အခန်း ( ၂၆၀ )

ဒုတိယသွေးဘိုးဘေး

၎င်းတို့သည် သွေးဘိုးဘေးကြီး၏ မူလအစကို ဖော်ပြပေးသည့် မှတ်ဥာဏ်များလည်း မဟုတ်သကဲ့သို့ သူ့ဘဝ၏ အမှတ်တရများလည်း မဟုတ်ပေ။ သူသေဆုံးချိန်တွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ဟူသော အကြောင်းအရာများလည်း မပါဝင်ပေ။ သွေးဘိုးဘေးကြီး၏ စိတ်ခံစားချက်၊ အမြင်အားလုံးသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူမသေဆုံးမီ အခိုက်အတန့်တွင် သွေးဘိုးဘေးကြီးသည် နောင်နှစ်ပေါင်းများစွာကြာပြီးနောက် တစ်ဖန်ပြန်လည်ရှင်သန်နိုင်ရန်အတွက် တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ရန် မကြိုးစားခဲ့ပေ။ သူ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းရန် တစ်ခုတည်းသာ ဆန္ဒရှိခဲ့သည်။

သူ၏ အမွေအနှစ်မှာ…ထာဝရအသက်ရှည်နည်း ပညာရပ်ပင် ဖြစ်သည်။

သွေးဘိုးဘေးက ထာဝရအသက်ရှည်နည်းပညာရပ်အမွေအနှစ်ကို သူ၏ အသက်ထက်ပင် ပိုအရေးပါသည်ဟု ခံယူခဲ့ခြင်း ဖြစ်ပေမည်။

ကြောက်မက်ဖွယ် မြည်ဟည်းသံများ ပိုင်ရှောင်ချန်း၏ စိတ်နှလုံးတွင် ပြည့်နှက်လာကာ ဤလောကမှ မရေမတွက်နိုင်သော မိုးကြိုးသွားများသည် သူ့ကို ပစ်ခွင်းလျက်ရှိသည်။ မကြာမီမှာပင် သူခံစားနေမိသော သက်စောင့်အားမှာ လျော့ပါးပျောက်ကွယ်သွားတော့သည်။

မိုးကြိုးသွားများသည် ပိုင်ရှောင်ချန်းဆီသို့ ညှာတာမှုကင်းမဲ့စွာ ပစ်ခွင်းနေကာ မှတ်ဥာဏ်အပိုင်းအစများသည် အမွေအနှစ်ပထမပိုင်းအဖြစ် တဖြည်းဖြည်း ပေါင်းစပ်သွားလေသည်။

၎င်းသည် ထာဝရ အရေပြားပင်ဖြစ်သည်!

ထာဝရကျမ်း၏ ပထမတွဲသည် ထာဝရအရေပြားအတွက် ကျင့်ကြံခြင်း နည်းလမ်းဖြစ်ပြီး ယခုချိန်တွင် သူ၏ စိတ်ထဲ၌ ပိုမိုရှင်းလင်းသွားပေသည်။

အမှန်တွင် သူသည် အချို့နေရာများတွင် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းလမ်းများနှင့် အနည်းငယ်ကွာခြားနေသည်ကို သတိပြုမိနေပြီဖြစ်သည်။ ဤအပိုင်းသည် သူလေ့လာခဲ့သည်ထက်ပင် ပို၍ ရှေးကျသည်။

ပိုင်ရှောင်ချန်းသည် ပထမပိုင်းကို အသေးစိတ်မဆန်းစစ်နိုင်မီမှာပင် နှလုံးအိမ်ထဲတွင် မြည်ဟည်းသံများ ပြည့်နှက်လာပြီး အမွေအနှစ်၏ ဒုတိယပိုင်း ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ဒုတိယတွဲ ထာဝရကောင်းကင်ဘုရင်ပင် ဖြစ်ပေသည်။ ထူးဆန်းစွာပင် သူ၏ အမွေအနှစ်သည် သုဘရာဇာဆီမှ ပိုင်ရှောင်ချန်း ရရှိခဲ့သည်နှင့် လုံးဝ တထပ်တည်းကျနေသည်။

ပိုင်ရှောင်ချန်းသည် ရင်ခုန်စွာဖြင့် စောင့်မျှော်လျက်ရှိသည်။ ယခုချိန်တွင် အမွေအနှစ်၏ တတိယပိုင်းသည် သူ့စိတ်ထဲတွင် ပေါ်လာပြီး မြင်လျှက်မြင်ချင်း လုံးဝအံ့ဩသွားပြီး မျက်လုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလျက်ရှိသည်။

အံ့ဩဖွယ်ကောင်းစွာ ထိုအရာမှာ ထာဝရသွေးကြောများ ဖြစ်သည်။

ထာဝရသွေးကြောများပညာရပ် ထဲမှ ပထမစာကြောင်းမှာ…

သွေးကြောများကို အပိုင်းတစ်ပိုင်းစာ ကြီးထွားအောင် လုပ်ပါ။ ၁၀နှစ်စာ သက်တမ်းတိုးမည်။

ထာဝရသွေးကြောသိုင်းကို ကျင့်ကြံရန် စာအပြည့်အစုံသည် နည်းနည်းချင်း သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ပိုင်ရှောင်ချန်းသည် အသက်ကို ခက်ခဲစွာ ရှူနေရသည်။ နောက်ဆုံးတွင် ထာဝရအမွေအနှစ်ကို မရယူနိုင်ခဲ့လျှင်တောင်မှ ယခုရရှိလိုက်သည့် ထာဝရသွေးကြော ကျင့်ကြံခြင်းနည်းလမ်းအမွေအနှစ်ကြောင့် သူပင်ပန်းရသမျှ တန်နေပြီဖြစ်သည်။

သို့သော် အမွေအနှစ်သည် ခုထိ မပြီးဆုံးသေးပေ။ ထာဝရသွေးကြောနည်းလမ်းသည် သူ့စိတ်ထဲတွင် ပေါ်နေခိုက် စတုတ္ထမြောက်အပိုင်းသည် ဝင်ရောက်လာခဲ့သည်။

သူ့စိတ်ထဲတွင် ပေါ်နေသည်မှာ ထာဝရအရိုးများ ဖြစ်သည်။

ဒဏ်ခံနိုင်သည့် စွမ်းအင်သည် အရိုးများမှ လာပြီး အဆုံးအစမဲ့ ခွန်အားကို ထောက်ပံ့ပေးသည်။

ပိုင်ရှောင်ချန်းသည် တုန်လှုပ်သွားသည်။ ထာဝရအရိုးများ၏ ကျင့်ကြံခြင်းပညာရပ်သည် သူ့စိတ်ထဲတွင် လှည့်လည်လျက်ရှိရာ သူ၏ မျက်လုံးများသည် မီးတောက်နေသည့်အလား ထင်ရပေသည်။ သူ၏ နှလုံးမှာလည်း တဒိတ်ဒိတ်ခုန်လာပြီး ပထမဆုံးအနေဖြင့် သူ့ပတ်ဝန်းကျင်မှ မိုးကြိုးကို စုပ်ယူရန် လက်ဦးမှု ယူလိုက်သည်။

“နောက်ထပ်အတွဲက သေချာပေါက်…ထာဝရအပိုင်းရဲ့ နောက်ဆုံး ထာဝရသွေးပဲ ဖြစ်မယ် ” သူသည် စိတ်ထဲမှ ကြုံးဝါးလိုက်ပြီး တုန်လှုပ်သွားသည်။

ထာဝရသွေး ပေါ်ပေါက်လာခဲ့သည်။

သွေးသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ဤနည်းဖြင့် ထာဝရအပိုင်း၏ ၅တွဲလုံးသည် ပိုင်ရှောင်ချန်းဆီသို့ ရောက်ရှိကာ သူ၏ စိတ်နှလုံးထဲတွင် ပြည့်စုံစွာ တည်ရှိသွားခဲ့သည်။

ပိုင်ရှောင်ချန်းအတွက်မူ ထာဝရအပိုင်း အပြည့်အစုံသည် ပြောမပြနိုင်လောက်အောင် အဖိုးထိုက်တန်ပေသည်။ ဤကဲ့သို့ ကံကောင်းထောက်မခြင်းမျိုး မရှိခဲ့လျှင် ထာဝရကောင်းကင်ဘုရင်ကို ပြီးမြောက်ပြီးနောက်တွင် ထာဝရသွေးကြောများကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ရှာဖွေရတော့မည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ကောင်းကင်တံတားဒေသမှာ ကြီးမားလှသည်ဖြစ်ရာ ပိုင်ရှောင်ချန်းသည် မည်သည့်နေရာက စတင်ရှာဖွေရမည်ကိုပင် သိမည် မဟုတ်ပေ။ ထို့အပြင် ရှာဖွေရန်အတွက် အရေးပါသော ရင်းမြစ်များကိုပါ မဖြစ်မနေ သုံးစွဲရနိုင်ခြေရှိသည်။

ထိုသို့ဆိုလျှင် သမုဒ္ဒရာထဲတွင် အပ်လိုက်ရှာရသကဲ့သို့ ဖြစ်ပေတော့မည်။ ကြုံရာအခွင့်အရေးတစ်ခုခုကြောင့် ထာဝရသွေးကြော ကျင့်ကြံခြင်းနည်းလမ်းကို ရရှိခဲ့မည် ဆိုလျှင်တောင်မှ နောက်ထပ် ထာဝရအရိုးများကို ရှာဖွေရဦးမည် ဖြစ်ကာ နောက်ဆုံးတွင် ထာဝရသွေးအထိ ရှာဖွေရမည်ဖြစ်သည်။

သို့သော် ယခုမူ ထာဝရအပိုင်းတစ်ခုလုံးသည် သူ့စိတ်ထဲတွင် အပြည့်အဝရောက်ရှိနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ယခုကဲ့သို့ ကံကောင်းမှုမျိုးမှာ ထူးခြားပြောင်မြောက်လှသည်ဟု ဖော်ပြရပေမည်။

အပိုင်းငါးတွဲအပြည့်အစုံသည် ဆက်စပ်လျက်ရှိရာ ပိုင်ရှောင်ချန်းသည် ယခုအချိန်တွင် ထာဝရအပိုင်းကို တစ်ခုလုံးအနေနှင့် ကောင်းစွာ နားလည်သွားပြီဖြစ်သည်။

အရေပြားသည် ပြင်ပ အကာအကွယ်ဖြစ်သည်။ ကောင်းကင်ဘုရင်အသားသည် စွမ်းအားကို ပေးစွမ်းသည်။ သွေးကြောများက အရှိန်ကို တိုးမြှင့်ပေးသည်။ အရိုးများက ဖွဲ့စည်းတည်ဆောက်ပုံကို ပေးစွမ်းသည်။ သွေးမှာ အနှစ်သာရဖြစ်သည်။

ဤ၅မျိုးလုံးကို ပေါင်းလိုက်လျှင် ထာဝရအပိုင်းဖြစ်လာသည်။ တစ်စုံတစ်ယောက်သည် ဤအပိုင်းအားလုံးကို ပြီးဆုံးသည်ထိ ကျင့်ကြံပါက ဖီးနစ်ငှက်မွေး သို့ ချီလင်ဦးချိုကိုသာ ရှာတွေ့ရန် လွယ်မည်။ သူ့အား သတ်နိုင်သူကို ရှာတွေ့ရန် မလွယ်ကူပေ။ ထိုသူသည် အချုပ်အားဖြင့် ထာဝရအသက်ရှည်နိုင်တော့မည်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ ကိုယ်ထဲတွင် ထာဝရအပိုင်း စုစည်းသွားခြင်းကြောင့် သူ၏ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်မှ စွမ်းအားများ ပေါ်ထွက်လာခဲ့သည်။ သွေးချီသည် သူ့ကိုယ်ထဲမှ တိုးထွက်လာပြီး မိုးကြိုးသွားနှင့် ပေါင်းစပ်လိုက်သောအခါ သူ့နောက်တွင် ဒုတိယ ကောင်းကင်နတ်ဆိုးပေါ်ထွန်းလာခဲ့သည်။

သူ၏ အပြင်အားက ထပ်တိုးကိန်းဖြင့် တိုးတက်လာခဲ့သည်။ သူ တုန်လှုပ်သွားကာ ခေါင်းမေ့ာ၍ အော်ဟစ်လိုက်သည်။ ထို့ပြင် အမွေအနှစ်လွှဲပြောင်းခြင်းမှာ ယခုထိတိုင် မပြီးဆုံးသေးပေ။

သူ့ဘေးမှ တဖျစ်ဖျစ်မြည်နေသော မိုးကြိုးသွားများသည် မိုးကြိုးပုံဆောင်ခဲတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ပုံဆောင်ခဲသည် တောက်ပစွာ လင်းလက်နေပြီး တဖျပ်ဖျပ်လက်နေသော မှော်သင်္ကေတများသည် အတွေးများအလား မရေမတွက်နိုင်အောင် ပြည့်နှက်လျက်ရှိပေသည်။ ပိုင်ရှောင်ချန်းသည် အနီးကပ်ကြည့်ရှုလိုက်သောအခါ ထိုသင်္ကေတများကြားတွင် မျက်နှာများကို မြင်နိုင်ကြောင်း သိသွားသည်။

မျက်နှာများကို အနီးကပ်ထပ်မံ ကြည့်ရှုသောအခါ ရင်တုန်ပန်းတုန်ဖြစ်သွားပြီး အံ့ဩရလေသည်။ ထိုမျက်နှာအများစုမှာ သူမှတ်မိနေသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများပင် ဖြစ်သည်။

စုန့်ကျင်းဝမ်၊ စုန့်ချွဲ၊ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကြီးအတုမဲ့၊ ရွှီရှောင်ရှန်း၊ သွေးသခင်များကို တွေ့ရသည်။ သူမမှတ်မိသော လူအချို့အပါအဝင် လူအများအပြားရှိနေသည်။

“ဒါက…”
သူမျက်လုံးများ ပြူးသွားသည်။ အကြောင်းအရာကို နားလည်ရန် များစွာမတွေးလိုက်ရဘဲ ထိုမျက်နှာများသည် မည်သူဖြစ်သည်ကို အမြန် ခန့်မှန်းလိုက်သည်။

“ဒီလူတွေအားလုံးက သူတို့ရဲ့ ကျင့်ကြံခြင်းအတွက် သွေးဘိုးဘေးကြီးရဲ့ လက်ကို ရင်းမြစ်တစ်ခုအနေနဲ့ သုံးခဲ့ကြတဲ့ လူတွေပဲ။ သူတို့က သွေးဘိုးဘေးကြီးရဲ့ စွမ်းအားကို သူတို့ရဲ့ ကျင့်ကြံခြင်းအတွက် ငှားရမ်းထားခဲ့တာ။ အဲဒါကြောင့် သူတို့မှာ သူနဲ့ပတ်သက်တဲ့ မမြင်နိုင်တဲ့ ဆက်သွယ်မှုတွေ ရှိလာကြတာ။ ”

ပိုင်ရှောင်ချန်းသည် မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရသည်။ မိုးကြိုးပုံဆောင်ခဲ ဖြစ်ပေါ်လာချိန်တွင် ဤလောကကို ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် အပိုင်းအစများသည် မှိန်ဖျော့သွားကာ မှောင်မည်းသွားပြီး ရှိနေခဲ့သော သက်စောင့်အားသည်လည်း ယခုချိန်တွင် ပျောက်ကွယ်သွားပြီ ဖြစ်ကာ မိုးကြိုးပုံဆောင်ခဲသည် တဖျပ်ဖျပ် တောက်ပနေဆဲဖြစ်သည်။

မိုးကြိုးပုံဆောင်ခဲ ပေါ်ပေါက်လာခြင်းသည် ပတ်ဝန်းကျင်မှ အပိုင်းအစများကို မှောင်မည်းသွားစေရုံမက သွေးဘိုးဘေး၏ ခန္ဓာကိုယ်ထဲမှ အရာအားလုံးကို မှိန်ဖျော့သွားစေသည်။ မိုးကြိုးပုံဆောင်ခဲသည် ရှိသမျှအရာအားလုံးထက် သာလွန်သည့်အလားဖြစ်သည်။

“ဒီအမွေအနှစ်မှာ အဓိက နှစ်ပိုင်းပါတယ်!”

“ပထမပိုင်းက ထာဝရအပိုင်းရဲ့ အမွေအနှစ်ဖြစ်တယ်။ ဒုတိယပိုင်းကတော့ သွေးဘိုးဘေးကြီးရဲ့ ကိုယ်ပိုင် အမွေအနှစ်ဖြစ်တယ်။”

“နှစ်တွေ အများကြီး ကြာတဲ့အခါ သွေးဘိုးဘေးကြီးရဲ့ အကူအညီနဲ့ ကျင့်ကြံတဲ့သူအားလုံးဟာ သူနဲ့ ဆက်သွယ်ပြီးသားဖြစ်သွားတယ်။ အဲ့ဒီ ဆက်သွယ်ခြင်းဟာ ဒီအမွေအနှစ်ရဲ့ တစ်ပိုင်းတစ်စဖြစ်တယ်။”

“သွေးဘိုးဘေးကြီးရဲ့ အတွင်းထဲမှာ သွေးသခင်အမွေအနှစ်တွေသာမကဘဲ ဒဏ္ဍာရီတွင်မဲ့ တစ်ခုတည်းသော သွေးမိစ္ဆာအမွေအနှစ်လည်း ရှိနေခဲ့တယ်။”

“အဲဒါက ငါအခု လက်ခံရရှိနေတဲ့ဟာပဲ…ဒါက …သွေးမိစ္ဆာအမွေအနှစ်ပဲ ”
ပိုင်ရှောင်ချန်းသည် အားလုံးကို နားလည်သွားသည်တွင် ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ မိုးကြိုးသွားပုံဆောင်ခဲသည် သူ့နဖူးဆီသို့ ပြေးဝင်လာပြီး အထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။ ချက်ချင်းပင် နာကျင်မှုက ပျံ့နှံ့သွားကာ အော်ဟစ်လိုက်သည်။

ပြင်းထန်သော နာကျင်မှုကြောင့် တုန်ခါလျက်ရှိကာ သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်သွားတော့မည့်အလား ဖြစ်နေသည်။ သူ၏ အသိစိတ်သည် လေထဲသို့ မြင့်တက်ကာ ခေါင်းထဲမှ ထွက်၍ သွေးဘိုးဘေးခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားလေသည်။

ခေါင်းမှစကာ လက်များ၊ ခြေများအထိ ရှောက်ရှိသွားသည်။

သူ၏အသိစိတ်သည် အမျှင်ပေါင်းသန်းပေါင်းများစွာဖြင့် သွေးဘိုးဘေးထဲတွင် ပြည့်နှက်သွားလေသည်။ သူ၏ပတ်ဝန်းကျင်တွင် သူ့ကို နှစ်မြုပ်နေသည့် ကောင်းကင်တံတားမြစ်ရေများကို ခံစားမိနေသည်။ သူ၏ ညာလက်သည် မြစ်ထဲမှ ထိုးထွက်ကာ ကောင်းကင်ဆီသို့ ဆန့်တန်းနေပြီး သူ့မှာ အားအင်မကျန်ရှိတော့ပေ။

တချိန်တည်းမှာပင် ဂိုဏ်းတစ်ခုသည် သူ၏ လက်ပေါ်တွင် တည်ရှိနေပြီး ထိုဂိုဏ်းတွင် ရှိသမျှလူအားလုံးသည် ကျင့်ကြံရန်အတွက် သူ၏ အကူအညီကို မှီခိုအားထားနေရသည်ဟု သိလိုက်ရသည်။

ခေါင်းဆောင်ကြီးများမှစ၍ အပြင်စည်းဂိုဏ်းသားများအထိ လူတိုင်း၏ မျက်လုံးထဲ၌ သွေးရောင်အလင်းများ ရှိနေကြသည်။ ခံစားချက်မှာ အလွန်ထူးဆန်းသော်လည်း ပိုင်ရှောင်ချန်းမှာ ဆန်းစစ်သုံးသပ်ရန် အချိန်မရှိလိုက်ဘဲ အရာအားလုံးမှာ ရုတ်တရက် ပြီးဆုံးသွားလေသည်။

သူ၏ အသိစိတ်မှာ ပျံ့နှံ့သွားပြီး မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သွေးဘိုးဘေးကြီးထဲတွင် သူရှိနေခဲ့သောနေရာသို့ ပြန်ရောက်နေသည်။ ယခုဖြစ်ပျက်သွားသော အရာအားလုံးမှာ အိပ်မက်တစ်ခုအလားပင် ခံစားရသည်။

ပိုင်ရှောင်ချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်လုံးအကြည့်တို့မှာလည်း ဝေဝါးနေကာ သူကိုယ်တိုင် သွေးဘိုးဘေးကြီး ဖြစ်သွားသည့်အလား ခံစားရသည်။

ထိုခံစားချက်မှာ လျင်မြန်စွာ ပြီးဆုံးသွားသော်လည်း သူ့ကိုယ်ပိုင်အတွေးမဟုတ်သည့် များစွာသော အတွေးများက သူ့စိတ်ထဲတွင် လှည့်ပတ်နေဆဲဖြစ်သည်။ ထိုအတွေးများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ကျင့်ကြံရာတွင် သွေးဘိုးဘေးကြီး၏ အကူအညီကို ရယူထားခဲ့သူ အားလုံး၏ အတွေးများ ဖြစ်သည်။

ယခုအချိန်တွင် သူ့ဘေးပတ်လည်ရှိ ဤလောကမှ မရေမတွက်နိုင်သော အပိုင်းအစများသည် မှိန်ဖျော့ကာ မှောင်မိုက်သွားပြီး အမွေအနှစ်လွှဲပြောင်းခြင်းမှာလည်း ပြီးဆုံးသွားခဲ့သည်။ အဆုံးသတ်သည် ဆိုင်းမပါဗုံမပါ ရောက်ရှိလာခဲ့သော်လည်း ပိုင်ရှောင်ချန်းကမူ ထူးခြားစွာ ခံစားနေရသည်။

သူသည် သွေးဘိုးဘေး၏ လမ်းစဥ်ကို ကျင့်ကြံသူတိုင်း၏ ကျင့်ကြံခြင်း အခြေခံများကို ဟန့်တားနိုင်စွမ်းရှိသည်ဟု သူ့ကိုယ်ထဲမှ ခံစားသိနေရသည်။ ကျင့်ကြံသူဟု ဆိုရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ရုပ်အလောင်းဖြစ်စေ၊ ဂါဂိုလီသွေးအေးမွန်းစတားဖြစ်စေ၊ အပြင်စည်းဂိုဏ်းသားဖြစ်စေ၊ အတွင်းစည်းဂိုဏ်းသားဖြစ်စေ၊ ဓမ္မစောင့်ရှောက်သူ သို့ အကြီးအကဲဖြစ်စေ၊ သွေးသခင် သို့ ဂိုဏ်းစောင့်အကြီးအကဲဖြစ်စေ၊ သွေးအေးလူသတ်သမား သို့မဟုတ် ခေါင်းဆောင်ကြီးများထိ ပါဝင်ပေသည်။

သူတို့ကို အလုံးစုံ ဟန့်တားရန် မဖြစ်နိုင်သော်လည်း သူ၏ အတွေးတစ်ချက်က သူတို့၏ ကျင့်ကြံခြင်းအခြေခံကို တစ်ဝက်အထိ လျှော့ချနိုင်ပေသည်။

အမှန်တကယ်ဟန့်တားသူမှာ သူမဟုတ်ဘဲ သွေးဘိုးဘေးသာ ဖြစ်သည်။ ယခု ပိုင်ရှောင်ချန်းသည် သွေးဘိုးဘေး၏ အမွေအနှစ်ကို ရရှိသွားပြီဖြစ်ရာ သွေးဘိုးဘေးအသစ်ဖြစ်သွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံမှာ လက်ရှိတွင် အလွန်နိမ့်နေပြီးမူလသွေးဘိုးဘေးကဲ့သို့ ကြောက်မက်ဖွယ်မကောင်းသော်လည်း အမွေအနှစ်မှ အတွေးများ ရရှိပြီးနောက်တွင် သူ့ကို သက်ရှိ ဒုတိယ သွေးဘိုးဘေးဟု ပြောနိုင်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset