ပေခြောက်ဆယ်သွားပြီးနောက် ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက ရှေ့သို့ ဆက်သွားခြင်း မပြုပေ။ထိုအစား နောက်သို့ သုံးလှမ်းပြန်ဆုတ်၏။ ထို့နောက် သူက ဘေးတစ်ဖက်သို့ ခြေလှမ်းကိုးလှမ်း လှမ်းလိုက်ပြီး နောက်ထပ်သုံးလမ်းထပ်ဆုတ်သည်။ ထို့နောက် သူက ရှေ့တည့်တည့်သို့ ဆက်သွား၏။
သူက အနည်းငယ် လှည့်ပတ်ပြီးနောက် ခန်းမဆောင်၏ ပေသုံးရှေ့သို့ ရောက်သွားသည်။
သူ့အသွင်က တည်ငြိမ်နေသည်။အကြောင်းကတော့ သည်အရာများအားလုံးက သူ့ခန့်မှန်းကောက်ချက်အတွင်း၌သာ ရှိနေသောကြောင့် ဖြစ်သည်။ ပြောင်းလဲမှု တစ်သောင်းလုံးကို သူက စိတ်ထဲတွင် မှတ်သားထားခဲ့ပြီး ဖြစ်သည်။ခြေလှမ်းတိုင်းက သူတွက်ချက်ထားသကဲ့သို့သာ ဖြစ်နေ၏။
သူက သက်တောင့်သက်သာဖြင့်သာ လျှောက်လှမ်းနေ၏။အကြောင်းကတော့ သူက ယုံကြည်မှု ရှိနေသောကြောင့်ပင်။ ဝမ်လင်းက သူသာ ဂရုမစိုက်မိဘဲ ခြေတစ်လှမ်းမှားသွားသည်နှင့် အားကောင်းသောတန်ပြန်မှုကို ခံရမည်အား သိရှိထားပေသည်။
ပထမဆုံး ပေခြောက်ဆယ်က မဆိုးလှချေ။ နောက်ထပ် ပေလေးဆယ်ကတော့ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဒုက္ခရောက်သွားနိုင်ပေသည်။
သို့ရာတွင် မည်သို့ပင်ဖြစ်စေ သည်အတားအဆီးအတွင်း၌ ဘေးကင်းသောလမ်းကြောင်းတစ်ခုကတော့ အမြဲရှိနေမည်မှာသာ ဖြစ်၏။ လူတစ်ယောက်က ထိုလမ်းပေါ်သို့ ခြေချနိုင်သည်နှင့် အသက်အန္တရာယ် ရှိနိုင်တော့မည် မဟုတ်ပေ။
သို့ရာတွင် ထိုလုံခြုံဘေးကင်းသည့် လမ်းက ပုံသေမဟုတ်နေချေ။ အတားအဆီးအတွင်း၌ တရပ်စပ် ပြောင်းလဲလို့နေ၏။ လွန်ခဲ့သောနှစ်လအတွင်း အတားအဆီး၏ ပြောင်းလဲမှုများကို လေ့လာထားသည့်အပြင် ဝမ်လင်းက ဘေးကင်းသည့်လမ်းကြောင်းအနေထားကိုပါ တွက်ချက်ထားခဲ့၏။
ထို့ကြောင့် သူက ပေခြောက်ဆယ်ကနေ ပေခုနစ်ဆယ်အတွင်း လွတ်လပ်စွာ သွားနိုင်ခြင်းမျာ ဘေးကင်းသည့် လမ်းကြောင်းကြောင့်သာ ဖြစ်သည်။
သည်အခိုက်တွင် ဝမ်လင်းသည် ပေခုနှစ်ဆယ်တွင် မတ်တပ်ရပ်နေကာ သေချာတွက်ချက် ကြည့်နေ၏။ ထို့နောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ခြေတစ်လှမ်းဖြင့် ဆယ်ပေအထိ တိုက်ရိုက် ဖြတ်ကျော်လှမ်းလိုက်သည်။
ခြေချပြီးနောက် ဝမ်လင်းက နောက်ထပ်ဆယ်ပေကို ချက်ခြင်း ဖြတ်ကျော်သည်။ သို့သော် သူ ခြေချလိုက်သည့်အခိုက်တွင် သူ့အသွင်က ပြောင်းလဲသွား၏။ တုံ့ဆိုင်းခြင်းမရှိ သူက ဘယ်ဘက်သို့ ခြေတစ်ဝှက် လှမ်းလိုက်သည်။ သည်အခိုက်တွင် အနက်ရောင်မုန်တိုင်းတစ်ခုက ကျန်နေသေးသည့် ဆယ်ပေတွင် ပေါ်လာခဲ့တော့၏။
သည်မုန်တိုင်းက ပြင်းထန်သောအားတစ်ခုကို ထုတ်လွှတ်လာသည်။ ၎င်းမုန်တိုင်းအတွင်း၌ အနက်ရောင်လျှပ်စီးအမျှင်တန်းများကလည်း လှုပ်ရှားလို့နေ၏။ ချက်ခြင်းပင် သည်ဆယ်ပေဧရိယာက အဖျက်အစီးအားတစ်ခုနှင့် ဖုံးလွှမ်းလို့သွားသည်။ သည်အဖျက်အစီးအားက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင် တောင့်မခံနိုင်လောက်ချေ။ ဝမ်လင်းဆိုလျှင် ပြောနေစရာပင် လိုမည်မဟုတ်။
အထူးသဖြင့် လျှပ်စီးအလင်းတန်းများပင်။ ၎င်းက နဂါးများကဲ့သို့ လှုပ်ရှားနေကာ အရာရာကို ဖျက်စီးနိုင်သည့်အသွင် ရှိနေ၏။
ဝမ်လင်းက ထိုမုန်တိုင်းထဲသို့ ဆက်လက်တိုးဝင်လာသည်။ သူက ဘေးကင်းသောလမ်းအပေါ်တွင်သာ ခြေတစ်လှမ်းချင်း ချနင်းသည်။ ခြေတစ်လှမ်းမှားသွားသည်နှင့် သူ့မူလစိတ်ဝိညာဉ်ပင် ပျောက်ကွယ်သွားမည် ဖြစ်၏။
စောနပိုင်းတုန်းက လှမ်းလိုက်သည့် ခြေလှမ်းက မှားယွင်းခဲ့ခြင်း မရှိပေ။သို့သော် အချို့အကြောင်းပြချက်များကြောင့် အတားအဆီးက ပြောင်းပြန်ပြန်လုပ်ဆောင်သွားခြင်း ဖြစ်နေသည်။
အသက်ဆယ်ကြိမ်ရှူစာကြာချိန်ပြီးနောက် မုန်တိုင်းက လုံးဝမတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွား၏။ ၎င်းအတွင်းရှိ အနက်ရောင်လျှပ်စီးအလင်းပါ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်လင်းက ဖျပ်ခနဲ လှုပ်ရှားလိုက်ကာ နောက်ဆုံးဆယ်ပေကို ဖြတ်ကျော်လိုက်ပြီး ခန်းမဆောင်ထဲတွင် ခြေချလိုက်၏။ သူက နောက်ဆုံးဆယ်ပေကို ဖြတ်ကျော်လာနိုင်ခဲ့သော်လည်း သူ့နှဖူးထက်တွင်တော့ ချွေးပြန်သွားခဲ့၏။
သူကခန်းမထဲသို့ ခြေချပြီးနောက် ယင်းခန်းမပတ်လည်ရှိ ပေတစ်ရာဧရိယာက လင်းလက်သွားသည်။ သည်ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးက တောက်ပလင်းလက်သွားကာ မြင်ကွင်းကို ချက်ခြင်းပြောင်းလဲသွားစေ၏။
ဝမ်လင်းက ခန်းမဆောင်ထဲသို့ ကြည့်လိုက်သည့်အခါ ၎င်းက တိမ်များ ပြန့်နှံ့ပြန့်ကျဲပြီး တောင်အတုတစ်ခုနှင့် ဧရိယာတစ်ခုလို ထွက်ပေါ်လာသည်။ နေရာတိုင်းတွင် မြက်ပင်များရှိကာ ဝါးအုပ်များကလည်း တစ်ခုနှင့်တစ်ခု ဆက်လို့နေသည်။
သူက နောက်ထပ် အခြားကမ္ဘာတစ်ခုကို ရောက်သွားသည့်အလားပင်။
တစ်ချိန်တည်းမှာပင် တည်ငြိမ်သောအသံတစ်ုခုက လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ ဝမ်လင်းနားထဲသို့ တိုးဝင်လာသည်။
“အတာအဆီးကို ချိုးဖျက်နိုင်လိုက်တဲ့အတွက် မင်းက ဒီလှိုဏ်ဂူကို ယာယီပိုင်ဆိုင်ဖို့ အရည်အချင်း ပြည့်မှီသွားပြီ။ မင်း မသေသေးသရွှေ့ ဒီထဲကို ဘယ်သူမှ ဝင်မလာနိုင်တော့ဘူး…” ထိုအသံ ရောက်ရှိလာသည့်အခိုက်မှာပင် အကွာအဝေးတစ်ခုမှ ရွှေရောင်အလင်းတန်းတစ်ခုသည် ပျံသန်းလာကာ ဝမ်လင်းရှေ့တွင် ရပ်တန့်သွား၏။
သည်အရာက သလင်းကျောက်တုန်ကင်တစ်ခု ဖြစ်နေသည်။၎င်းက လက်ချောင်းအရွယ်အစားခန့်ကာ ရှိကာ လေထဲ၌ မြောလွင့်နေပြီး ရောင်စုံခုနစ်ခုကို ထုတ်လွှတ်နေ၏။
“ဒါက လှိုဏ်ဂူတုန်ကင်ပဲ၊ ဒီတုန်ကင်ကို ကိုင်ထားရင် မင်းက လှိုဏ်ဂူထဲကို ဝင်နိုင်လိမ့်မယ်…”
ဝမ်လင်းက အသက်ဝဝရှူသွင်းကာ ယင်းသလင်းကျောက်တုန်ကင်လေးကို ဖမ်းဆုပ်လိုက်၏။ သည့်နောက် ခန်းမဆောင်ကို ကြည့်သည်။ ကျောက်စားပွဲနှင့်ထိုင်ခုံတိုင်းက အတားအဆီးများဖြင့် ကာကွယ်လို့ထားသည်။
သို့ရာတွင် ခန်းမအပြင်ဘက် ပေတစ်ရာတွင် ဖုံးလွမ်းထားသည့် အတားအဆီးနှင့် နှိုင်းယှဉ်ကြည့်ပါက သည်အတားအဆီးများက အတော်လေး အားပျော့ပေသည်။
ဝမ်လင်းက ထိုစားပွဲထိုင်ခုံများကို မကြည့်ချေ။ သူ့မျက်လုံးက စားပွဲဝိုင်းပေါ်ရှိ အရက်ကရားပေါ်တွင်သာ ရှိနေသည်။
သည်အရက်ကရားပေါ်တွင် ရှိနေသည့် အတားအဆီးက သိမ့်မွေလှသော်လည်း ဝမ်လင်းအတွက် ချိုးဖျက်ရန် ခက်ခဲခြင်း မရှိပေ။ အနည်းငယ် ဆင်ခြင်ပြီးနောက် သူ့ညာလက်က ထိုကရားထံသို့ လက်ညွှန်သည်။ ၎င်းကရား၏ သုံးလက်မလောက်အကွာတွင် ရေလှိုင်းတွန့်လေးများ ပေါ်လာခဲ့၏။
ဝမ်လင်းက ထိုရေလှိုင်းတွ့န်ထံသို့ လက်ညွှန်လိုက်ရာ လှိုင်းတွန့်တစ်ခုကို ဖြစ်သွားစေသည်။ တစ်ပြိုင်နက်တည်းမှာပင် သူက သူ့လက်ချောင်းကို မြှောက်ကာ ပုံရိပ်ယောင်အတားအဆီးတစ်ခုအား ထိုရေလှိုင်းပေါ်သို့ ကျရောက်သွားစေသည်။
ထိုအခိုက်တွင် ရေလှိုင်းတွန့်က ချက်ခြင်း ဆူပွက်လာပြီး အလယ်တွင် ဝဲကတော့တစ်ခု ဖြစ်လာ၏။ သည်ဝဲကတော့က မြန်သထက်မြန်အောင် လှည့်ပတ်လာပြီးနောက် လေဟာနယ်အဝန်းအဝိုင်းတစ်ခုကို ဖြစ်သွားစေသည်။
ဝမ်လင်းက သူ့ညာလက်ကို အလင်းတန်းအလား လှုပ်ရှားကာ ထို ဝဲကတာ့ထဲသို့ တိုက်ရိုက် ထွင်းဖောက်ကာ ကရားကို လှမ်းဆွဲယူပြီး ချက်ခြင်း လက်ပြန်ဆုတ်သည်။
ထို့နောက် ရေလှိုင်းတွန့်သည်လည်း ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝမ်လင်းက စိတ်လှုပ်ရှားလို့နေ၏။ သူ့လက်ထဲရှိ အရက်ကရားက လေးလံနေသည်။ထို့ကြောင့် ယင်းကရားထဲ၌ တစ်ခုခု ရှိနေသည်မှာ သိသာပေ၏။ သူက အသက်ဝဝရှူသွင်းကာ ကရားအဖုံးကို ဖွင့်လိုက်ရာ လက်ဆတ်သောရနံ့တစ်ခုက ချက်ခြင် လေထဲ၌ ပြည့်နှက်သွားသည်။ ဝမ်လင်းက အရက်ပုလင်းအောက်ခြေကို ကြည့်လိုက်ရာ အရက်စက်ဆယ်စက် ရှိနေကြောင်း တွေ့လိုက်ရသည်။
“ဒီအရက်ပုလင်းက အတော်လေး လေးလံပေမဲ့ အရက်စက်ဆယ်စက်ပဲ ရှိတယ်။ ဒါပေမဲ့ ဒီဟာက ကောင်းကင်ဘုံသားရဲ့ အရက်ဆိုတော့ သာမန်တော့ မဟုတ်နိုင်ဘူး…”
ဝမ်လင်းက သည်အရက်ကရားကို စူးစိုက်ကြည့်ကာ စတင်စဉ်းစားနေ၏။ သိပ်မကြာခင်တွင် သူက အံကြိတ်ကာ အရက်စက်တစ်စက်ကို သွန်ချလိုက်ပြီး သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်၏။
သည်အရက်တစ်စက် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် ဝမ်လင်းခန္ဓာကိုယ်က ရုတ်တရက် နီရဲတောက်လာသည်။ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရူးသွပ်ဖွယ်ပမာဏထိ ပြည့်နှက်လို့သွားသည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ ခပ်ထွေထွေခံစားချက်တစ်ခုက ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက အံ့မခန်းနှုန်းဖြင့် သူ့သွေးကြောများထဲသို့ စီးဝင်လှုပ်ရှားလာသည်။ ထို့နောက် သူ့ဒန်တျန်ထဲ၌ အပူဓာတ်တစ်ခုက တလိပ်လိပ်တက်လာပြီး သူ့ခန္ဓာကိုယ်ကနေ ဖြတ်သန်းထွက်ပေါ်လာ၏။
တစ်ပြိုင်နက်တည်းမှာပင် ခပ်ထွေထွေခံစားချက်က ပိုအားကောင်းလာ၏။ ဝမ်လင်းမျက်လုံးများက ကြည်လင်ခြင်း မရှိတော့ဘဲ နောက်ကျိလာခဲ့သည်။
သူ့ခန္ဓာကိုယ်က ဘယ်ညာယိုင်ထိုးနေကာ သူက ခေါင်းငိုက်စိုက်သွားပြီး အိပ်ပျောက်သွားတော့၏။
အချိန်က ကုန်ဆုံးလာနေ၏။ သုံးလ…ခြောက်လ…ကိုးလ…တစ်နှစ်…။
ဝမ်လင်းက သည်တစ်နှစ်လုံး အိပ်ပျော်လို့နေသည်။ တစ်ချိန်လုံး သူ့ပါးစပ်မှ ထွက်ပေါ်လာသည့် ဟောက်သံကိုသာ ကြားနေရ၏။ ဝမ်လင်းက စတင်ကျင့်ကြံကတည်းက အိပ်စက်သည်မှာ ရှားလွန်းလှ၏။ လွန်ခဲ့သောနှစ်ရာချီမှစ၍ ခုတစ်ကြိမ်က သူ့အတွက် အကြာဆုံး အိပ်စက်နေခြင်းပင်။
သူက အိပ်ပျော်နေသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြန်ဆန်စွာ တိုးတက်လာနေသည်သာ ဖြစ်သည်။ သည်နှုန်းက ရှေ့ဖြစ်ဟောသူသာ သည်နေရာမှ ရှိနေလျှင် သူ့ကိုပင် တုန်လှုပ်သွားစေနိုင်၏။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက အမှတ်တစ်ခုသို့ ရောက်သည့်အခါ သူ့ဒန်တျန်ထဲရှိ နတ်ဆိုးသလင်းကျောက်ကလည်း ပျက်စီးအရည်ပျောက်သွားသည်။ နတ်ဆိုးစွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်ထဲ၌ ရုတ်တရက် ပြည့်နှက်လာပြန်၏။ သို့သော် ၎င်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ပတ်ဝန်းကျင် ပေတစ်ရာ ဧရိယာသို့ ပျံ့နှံ့လို့နေ၏။ သူအိပ်ပျော်နေသည့် သည်တစ်နှစ်အတွင်း သည်ဧရိယာရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က အလွန်အမင်း သိပ်သည်းလာခဲ့သည်။
ဝမ်လင်းက အိပ်ပျော်နေရင်း သူ့ညာဘက်လက်တွင်တော့ အရက်ကရားကို ကိုင်ထားလျက် ရှိနေသည်။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ သူက အရက်နံ့များနှင့် ကြိုင်ကြိုင်လှိုင်နေ၏။ သူက ပတ်ဝန်းကျင်ကို ယောင်တိယောင်တောင် ကြည့်လိုက်ရင်း သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နေ၏။ သို့သော် သည်စိတ်ရှုပ်ထွေးမှုက ချက်ခြင်း ပျောက်ကွယ်သွားပြီး ကြည်လင်မှုက အစားထိုးလာ၏။
သူက မတ်တပ်ကောက်ရပ်လိုက်ပြီးနောက် နိုးနိုးကြားကြားကြည့်လိုက်သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်သည်။ သူက လက်ထဲရှိ အရက်ကရားကို ကြည့်ကာ ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လာမိသည်။ သူက အရက်တစ်စက်ကို သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ မြင့်တက်လာသည်ကိုသာ မှတ်မိလိုက်၏။ ထို့နောက် သူက ထိန်းချုပ်မှု လွတ်ကင်းကာ အိပ်ပျော်သွားခဲ့ပေသည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အကြောင်းတွေးမိရင်း သူက ချက်ခြင်း သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးပြီးနောက် သူ့မျက်လုံးက မယုံကြည်နိုင်ဖွယ်ကောင်းအောင် တုန်လှုပ်မှုကို ထုတ်ဖော်လာ၏။
“ဒါ…ငါ…ငါက ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ…”
ဝမ်လင်းက စတင်ကျင့်ကြံကတည်းက ခုလိုထိ တုန်လှုပ်မှုမျိုးက သူ့ထံ၌ ဖြစ်ခဲလှသည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်ကိုတောင် ဖိနှိပ်နိုင်နေပြီ။ ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့အတွက် သေခြင်းရှင်ခြင်းစမ်းသပ်ချက်ထဲကို ခြေချပြီး ငါ့နယ်ပယ်ကို နောက်တစ်ဆင့် နားလည်အောင် လုပ်ဖို့ပဲ လိုတော့တယ်…”
ဝမ်လင်းက သူ့လက်ထဲရှိ အရက်ကရားကိုကြည့်ကာ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
“ဒါက ဘယ်လို အရက်မျိုးလဲ…” ဝမ်လင်းက သည်အရက်ကရားကို ဂရုတစိုက် သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ သူက စိတ်ပူနေဆဲပင်။ ထို့ကြောင့် ကရားကို ပြန်ထုတ်ပြီး အားကောင်းသောအတားအဆီးများကို ချမှတ်သည်။ထို့နောက်မှ သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။
“ငါက ဒီနေရာကို အပြောင်ရှင်းရမယ်…” သည်အခိုက်တွင် သည်နေရာအပေါ် ဝမ်လင်း၏ စိတ်ဝင်စားမှုက အထိတ်အထိပ်သို့ ရောက်ရှိလာခဲ့တော့၏။
စိတ်လှုပ်ရှားပြီးနောက် ဝမ်လင်းက ကြောက်လန့်မှုအချို့ကိုပင် ခံစားမိနေသည်။
“ငါ့နယ်ပယ်က အာဏာတက်ခြင်းအဆင့်ကို ခုထိ မရောက်သေးတာ ကံကောင်းတာပဲ။ မဟုတ်ရင် ငါက အိပ်ပျော်နေရင်း အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ ချိုးဖျက်နေမိလိမ့်မယ်။ ငါက ကျောက်ရီငါ့ကို ပေးခဲ့တဲ့ အာဏာတက်ခြင်းသလင်းကျောက်ကိုလည်း ထုတ်ယူနိုင်တော့မှာ မဟုတ်ဘူး။ အဲ့လိုဖြစ်လို့ ငါသာ ကျရှုံးသွားင် ငါက သနားစရာကောင်းစွာနဲ့ သေသွားရမှာ…”
ဝမ်လင်းက တွေးတောလို့နေ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။
“ငါ့ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဘယ်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကမှာ ငါ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ ခု ငါက ငါ့နယ်ပယ်ကို အာဏာတက်ခြင်းအဆင့်ကို ရောက်အောင် လုပ်ဖို့ပဲလိုတော့တယ်။ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ လျှို့ဝှက်နေရာတစ်ခု ရှာရမယ်။ ဒီနေရာကတော့ အလျှို့ဝှက်ဆုံးနေရာပဲ။ ဒါ့ကြောင့် ငါက နယ်ပယ်အဆင့် ချိုးဖျက်ပြီးတာနဲ့ ငါက အာဏာတက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ဒီနေရာကို ပြန်လာရမယ်…”
“ဒီကမ္ဘာထဲမှာ အရာအားလုံးက ကံတရားပေါ်မူတည်နေတယ်။ ငါက ဒီနေရာနဲ့ ကံစပ်ပြီး ရောက်လာတာပဲ။ မဟုတ်ရင် ငါ့မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ရှိနေရင်တောင် ဒီအဆင့်ကိုရောက်ဖို့ နှစ်တွေ အများကြီးလိုဦးမှာ။ ဒါက သေမျိုးတွေပြောနေတဲ့ ကံကောင်းမှုနဲ့ ကြုံကြိုက်ခြင်းပဲ…”
ဝမ်လင်းက တစ်နှစ်တိတိ အိပ်ပျော်ပြီးသည့်နောက် နေလို့ထိုင်လို့ကောင်းနေ၏။ သူက အလွန်ကောင်းမွန်သော အခြေအနေ ရှိနေ၏။ သည်အခိုက်တွင် သူက ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာ သူ့ပတ်လည်ရှိ အတားအဆီးများကို ချိုးဖျက်ရန် အသင့်ဖြစ်နေ၏။ ရုတ်တရက် သူက အတွေးတစ်ခု ရမိသွားသည်။
“ငါက ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ…။ ငါက ဆယ်စုနှစ်တစ်ခု ဒါမှမဟုတ် နှစ်ရာချီလား။ ဒါဆိုရင် အပြင်ဘက်မှာ ရှိတဲ့အရာအားလုံးက ကြီးကြီးမားမား ပြောင်းလဲနေလောက်ပြီ။ ဒါသာ အမှန်ဆိုရင်တော့ ငါက ကိုယ်ပိုင်ကျင့်ကြံခြင်းကို ဆက်လုပ်နေတာသာ ပိုကောင်းလိမ့်မယ်…”
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ခန်းမဆောင်အတွင်း၌ လမ်းလျှောက်လိုက်သည်။ သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားကာ သူ့အကြည့်က အကွာအဝေးတစ်ခုရှိ ဝါးပင်အုပ်ထံသို့ ကျရောက်သွား၏။
ဝါးပင်အုပ်ထဲ၌ ခြံဝင်းတစ်ခု၏ ထောင့်စွန်းကို မြင်လိုက်ရသည်။ ၎င်းခြံဝန်း၏ အများစုက ဝါးပင်များနှင့် ဖုံးအုပ်နေသော်လည်း သေချာကြည့်ရှူပြီးနောက် ဝမ်လင်းက အချို့သဲလွန်စများကို ရှာတွေ့လိုက်သည်။
“အစောပိုင်းတုန်းက ငါသတိမပြုမိခဲ့ဖူးပဲ။ ခု ဒီနေရာမှာ နောက်ထပ် အဆောင်တစ်ခု ရှိနေသေးတယ်။ ဒါက သေမျိုးတွေရဲ့ ဘုရားကျောင်းဝန်းတစ်ခုနဲ့တောင် တူနေသေးတယ်…”
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ထိုဘုရားကျောင်းသို့ သွား၍ စစ်ဆေးမကြည့်တော့ချေ။ သူက ကောင်းကင်ဘုံတုန်ကင်ကို ထုတ်ယူကာ နတ်ဘုရားအာရုံ ထည့်သွင်းလိုက်၏။ အလင်းလှိုင်းများ ဖြစ်ပေါ်သွားပြီး သူ့ပုံရိပ်သည်လည်း သည်လှိုဏ်ဂူထဲကနေ ပျောက်ကွယ်သွားတော့၏။