက် ကျေးဇူးပါ အကိုဝမ်…။ မဟုတ်ရင် ငါ့စစ်မြင်းက အရိုးတခြား၊အသားတစ်ခြား ဖြစ်နေပြီ…”
ဝမ်လင်းက ခေါင်းခါလိုက်သည်။ “ဒါက ကိစ္စသေးသေးလေးပါ။ အကိုမိုက ငါ့ကို ကျေးဖူးတင်ဖို့ မလိုပါဘူး…”
မိုလီဟိုင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီလူ့နာမည်က ရှီရှောင်၊ သူ့မန္တန်ဖြစ်တဲ့ လက်ချောက်ခြောင်းနတ်ဆိုးဓားက တကယ့်ကို မခန့်မှန်းနိုင်ဘူး။ မင်း စီနီယာအကိုရဲ့ အကူအညီနဲ့ဆိုရင် ဒီအချိန်မှာ သူက ငါ့အတွက် ချိန်းချောက်နိုင်တဲ့လူတွေထဲက တစ်ယောက် ဖြစ်နေတယ်…”
သူတို့က စစ်တပ်လမ်းအတိုင်း မြန်ဆန်စွာ သွားနေကြ၏။ အမွှေးတိုင်တစ်တိုင်စာလောက် ကြာချိန်ပြီးနောက် သူတို့က နေရာတစ်ခုရှေ့၌ ရပ်လိုက်ကြ၏။ သည်နေရာက ကြီးမားခြင်းမရှိသော်လည်း လိုအပ်သည့်အရာများအားလုံး ပြည့်စုံပေသည်။ တောင်အတုနှင့် ရေတံခွန်ငယ်များပင် ရှိလို့နေသည်။ သည်နေရာက တော်တော်လေး သာယာနေပျော်ဖွယ် ရှိလှ၏။
ဝမ်လင်းက သည်နေရာ၏ တောင်အတု၏ မျက်နှာချင်းဆိုင် တောင်ဘက်ပိုင်း အဆောက်အဦထဲတွင် နေထိုင်လျက် ရှိသည်။
မိုလီဟိုင်က နတ်ဆိုးအင်ပါယာနှင့် သွားတွေ့ဖို့ ထွက်မသွားခင် ဝမ်လင်းအတွက် တပ်ကြပ်နှစ်ယောက်ကို ပေးထားခဲ့သည်။ သူက သူပြန်ရောက်လာသည်နှင့် အရက်သောက်ရန် ဝမ်လင်းကို ထွက်မသွားခင် ပြောခဲ့သေး၏။
ဝမ်လင်းက သူ့အခန်းထဲတွင် ကြာပွင့်သဏ္ဌာန်ထိုင်နေသည်။ မိုလီဟိုင်ကို ကူညီပေးခြင်းအပြင် သည်မြို့တော်သို့လာသည့် နောက်ထပ်ပန်းတိုင်တစ်ခုက နတ်ဆိုးဗိုလ်ချုပ်ရာထူးကို ရရှိရန် ဖြစ်၏။ သည်နေရာက ကောင်းကင်နတ်ဆိုးနိုင်ငံ၏ မြို့တော် ဖြစ်သည်။ထို့ကြောင့် ကျွမ်းကျင်သူများစွာ ရှိလို့နေကြ၏။ ထိုလူများကြားထဲမှ ချွန်ထွက်အောင် လုပ်နိုင်ပါက သူ့အတွက် နတ်ဆိုးဗိုလ်ချုပ်ရာထူးရရန် အတော်လေး လွယ်ကူသွားပေလိမ့်မည်။
“စွန်ထောင်ရဲ့ အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံမှုနဲ့တောင် တစ်စုံတစ်ယောက်က သူ့ကို ဒဏ်ရာ ရစေခဲ့တယ်။ သူပြောတာကတော့ ဒီလိုလုပ်ခဲ့တဲ့လူက တာ့လော့ဓားကလန်ကလို့ ပြောတယ်။ ဒီနေရာကို ဝင်လာတဲ့ တာ့လော့ဓားကလန်က လူတွေက ဆယ်ယောက်ကျော် ရှိတယ်။ ဒီလူတွေ အကုန်စုပြီး မတိုက်ဘူးဆိုရင်တော့ စွန်ထောင်က ဒဏ်ရာရစရာ အကြောင်းရှိမှာ မဟုတ်ဘူး…”
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။ သူက စွန်ထောင်ကို ဆေးလုံးများပေးလိုက်ရသည့်အကြောင်းက ယုံကြည်မှုကောင်းတည်ဆောက်ရန် သတင်းပို့ခြင်လည်း မည်သည်။ သူတို့က သည်နေရာတွင် တူညီသည့်ဘက်မှ မဟုတ်သော်လည်း တကယ်တော့ သူတို့နှစ်ယောက်က ကလန်တူတူပင် ဖြစ်နေသေးသည် မဟုတ်လား။ သူတို့က တာလော့ဓားကလန်က ကောင်တွေနှင့် ရင်ဆိုင်နေချိန်တွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုင်လို့ မဖြစ်ချေ။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံတော့၏။
မိုလီဟိုင်က ပြန်ရောက်လာခဲ့သည်။သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့နှင့် ပြည့်နေ၏။ သူက ဝမ်လင်းနှင့် တစ်ညလုံး အရက်သောက်နေကြပြီး သူတို့က မန္တန်များအကြောင်း ပြောဆိုနေကြတော့သည်။မိုလီဟိုင်က အခြားနတ်ဆိုးဗိုလ်ချုပ်များ၏ မန္တန်များနှင့်ပတ်သတ်၍လည်း ဝမ်လင်းကို ပြောပြနေသည်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းက မိုနေအိပ်တွင် လေးရက် နေထိုင်ခဲ့ပြီး ဖြစ်သည်။ သူက တစ်ချိန်လုံး နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲ၍ သူ့အခြေခံကို ခိုင်မာသထက် ခိုင်မာအောင် လုပ်နေ၏။
ဝမ်လင်း နတ်ဆိုးဗိုလ်ချုပ်များကြား ပြိုင်ပွဲက ဘယ်အချိန်စမလဲကိုပင် မေးမြန်းကြည့်ချင်း မရှိပေ။ သူက လိုအပ်သည့်အခါ၌ မိုလီဟိုင်ကာ လာပြောလိမ့်မည်ကို သိထားပေ၏။ ထို့ကြောင့် ဝမ်လင်းက အလျင်မလိုပေ။ သူက ကျင့်ကြံခြင်းအပြင် ကျန်သည့်အချိန်များကို တွေးတောစဉ်းစားလို့သာ နေ၏။ သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်အကြောင်း စဉ်းစားကြည့်နေသည်။ ရှေးဟောင်းနတ်ဆိုးမြို့တွင် သတ်ဖြတ်သူတစ်ယောက် ဖြစ်ပြီးနောက် ဝမ်လင်း၏ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် အပေါ် နားလည်မှုကလည်း ပိုတိုးလာခဲ့တော့၏။
ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုတွင် ရှိနေသည့် သုံးလလုံးလုံးကိုလည်း အခုလိုသာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။ သူက ကျင့်ကြံခြင်း မပြုသည့်အခါ သူ့အနားယူသည့် အချိန်အများစုကို ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်နှင့် ပတ်သတ်၍သာ ကြံဆတွေးလို့နေ၏။
ဝမ်လင်း၏ တည်ငြိမ်မှုက တပ်ကြပ်နှစ်ယောက်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။တဖြည်းဖြည်းဖြင့် သူတို့က ဝမ်လင်းအပေါ်၌ လေးစားလာကြ၏။ သူတို့အမြင်တွင် ဝမ်လင်းလို့ကျင့်ကြံမှုအဆင့်ရှိသည့်လူတစ်ယောက်က အဆက်မပြတ် ကြိုးစားပမ်းစားကျင့်ကြံနေခြင်းက အနာဂတ်တွင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ကျိန်းသေဖြစ်လာမည်ဟု ထင်မှတ်ထားကြပေသည်။
မိုလီဟိုင်က သည်ကာလအတွင်း အလွန်အလုပ်ရှုပ်နေ၏။ သူက နေ့တိုင်း အစောကြီးထွက်သွားပြီး နောက်ကျမှ ပြန်ရောက်လာလေ့ရှိသည်။ သူက အကြီးအကဲချုပ်များနှင့် ဒုဗိုလ်မှူးချုပ်တို့ကို ရင်းနှီးအောင်လုပ်၍ နတ်ဆိုးဗိုလ်ချုပ်များ၏ အချက်အလက်များကို စုံစမ်းလို့နေသည်။
ဝမ်လင်းကတော့ မိုအိမ်တော်တွင် လေးရက်လုံးလုံး တိတ်ဆိတ်စွာ နေထိုင်နေ၏။ သူက ကျင့်ကြံမှုနားသည့်အခါ ခြံဝန်းထဲတွင် ထိုင်၍ သူ့လက်များကို မြန်ဆန်စွာ လှုပ်ရှားပြီး ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေနေပေသည်။ သည်ချိပ်တံဆိပ်တစ်ခုစီက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်၏ စွမ်းအား ပါဝင်လို့နေပေသည်။
ဝမ်လင်းက ခြံဝန်းထဲ၌ ခုနစ်ရက်တိတိ ထိုသို့ ထိုင်နေခဲ့လေသည်။
အစပိုင်းတွင် တပ်ကြပ်နှစ်ယောက်က ဝမ်လင်းကို အကွာအဝေးတစ်ခုကနေ တည်ငြိမ်စွာ ကြည့်နေကြသေး၏။သို့သော် သိပ်မကြာခင်တွင် သူတို့နှစ်ယောက် သူတို့စိတ်နှလုံထဲကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မြင့်တက်လာသည်ကို စတင်ခံစားလာရ၏။ သူတို့နှလုံးသားများပင် တုန်ယင်သွား၏။ သူ့တို့မျက်လုံးများကလည်း နီရဲလာကာ သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လာသည်။ သူတို့က ဆင်ခြင်တုံတရား ကင်းလွတ်သွားကြတော့သည်။
သတ်ဖြတ်ခြင်းဆန္ဒက အကန့်အသတ်သို့ ရောက်လာသည့်အခါ သူတို့ခန္ဓာကိုယ်က ပေါက်ကွဲတော့မလိုပင် ဖြစ်လာခဲ့သည်။ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးက ကြည်လင်လို့နေသည်။သူတို့နှစ်ယောက်က ဝမ်လင်းမျက်လုံးကို တွေ့မြင်လိုက်သည့်အခါ သူတို့ခေါင်းပေါ်၌ ရေအေးနှင့် လောင်းချလိုက်သကဲ့သို့ ချက်ခြင်း နဂိုအတိုင်း ပြန်တည်ငြိမ်သွားကြ၏။ သူတို့က ပြန်တည်ငြိမ်လာကြသော်လည်း သူတို့ကိုယ်ထြရှိ ကျင့်ကြံခြင်းတော်တော်များများက ပျောက်ရှလို့သွား၏။ သူတို့နှစ်ယောက်လုံးက ကြောက်လန့်မှုနှင့် ပြည့်နှက်သွားကာ ဝမ်လင်းကျင့်ကြံနေသည်ကို ထပ်မံ မကြည့်ရဲတော့ပေ။
“ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်က အသက်ဓာတ်ချိပ်တံဆိပ်တွေကို ဖန်တီးဖို့ သတ်ဖြတ်သူလမ်းကြောင်းကို လျှောက်လမ်းတာပဲ။ငါ ယူဆောင်ခဲ့တဲ့ အသက်ဓာတ်တွေ (ငါသတ်ခဲ့တဲ့လူတွေ)က မနည်းတော့ဘူး။ ဒါပေမဲ့ ဘာလို့ငါ့မှာ သတ်ဖြတ်ခြင်းအော်ရာအများအပြား မရှိရသေးတာလဲ….အကြောင်းတစ်ခုခုတော့ ရှိရမယ်…”
ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို အောင်မြင်စွာအသုံးပြုလိုက်နိုင်သည့် အကြိမ်တိုင်းကို ပြန်တွေးကာ စတင်စဉ်းစားကြည့်နေ၏။