Switch Mode

အပိုင်း (၆၁၃)

ဘိုးဘေး ပြန်ရောက်လာခြင်း

နတ်ဆိုးဗိုလ်ချုပ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။သူ့ပတ်လည်ရှိ လှိုင်းများသည်လည်း ရူးသွပ်ဖွယ် မြင့်တက်လာခဲ့သည်။ သည်အခိုက်တွင် သူ့ရှေ့ရှိ အရာအားလုံးက သည်လက်ဝါးအမှတ်အသားကသာ အစားထိုးသွားသည်ဟု ထင်မှတ်ရ၏။

သက်လက်ဝါးရာ ပေါ်လာပြီးသည်နှင့် ကောင်းကင်ထက်မှ ထွက်ပေါ်လာသည့်အလား။

သူက ယင်းလက်ဝါးရာကို ခုခံနိုင်ခြင်း၊ရှောင်နိုင်ခြင်း မရှိဟူသည့် ခံစားချက်ကို နှလုံးသားထဲကနေ ခံစားမိသည်။သည်လက်ဝါးက သက်ရှိများအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိသည်ဟု ထင်ရ၏။

သည်ခံစားချက်က သူ့နှလုံးသားထဲတွင် တရိပ်ရိပ်တက်လာသည်။ သူ့ခန္ဓာကိုယ်လည်း အလိုလို တုန်ယင်နေမိ၏။ သည်လက်ဝါးက ခုချိန်ထိ ဆင်းသက်လာခြင်း မရှိသေးသော်လည်း ၎င်းထံကနေပေးသည့် ဖိအားက သူ့တိုက်ပွဲစိတ်ဆန္ဒကို ဖျက်စီးပစ်နေသည်။

နတ်ဆိုးဗိုလ်ချုပ်က ရုန်းကန်ကာ မာန်တင်းသံ ပြု၏။ သူ့စိတ်ထဲ၌ ဦးမညွတ်လိုသော စိတ်ခံစားချက် ပေါ်လာသည်။သူက သည်လျှင်မြန်စွာ ဆင်းသက်လာသည့် လက်ဝါးကို စူးစိုက်ကြည့်နေရင်း သူ့ကိုယ်ထဲမှ တိုက်ပွဲစိတ်ဆန္ဒက ပေါက်ကွဲထွက်လာ၏။

“သင်က ကောင်းကင်ဘုံ ဖြစ်ရင်တောင် ငါက တိုက်ခိုက်ရမယ်၊ သင်က ကမ္ဘာလောကကို ဖျက်စီးနိုင်ရင်တောင် ငါက တိုက်ခိုက်နိုင်ရမယ်၊ သင်က သက်ရှိအားလုံးကို ဖျက်စီးနိုင်ရင်တောင် ငါ့နှလုံးသားထဲက တိုက်ပွဲစိတ်ဆန္ဒကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး…”

သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်နေခြင်း မရှိတော့ဘဲ မတ်မတ်ရပ်သည်။ သူက အလျော့မပေးစွာဖြင့် မာန်သွင်းသည်။ နတ်ဆိုးဗိုလ်ချုပ် ပတ်လည်ရှိ လှိုင်းများက မရေမတွက်နိုင်သောပင်လယ်နဂါးများအသွင်သို့ ပြောင်း၍ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

လက်ဝါးရာ ကျရောက်လာသည့်အခါတွင် နတ်ဆိုးဗိုလ်ချုပ်၏ တိုက်ပွဲစိတ်ဆန္ဒက အထိတ်အထိပ်သို့ ရောက်လာ၏။ သို့သော် ထိုအခိုက်တွင် သူ့ကို လေပြေညှင်းတစ်ခုက တိုက်ခတ်သွား၏။ သည်လက်ဝါးက နတ်ဆိုးဗိုလ်ချုပ်ပေါ်သို့ ကျရောက်လာသော်လည်း မည်သည့်ပြောင်းလဲမှုမှ ဖြစ်မသွားချေ။ နတ်ဆိုးဗိုလ်ချုပ်က မှင်သက်သွားသည်။ သည်လိုအသွင်ဟန်ပန်က သူ့မျက်နှာပေါ်တွင် မပေါ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ ဖြစ်သည်။

သူက ထိန်းချုပ်နိုင်ခြင်းကင်းမဲ့ကာ သေခြင်းတံခါးပေါက်မှ လှမ်းထွက်လာနိုင်သလို ခံစားနေရကာ ခုထိ ကြောက်ရွှံ့မှု မပြယ်သေးချေ။

“သင်က သေနှင့်နေပြီးပြီး…” ဝမ်လင်းက လေထဲမှ ဆင်းသက်လာကာ နတ်ဆိုးဗိုလ်ချုပ်ကို ကြည့်သည်။

နတ်ဆိုးဗိုလ်ချုပ်အသွင်က ရှုပ်ထွေးကာ သူက ဝမ်လင်းကို စိတ်ထဲ၌ သံသယ ဖြစ်နေ၏။ “ဒီမန္တန်က ဘာလဲ…” သူက မေးလိုက်၏။

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ဒီမန္တန်က နာမည် မရှိဘူး…”

နတ်ဆိုးဗိုလ်ချုပ်က အနည်းငယ်စဉ်းစားသွားကာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ လှိုင်းများသည်လည်း ပျောက်ကွယ်လို့သွားသည်။ သူက ဝမ်လင်းကို ကြည့်ကာ မေးလိုက်၏။ “မင်းက ဒီမန္တန်ကို အပြည့်အဝ မတက်မြောက်သေးဘူး…”

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိချေ။ သူက တစ်ခုသာ ထပ်ပြောလိုက်သည်။ “သင် ထပ်ကြိုးစားကြည့်နိုင်တယ်…”

နတ်ဆိုးဗိုလ်ချုပ်က မရေမရာ ဖြစ်နေသည်။ သူက ဝမ်လင်းသည် သည်တိုက်ခိုက်မှုကို ပုံရိပ်ယောင်အဖြစ်သာ သရုပ်ပြနိုင်ပြီး နောက်ကွယ်က အစစ်အမှန်စွမ်းအားကို အသုံးမပြုနိုင်ဟု သံသယ ရှိနေသည်။ သူက ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိသော်လည်း သူစောနက တွေ့ကြုံခံစားခဲ့ရသည့် သေခြင်းရှင်ခြင်းခံစားချက်ကို ပြန်တွေးမိကာ စွန့်စားကြည့်ရန် ဆန္ဒမရှိတော့ပေ။

သည်လက်ဝါးရာ အကြောင်းတွေးမိရုံဖြင့်ပင် သူ့နှလုံးသားကို တုန်ယင်စေ၏။

နတ်ဆိုးဗိုလ်ချုပ်က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ဒါက မင်းဝှက်ဖဲပေါ့…”

ဝမ်လင်းက ရှင်းပြခြင်း မပြုချေ။သူက ပိုရှင်းပြလေ လစ်ဟာချက် ပိုရှိလာနိုင်ကြောင်း သိပေ၏။ သူက သည်မန္တန်သည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း လူတိုင်းက သံသယ ဝင်နိုင်ကြောင်းကို သိပေသည်။ သို့ရာတွင် သံသယက သံသယသာ ဖြစ်၏။ နတ်ဆိုးဗိုလ်ချုပ်က သည်သံသယကို သေချာသတ်မှတ်နိုင်ခြင်း မရှိချေ။

ထို့ကြောင့်သူက ဘာစကားမှ မပြောဘဲ နတ်ဆိုးဗိုလ်ချုပ်ကိုသာ တည်ငြိမ်စွာ ကြည့်နေ၏။

နတ်ဆိုးဗိုလ်ချုပ်က သက်ပြင်းချလိုက်သည်။ သူက သည်လက်ဝါးနှင့်ပတ်သတ်၍ ကိုးဆယ်ရာခိုင်နှုန်း သံသယ ရှိနေသော်လည်း ထပ်မံ စမ်းသက်ကြည့်ရန် သတ္တိမရှိတော့ပေ။ သည်လက်ဝါးကသာ အမှန်အကန်ဖြစ်သွားပါက သူသေသွားမည် မဟုတ်လား။

“သူ့ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီလိုအားကောင်းလွန်းတဲ့ မန္တန်ကို အသုံးပြုရင် သေချာပေါက် တန်ပြန်ဒဏ်ကို ခံရမှာပဲ၊ သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်တာတောင် ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် သူက လက်ဝါးရဲ့ ပုံရိပ်ယောင်ကို အသုံးပြုခဲ့တာ ဖြစ်လိမ့်မယ်…”

နတ်ဆိုးဗိုလ်ချုပ်က ထိုသို့ တွေးထင်လိုက်၏။

သူက သံသယ ရှိနေသေးသော်လည်း ထိုစိတ်ကို အတင်းပြန်ဖိနှိပ်ထားလိုက်၏။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “ဆယ့်သုံး ဘယ်မှာလဲ…”

“ငါက လက်နက်တစ်ခုကို မွန်းမံသန့်စင်ဖို့ သန်မာတဲ့ခန္ဓာကိုယ် ဆယ့်ရှစ်ခုလိုအပ်တယ်။ ငါက ဒီတစ်ကြိမ်တံခါးပိတ်ကျင့်ကြံတာက အဲ့ရတနာကို သန့်စင်ချင်လို့ပဲ။ မင်း နောက်လိုက် ဆယ့်သုံးက နောက်ဆုံးကျမှ သန့်စင်တဲ့ထဲပါမှာ၊ ဒါ့ကြောင့် ခုထိ သူက သန့်စင်ခြင်း မခံရသေးဘူး…”

ထို့နောက် နတ်ဆိုးဗိုလ်ချုပ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါက သူ့ကို မင်းအတွက် ပြန်ပေးနိုင်တယ်၊ မင်းက ငါ့တပ်မှူးဖြစ်လို့ပဲ၊ ဒါပေမဲ့ မင်းကငါ့နတ်ဆိုးတပ်သား သောင်းချီကို သတ်ပစ်ခဲ့ပြီး ဒီမြို့ရဲ့ ငါးကီလိုမီတာကို ဖျက်စီးခဲ့တယ်။ ဒီကိစ္စကတော့ ငါ မင်းကို လွယ်လွယ် ခွင့်လွှတ်ပေးလို့ မရနိုင်ဘူး…”

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ပြောလိုက်၏။ “သင် ဘာလိုချင်လို့လဲ…”

နတ်ဆိုးဗိုလ်ချုပ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “သုံးလပြီးရင် ငါက ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ မြို့တော်ကို ပြန်လည်အစီရင်ခံဖို့ သွားစရာ ရှိတယ်။ အဲ့အချိန်ကြရင် နတ်ဆိုးဗိုလ်ချုပ်တွေကြား ပြိုင်ပွဲရှိတယ်။ မင်းက ငါ့ကို ကူညီဖို့ ကတိပေးရင် ငါက မင်း ငါ့တပ်သားတွေကို သတ်တဲ့ ကိစ္စကို ခွင့်လွှတ်ပေးမယ်၊ မဟုတ်ရင် ငါ သေရမယ်ဆိုရင်တောင် မင်းက ဒီနိုင်ငံမှာ ခြေကုပ်ယူနိုင်တဲ့ နေရာ မရစေရဘူး…”

သည်အခိုက်တွင် နတ်ဆိုးဗိုလ်ချုပ်က ဝမ်လင်းက သူနှင့် အဆင့်တူဟု တွေးထင်ထားသည်။ ပုံရိပ်ယောင်လက်ဝါးကို ထည့်မတွက်ဘူးဆိုလျှင်ပင် ဝမ်လင်းက သူ့ ဆယ်ခုပြိုကျမှုလက်သီးစိတ်ဆန္ဒနှင့် လှိုင်းတစ်ရာနတ်ဆိုးပင်လယ်တို့ကို တောင့်ခံနိုင်ခဲ့ခြင်းက နတ်ဆိုးဗိုလ်ချုပ်၏ စိတ်ထဲ၌ ဝမ်လင်း၏ တည်ရှိမှုက မြင့်တက်သွားခဲ့ပေသည်။

“ဒီလူက ငါနဲ့ ကျင့်ကြံမှုတူတူပဲ၊ သူ့မန္တန်တွေက ငါ့မန္တန်တွေကို မယှဉ်နိုင်လို့သာ မဟုတ်ရင် ဒါက ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်…”

မန္တန်များအကြောင်းတွေးမိရင်း သူက ရုတ်တရက် လက်ဝါးရာကို ပြန်အမှတ်ရလိုက်၏။ ထိုအခါ ဝမ်လင်း၏ မန္တန်များသည် သူ့မန္တန်ကို မယှဉ်နိုင်ဘူးဆိုသည့် အတွေးက လုံးဝပျောက်ကွယ်လို့သွားသည်။

“ဒီလက်ဝါးနဲ့ နှိုင်းယှဉ်ရင် ငါ့မန္တန်တွေက ဘာမှ မဟုတ်တော့ဘူး၊ ဒီမန္တန်ကို နတ်ဆိုးအင်ပါယာတစ်ယောက်ပဲ ယှဉ်နိုင်မှာ ငါစိုးရိမ်မိတယ်…” နတ်ဆိုးဗိုလ်ချုပ်က သက်ပြင်းချ၏။

ဝမ်လင်းကလည်း အနည်းငယ်စဉ်းစားပြီးနောက် သက်ပြင်းချလိုက်၏။

နတ်ဆိုးဗိုလ်ချုပ်က ရယ်မောလိုက်တော့၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ကောင်းတယ်၊ ဒီနေ့က စပြီး ငါ ဘယ်တောင်ပံဗိုလ်ချုပ် မိုလီဟိုင်က မင်းကို ငါ့လက်ထောက်ဗိုလ်ချုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ငါသာ နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ ထိပ်ဆုံးသုံးနေရာ ဝင်နိုင်ရင် ငါက မင်းအတွက် ဗိုလ်ချုပ်အဖြစ်ရာထူးပေးဖို့ နတ်ဆိုးအင်ပါယာကို တောင်းဆိုပေးမယ်…”

“အဲ့အချိန်ကြရင် မင်းက မင်းကိုယ်ပိုင်မြို့၊ မင်းအမိန့်အောက်မှာ နတ်ဆိုးတပ်သား တစ်သိန်း ပိုင်ဆိုင်ရလိမ့်မယ်၊ မင်းက အခြားပြင်ပကျင့်ကြံသူတွေထက် ပိုများတဲ့ အကျိုးအမြတ်ကို ကျိန်းသေရလိမ့်ဦးမယ်…” ထိုသို့ပြောပြီးနောက် သူ့ညာလက်ကို ဆန့်တန်းလိုက်ရာ အနက်ရောင်ဝဲကတော့ တစ်ခုကို ဖန်တီး၏။

ထိုဝဲကတော့ ထဲ၌ အလင်းစက်များ ရှိနေသည်။ နတ်ဆိုးဗိုလ်ချုပ် ထိုအလင်းစက်များထဲမှ တစ်ခုထံသို့ လက်ညွှန်လိုက်ရာက ၎င်းဝဲကတော့က ပြိုကျသွား၏။ ထို့နောက် ဆယ့်သုံးခန္ဓာကိုယ်က ပျံဝဲထွက်လာကာ ဝမ်လင်းရှေ့သို့ ရောက်လာ၏။

“ငါက သုံးလအတွင်း ပြန်လာခဲ့ပါမယ်…” ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဆယ့်သုံးကို စစ်ကြည့်လိုက်သည်။ သူက ဆယ့်သုံးသည် မည်သည့်ဒဏ်ရာမှ ရရှိခြင်းမရှိဘဲ မေ့မြောနေရုံသာ ဖြစ်ကြောင်း တွေ့ရှိလိုက်၏။ သူက ဆယ့်သုံးကို ဆွဲခေါ်လိုက်ကာ လေထဲသို့ ခြေတစ်လှမ်း လှမ်းကာ မိုးကုပ်စက်ဝိုင်း အစွန်းတွင် ပျောက်ကွယ်သွားတော့သည်။

နတ်ဆိုးဗိုလ်ချုပ်က လက်နောက်ပစ်ကာ ကောင်းကင်ထက်သို့ ကြည့်နေကာ ခေါင်းခါယမ်းလိုက်သည်။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်နှင့် ညီမျှသည့် လူငါးယောက်က ဝရောသုံးကား ရောက်လာကြ၏။ ထိုငါးယောက်သည် အစောပိုင်းက တိုက်ပွဲကို တွေ့မြင်ခဲ့ရပေသည်။ သူတို့စိတ်ထဲ၌ သည်တိုက်ပွဲ ပုံရိပ်ကသာ နစ်မြုပ်နေကာ အချိန်အတန်ကြာသည့် အထိ ရုန်းမထွက်နိုင် ဖြစ်နေခဲ့သည်။

သူတို့ငါးယောက် ဝမ်လင်းထွက်သွားမှ ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။

ငါးယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “နတ်ဆိုးဗိုလ်ချုပ်…သူ့လက်ဝါးရိုက်ချက်က အတုအယောင်ဖြစ်တယ်လို့ ငါယုံကြည်တယ်၊အရှင်သာ ဆက်တိုက်မယ်ဆိုရင် သူ့ကို ကျိန်းသေသတ်နိုင်မှာ…”

“ငါက ဒီလက်ဝါးက အတုမှန်း ကိုးဆယ်ရာခိုင်နှုန်းဖြစ်နေကြောင်းကို သိထားပေမဲ့ ငါ့ကိုယ်ငါ မစွန့်စားချင်ဘူး။ သူက ဒီလက်ဝါးပုံရိပ်ယောင်ကိုပဲ အသုံးပြုနိုင်တယ်ဆိုရင်တောင် သူက ငါ့ကို အချိန်အကြာကြီး တုံ့ဆိုင်းသွားစေခဲ့တယ်၊ ဒါက သူဟာ အမှန်လူတော်တစ်ယောက် ဖြစ်တယ်ဆိုတာ ပြသနေတာပဲ။ အတုကို အစစ်လုပ်၊ အစစ်ကို အတုလုပ်…ဒီလူက တကယ်ကို လျော့တွက်လို့ မရဘူး…”

“ဒါ့အပြင် လွန်ခဲ့တဲ့တစ်နှစ်က ငါ့ပြိုကျမှုလက်သီးဆယ်ခုကို ယှဉ်တိုက်တုန်းက သူဟာ လျှို့ဝှက်တဲ့နည်းစနစ်တစ်ခုကို အသုံးပြုပြီး ပြိုကျမှုခုနစ်ခုထိ တောင့်ခံနိုင်ခဲ့တယ်၊ ခု တစ်နှစ်ကြာပြီးတဲ့ အချိန်မှာ သူ့ကျင့်ကြံမှုအဆင့်က တဟုန်ထိုး မြင့်တက်သွားခဲ့တယ်။ သူနဲ့ တပ်မှူးယောင်တို့က တူညီတဲ့ အချိန်မှာ အတူ ပျောက်ကွယ်သွားခဲ့ကြတယ်။ သူကပဲ ခု ပြန်လာခဲ့တယ်။ ဒါ့ကြောင့် ပုန်းကွယ်နေတဲ့ နေရာတစ်ခုခုတော့ ရှိနေနိုင်တယ်။ ဒါပေမဲ့ အဲ့နေရာက ငါနဲ့ ဘာမှ မပတ်သတ်ဘူး…”

နတ်ဆိုးဗိုလ်ချုပ်၏ စကားများက ထိုလူငါးယောက်ထံသို့ ပြောနေခြင်း ဖြစ်သည်။သို့သော် စကားအများစုက သူ့ကိုယ်သူ ခပ်တိုးတိုး ပြန်ပြောနေခြင်းသာ ဖြစ်၏။

သူတို့ငါးယောက်က တိတ်တဆိတ် စဉ်းစားကာနေသည်။ သူတို့အားလုံးက ခေါင်းမော့ကာ ဝမ်လင်း ထွက်သွားသည့်နေရာသို့ ကြည့်လိုက်ကြ၏။ သူ့တို့စိတ်ထဲ၌ ရှုပ်ထွေးမှုတစ်ခုကို ခံစားလိုက်မိကြသည်။

ဝမ်လင်းက လေထဲ၌ ပျံဝဲနေသည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ သူက မြို့ထဲရှိ အမှောင်ထောင်ကို တွေ့လိုက်၏။ သည့်နောက် သူက သတိမေ့နေသေးသည့် ဆယ်သုံးနှင့်အတူ ထိုနေရာ ရှေ့သို့ ရောက်လာ၏။

သည်အမှောင်ထောင်က မြေအောက်တွင် ရှိနေ၏။ သည်နေရာတွင် အတားအဆီးများစွာ ရှိသော်လည်း ထောင်အနက်ပိုင်းက အရာများကလွဲ၍ ဝမ်လင်းကို တားဆီးနိုင်ခြင်း မရှိကြပေ။

ဟော်ဖောင်၏ အဆင့်ဖြင့် သူက ထောင်အနက်ပိုင်းသို့ ထည့်သွင်းချုပ်နှောင်စရာ မလိုချေ။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သို့သော် သူက ဟော်ဖောင်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။သူက သက်ပြင်းချကာ သဲလွန်စမရှိ ပျောက်ကွယ်လို့သွား၏။

ဝမ်လင်းက မြန်ဆန်စွာ ရွှေ့လျားနေ၏။ ခု သူ့အမြန်နှုန်းက မူလထက် အဆမတန် ပိုမြန်သွားခဲ့ပြီ ဖြစ်သည်။ သူက ဆယ့်သုံးကို သယ်ဆောင်ထားသော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ထံသို့ ပြန်ရောက်ရန် အချိန်သိပ်မယူလိုက်ရချေ။

ဝမ်လင်းက စိတ်ဝိညာဉ်မျိုးနွယ်စု၏ ဆယ့်နှစ်ကီလိုမီတာ အကျော်တွင် ပေါ်လာ၏။ သူ့ရှေ့တွင် သိပ်မဝေးသော နေရာတွင် ရှိနေသည့် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို လှမ်းမြင်နေရသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်း မျိုးနွယ်စုက သည်နှစ်တွင် နယ်မြေချဲ့ထွင်ခြင်း မရှိသော်လည်း သူတို့အားလုံးက ကြိုးစားကျင့်ကြံနေခဲ့ကြသည်။ သည် တစ်ဆယ်ကီလိုမီတာဧရိယာသည် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

သည်တစ်ဆယ်ကီလိုမီတာဧရိယာ၏ ကောင်းကင်ထက်တွင် ထူထဲသော အနက်ရောင်မြူလွှာတစ်ခု ရှိနေသည်။သည်မြူနက်လွှာထဲတွင် စိတ်ဝိညာဉ်အပိုင်းအစများက တစ်ခါတစ်ရံ ရွှေ့လျားနေကြသည်။ တစ်ခါတစ်ရံတွင်တော့ အထဲ၌ တစ္ဆေငြီးသံများကို မြည်တမ်းနေကြသည်။

ခုချိန်တွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုအတွင်းရှိ လူအများစုက ကျင့်ကြံလျက် ရှိနေသည်။ သူတို့အားလုံးက သူတို့စိတ်ဝိညာဉ်အလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများကို အနက်ရောင်မြူလွှာထဲသို့ ပို့လွှတ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုစိတ်ဝိညာဉ်အပိုင်းအစများက သူတို့စိတ်ဝိညာဉ်အလံထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

ဝမ်လင်းက ပေါ်ထွက်လာပြီးနောက် ခြေတစ်လှမ်းဖြင့်ပင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ရှိရာသို့ တိုးဝင်သွားသည်။ သူက ပြုံးလိုက်၏။ သူက လူဆယ်ယောက်ကျော်က မတူညီသည့်နေရာ ဆယ်ခုကို သေချာစောင့်ကြပ်နေသည်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။

သူက သည်လူများနှင့် ရင်းနှီးပြီးသားပင်။ ထိုသူတို့၏ တာဝန်က အပြင်ဘက်တွင် ကင်းစောင့်ရန် ဖြစ်၏။

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ကီလိုမီတာငါးဆယ်အတွင်းတွင် လူတစ်ရာကျော်က စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းက မျိုးနွယ်စုနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာရန် ဘာမှ မကြာလိုက်ချေ။ သူက ထိုနေရာတွင် ရပ်တန့်လိုက်၏။ထို့နောက် အားကောင်းသောလေပြင်းတစ်ခုက သူ့နောက်ကနေ လိုက်ပါလာပြီး မျိုးနွယ်စုထံသို့ တိုက်ခတ်သွားသည်။

သူက ရပ်တန့်လိုက်သည်နှင့် လူတစ်ယောက်က ဝမ်လင်းကိုချက်ခြင်း တွေ့မြင်သွားသည်။ ခဏတာ တုန်လှုပ်မိသွားပြီးနောက် သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေတော့သည်။

“ဘိုးဘေး…” ပျော်သံနှင့် ပြည့်နေသည့် အသံက ကျင့်ကြံနေသည့်လူတိုင်းကို နိုးထလာစေခဲ့သည်။ ချက်ခြင်းပင် မျိုးနွယ်စုဝင်အားလုံးက မတ်တပ်ထရပ်လာကြ၏။

ချူယောင်ဟွာက အနက်ရောင်မြူထုအဖြစ်သို့ ပြောင်း၍ မျိုးနွယ်စုကို ဖြတ်ကျော်လာလေသည်။ သူက ဝမ်လင်းနှင့် ဆယ်ပေအကွာတွင် ရပ်တန့်လိုက်၏။သူ့မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေသည်။ သူက လေးစားစွာ ပြောလိုက်၏။ “ဘိုးဘေး ပြန်လာတာကို ကြိုဆိုပါတယ်…”

တစ်ချိန်တည်းမှာပင် မျိုးနွယ်စုဝင်အားလုံးက ဒူးတစ်ဖက်စီထောက်ကာ အော်ဟစ်လိုက်ကြ၏။ “ဘိုးဘေးပြန်လာတာကို ကြိုဆိုပါတယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset