စားပွဲကုလားထိုင်များ အသုံးပြုခဲ့သော နေရာ ကြမ်းပြင်ပေါ်တွင် အမှတ်အသားအချို့ ရှိနေ၏။ သည်အမှတ်အသားများက ဖန်တီးထားခြင်းဖြစ်သည်။ ထိုသို့ ဖန်တီးထားသည်ဟု ဆိုရခြင်းက ဖုန်မှုန့်များ မတက်အောင် တားဆီးထားသည့် မန္တန်ငယ်က ချိပ်တံဆိပ်များနှင့်အတူ ဖျက်စီးထားခြင်း ခံရသောကြောင့် ဖြစ်သည်။
သည်သုံးထပ်ဆောင်တစ်ခုလုံးကို သေချာလေ့လာရှာဖွေကြည့်ပြီးနောက် ဝမ်လင်းက အချက်အလက်တော်တော်များများကို ရှာတွေ့ခဲ့သည်။
ပထမတစ်ခုက သူ့ရှေ့တွင် သည်အဆောင်သို့ လူသုံးယောက်ဝင်ခဲ့ခြင်း ဖြစ်၏။
သည်သုံးယောက်တွင် ပထမဆုံးလူက မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခုအတားအဆီးများကို အသုံးပြုသောလူ ဖြစ်ရပေမည်။ သည်လူက အလွန်လည်းမောက်မာလောက်၏။ သူက သာမန်အရာများက သူ့ကို စိတ်ဝင်စားမှု ဖြစ်စေနိုင်မည် မဟုတ်ပေ။ ဝမ်လင်း တွေ့ရှိချက်အရ တန်ဖိုးရှိသည်ဟု ထင်ရသောအရာများတွင် သည်မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခုအတားအဆီးများ၏ လက္ခဏာများ ရှိနေသောကြောင့်ပင်။
သည်လူ့နောက်တွင် နောက်ထပ်နှစ်ယောက် ရောက်လာခဲ့သေးသည်။ သူတို့နည်းလမ်းများက နည်းလမ်းကျလှခြင်းတော့ မရှိပေ။ စားပွဲကုလားထိုင်များက ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏ ယူဆောင်သွားခြင်း ခံရတာ ဖြစ်နိုင်၏။
သည်ကောက်ချက်များက ဝမ်လင်း ကြမ်းပြင်ပေါ်တွင် တွေ့ရသည့် အမှတ်အသားများထံမှ ရလာခြင်း ဖြစ်၏။
သည်ကြမ်းပြင်ပေါ်ရှိ မီးခိုးရောင်အမှတ်အသားများပေါ်၌ သစ်သားစအမှုန့်အမွှားအချို့ ရှိလို့နေ၏။ သေချာမကြည့်ပါက သည်အရာများကို သတိပြုမိမည် မဟုတ်လောက်ပေ။
ဝမ်လင်းက ထိုင်ချကာ သည်သစ်သားစအမှုန်များကို ကောက်ယူပြီး အနီးကပ် ကြည့်လိုက်၏။
“အတားအဆီးချိပ်ပိတ်ထားတာကို အားသုံးပြီးဖျက်စီးခဲ့တော့ ဒီနေရာမှာ ရှိတဲ့စားပွဲကုလားထိုင်တွေက ပျက်စီးမှုအချို့ ရှိသွားတာပဲ…” ဝမ်လင်းက သည်အမှုန့်များကို တောက်ထုတ်လိုက်ရာ သုံးထပ်ဆောင်ပြင်ပသို့ လွင့်သွား၏။
သည်အဆောင်နောက်တွင် ရှည်လျားသော စင်္ကြံလမ်းတစ်ခုလည်း ရှိနေ၏။ အခြားတစ်ဖက်တွင်လည်း ခြောက်သွေ့နေသည့် ကန်တစ်ခုပါ ရှိနေသေးသည်။
ရေကန်ထဲ၌ ဝမ်လင်းက နောက်ထပ် မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခုအတားအဆီးကို ထပ်တွေ့ရပြန်၏။
ဝမ်လင်းက သူ့ပတ်ဝန်းကျင်ကို သေချာလေ့လာကာ စင်္ကြံလမ်းအတိုင်း လျှောက်လာ၏။
သူက အထဲ ပိုလျှောက်မိလာလေလေ သူတွေ့မြင်ရသည့် အတားအဆီးအကြွင်းအကျန်မလားက နည်းလာလေ ဖြစ်နေ၏။ ငါးကီလိုမီတာလောက် လျှောက်လှမ်းပြီးနောက် သူက စင်္ကြံလမ်းအဆုံးကို လှမ်းတွေ့လိုက်ရ၏။ သည်လူသွားစင်္ကြံလမ်းအဆုံးတွင် မတူညီသောလမ်းသုံးခု ရှိနေ၏။
ဝမ်လင်းက လမ်းသုံးခုစုံမှတ်တွင် ရပ်တန့်ကာ ထိုလမ်းကြောင်းသုံးခုကို သေချာကြည့်ရှု၏။ သူက မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခု အတားအဆီးကို အသုံးပြုသည့်လူ သွားခဲ့သည့်လမ်းကို ရှာရန် လိုအပ်သည်။ သည်လူ၏အတားအဆီးက အလွန်စွမ်းအားကောင်းလှသည်။ထို့ကြောင့် ဝမ်လင်းက သူ့လမ်းကြောင်းအတိုင်းလိုက်လျှင် မည်သည့်ရတနာကိုမျှ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ထိုလူက သူခိုးကျော်တစ်ယောက်နှင့် တူကာ သည်နေရာရှိ ကောင်းပေ့ဆိုသည့်အရာများကို ကောက်ယူခဲ့ကာ ကျန်နှစ်ယောက်ကတော့ ဓားပြနှင့်တူကာ သူတို့တက်နိုင်သည့်အရာတိုင်းကို ယူဆောင်ခဲ့ကြသည်။သို့သော် သူတို့၏စွမ်းရည်များက အကန့်အသတ် ရှိနေသည် မဟုတ်လား။ထို့ကြောင့် အချို့ကောင်းမွန်သည့် ရတနာများကတော့ ကျန်နေနိုင်သေး၏။
ဦးတည်ရာ လမ်းသုံးခုကို သေချာကြည့်ရှုပြီးနောက် ဝမ်လင်းက လမ်းတစ်ခုစီထဲသို့ ဆယ့်နှစ်ပေခန့် အထဲသို့ လျှောက်သွားကြည့်သည်။ သည့်နောက် သူက ဆုံမှတ်ကို ပြန်လာ၏။ သူ့မျက်လုံးလက် လက်ခနဲ ဖြစ်သွားကာ သူက ညာဘက်ရှိ လမ်းထဲသို့ တိုးဝင်သွားလေ၏။
ပေတစ်ထောင်သွားပြီးနောက် မြင်ကွင်းပုံရိပ်များက တူတူသာ တွေ့ရသော်လည်း ဝမ်လင်းက နေရာတိုင်းတွင် ပျက်စီးနေသည့်အတားအဆီးများကို တွေ့ရ၏။ သည်အတားအဆီးများက အားဖြင့်ဖျက်စီးတာ ခံထားရခြင်း ဖြစ်နေခဲ့သည်။ အချို့က တစ်ဝက်တစ်ပျက်သာ ပျက်စီးသေး၏။ဆိုလိုသည်က ထိုအရင်ဝင်ရောက်ခဲ့သည့်လူက လက်လျှော့ သွားခဲ့ခြင်းပင်။
တစ်ဝက်သာပျက်စီးသည့် အတားအဆီးတစ်ခုကို တွေ့တိုင်း ဝမ်လင်းက ရပ်တန့်ကာ ၎င်းကို သေချာလေ့လာသည်။ သူက ယင်းအတားအဆီးတို့ကို ဖျက်စီးပစ်ရန် အလျင်မလိုချေ။ သူက ၎င်းတို့ကို လေ့လာရင်း ဆက်လက်ရွှေ့လျားနေ၏။
ညာဘက်ရှိ လမ်းက ဆက်လက်၍ ချဲ့ထွင်နေကာ ဘေးတစ်ဖက်တွင်တော့ ခြံစည်းရိုးလို အကာအရံ ရှိနေ၏။ သို့ရာတွင် ထိုခြံစည်းရိုးအကာအရံ၏ အခြားတစ်ဖက်တွင်တော့ ရေကန်တစ်ခု ရှိမနေတော့ချေ။ သို့သော် ဝါးအုပ်တစ်ခု ရှိနေ၏။
ဝမ်လင်းက ဂရုတစိုက်ဖြင့် ရှေ့သို့ ဆက်သွားနေရင်း ရုတ်တရက် သူက ရပ်တန့်လိုက်၏။လှမ်းထားသည့် သူ့ညာခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်မလိုက်၏။ သူက တစ်စက်ကလေးမှ လှုပ်ရှားခြင်း မပြုချေ။သို့သော် သူ့မျက်လုံးထဲ၌ အတားအဆီးများစွာက တဖျပ်ဖျပ် ဖြစ်နေသည်။
သူ့ရှေ့ ပေတစ်ရာခန့်တွင် ခန်းမဆောင်တစ်ခု ရှိနေ၏။ သည်ခန်းမဆောင်ထဲ၌ စားပွဲဝိုင်းတစ်ခုနှင့် ထိုင်ခုံပုလေးခုံ ရှိနေသည်။စားပွဲဝိုင်းပေါ်တွင် ကရားတစ်ခုနှင့် ခွက်အနည်းငယ် တင်ထား၏။
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းလို့သွား၏။သူက သတိထားသည့်အသွင် ဖြင့် ဂရုတစိုက် သူ့ပတ်လည်ကို ကြည့်လိုက်သည်။ ခန်းမဆောင်ပတ်လည်တွင် အတားအဆီးများက မည်သည့်ပျက်စီးမှုအရိပ်အယောင်မှ ရှိမနေဘဲ ခြေရာလက်ရာမပျက် ရှိလို့နေ၏။
“စားပွဲပေါ်မှာရှိတဲ့ အရက်ကရားနှင့်ပတ်သတ်ပြီး တစ်ခုခု ရှိနေလောက်တယ်။ ငါက အားနဲ့ အတားအဆီးတွေကို ဖျက်စီးလာခဲ့တဲ့ လူသွားခဲ့တဲ့အတိုင်း လျှေလာက်လာ ဒီနေရာထိ ရောက်လာခဲ့ပြီ၊ဒါပေမဲ့ ကြည့်ရတာ သူက ဒီနေရာမှာ ရှိတဲ့ အတားအဆီးတွေကြောင့် ရပ်တန့်ခဲ့တဲ့ပုံပဲ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူက ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်သည်။ သူက ဂရုတစိုက်လေ့လာကြည့်နေရင်း သူ့မျက်လုံးထဲ၌ အတားအဆီးများက တဖျပ်ဖျပ် ဖြစ်နေကာ သူ့အသွင်ကလည်း တဖြည်းဖြည်း ပိုလေးနက်လာ၏။
“ဒီတော့ ဒါက ဒီလိုပေါ့။ ခန်းမဆောင်ထဲမှာ သောင်းချီတဲ့ မတူကွဲပြားတဲ့ ပြောင်းလဲမှုတွေ ရှိနေတာပဲ။ငါက ဒါကို အဖြေမရှာနိုင်ရင် ပေတစ်ရာအတွင်း ဝင်သွားတာနဲ့ ငါက ဒါကို အသက်သွင်းမိသွားလိမ့်မယ်။ တစ်စုံတစ်ယောက်က ဒါကို အားနဲ့ အတင်းဖျက်စီးမယ်ဆိုရင်တောင် ပြောင်းလဲမှုသောင်းချီရှိနေတဲ့အတွက် သူတို့ရဲ့ကျင့်ကြံမှုအဆင့်ကသာ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် မမြင့်ဘူးဆိုရင် ပြန်ဆိုဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်…”
“ဒါ့အပြင် အရေးအကြီးဆုံးက ဒီခန်းမထဲမှာ ရှိတဲ့ အတားအဆီးက ပတ်ဝန်းကျင်ပတ်လည်မှာ ရှိနေတဲ့ အတားအဆီးတွေရဲ့ ဗဟိုချက်ပဲ၊ ဒီအတားအဆီးက ကျန်တဲ့ ပတ်လည်က အတားအဆီးတွေအကုန်ကို အသက်ဝင်စေနိုင်တယ်။ ဒါ့ကြောင့် အရင် ဒီနေရာကို ရောက်လာခဲ့တဲ့လူက လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့တာနေမယ်…”
“ဒီအတားအဆီးက အားကောင်းပေမဲ့ မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခုအတားအဆီးကို အသုံးပြုနိုင်တဲ့ လူသာ ဒီနေရာ ရောက်လာရင် သူက အချိန်အနည်းငယ်သုံးပြီးတာနဲ့ ဒါကို ဖျက်စီးလိုက်နိုင်မှာပဲ။ ကြည့်ရတာ ငါ ရွေးချယ်တဲ့လမ်းက မှန်သွားတဲ့ပုံပဲ။ ဘယ်သူကမှ ဒီနေရာအမှတ်ကို ကျော်ပြီး မသွားခဲ့နိုင်ကြဘူး…”
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူ့အသွင်က စိတ်လှုပ်ရှားနေသည့်ပုံ ဖြစ်နေသည်။ သူက သည်နေရာသို့ ရောက်လာပြီးနောက် အခြားလူများ ဖျက်စီးထားခဲ့သည့် အကြွင်းအကျန်အတားအဆီးများကိုသာ တွေ့မြင်ခဲ့ရသည်။
ခုသူမြင်လိုက်ရသည့် သည်ခန်းမဆောင်က ရတနာများနှင့် ပြည့်နေသည့်တောင်တစ်ခုလိုပင်။
သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဝမ်လင်းက နောက်တစ်ကြိမ် ခန်းမဆောင်ကို စူးစမ်း၏။ သူက ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ကာ စတင်လေ့လာတော့သည်။
ခန်းမဆောင် ပတ်လည်ရှိ အတားအဆီးများက ကွန်ယက်များလို ဖြစ်နေ၏။ သာမန်လူတစ်ယောက် မည်သည့်အရာကိုမျှ တွေ့နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် အတာအဆီးများနှင့်ပတ်သတ်၍ ဆရာတစ်ဆူ ဖြစ်သူကသာ ခုလိုမတူကွဲပြားမှုကို တွေ့မြင်နိုင်ပေမည်။ အရာအားလုံးက အတားအဆီးနှင့်ပတ်သတ်၍ အတွေ့အကြုံများပေါ်သာ မူတည်ကာ နေ၏။
သူက သည်နေရာရှိ အတားအဆီးကို ချိုးဖျက်လိုလျှင် ပထမဆုံးခြေလှမ်းက လေ့လာစမ်းစစ်ကြည့်ရန်သာ ဖြစ်၏။
ဝမ်လင်းက သုံးရက်တိုင်တိုင် ထိုင်နေခဲ့၏။ သည်သုံးရက်လုံးတွင် သူ့မျက်လုံးထဲ၌ သွေးကြောမျှင်များပင် ပေါ်လာခဲ့သည်။ သူက ပင်ပန်းသည့်အသွင် စတင်ဖြစ်ပေါ်လာ၏။
“ငါက အပြောင်းအလဲသုံးထောင်နဲ့ ပတ်သတ်လို့ပဲ မြင်နိုင်သေးတယ်။ ဒီအစီအရင် မချိုးဖျက်ခင် သွားဖို့ နည်းလမ်းတစ်ခုတော့ ငါ့မှာ ရှိတယ်။ဒါပေမဲ့ ခုလက်ရှိအတာအဆီးက မူလအတိုင်း ရှိနေတော့ ပြောင်းလဲမှုအများကြီးကို မမြင်နိင်ဘူး…” ဝမ်လင်းက စဉ်းစားနေရင်း သူ့လက်ကို ရုတ်တရက် မြှောက်လိုက်သည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခုက သူ့လက်ချောင်းထိပ်၌ စုဝေးလာကာ သူက ခန်းမဆောင်ထံသို့ တောက်ထုတ်လိုက်၏။
လက်ချောင်းကို တောက်ထုတ်ပြီးနောက် သူက ချက်ခြင်းပင်နောက်သို့ အမြန်ဆုတ်သည်။ သူက အလွန်မြန်သဖြင့် ပုံရိပ်ယောင်များပင် အထပ်ထပ် ဖြစ်လို့သွား၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တန်းက ခန်းမဆောင်၏ ပေတစ်ရာအတွင်းသို့ ရောက်သည့်အခိုက် ၎င်းက ချက်ခြင်း ပြိုကျကာ ပျောက်ကွယ်သွား၏။ ပေတစ်ရာအတွင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်လို့သွားသည်။
လှိုင်းများက စတင်တသိမ့်သိမ့် လှုပ်ရှားလာသည်နှင့် ပေတစ်ရာဧရိယာအတွင်းကနေ ရူးသွယ်ဖွယ် ဖိနှိပ်နိုင်သည့် အားတစ်ခုက ထွက်ပေါ်လာ၏။ သည့်နောက် ထိုပြင်းထန်သောအားက မြင့်တက်လာကာ ချက်ခြင်း ပျံ့နှံလို့သွားသည်။
ဝမ်လင်းကသာ ကြိုတင်ပြင်ဆင်ပြီး နောက်သို့ မြန်ဆန်စွာ ဆုတ်ထားခြင်း မရှိလျှင် သူက သည်အားလှိုင်း၏ ဝါးမြိုခြင်းကို ခံသွားရပေမည်။
ဝမ်လင်းက ပေတစ်ထောင်ကျော် အကွာတွင် ရပ်တန့်လိုက်၏။ သူက နောက်သို့ ဆက်ဆုတ်နေသော်လည်း သူ့အကြည့်က ခန်းမဆောင်ပေါ်သို့သာ ကျရောက်နေသည်။ ခုချိန်၌ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။
“ဒီအတားအဆီးမှာ ပြောင်းလဲမှုက တစ်သောင်းထက် နည်းမှာ မဟုတ်ဘူး…”
ဝမ်လင်းက ထိုင်ချကာ ဆက်လက်တွက်ချက်ကြည့်နေ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်မှန်းမသိကုန်လာကာ မျက်စိတစ်မှိတ်အတွင်း တစ်လ ဖြစ်သွားခဲ့လေပြီ။
သည်တစ်လတွင် ဝမ်လင်းက ကောင်းကင်ဘုံစွမ်းအင်ကို အသုံးပြုာက သည်အတားအဆီးကို အသက်ဝင်စေပြီး လေ့လာလို့နေ၏။ သူက အကြိမ်တိုင်းတွင် အကျိုးအမြတ် ရရှိခဲ့သည်သာ။ တဖြည်းဖြည်းဖြင့် သည်ခန်းမဆောင်ထဲရှိ ပြောင်းလဲမှုအများစုနှင့် ပတ်သတ်ပြီး အချို့သိမြင်မှုများ ရရှိလာ၏။
တစ်ချိန်တည်းမှာပင် သည်တစ်လအတွင်း သူက သူ့ထုတ်နှုတ်ဆင်ခြင်နေမှုများကို ရပ်တန့်ခြင်း မပြုပေ။ ခုချိန်၌ သူ့မျက်လုံးတစ်ခုလုံးက နီရဲနေကာ သွေးများပင် စိမ့်ထွက်တော့မလား ထင်မှတ်ရ၏။
သည်တစ်လအတွင်း ဝမ်လင်းက အရာအားလုံးကို မေ့ထား၏။ သူက တစ်စုံတစ်ယောက်၏ လှိုဏ်ဂူထဲ၌ ရောက်နေသည်ကိုပင် မေ့ဖျောက်ထားသည်။ ခုချိန်၌ သူ့စိတ်ထဲတွင် သည်အတားအဆီးကို ချိုးဖျက်ရန်တစ်ခုသာ ရှိ၏။
သူက ပိုလေ့လာမိလေ ပိုကောက်ချက်ချ ဆင်ခြင်နိုင်လေ ဖြစ်သည်။ သည်အတားအဆီးထဲ၌ သောင်းချီသောအတားအဆီးများစွာ၏ ပြောင်းလဲမှုတို့ ပါဝင်နေ၏။ သူက လေ့လာနေရင်း ယင်းအတားအဆီးများအပေါ် နည်းလည်မှုကလည်း ပိုနက်နဲလာခဲ့သည်။
ဝမ်လင်းသည် အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားနယ်မြေထဲ၌ အတားအဆီးများစွာကို သင်ယူခဲ့ကာ သူသင်ယူခဲ့သည့်အတားအဆီးများကလည်း ရှေးဟောင်းအတားအဆီးများပင်။ သည့်နောက် သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် လှိုဏ်ဂူတစ်ခုကို ရှာတွေ့ခဲ့မိပြီး ယင်းလှိုဏ်ဂူထဲ၌ စာအုပ်များစွာကိုပါ မတော်တဆ တွေ့ရှိခဲ့၏။ ထိုစာအုပ်များထဲက အတားအဆီးနည်းလမ်းများနှင့် သူသင်ယူခဲ့သည့် အတားအဆီးများကို ပေါင်းစပ်နိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပေသည်။ ထို့ကြောင့် အတားအဆီးများနှင့်ပတ်သတ်၍ သူ့နားလည်မှုက ကျယ်ပြန့်လေ၏။ သူက အတားအဆီး (၉၉၉)ခုအလံကို ပြီးပြည့်စုံစေပြီးသည်နှင့် အတားအဆီးများနှင့် ပတ်သတ်၍ သူ့ကျွမ်းကျင်မှုက တစ်ဆို့သွားခဲ့သည်။
အတားအဆီးများကို လေ့လာသည့် မည်သူမဆို သူတို့ဘဝတွင် တစ်ဆို့မှုများစွာကို တွေ့ကြုံရမည်သာ။ သူတို့က သည်တစ်ဆို့မှုကို မချိုးဖျက်နိုင်လျှင် သူတို့၏ လေ့လာမှုက ထိုနေရာတွင်သာ ရပ်တန့်သွားတော့မည် ဖြစ်သည်။ သည်တစ်ဆို့မှုက မြင်နိုင်ခြင်း မရှိဘဲ မတူညီသောအကြောင်းများကြောင့် ဖြစ်နိုင်၏။
ဝမ်လင်းက သည်တစ်လလေ့လာနေစဉ်အတွင်း အတားအဆီးနှင့်ပတ်သတ်၍ ဉာဏ်အလင်းများစွာ ရရှိလာခဲ့ကာ သူ့အတားအဆီးစွမ်းရည်လည်း များစွာ တိုးလာခဲ့တော့သည်။ သည်ခန်းမဆောင်ထဲရှိ အတားအဆီး၏ အမျိုးမျိုးသောပြောင်းလဲမှုက သူ့ကို မသိလိုက်မသိဘာသာဖြင့် တစ်ဆို့မှုကို ချိုးဖျက်သွားစေနိုင်ခဲ့ပေသည်။
ခုချိန်တွင် သူ့၌ အခုအတားအဆီးကို ချိုးဖျက်နိုင်ရန် အခွင့်ရေး (၄၀) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်။ ၎င်းက (၄၀) ရာခိုင်နှုန်းဟုသာ ဆိုရသော်လည်း သည်အတားအဆီးကို နှစ်ထောင်ချီလေ့လာသူများပင် ချိုးဖျက်နိုင်ရန် အခွင့်ရေး (၁၀)၊ (၂၀)သာ ရရှိနိုင်သည်ဟုပင် ပြော၍ ရ၏။
နှစ်သောင်းနှင့်ချီ၍ နေထိုင်ခဲ့သည့် မွန်းစတားအိုကြီးများသာ သည်လိုအတားအဆီးကို ချိုးဖျက်နိုင်ဖို့ အခွင့်ရေး (၄၀) ရာခိုင်နှုန်း ရှိသည်ဟု ပြောဝံ့ပေမည်။
“မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခုအတားအဆီးကို ထိန်းချုပ်နိုင်တဲ့ လူသာ ဒီနေရာကို ရောက်လာရင် သူက (၇၀) ရာခိုင်နှုန်းလောက် အခွင့်ရေး ရှိနေမှာ ငါစိုးရိမ်မိတယ်…”
ဝမ်လင်းက စဉ်းစားနေ၏။ သူက လှုပ်ရှားမှုပင် မပြုဘဲ ဆက်လက် ဆင်ခြင်လို့နေသည်။
နောက်တစ်လ ကုန်သွားခဲ့ပြန်ပြီ။ အတားအဆီးထဲရှိ ပြောင်းလဲမှုများကို ကျွမ်းကျင်သွားခြင်း မရှိသေးသော်လည်း သူ့အတွက် ယင်းအတားအဆီးကို ချိုးဖျက်နိုင်ရန် အခွင့်ရေး (၅၀) ရာခိုင်နှုန်း ရှိလာပြီ ဖြစ်သည်။
သည်နေ့တွင် သူက အလေးအနက်အသွင်ဖြင့် မတ်တပ်ရပ်လာ၏။ သူ့မျက်လုံးများက နီရဲနေသော်လည်း သူ့တွင် စိတ်အခြေအနေကောင်းတစ်ရပ် ရှိနေသည်။ သူက ခန်းမဆောင်၏ ပေတစ်ရာ အစပ်သို့ ချက်ခြင်း ရောက်လာ၏။ အနည်းငယ် တွက်ချက်ပြီးနောက် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဝမ်လင်းက သည်ပထမဆုံး ခြေလှမ်းနှင့် ပတ်သတ်၍ စိတ်ပူပန်နေခြင်း မရှိပေ။ သူက သည်ပထမခြေလှမ်းက မည်သည့်အရာမှ ဖြစ်ပျက်လာမည် မဟုတ်မှန်း ယုံကြည်ချက် ရှိနေ၏။ သည်ခြေလှမ်းက အတားအဆီးကို အသက်မဝင်စေနိုင်ပေ။
ခြေတစ်လှမ်းလှမ်းပြီးနောက် သူ့ပတ်ဝန်းကျင်တွင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်မသွားချေ။ သူ့အသွင်က ပုံမှန်အတိုင်း ရှိနေကာ နောက်တစ်လှမ်း ရှေ့သို့ ထပ်လှမ်းသည်။ ထို့နောက် ချက်ခြင်း နောက်တစ်လှမ်း ဆက်တိုက်လှမ်းပြန်သည်။
ခြေလှမ်းသုံးလှမ်းက ဆယ်ပေခန့်သို့ ရောက်သွား၏။ သူက ကိုးခုမြောက် ခြေလှမ်းကို တိုက်ရိုက်လှမ်းလိုက်ပြန်သည်။ သူက ပန်းခြံထဲ၌ လမ်းလျှောက်နေရသကဲ့သို့ တစ်ချိန်လုံး သက်တောင့်သက်သာ အသွင်ဖြင့် ရှိနေသည်။ ခုချိန်ထိ ပုံမှန်မဟုတ်သည့်ရာ ဘာမှ ဖြစ်ပျက်လာခြင်း မရှိသေးချေ။
ကိုးလှမ်းလှမ်းပြီးနောက် သူက ရပ်တန့်လိုက်၏။ အတားအဆီးများက သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် ဖြစ်နေသည်။ ထို့နောက်သူက သူ့ရှေ့ရှိ ပေခုနှစ်ဆယ်ကွာရှိ ခန်းမဆောင်ကို ကြည့်လိုက်၏။ သူက လက်ချိုးရေကာ အနည်းငယ် တွက်ချက်ပြီးနောက် ရှေ့သို့ ဆက်လှမ်း၏။
သည်တစ်ကြိမ်၌ သူက နောက်ထပ် ခြေလှမ်းကိုးလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်၏။ သူက ပေခြောက်ဆယ် အထိ လှမ်းလာခဲ့ပြီး ဖြစ်သည်။
ပေခြောက်ဆယ်ဆိုသည့် အကွာအဝေးက ရှည်လျားခြင်း မရှိပေ။ သို့သော် ဝမ်လင်းက သည်ပေခြောက်ဆယ်အထိ လှမ်းနိုင်ဖို့ အန္တရာယ်ကင်းသည့် လမ်းကို တွက်ချက်ရာ နှစ်လတာ ကြာမြင့်ခဲ့ပေ၏။ သည်အတားအဆီးက နှစ်ထောင်သောင်းချီ၍ နေထိုင်ခဲ့သည့် မွန်းစတားအိုကြီးများပင် လွယ်လင့်တကူ ဖြတ်သန်းနိုင်သည့် အရာ မဟုတ်ချေ။