Switch Mode

အပိုင်း (၆၁၆):

ကောင်းကင်နတ်ဆိုးမြို့။

သည်မြို့က ကောင်းကင်နတ်ဆိုးနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ယင်းမြို့ကို တောင်တန်းများစွာက ဝန်းရံထား၏။ လူတစ်ယောက်က ကောင်းကင်ထက်မှ ကြည့်လျှင် သည်တောင်တန်းများသည် မြို့ကို နဂါးကိုးကောင်ခွေပတ်ထားသကဲ့သို့ တည်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

နဂါးကိုးကောင်၏ ခေါင်းများက ဝေးခေါင်သောရေကန်တစ်ခုကို သို့ ဦးတည်ညွှန်ပြနေသကဲ့သို့ ရှိနေ၏။ ထိုရေကန်ကို နဂါးကန်ဟု ခေါ်သည်။

ကောင်းကင်နတ်ဆိုးနိုင်ငံ၏ တော်ဝင်အမှတ်အသားဖြစ်သည့် ရှေးဟောင်းနတ်ဆိုးဘုရားကျောင်းက ထိုနဂါးရေကန်ထဲ၌ တည်ရှိ၏။

သည်နဂါးကန်ကို တင်းကြပ်စွာ စောင့်ကြပ်လို့ထား၏။

ကောင်းကင်နတ်ဆိုးမြို့က ထိုနဂါးကန်၏ ရှေ့တည့်တည့်အရပ်တွင် တည်ရှိသည်။

အတိအကျဆိုရလျှင် ရှေးဟောင်းနတ်ဆိုးမြို့သည် အရွယ်အစားတူ မြို့ကိုးခုဖြင့် ဝန်းရံတည်ဆောင်ထားသော မြို့တစ်မြို့ ဖြစ်၏။ အလယ်တွင် တော်ဝင်နန်းတော်ကို ဗဟိုပြုကာ ကျန်သည့် မြို့ရှစ်ခုက အရပ်မျက်နှာ ရှစ်ထောင့်ကနေ ဝန်းရံလို့ထားသည်။

တော်ဝင်နန်းတော်ကို ပတ်ခွေစီးဆင်း‌နေသော မြစ်တစ်စင်းလည်း ရှိပေသည်။ ကျန်သည့်မြို့ရှစ်မြို့လုံးက တော်ဝန်နန်းတော်နှင့် တံတားတစ်စင်းစီ ချိတ်ဆက်ထားကြ၏။ထိုတော်ဝင်နန်းတော်သည် နတ်ဆိုးအင်ပါယာနေထိုင်သည့် နေရာပင်။ ဤနေရာ၌ အဆောက်အဦများစွာဖြင့် ပြည့်နှက်လို့နေ၏။ အခြားမြို့ရှစ်ခုကလည်း ကိုယ်ပိုင်ပုံစံနှင့် အသီးသီး ရှိကြ၏။

နံနက်အစောပိုင်းတွင် ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးသည် နဂါးတောင်တန်းများမှ ထွက်ပေါ်လာနေသည့် အစိမ်းရောင်ခပ်ဖျော့ဖျော့မြူလွှာတစ်ခုနှင့် လွှမ်းခြုံလျက် ရှိနေ၏။နတ်ဆိုးအင်ပါယာကတော့ သည်မြူလွှာကို နဂါးစွမ်းအင် ဟုခေါ်တွင်သည်။ သည်စွမ်းအင်နှင့် ကျင့်ကြံပါက ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်ပေ၏။

ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးက ကြီးမားသည့်မွန်းစတားကြီးတစ်ကောင်အလား တည်ရှိ၏။ အစိမ်းရောင်မြူများ တဖြည်းဖြည်းဖြင့် လျော့ပါးလာနေပြီး လူအများကလည်း နိုးထသက်ဝင်လာသည့်အခါ သည်မြို့သည် မွန်းစတားကြီး နိုးထလာသကဲ့သို့ ထင်မှတ်မှားရပေသည်။

နတ်ဆိုးကောင်းကင်မြို့၏ အပြင်ဘက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် (၁၈)ခု ရှိကာ ရွယ်တူနတ်ဆိုးတပ်သားများက စောင့်ကြပ်လျက် ရှိနေ၏။ သည်တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆယ့်ရှစ်ခုတွင် ရှစ်ခုက ကုန်သည်များကဲ့သို့ မြို့သူမြို့သားများ ခရီးသွားရန်အတွက် အသုံးပြုကြသည်။

ကျန်သည့်ဆယ်ခုကတော့ အဆင့်မြင့်ပုဂ္ဂိုဟ်များသာ အသုံးပြုကြ၏။ သည်နေရာတွင် အဆင့်အတန်းခွဲခြားထားမှုကို ရှင်းလင်းစွာ တွေ့နိုင်ပေ၏။

ကျန်သည့်် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဆယ့်လေးခုက နတ်ဆိုးဗိုလ်ချုပ်များအတွက်သာ ဖြစ်သည်။ ယင်းအစီအရင်တစ်ခု အသက်ဝင်သွားတိုင်း နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ပေါ်လာလေ၏။

ကောင်းကင်နတ်ဆိုးနိုင်ငံတွင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ကို ပင်မပုဂ္ဂိုလ်များဟု ယူဆ၍ ရသည်။ ထိုလူများက တပ်သားများစွာနှင့် အံ့ဖွယ်မန္တန်များကို ပိုင်ဆိုင်ကြပေသည်။

သည်အခိုက်တွင် အစီအရင်ဆယ့်လေးခု၏ အပြင်ဘက်ရှိ စောင့်ကြပ်နေသော နတ်ဆိုးတပ်သားများကြားတွင် နတ်ဆိုးတပ်သားတစ်ယောက် ရှိနေသည်။သူက အခြားတပ်သားများ၏ ချပ်ဝတ်ပေါ်ရှိလိုင်းများထက် ပိုများသောလိုင်းများပါသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

သည်တပ်သားက သူ့ပုခုံးကို အကြောလျော့ကာ သူ့လက်နက်ကို အောက်သို့ ချလိုက်၏။ ထို့နောက် သူက စစ်ခမောက်ကိုပါ ချွတ်လိုက်ပြီး ၎င်းပေါ်တွင် ထိုင်ချ၍ လှမ်းအော်လိုက်သည်။ “အာဂူး…ဒီကိုလာပြီး ငါ့ပုခုံးကို နှိပ်ပေးစမ်း…” သူ့အော်သံ ကြားသည့်အခါ တပ်သားများထဲမှ တစ်ယောက်က ခပ်သွက်သွက် ပြေးလာခဲ့သည်။ သူက ထိုအော်ပြောလိုက်သည့် တပ်သားနောက်တွင် နေရာယူကာ စတင်၍ နှိပ်နှယ်ပေးလေ၏။ သူက မေးလိုက်သည်။ “ခေါင်းဆောင်…ငါ့ နှိပ်တာ ကောင်းရဲ့လား…”

ခေါင်းဆောင်ဆိုသူက ပြုံး၍ ပြောလိုက်သည်။ “ကောင်းတယ်…သိပ်ကောင်းတယ်။ မင်းတို့ကောင်တွေထဲမှာ မင်းနှိပ်တာ အကောင်းဆုံးပဲ…”

“ခေါင်းဆောင်…ဒီအစီအရင်က ပုံမှန်ဆိုရင် တစ်လတစ်ခါတောင် ပွင့်လာခဲ့တယ်လေ။ ခုဘာကြောင့်များ ခဏခဏ ပွင့်လာနေရတာလဲ။ ကြည့်ရတာ ဒီနေရာကို နတ်ဆိုးဗိုလ်ချုပ်တွေ အများကြီး တရဟော လာနေသလိုပဲ…” အာဂူးက ထိုသို့မေးလိုက်၏။

“ဒီနေ့ ငါ့စိတ်ကောင်းဝင်နေတယ်။ ဒါ့ကြောင့် ငါမင်းကို ပြောပြလိုက်မယ်…” ခေါင်းဆောင်ဆိုသူက ထိုသို့ပြောလိုက်စဉ် အနးအနားရှိ အစောင့်တပ်သားများအားလုံးကလည်း ချက်ခြင်း သူ့နားသို့ တိုးလာကြ၏။ ကြည့်ရသည်မှာ သူတို့အားလုံးကလည်း မည်သို့ဖြစ်ပျက်နေသည်ကို သိချင်နေကြသည့်ပုံပင်။

“မင်းတို့က လွန်ခဲ့တဲ့ နှစ်တစ်ရာကမှ ‌ရောက်လာကြတဲ့ တပ်သားသစ်တွေ ဖြစ်ကြတယ်။ ဒါ့ကြောင့် ဒါနဲ့ ပတ်သတ်လို့ မင်းတို့မသိတာ မထူးဆန်းတော့ဘူး။ နှစ်သုံးရာတိုင်း နတ်ဆိုးဗိုလ်ချုပ်တွေကြားထဲမှာ ကြီးမားတဲ့ ပြိင်ပွဲတစ်ခု ကျင်းပတယ်။ နတ်ဆိုးအင်ပါယာကိုယ်တိုင် ဒီပြိုင်ပွဲကို တက်ရောက်တယ်။ ဒီပြိုင်ပွဲရဲ့ စုကြေးကတော့ အချို့နတ်ဆိုးရတနာတွေ ဒါမှမဟုတ် နတ်ဆိုးမန္တန်တွေပဲ။ ဒါပေမြ့ ဒီတစ်ကြိမ် ပြိုင်ပွဲကတော့ အရင်နဲ့ လုံးဝခြားနားတဲ့ အဓိပ္ပာယ်တစ်ခုပါ ရှိနေတယ်…”

“လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ငါတို့က မီးနတ်ဆိုးနိုင်ငံနဲ့ တိုက်ပွဲဖြစ်တော့ ဆုံးရှုံးမှုကြီးကြီးမားမား ခံခဲ့ရတယ်။ ဒုတိယနတ်ဆိုးဗိုလ်ချုပ်မှူး နှစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် နတ်ဆိုးအင်ပါယာက ဒုတိယနတ်ဆိုးဗိုလ်ချုပ်မှူး အသစ်နှစ်ယောက်ကို ဒီပြိုင်ပွဲမှာ ရွေးချယ်လိမ့်မယ်…”

ထိုသို့ပြောလိုက်သည့်အခါ အနီးအနားပတ်လည်ရှိ နတ်ဆိုးတပ်သားများ၏မျက်လုံးများက ပြူးကျယ်သွားကာ သူတို့၏မျက်နှာများကလည်း တုန်လှုပ်မှုနှင့် ပြည့်နှက်သွားကြ၏။

နတ်ဆိုးဗိုလ်ချုပ်နှင့် ဒုတိယနတ်ဆိုးဗိုလ်ချုပ်မှူးတို့ကြားတွင် အဆင့်တစ်ဝက်လောက်သာ ကွာခြားသော်လည်း သည်ကွာဟမှုက ဖြတ်ကျော်နိုင်ရန် မဖြစ်နိုင်သလောက်နီးနီးပင်။ကောင်းကင်နတ်ဆိုးနိုင်ငံ တည်ရှိခဲ့သည့် မရေမတွက်နိုင်သော နှစ်များစွာအတွင်း နတ်ဆိုးဗိုလ်ချုပ်မှူး ရှစ်ယောက်နှင့် ဒုတိယနတ်ဆိုးဗိုလ်ချုပ်မှူး ရှစ်ယောက်တို့သာ ရှိခဲ့ပေ၏။ သို့သော် နတ်ဆိုးဗိုလ်ချုပ်များကတော့ ရာနှင့်ချီကာ ရှိလေသည်။

အခေါ်အဝေါ်ကိုပင် ဒုတိယနတ်ဆိုးဗိုလ်ချုပ်မှူးဟု ခေါ်၍ လက်ထောက်ဗိုလ်ချုပ်မှူးဟု မခေါ်ချေ။ အကြောင်းကတော့ ဒုတိယနတ်ဆိုးဗိုလ်ချုပ်မှုးများက ဗိုလ်ချုပ်မှူးနေရာကို စိန်ခေါ်နိုင်စွမ်း ရှိသောကြောင့်ပင်။

ဗိုလ်ချုပ်မှူးတစ်ယောက် ဖြစ်လာရန် ပထမဆုံး ခြေလှမ်းက ဒုတိယဗိုလ်ချုပ်မှုးဖြစ်လာရန်ပင်။

သူ့အနီးအနားရှိ တပ်သားများ၏ တုန်လှုပ်နေသောမျက်နှာကို ကြည့်ကာ ခေါင်းဆောင်ဆိုသူက မော်ကြွားမှုကို ခံစားမိနေသည်။ သူက ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။ “ဒါ့ကြောင့် နတ်ဆိုးဗိုလ်ချုပ်တွေက ဒီနေရာကို ရောက်လာနေကြတာပဲ…”

“ငါတို့ စောင့်ကြပ်နေရတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဆယ့်လေးခုက နတ်ဆိုးဗိုလ်ချုပ်တွေ အတွက်ပဲ။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ရက်တွေက တော်တော် အလုပ်ရှုပ်နေကြရတာ…”

သူ့ပုခုံးကို နှိပ်ပေးနေသော နတ်ဆိုးတပ်သားက ပြောလိုက်ပြန်၏။ “ခေါင်းဆောင်…ဘယ် နတ်ဆိုးဗိုလ်ချုပ်ကများ ဒီပြိုင်ပွဲမှာ အနိုင်ရမယ်လို့ ထင်ထားလဲ…”

“ဒါ…ဒါကတော့ ပြောဖို့ ခက်တယ်။ နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာတဲ့ တစ်စုံတစ်ယောက်က သူတို့မှာ အားကောင်းတဲ့ မန္တန်တွေ ရှိကြပြီးသား။ ဒါပေမဲ့ ဒီမန္တန်တွေရဲ့ ခွန်အားက ကွာခြင်းမှုတော့ ရှိနေဆဲပဲ။ မီးနတ်ဆိုးနိုင်ငံ နားမှာ ရှိတဲ့ မြို့ကို ချုပ်ကိုင်ထားတဲ့ အရှင်မိုဖန်ကတော့ ထိပ်ဆုံးသုံးဆင့်ထဲ ဝင်နိုင်လိမ့်မယ်။ ဒါ့အပြင် ရှေးဟောင်းနတ်ဆိုးမြို့ရဲ့ အရှင်မိုလီဟိုင်လည်း ရှိသေးတယ်။ သူ့ကျင့်ကြံမှုအဆင့်ကလည်း နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာတောင် အားကောင်းတယ်လို့ ယူဆလို့ရတယ်…”

ခေါင်းဆောင်ဆိုသူ၏ စကားက ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ချက်ခြင်းပင် မတ်တပ်ထရပ်ကာ စစ်ခမောက်ကို ပြန်ဆောင်းလိုက်၏။ သည့်နောက် သူ့လက်ကို ဆန့်တန်းလိုက်ရာ သူ့လက်နက်သည်လည်း လက်ထဲသို့ ပြန်ရောက်လာသည်။

သူက ချက်ခြင်း ထိုသို့ ပြုလုပ်လိုက်ခြင်းပင်။

နတ်ဆိုးတပ်သားများအားလုံးက သူတို့ခေါင်းဆောင်၏ အပြုအမူနှင့်ပတ်သတ်၍ အကျွမ်းဝင်နေခဲ့ပြီး ဖြစ်သည်။ ချက်ခြင်း ခေါင်းဆောင်အမိန့်ပေးစရာမလိုဘဲ သူတို့အားလုံက မတ်မတ်ရပ်ကာ ရှေ့တည့်တည့်သို့ လှည့်လိုက်ကြသည်။

သည်အခိုက်မှာပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အထက်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းအစီအရင်ထံမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များလည်း ဖြာထွက်လို့လာ၏။ သည့်နောက် အစီအရင်ထဲကနေ ပုံရိပ်နှစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ သူတို့က ခြေတစ်လှမ်းစီ လှမ်းလိုက်ရာ တစ်ချိန်တည်းမှာ အစီအရင်ထဲကနေ လှမ်းထွက်လို့သွားကြ၏။

မိုလီဟိုင်က သူ့ရှေ့ရှိ မြို့တော်ကို ကြည့်ကာ အသက်ဝဝရှူသွင်းပြီး သူ့နောက်ရှိ လူကို ပြောလိုက်သည်။ “အကိုဝမ်…ငါ မြို့တော်ကို ပြန်မလာဖြစ်တာ နှစ်သုံးဆယ် ကျော်ခဲ့ပြီ…”

ဝမ်လင်းက သူ့ရှေ့ရှိ မြို့တော်ကြီးကို ကြည့်လိုက်သည်။သည်မြို့က ကြီးမားသော်လည်း ဝမ်လင်းမျှော်လင့်ထားသည့် အတွင်း၌သာ ရှိ၏။တကယ်တော့ သည်မြို့က ကောင်းကင်နတ်ဆိုးနိုင်ငံ၏ မြို့တော်ပင် ဖြစ်၏။

“ဗိုလ်ချုပ်မိုကို နှုတ်ဆက်ပါတယ်…” သူတို့နှစ်ယောက် လှမ်းထွက်လာသည်နှင့် နတ်ဆိုးတပ်သားများက ချက်ခြင်း နှုတ်ဆက်လိုက်ကြသည်။

မိုလီဟိုင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်လင်းကို ပြုံးပြလိုက်သည်။ “အကိုဝမ်…ဒီလမ်း…”

ထိုသို့ပြောပြီးနောက် သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ အနောက်ဘက်ဂိတ်တံခါးသို့ ဦးတည်၍ လျင်မြန်စွာ ရှေ့လျားသွားသည်။ ဝမ်လင်းကလည်း နောက်ကနေ မြန်ဆန်စွာ လိုက်ပါသွား၏။ သူတို့နှစ်ယောက်က အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။

သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ခေါင်းဆောင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချသည်။ သူ့ဘေးရှိ နတ်ဆိုးတပ်သားက ခပ်တိုးတိုး ပြောလိုက်၏။ “ခေါင်းဆောင်…ဗိုလ်ချုပ် ခေါ်လာတဲ့ လူက ဘယ်သူလဲ….” များစွာသောဗိုလ်ချုပ်များက သူတို့နှင့်အတူ လူစိမ်းများကိုပါ ခေါ်လာလေ့ ရှိကြပေ၏။

ခေါင်းဆောင်က ထိုနတ်ဆိုးတပ်သားကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ဒီတစ်ကြိမ် နတ်ဆိုးဗိုလ်ချုပ်တွေကြားက ပြိုင်ပွဲဟာ အလွန်အရေးကြီးတယ်. ဒါ့ကောင့် သူတို့က အကူအညီကိုပါ ရှာခဲ့ကြတာ။ ဗိုလ်ချုပ်မို ရွေးချယ်လိုက်တဲ့လူက အထူးပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် မင်းက ဒါနဲ့ပတ်သတ်ပြီး အတွေးမများတာ အကောင်းဆုံးပဲ…”

သူက ဝမ်လင်းနှင့်မိုလီဟိုင်တို့ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ကာ တွေးနေမိသည်။ “မိုလီဟိုင် အသိအမှတ်ပြု ခေါ်လာတဲ့လူရဲ့ ကျင့်ကြံမှုက ရိုးစင်းမှာ မဟုတ်ဘူး။ ဒါ့အပြင် မိုလီဟိုင်က သူ့အပေါ်မှာ ယဉ်ကျေးနေသေးတယ်။ ဒီလူက တကယ့်ကို ရိုးရှင်းလိမ့်မှာ မဟုတ်ဘူး…”

မိုလီဟိုင်က နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ပင်။ ထို့ကြောင့် အနောက်ဘက်ဂိတ်မှ တပ်သားများက သူ့ကိုမြင်သည်နှင့် တလေးတစားအသွင် ဖြစ်သွားကြ၏။ သူတို့က မိုလီဟိုင်နှင့်ဝမ်လင်းကို မြို့ထဲသို့ ခေါ်သွားပေးပြီးနောက် တလေးတစားဖြင့် သူတို့နေရာသို့ ပြန်လာခဲ့ကြ၏။

မိုလီဟိုင်က ဝမ်လင်ကို ကြည့်၍ ပြောလိုက်သည်။ “အကိုဝမ်…ကောင်းကင်နတ်ဆိုးမြို့ရဲ့ အင်အားစုမျိုးစုံက တကယ့်ကို ရှုပ်ထွေးကြတယ်။ အထူးသဖြင့် နတ်ဆိုးဗိုလ်ချုပ်တွေ ခုလို စုဝေးနေတဲ့ အချိန်မှာပေါ့။ ဒါ့ကြောင့် အကိုဝမ်က မြို့ထဲမှာ မနေတာ အကောင်းဆုံးပဲ။ အဲ့အစား ငါနဲ့ ငါ့နေအိမ်ကို လိုက်လာခဲ့ပါလား…”

အနောက်ဘက်ဂိတ်ပေါက်နှင့် ချိတ်ဆက်ထားသော မြို့နှစ်မြို့ ရှိ၏။ ပထမမြို့ကို ရွှမ်မြို့ဟု ခေါ်ကာ နောက်တစ်မြို့ကတော့ ဟုန် မြို့ဖြစ်၏။

မိုလီဟိုင်က ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးမြို့မှာ စုစုပေါင်း မြို့ရှစ်ခု ရှိတယ်။ ဒီပြင်ပမြို့တွေကို အတွင်းမြို့၊အပြင်မြို့အဖြစ် ခွဲထားကြတယ်။ ကောင်းကင်၊မြေကြီး၊ရွှမ်နဲ့ အဝါ လို့ခေါ်တဲ့ မြို့တွေက အတွင်းမြို့လေးမြို့၊ စကြဝဠာ၊ထာဝရ၊ဟုန်နဲ့ ကပ်ဘေး မြို့တွေကို အပြင်မြို့လို့ခေါ်တယ်…”

“အတွင်းမြို့တွေက တရားစီရင်ရေးခုံရုံး ဖြစ်ပြီး အပြင်ဘက်မြို့တွေကတော့ စစ်တပ်နဲ့ ဆိုင်တယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီးတော့လည်း ပိုများတဲ့ ကွာခြားမှုတွေ ရှိသေးတယ်။ငါကတော့ ဟုန်မြို့မှာ နေတာ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ “ငါ နားထောင်နေပါတယ် အကိုမို…”

မိုလီဟိုင်ကလည်း ပြုံး၍ ဝမ်လင်းကို ခေါင်းညိတ်ပြသည်။ သည့်နောက် သူက ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူ့ရှေ့ပေတစ်ထောင်တွင် လမ်းဆုံတစ်ခု ရှိနေ၏။ လမ်းစုံ၏ ဘယ်ဘက်ခြမ်းက ရွှမ်မြို့သို့ သွားသည့်လမ်း ဖြစ်ကာ ညာဘက်ခြမ်းက ဟုန်မြို့သို့ သွားသည့်လမ်း ဖြစ်သည်။

တမ်လင်းက မိုလီဟိုင် လမ်းညွှန်မှုဖြင့် နောက်က လိုက်ပါလာပြီး မြို့ထဲသို့ ဖြတ်လျှောက်လာကြသည်။ သည်ဟုန်မြို့က ဆိုင်များ၊လူများနှင့် စည်ကားနေ၏။ လမ်းများက လူများ ဝင်လိုက်ထွက်လိုက်နှင့် သက်ဝင်လှသည်။

လမ်းမကလည်း ကျယ်ဝန်း၏။ သို့သော် လမ်းဘေးနှစ်ဖက်လုံးတွင် လူများ စုစုစည်းစည်း ရှိနေကြကာ လမ်းအလယ်က သုံးပုံတစ်ပုံသာ လူသွားလို့ရသည်။ လမ်းမအလယ်တွင် ရပ်တန့်ကြည့်ပါက သင်က ထိုလမ်းသည် အကွာအဝေးတစ်ခုထိ ရှည်တန်းနေသည်ကို တွေ့မြင်ရမည်။

မိုလီဟိုင်က ဝမ်လင်းအကြည့်သည် ထိုလမ်းမတစ်ဆုံးကို ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူက ပြုံး၍ ရှင်းပြလိုက်သည်။ “ဒီလမ်းက စစ်တပ်လမ်း…ဒါ့ကြောင့် သာမန်လူတွေ ဒီလမ်းပေါ်မှာ သွားခွင့် မရှိကြဘူး…”

ထိုအခိုက်မှာပင် အကွာအဝေးတစ်ခုရှိ စစ်တပ်လမ်းထံမှ အသံဗလံများ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် အနက်ရောင်စစ်မြင်းအုပ်စုတစ်စုက တရောသုန်းပါး လာနေသည်ကို တွေ့လိုက်ကြရ၏။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ စုစုပေါင်းမြင်း (၁၉) ကောင် ရှိသည်ကို တွေ့လိုက်ရသည်။ ထိုမြင်းများပေါ်၌ အနက်ရောင်ချပ်ဝတ်နှင့် တပ်သားတစ်ယောက်စီ ထိုင်လျက်စီးနင်းသွားကြသည်။ ထိုသူတို့၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်လောက် ရှိကြပေ၏။ သူတို့၏ခန္ဓာကိုယ်များမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ထူးဆန်းသောနည်းလမ်းဖြင့် အတူပေါင်းစပ်လျက် ရှိကြသည်။

သူတို့ထက်ရှိ ကောင်းကင်ထက်၌ နတ်ဆိုးစိတ်ဝိညာဉ် ရစ်ဝဲနေပြီး ထိုစိတ်ဝိညာဉ်က ဧရာမသားရဲတစ်ကောင်လို ဝိုးတဝါးဖြစ်ပေါ်လျက် ရှိသည်။

သူတို့ကိုးယောက်လုံးက ဝမ်လင်းနှင့် မိုလီဟိုင်တို့ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာနေကြသည်။ဝမ်လင်းက မိုလီဟိုင်ကို ကြည့်လိုက်ရာ မိုလီဟိုင်၏ အသွင်က အလေးအနက်ဖြစ်နေသော်လည်း သူ့မျက်နှာပေါ်တွင် ကွယ်ဝှက်ထားသည့် အပြုံးတစ်ခုပါ ရှိလို့နေသည်ကို တွေ့လိုက်ရသည်။

ထိုဆယ့်ကိုးယောက်က သူတို့နှစ်ယောက်ရှေ့ ဆယ့်နှစ်ပေခန့်တွင် ရပ်လိုက်ကြသည်။ သူတို့က မြင်းများပေါ်ကနေ ဆင်းသက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဒူးထောက်ချကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ဗိုလ်ချုပ်မိုကို နှုတ်ဆက်ပါတယ်…”

မိုလီဟိုင်က ရယ်မောလိုက်သည်။ သည့်နောက် သူက လက်ဝှေ့ယမ်း၍ ပြောလိုက်၏။ “အားလုံး ထကြ။ ဒါက ငါ့မိတ်ဆွေကောင်း ဒုဗိုလ်ချုပ်ဝမ်။ နောက်ကျရင် မင်းတို့ သူ့ကို တွေ့တာဟာ ငါ့ကို တွေ့သလိုပဲ…”

သူတို့ဆယ့်ကိုးယောက်က ဝမ်လင်းထံသို့ လှည်ကာ ချက်ခြင်း ပြောလိုက်ကြသည်။ “ဒုဗိုလ်ချုပ်ဝမ်ကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏။

သည်လူဆယ့်ကိုးယောက်၏ အသံများနှင့် သည်မြင်ကွင်းက လူတိုင်း၏ အာရုံကို ဖမ်းစားသွားကြသည်။ သူတို့မျက်နှာပေါ်၌ တုန်လှုပ်မှုတို့ ပြည့်သွားကာ ခပ်ဝေးဝေးသို့ ဆုတ်သွားကြတော့သည်။

“အကိုဝမ်…ငါ့ နေအိမ်ကို လိုက်ခဲ့ပါ။ ငါတို့နှစ်ယောက်အတွက် အရက်ကောင်းကောင်း ကြိုပြင်ဆင်ခိုင်းထားပြီးပြီး။ ဒါ့ကြောင့် ငါတို့ တစ်ခွက်တစ်ဖလား သောက်ကြတာပေါ့…” မိုလီဟိုင်က စစ်မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်၏။

ဝမ်လင်းကလည်း မြင်းတစ်ကောင်ပေါ်သို့ လိုက်ခုန်တက်လိုက်သည်။ သူက ရယ်မောကာ ပြောလိုက်၏။ “အရက်ကောင်းလား…”

“ဒါပေါ့…အရက်ကောင်းပဲ…” မိုလီဟိုင်နှင့်ဝမ်လင်းတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြတော့သည်။ သည့်နောက် သူတို့နှစ်ယောက်က မြင်းချင်းယှဉ်စီးကာ ထွက်သွားကြတော့သည်။ ကျန်သည့် လူဆယ့်ကိုးယောက်နှင့် မြင်းဆယ့်ခုနှစ်ကောင်ကလည်း သူတို့နောက်သို့ လိုက်ပါသွားကြ၏။

သူတို့အုပ်စုက စစ်တပ်လမ်းအတိုင်း မြင်းစီးလာကြစဉ် ရုတ်တရက် အကွာအဝေးတစ်ခုမှ မြင်းဟီသံများ ကြားလိုက်ရ၏။ မိုလီဟိုင်အသွင်က ရှုံ့တွသွားသည်။ သူက အရှိန်လျော့ရမည့်အစား သာ၍ မြန်ဆန်စွာပင် စီးသွားတော့သည်။

ဝမ်လင်း မျက်လုံးကလည်း လက်ခနဲ ဖြစ်သွား၏။သူက အသိအကျွမ်းတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset