Switch Mode

အပိုင်း (၆၀၉):

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်၏ စွမ်းအား

“ကျူးကျော်သူ…ရပ်လိုက်…” စစ်တပ်ထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။သည်အသံထဲ၌ သတ်ဖြတ်လိုမှုစိတ်ဆန္ဒများ ပါဝင်နေသည်။

တစ်ချိန်တည်းတွင် အနက်ရောင်အလင်းတန်းတစ်ခုက စစ်တပ်နံရံပတ်လည်မှ ထွက်ပေါ်လာ၏။သည်အလင်းတန်းက အကာအကွယ်အတားအဆီးလိုမျိုး မြူတစ်ခုကို ဖန်တီးသည်။

စစ်တပ်ထဲ၌ နတ်ဆိုးတပ်သားတစ်သောင်းက မတ်တပ်ရပ်လျက် ရှိနေကြ၏။ သူတို့၏ ရှေ့တွင် အနက်ရပ်ချပ်ဝတ်နှင့် ဗလတောင့်တောင့်လူကြီးက စစ်တပ်အပြင်ဘက်သို့ အေးစက်စွာ ကြည့်လို့နေ၏။

ထိုလူကြီး၏ဘေးတွင် စီမာယန်က လေးစားသည့်အမူအရာဖြင့် မတ်တပ်ရပ်လို့နေသည်။ သူ့အသွင်အပြင်အရ ထိုဗလတောင့်တောင့်လူကြီးအပေါ် လေးစားရိုးကျိုးမှုတို့နှင့် ပြည့်နေသည်ကို မြင်နိုင်ပေ၏။

စီမာယန်အပြင် အနက်ရောင်ချပ်ဝတ်နှင့်လူသုံးယောက်ကျော်ကလည်း မတ်တပ်ရပ်လျက် ရှိနေသည်။ သူတို့ချပ်ဝတ်အသွင်အပြင်ကို ကြည့်၍ ထိုလူများက တပ်မှူးများဖြစ်ကြောင်း သိနိုင်၏။ သူတို့ကလည်း လေးစားသည့်ဟန်ပန်နှင့် ရှိလို့နေကြသည်။

ဝမ်လင်းက ကြယ်ပျံတစ်စင်းအလား ရွှေ့လျားလာကာ ရပ်တန့်ခြင်း မရှိပေ။ သူက အနက်ရောင်မြူနှင့် နီးကပ်လာသည့်အခါ နှာခေါင်းရှုံ့ပြီး ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်လိုက်၏။ သူ့ရှေ့ရှိ အနက်ရောင်မြူက ချက်ခြင်းပြန့်ကျဲသွားပြီး လမ်းပေါက်တစ်ခု ဖြစ်သွား၏။ ဝမ်လင်းက အထဲသို့ တည်ငြိမ်စွာ ခြေချလိုက်သည်။

ဗလတောင့်တောင့်လူကြီးက ဝမ်လင်းကို အေးစက်စွာ ကြည့်ကာ သူ့လက်ကိုဝှေ့ယမ်းပြီး အော်ပြောလိုက်၏။ “စစ်တပ်ထဲကို အကြမ်းပတမ်း ဝင်လာတဲ့လူက မေးမြန်းခြင်းမရှိ သတ်ဖြတ်ခံရမယ်…”

သူ့နောက်ရှိ တပ်မှူးသုံးယောက်က ချက်ခြင်း ရှေ့သို့ ထိုးတက်သွား၏။ စီမာယန်က ဝမ်လင်းမှန်း သိလိုက်၏။ထို့ကြောင့် သူက တုံ့ဆိုင်းသွား၏။သည့်နောက် အံတင်းတင်းကြိတ်ကာ သူလည်း ရှေ့သို့ ထိုးတက်သွားသည်။

တပ်မှူးလေးယောက်ရှိကာ သုံးယောက်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်နှင့် ညီမျှပြီး ကျန်တစ်ယောက်က အလယ်အဆင့်နှင့် ညီမျှပေသည်။ ဝမ်လင်းက လှိုဏ်ဂူထဲသို့ မဝင်ရောက်ခင်ကဆိုရင် သူက သည်လူများကို အနိုင်ယူနိုင်မည်ဖြစ်သော်လည်း သူ့အတွက် ဒုက္ခများစေမည် ဖြစ်သည်။

သူတို့က တိုးဝင်လာနေရင်းဖြင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များဖြင့် နတ်ဆိုးသားရဲလေးကောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုအရာက သူတို့ကို ပိုမိုကြမ်းကြုတ်သွားစေ၏။

သို့သော် ခုချိန်တွင် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ထို့ကြောင့် သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်ကြံသူတိုင်း၏ အထက်တွင် ရှိနေသည်။သူက သူထံသို့ တရကြမ်းတိုးဝင်လာနေသည့် လေးယောက်ကို တွေ့မြင်သော်လည်း သူ့အသွင်က လုံးဝ တည်ငြိမ်လျက်သာ ရှိနေ၏။

“ပြန်ဆုတ်စမ်း…” ဝမ်လင်းက မတ်တပ်ရပ်လျက်သာ ရှိနေဆဲ ဖြစ်ကာ သူ့ပါးစပ်ကနေ ထိုစကားနှစ်ခွန်းကိုသာ ထွက်ဆိုလိုက်၏။

သူ့အသံက တိုးညင်းသော်လည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအထိတ်အထိပ်တစ်ယောက်၏ ကောင်းကင်ဘုံစွမ်းအင်များ ပါဝင်လို့နေ၏။ သည်အသံက တပ်မှူးလေးယောက်၏ နားထဲသို့ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားတော့သည်။

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်နှင့်သူကသာ သည်အသံကို အမူအရာပျက်ပြီးတောင့်ခံလိုက်နိုင်၏။ ကျန်သည့်သုံးယောက်၏ မျက်နှာကတော့ ဖြူရောက်သွားကာ သူတို့ခန္ဓာကိုယ်က တုန်ယင်သွားပြီး အလိုလို ရပ်တန့်သွား၏။

သူတို့၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော်လည်း ဝမ်လင်းအဆင့်ဖြင့်တော့ အလှမ်းကွာလှ၏။ ဝမ်လင်းက ခုချိန်တွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအထွတ်အထိပ် အဆင့်မဟုတ်လော။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ရှေ့သို့ လျှောက်လှမ်းလာ၏။ သူ့ခြေလှမ်းက နှေးကွေးသော်လည်း ခိုင်မြဲ၏။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်နှင့် ညီမျှသည့် တပ်မှူးက ဘေးတစ်ဖက်သို့ ချက်ခြင်း ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူက ဝမ်လင်းကို တားဆီးခြင်း မပြုဝံ့ချေ။

ကျန်သည့်သုံးယောက်သည်လည်း တုန်လှုပ်မှုနှင့် ပြည့်နေ၏။ အထူးသဖြင့် စီမာယန်ပင်။ သူက ဝမ်လင်းကို ကြည့်ပင်မကြည့်ရဲချေ။ သူက အတိတ်တုန်းက အလွန်ကံကောင်းခဲ့သည်ဟု ခံစားမိနေ၏။ သူက ဝမ်လင်းကျင့်ကြံမှုက အခုလိုမှန်းသာ သိပါက ဝမ်လင်းကို အတိတ်တုန်းက ရန်စဝံ့ခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် ဆယ့်သုံးနှင့်ဟော်ဖောင်တို့၏ အဖြစ်ကို တွေးမိပြီး သူ့နှလုံးသားက ချက်ခြင်းတုန်ယင်သွား၏။ သူက သူ့ကိုယ်သူ ကြိတ်၍ ကျိန်ဆဲကာ နောင်တတရားကို ခံစားနေရသည်။

ဝမ်လင်းက ရှေ့သို့ ဆက်တိုးလာရာ နတ်ဆိုးတပ်သားတစ်သောင်းက သူ့အတွက် လမ်းရှင်းပေးကြ၏။ သူတို့အားလုံးက ဝမ်လင်းမှန်း သိပြီးဖြစ်ကာ အတိတ်တုန်းက မြင်ကွင်းက သူ့တို့စိတ်ထဲ၌ မမေ့ပျောက်နိုင်ကြသေးချေ။

သည်နေရာရှိ အချို့တပ်သားများက အသစ်များ ဖြစ်ကြသည်။သူတို့က ဝမ်လင်းကို အရင်က မြင်တွေ့ဖူးကြခြင်း မရှိပေ။ သူတို့က စိတ်ထဲ၌ သံသယရှိနေသော်လည်း တပ်မှူးအရှင်များတောင် သူ့ကို ရပ်တံ့ဝံ့ခြင်း မရှိသည့်အခါ သူတို့ကလည်း အလိုလို နောက်ဆုတ်ပေးလိုက်ကြသည်။

ချက်ခြင်းပင် ဝမ်လင်းရှေ့၌ လျှောက်လမ်းရှည်ကြီးတစ်ခု ပေါ်လာတော့သည်။ ထိုလမ်းအဆုံးတွင် ဗလတောင့်တောင့်လူကြီး ရှိနေ၏။ သူ့မျက်လုံးများက အေးစက်နေဆဲဖြစ်သည်။သို့သော် ခုချိန်၌ သူက အလေးအနက် ဖြစ်လာခဲ့၏။

သူ့မျက်လုံးက အေးစက်၏။သို့သော် ဝမ်လင်းမျက်လုံးက ပိုလို့ပင်အေးစက်သေးသည်။ ဝမ်လင်းက တစ်လှမ်းချင်း အနက်ရောင်ချပ်ဝတ်နှင့် ဗလတောင့်တောင့်လူကြီးထံသို့ လျှောက်လှမ်းလာ၏။

သူက လျှောက်လှမ်းလာသည်နှင့် အနက်ရောင်ချပ်ဝတ်တပ်သားများက နောက်သို့ ထပ်ဆုတ်ပေးကြသည်။

ဗလတောင့်တောင့်လူကြီး၏ လေးနက်မှုက ပိုအားကောင်းလာသည်။ သူက မာန်သွင်းကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

သည်ခြေလှမ်းက သူ့အော်ရာကို ထိုးတက်သွားစေ၏။ သည်အော်ရာ မမြင်ရချေ။သို့သော် ပတ်ဝန်းကျင်ရှိ နတ်ဆိုးတပ်သားများက ၎င်းအော်ရာကို ခံစားမိပေသည်။ သူတို့အားလုံးက နောက်သို့ ထပ်ဆုတ်သွားမိကြပြန်သည်။

ဝမ်လင်းက တစ်စက်ကလေးမှ ရပ်တန့်ခြင်းမပြုဘဲ ရှေ့သို့ တစ်လှမ်းချင်းလှမ်းလာ၏။

ဗလတောင့်တောင့်လူကြီး၏ အော်ရာက ဝမ်လင်းအပေါ်သို့ ကျရောက်သွားသည့်အခါတွင် ပျောက်ကွယ်သွားရ၏။ ဝမ်လင်းက ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ဖြတ်မြင်နိုင်လိုက်သည်။ထိုလူ၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်နှင့်သာ ညီမျှပြီး အထိတ်အထိပ်အဆင့်သို့ မရောက်ရှိသေးပေ။

ဝမ်လင်း၏ ကိုယ်ပိုင်အော်ရာက ခြေလှမ်းတိုင်းတွင် ရူးသွပ်ဖွယ် တိုးလို့လာ၏။ သူက လျှောက်လှမ်းလာနေရင်း မြေပြင်ပေါ်တွင်ပင် ခဲလာကာ ရေခဲများ ပြန့်နှံ့လာ၏။

ဗလတောင့်တောင့်လူကြီး၏ စိတ်နှလုံးထဲ၌ မွန်းကျပ်မှုကို ခံစားနေရ၏။ သူက နောက်သို့ အလိုလို ဆုတ်ချင်နေမိသည်။ သို့သော် သူက ချက်ခြင်း သူ့ကိုယ်သူအားတင်းကာ ရပ်တန့်နေ၏။ သူက နောက်သို့ ဆုတ်လိုက်လျှင် သူ့ခွန်အားအဟုန်က လျော့ကျသွားပြီး သူ့ရန်သူက သည်အခွင့်အရေးကိုသုံးပြီး တိုက်ခိုက်လာနိုင်ပေသည်။

သို့သော် သူက နောက်သို့ မဆုတ်ရင်လည်း မမြင်ရသောဖိအားက သူ့အပေါ်တွင် သိပ်သည်းလာနေ၏။ သူက နတ်ဆိုးဗိုလ်ချုပ်နှင့် ရင်ဆိုင်ရချိန်တွင်သာ သည်လိုဖိအားမျိးကို ခံစားခဲ့ဖူးသည်။

နောက်ဆုံးတွင် ဝမ်လင်းက သူနှင့် ခြေလှမ်းနှစ်ဆယ် အကွာသို့ ရောက်လာသည့်အခါ ဗလတောင့်တောင့်လူကြီး၏ နှဖူးထက်တွင် ချွေးများစို့လာခဲ့လေပြီ။ သူက အော်ပြောလိုက်၏။ “တပ်မှူးဝမ်…မင်းက ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ…”

ဝမ်လင်းက တည်ငြိမ်စွာ ပြော၍ ရှေ့သို့ ဆက်လှမ်းလာ၏။ “ဒါက ငါ့စစ်တပ်ပဲ…ငါက ဘာလုပ်မယ်လို့ မင်းထင်လဲ…”

ဗလတောင့်တောင့်လူကြီးက ချက်ခြင်း ကြီးမားသည့်ဖိအားက သူ့အပေါ်သို့ ကျရောက်လာသည်ဟု ခံစားလိုက်ရသည်။ သူ့အပေါ်တွင် မရေမတွက်နိုင်သော တောင်များပြိုကျဖိနှိပ်လာသလိုပင်။ သူက နောက်သို့ ဆုတ်လိုသောဆန္ဒကို အတင်းဖိနှိပ်ကာ အော်ပြောလိုက်၏။ “မင်းက တစ်နှစ်ကျော်ကြာအောင် ပျောက်နေခဲ့တယ်။ နတ်ဆိုးဗိုလ်ချုပ်က မင်းတပ်မှူးရာထူးကို လွန်ခဲ့တဲ့ အချိန်တွေထဲက ဖြုတ်ပစ်လိုက်ပြီ…”

“တစ်နှစ်…ဒီတော့ တစ်နှစ်ပဲ ရှိသေးတာပေါ့…” ဝမ်လင်းက စိတ်ထဲ၌ သက်သာရာ ရသွား၏။ သို့သော် သူ့အော်ရာကတော့ ပိုမိုသန်မာလာခဲ့သည်။

“ငါ့ နောက်လိုက် နှစ်ယောက်ရော…” ဝမ်လင်းက စစ်တပ်ထဲသို့ ဝင်လာသည်နှင့် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူက ဆယ့်သုံးနှင့်ဟော်ဖောင်တို့ကို ရှာမတွေ့ခဲ့ချေ။

သည်အခိုက်တွင် သူနှင့် ဗလတောင့်တောင့်လူကြီးတို့ကြားတွင် ခြေဆယ်လှမ်းသာ ကွာဟတော့သည်။

ပြင်းထန်သောအော်ရာက ထိုလူကြီးပေါ်သို့ တိုးဝင်လာ၏။ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်ချင်စိတ်ကို မနည်းပြန်ဖိနှိပ်လိုက်ရ၏။ တပ်မှူးချုပ်အနေဖြင့် သူက တပ်မှူးတစ်ယောက်က သူ့ကို ထိုသို့ဖိနှိပ်သည်ကို ခွင့်မပြုနိုင်သောကြောင့် ဖြစ်သည်။မဟုတ်လျှင် သူ့ရာထူးက စိတ်ချရတော့မည် မဟုတ်ပေ။ သည်တပ်မှူး၏ ကျင့်ကြံမှူက သူ့ထက် အားကောင်းနေရာတောင်မှပေါ့။

ဝမ်လင်းက ဗလတောင့်တောင့်လူကြီးက သူ့အကန့်အသတ်သို့ ရောက်နေပြီကို သတိပြုမိ၏။ထို့ကြောင့် သူက ချက်ခြင်း အရှိန်မြှင့်လိုက်ရာ ခြေခုနစ်လမ်းကို တစ်တန်းတည်း လှမ်းလာလိုက်၏။

ဗလတောင့်တောင့်လူကြီးက ဝမ်လင်း၏ အော်ရာကသည် သည်ခြေလှမ်းခုနစ်လှမ်းတွင် များစွာ တိုးလာသည်ဟု ခံစားလိုက်ရ၏။ သူက သူ့အပေါ်သို့ မရေမတွက်နိုင်သောတောင်များ ဖိသိပ်လာသည်လို့ ခံစားလိုက်ရသည်။ သူက သည်ဖိအားကို ဆက်လက်တောင့်မခံနိုင်တော့ပဲ အလိုလိုနောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သဖြင့် သူ့အပေါ်ရှိ ဖိအားက လျော့ကျသွားသည်။သို့သော်ချက်ခြင်းပင် ဝမ်လင်းဖိအားက မိုးထိထိုးတက်သွားကာ အထိတ်အထိပ်သို့ ရောက်ရှိသွား၏။

“မကောင်းတော့ဘူး…” ဗလတောင့်တောင့်လူကြီးအသွင်က ပြောင်းလဲသွားက တစ်ချိန်တည်းမှာလည်း ဝမ်လင်းမျက်လုံးများက ပိုအေးစက်လာ၏။ သူက အလင်းတန်းအလား ဗလတောင့်တောင့်လူကြီးထံသို့ တိုက်ရိုက်ထိုးတက်လာတော့သည်။

သည်အခိုက်တွင် သူ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထိတ်အထိပ်အဆင့်စွမ်းအားက ၎င်းကိုယ်တိုင် ထုတ်ဖော်လာတော့သည်။

ဗလတောင့်တောင့်လူကြီးက နောက်သို့ ဆုတ်နေရင်း သူ့က လက်သီးစုပ်ကာ ချက်ခြင်း ထိုးသွင်းလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားသည်။ အသံလှိုင်းများကလည်း ရှေ့သို့ ပျံ့နှံ့သွား၏။ တစ်ပြိုင်နက်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များက မြင့်တက်လာကာ ပေတစ်ထောင်ခန့်ကျယ်ပြောသည့် အနက်ရောင်လိပ်ကြီးအဖြစ်သို့ ဖြစ်တည်သွားသည်။

သည်အနက်ရောင်လိပ်က ၎င်းကျောနှင့်အမြှီးပေါ်တွင် မရေမတွက်နိုင်သော အစက်အပြောက်များနှင့် ဖုံးလို့နေသည်။ ထိုလိပ်က အမြှီးယမ်းလိုက်ရာ လေထုပင် ပြိုပျက်သွားမလား ထင်မှတ်ရကာ အနက်ရောင်လိုင်းများက လေထဲ၌ ပေါ်လာ၏။

ဝမ်လင်းက လေထုကို ဖြတ်ကာ ခြေလှမ်းလာ၏။ သူက အလင်းတန်းအလား မြန်ဆန်သည်။ သူ့ လက်မကို လေထဲသို့ မြှောက်ကာ မရဏလက်ချောင်းကို အသုံးပြု၏။ခုချိန်တွင် သူ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့် ဖြစ်သဖြင့် မရဏလက်ချောင်း၏ စွမ်းအားကလည်း အရင်ထက် များစွာတိုးတက်လာခဲ့ပြီ ဖြစ်သည်။

သည်အခိုက်တွင် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက ဝမ်လင်းလက်ချောင်းထိပ်တွင် လာရောက် စုဝေးကြသည်။ ဝမ်လင်းနှင့် နီးကပ်သည့် အချို့တပ်သားများက သူတို့ခန္ဓာကိုယ်ထဲရှိ သွေးများက ဆူပွက်လာသည်ဟု ခံစားလိုက်ရသည်။မျက်စိတစ်မှိတ်အတွင်း သူတို့ကိုယ်ထဲရှိ သွေးများက အဆီအနှစ်အဖြစ်သို့ ပြောင်းလဲပြီး သူတို့ခန္ဓာကိုယ်ထဲက ပျံထွက်လာကြ၏။

ကံကောင်းစွာဖြင့် သူတို့အဖော်များက ထိုလူများက အဝေးသို့ အမြန် ဆွဲခေါ်ကာ ထိုဘေးကပ်စိုးမှ ကာကွယ်ပေးလိုက်နိုင်သည်။

ဝမ်လင်း မရဏလက်ချောင်းကြောင့် ကောင်းကင်နှင့်မြေကြီးက အရောင်ပြောင်းလာသည်။ စစ်တပ်တစ်ခုလုံးက နက်မှောင်မှုနှင့် ဖုံးသည်။ ဗလတောင့်တောင့်လူကြီး၏ လက်သီးချက်မှ ဖန်တီးသည့် အသံလှိုင်းများလည်း ချက်ခြင်း ပြိုပျက်သွား၏။

ဝမ်လင်း လက်မကလည်း သူ့ခန္ဓာကိုယ်နှင့်အတူ ရှေ့သို့ ဖိနှိပ်လာသည်။

သည် မရဏလက်ချောင်းဆင်းသက်လာသည့်အခိုက်တွင် ဗလတောင့်တောင့်လူကြီးက သူက ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ရသလို ဖြစ်နေ၏။

ဗလတောင့်တောင့်လူကြီးက မာန်သွန်းက သူ့ခန္ဓာကိုယ်ကို သူ့နောက်ရှိ အနက်ရောင်လိပ်နှင့် ပေါင်းစပ်လိုက်၏။ သူ့မျက်လုံးထဲတွင် နတ်ဆိုးအလင်းဖြင့် ပြည့်နေသည်။ သည်အခိုက်တွင် ဝမ်လင်းက ဒေသခံနတ်ဆိုးမန္တန်ကို အသုံးပြုပြီး တိုက်ခိုက်သော ဒေသခံတစ်ယောက်ကို တွေ့ကြုံလိုက်ရတော့သည်။

ဗလတောင့်တောင့်လူကြီးက အနက်ရောင်လိပ်နှင့် ပေါင်းစပ်သည့်အခိုက်တွင် ၎င်းလိပ်က အသက်ဝင်လာသလား မှတ်ရကာ မာန်သွင်းပြီး အမြှီးဖြင့် ဝမ်လင်းထံသို့ သိမ်းရိုက်လိုက်၏။

ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့သည်။ သူ့မရဏလက်ချောင်းက အနက်ရောင်လိပ်၏ အမြှီးပေါ်သို့ ကျရောက်သွား၏။ အမြှီးက ချက်ခြင်း တစ်လက်မချင်း ကွဲကြေလာကာ ခန္ဓာကိုယ်ပေါ်သို့တိုင် သက်ရောက်မှု ရှိလာ၏။

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထိတ်အထိပ်အဆင့်နှင့် သာမန် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ကြားရှိ ကွာခြားမှုက ကြီးမားလှ၏။ သည့်အပြင် ဝမ်လင်း၏ မရဏလက်ချောင်းမန္တန်အစွမ်းကြောင့် ခုလက်ချောင်း၏ ခွန်အားက အာဏာတက်ခြင်းအဆင့်တစ်ယောက်၏ စွမ်းအားနှင့် နီးကပ်နေခဲ့ပြီ ဖြစ်သည်။

အနက်ရောင်လိပ်၏ ခန္ဓာကိုယ်က ကွဲအက်သွားကာ ဗလတောင့်တောင့်လူကြီး၏ ချပ်ဝတ်ကလည်း တစစီကွဲထွက်သွား၏။ သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းများစွာ လွင့်စင်သွားကာ ဒူးတစ်ဖက်ထောက်လျက် ပြုတ်ကျသွား၏။

“နတ်ဆိုးမန္တန်တွေက သေချာပေါက် သူတို့ရဲ့ သာမန်မဟုတ်တဲ့ စွမ်းအားတွေ ရှိတာပဲ…”

ဝမ်လင်းက ဗလတောင့်တောင့်လူကြီးကို အေးစက်စွာ ကြည့်နေ၏။ သည်နေရာတွင် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက ထိုကျင့်ကြံသူ၏အဆင့်က လျော့ကျသွားပေလိမ့်မည်။ သို့သော် သည်ဗလတောင့်တောင့်လူကြီးကတော့ ထိုသို့ မဖြစ်ခဲ့ချေ။ သူ့ဒဏ်ရာများက ပြင်းထန်သည်ဟု ထင်ရသော်လည်း သူ့အခြေခံကိုတော့ ထိခိုက်သွားခြင်း မရှိပေ။

ဝမ်လင်းက သူ့ရှေ့သို့ လက်ဆန့်တန်းလိုက်ရာ စီမာယန်၏ခန္ဓာကိုယ်က ဝမ်လင်းထံသို့ ပျံဝဲလာပြီး အဖမ်းခံလိုက်ရသည်။

“ငါ့နောက်လိုက်တွေ ဘယ်မှာလဲ…” ဝမ်လင်း အေးစက်စက်အသံက စီမာယန်၏ နားထဲသို့ ဝင်ရောက်လာလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset