ယောင်ရှင်းရွှယ်က ဝမ်လင်းကို စူးရဲစွာသာ ကြည့်ကာ စကားတစ်ခွန်းမှ မဆိုချေ။
ဝမ်လင်းက ပြုံးလိုက်၏။ “ငါက နင့်သက်တမ်းကုန်တဲ့အထိ ချိပ်ပိတ်ထားမလို့ပဲ၊ဒါပေမဲ့ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ နှစ်ငါးရာက အကန့်အသတ်ပဲ။ ဒါ့ကြောင့် ငါက နင့်ကို မေးခွန်းတွေ မေးချင်တယ်။ မေးခွန်းတစ်ခု ပြန်ဖြေတိုင်း ငါက နှစ်ငါးဆယ် နှုတ်ပေးမယ်။ ဒါဆိုရင် ဘယ်လိုလဲ…”
ယောင်ရှင်းရွှယ်က အသက်ဝဝရှူသွင်းကာ အနည်းငယ် စဉ်းစားလိုက်၏။ ထို့နောက် သူမက အေးစက်စွာ မေးသည်။ “နင်က အမှန်ပြောနေတယ်ဆိုတာ ငါက ဘယ်လို သိမလဲ…”
ဝမ်လင်းက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်သည်။ “နင်က တုံ့ပြန်မှု မရှိဘူးပဲ…”
ယောင်ရှင်းရွှယ်က ဝမ်လင်းကို အေးစက်စွာ ကြည့်သည်။ “မေး”
“နင်လိမ်တာနဲ့ ငါက ခုမသိနိုင်ဘူးဆိုရင်တောင် နောက်ကျရင် သိလာမှာပဲ၊အဲ့အချိန်ကြရင် ငါ့ကို နင့်ချိပ်ပိတ်မှုကို မဖြေလျော့ပေးတဲ့ အတွက် အပြစ်မတင်ပါနဲ့…”
“ပထဆုံးမေးခွန်းက နင်က ဒီလှိုဏ်ဂူထဲကို ဘာလို့ အသည်းအသန် ဝင်ချင်နေရတာလဲ…”
ယောင်ရှင်းရွှယ်က ခေါင်းလှည့်ကာ ကျောက်တံခါးသို့ ကြည့်လိုက်၏။ သက်လတ်ပိုင်းလူကြီးက ကျောက်တံခါး အောက်တွင် တည်ငြိမ်သောအသွင်နှင့်သာ ရပ်လို့နေသည်။
“ငါက ဝင်ချင်လို့ ဝင်တာ…အကြောင်းပြချက် မရှိဘူး…”
“နင်က ဒါကို နင်ဟာနင် လုပ်ယူနေတာပဲ…” ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူက လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ကာ အတားအဆီးများစွာ ဖန်တီး၏။ သည်အတားအဆီးများက မြေပေါ်တွင် အတားအဆီးစက်ဝိုင်းတစ်ခုလို ဖြစ်လာသည်။ အချိန်ကုန်လာသည်နှင့်အမျှ ဝမ်လင်းက ပိုပိုများသော အတားအဆီးများကို ဖန်တီးကာ မြေပေါ်ရှိ အတားအဆီးစက်ဝိုင်းက အနက်ရောင်အလင်းကို ပေးစွမ်းလာသည်။
ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက ယောင်ရှင်းရွှယ်ကို ဖမ်းဆွဲကာ ထိုစက်ဝိုင်းထံသို့ ပစ်ထည့်လိုက်၏။ သူ့ညာလက်ကလည်း ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး တိုးညင်းစွာ ပြောသည်။ “ချိပ်ပိတ်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် အတားအဆီးစက်ဝိုင်းက မြန်ဆန်စွာ ကျုံ့လာကာ ယောင်ရှင်းရွှယ်ကို ဝန်းရံသွား၏။ချက်ခြင်းပင် ၎င်းက အတားအဆီးနေရာတစ်ခု ဖြစ်သွား၏။
ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ သည်စက်ဝိုင်းက ကျုံ့သွားပြီး သူ့သိုလှောင်အိတ်ထဲသို့ ပျံဝဲလာ၏။
ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သက်လတ်ပိုင်းလူကြီးထံသို့ လှည့်ကာ ပြောလိုက်သည်။ “ငါက အထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မှီလား…”
သက်လတ်ပိုင်းလူအသွင်က တည်ငြိမ်နေဆဲသာ။သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းတို့နှစ်ယောက်က ဓားစွမ်းအင်သုံးခုကို အတူရင်ဆိုင်ခဲ့ကြတယ်။ ဒါ့ကြောင့် မင်းက အထဲကို ဝင်ဖို့ အရည်အချင် ပြည့်မှီတယ်။ ဒါပေမဲ့ လှိုဏ်ဂူထဲမှာ ရှိတဲ့ အရာအားလုံးကို ဆရာက ချိပ်ပိတ်ထားတယ်။ ဒါ့ကြောင့် မင်းက ဒီချိပ်ပိတ်မှုကို မဖွင့်နိုင်ရင် ဝင်နိုင်တာက ဘာမှ အသုံးမဝင်တော့ဘူး…”
ဝမ်လင်းက အလျင်လိုခြင်း မရှိပေ။ သို့သော်သူက အနည်းငယ် စဉ်းစားပြီး မေးလိုက်၏။ “ဒီလှိုဏ်ဂူက ဘာလဲ…”
“ဆရာ့ လှိုဏ်ဂူ…”
“သင့်ဆရာက ဘယ်သူလဲ…”
“ဆရာက ဆရာပဲ။ ဆရာက ဘယ်သူလဲဆိုတာ မင်း ဘာကို ဆိုလိုတာလဲ…”
ဝမ်လင်းက သက်လတ်ပိုင်းလူကို ကြည့်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူက မေးလိုက်၏။ “ဒီစင်္ကြံမတိုင်ခင် အရင်စင်္ကြံဆယ့်တစ်ခုမှာ ရှိတဲ့ ရွှေရောင်သင်္ကေတတွေက ဘာလဲ…”
သက်လတ်ပိုင်းလူကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အစောင့်အရှောက် မန္တန်၊ ဒါပေမဲ့ ဆရာက ဒီလှိုဏ်ဂူကို ချိပ်ပိတ်ထားလိုက်တဲ့နောက် ဗဟိုထိန်းချုပ်မှု မရှိတော့ဘူး။ ဒါ့ကြောင့် အစောင့်အရှောက်မန္တန်တွေက သူတို့ရဲ့ စွမ်းအားအများကြီးကို ဆုံးရှုံးသွားခဲ့ကြပြီ။ မဟုတ်ရင် မင်းတို့နှစ်ယောက်က ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက မေးလိုက်ပြန်သည်။ “ငါက အထဲမှာ ရှိနေတဲ့ အချိန် ဓားစွမ်းအင်သုံးခု တိုက်ခိုက်မှုကို ခံနိုင်တဲ့ တစ်ယောက်ယောက် ရှိမယ်ဆိုရင် အဲ့လူတွေကိုလည်း လှိုဏ်ဂူထဲ ဝင်ခွင့်ပြုမှာလား…”
“မင်းက လှိုဏ်ဂူထဲမှာ ရှိတဲ့ ချိပ်တံဆိပ်တစ်ခုကို ချိုးဖျက်နိုင်ရင် မင်းက လှိုဏ်ဂူထဲကို ဝင်နိုင်ခွင့် ရလိမ့်မဘ်။ အဲ့နောက်မှာ လှိုဏ်ဂူက အလိုလို ချိပ်ပိတ်သွားလိမ့်မယ်။ မင်း မသေသေးသ၍ ဘယ်သူ့မှ ဝင်လာနိုင်တော့မှာ မဟုတ်ဘူး…”
ဝမ်လင်းက ထပ်မံ မေးလိုက်ပြန်သည်။ “ဒီလှိုဏ်ဂူက မရေမတွက်နိုင်တဲ့နှစ်တွေ ကြာအောင် တည်ရှိခဲ့ပြီးပြီး၊ အရင်က အထဲကို ဝင်နိုင်တဲ့ တစ်ယောက်ယောက် မရှိဘူးလား…”
“ရှိတယ်၊ ဒါပေမဲ့ သူတို့အားလုံး သေသွားခဲ့ကြတယ်…”
“ငါက ဒီနေရာကနေ ဘယ်လို ပြန်ထွက်နိုင်မလဲ…”
“ချိပ်တံဆိပ်တစ်ခုကို ချိုးဖျက်ပါ၊ အာ့ဆို မင်းပြန်ထွက်နိုင်လိမ့်မယ်…”
ဝမ်လင်းက စဉ်းစားနေသည်။ သူက ထပ်မေးလျှင်လည်း သည်လှိုဏ်ဂူစိတ်ဝိညာဉ်က ထပ်မံပြောတော့မည် မဟုတ်ပေ။ အနည်းငယ်စဉ်းစားပြီးနောက် သူက မေးခွန်းဆက်မမေးတော့ဘဲ ကျောက်တံခါးထံသို့ လှမ်းလျှောက်သွား၏။
ဝမ်လင်းက ကျောက်တံခါးကနေ ဝင်လာသည့်အခါ သူ့ရှေ့တွင် နန်းတော်အုပ်စုများစွာကို တွေ့မြင်လိုက်ရသည်။ သူက နန်းတော်တစ်ခု၏ အရှေ့တံခါး ညာဘက်တွင် ပေါ်လာခဲ့သည်။
သည်ဧရိယာတွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ခပ်ဖျော့ဖျော့ ဝန်းရံနေသည်။ သူက အသက်ဝဝရှူသွင်းလိုက်ရာ ချက်ခြင်း လတ်ဆတ်မှုကို ခံစားလိုက်ရ၏။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။သို့သော် သူက ချက်ခြင်းခေါင်းငုံ့ကာ အောက်သို့ ကြည့်လိုက်သည်။
အောက်ခြေက အစိမ်းရောင်ကျောက်တုံးများနှင့် ခင်းကျင်းထားကာ ပြားချပ်ချပ် ညီညီညာညာရှိ၏။ ဝမ်လင်းက ထိုင်ချကာ အောက်ချေကို ထိကြည့်လိုက်ရာ သူ့အသွင်က ထူးဆန်းသွားသည်။
“ကောင်းကင်ဘုံ ကျောက်စိမ်းပြား…”
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ သူက သည်ဧရိယာတစ်ခုလုံးသည် အတားအဆီးများစွာနှင့် ချိပ်ပိတ်ထားသည်ကို သတိပြုမိလိုက်၏။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်သည်။
“ဒီနေရာမှာ ရှိတဲ့ အဆောက်အဦအားလုံးက ကောင်းကင်ဘုံကျောက်စိမ်းပြားနဲ့ ပြုလုပ်ထားတာပဲ…” ဝမ်လင်းက အသက်ဝဝမရှူသွင်းဘဲ မနေနိုင် ဖြစ်သွားရ၏။
“ကံမကောင်းစွာနဲ့ ဒီအပေါ်မှာ အလွန်အားကောင်းတဲ့ ချိပ်ပိတ်မှုတွေ ရှိနေတယ်။မဟုတ်ရင် ငါက ဒါတွေကို တူးဆွယူနိုင်မှာ…” ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားလမ်းကို နှမြောစွာ ကြည့်လိုက်မိသည်။
သူ့ရှေ့ ပေတစ်ရာခန့်တွင် ဧရာမဆေးမီးပြင်းဖို တစ်ခု ရှိနေ၏။ ထိုမီးပြင်းဖိုပေါ်၌ သူ့လက်မောင်းလုံးခန့်ရှိသော အပေါက်အချို့လည်း ရှိနေ၏။ အဖြူရောင်အခိုးငွေ့များက ၎င်းအပေါက်များထဲမှ ထွက်ပေါ်နေသည်။
ယင်းဆေးမီးပြင်းဖို၏ ပေရာချီအကျော်တွင် သုံးထပ်ဆောင်တစ်ခုလည်း ရှိနေ၏။
ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လာပြီး မီးပြင်းဖိုနား၌ ရပ်လိုက်၏။ သူက မီးပြင်းဖိုပေါ်ရှိ အပေါက်များကို ကြည့်လိုက်သည်။
မီးပြင်းဖို၏ အောက်ခြေ၌ ရေဗွက်အိုင်တစ်ခု ရှိကာ အဖြူရောင်အခိုးငွေ့များက ယင်းဗွက်အိုင်ကနေ ထွက်ပေါ်လို့နေသည်။
“ငါက ဒီနေရာကို ဝင်လာတဲ့ ပထမဆုံးလူ မဟုတ်ဘူး။ ဒီဆေးမီးပြင်းဖိုအထဲမှာ ရှိတဲ့ ဆေးတွေကို တစ်ယောက်ယောက် ယူသွားပြီးတာ ဖြစ်နိုင်လောက်တယ်…”
ဝမ်လင်းမျက်လုံးက ဆေးပြင်းမီးဖိုကို ကြည့်နေရင်း ကျဉ်းမြောင်းလို့သွား၏။
၎င်းပေါ်၌လည်း အတားအဆီးချိပ်ပိတ်မှု တစ်ခု ရှိနေ၏။ သို့သော် ယင်းချိပ်တံဆိပ်က ပျက်စီးလို့နေသည်။လွန်ခဲ့သောအချိန်များက တစ်ယောက်ယောက်က ဖျက်စီးခဲ့သည့်မှာ သိသာနေ၏။
သေချာကြည့်ရှူပြီးနောက် ဝမ်လင်းက သုံးထပ်ဆောင်သို့ ဆက်လျောက်လာသည်။ သူက သုံးထပ်ဆောင်ရှေ့၌ ရပ်ကာ ကြည့်သည်။ သည်အဆောင်က ချိပ်ပိတ်ထား၏။ အထပ်တိုင်းတွင်ပင် ချိပ်ပိတ်ထားခြင်း ဖြစ်သည်။
“ဒါက စုပေါင်း ချိပ်ပိတ်မှုပဲ။ အတားအဆီးတစ်ခုက အသက်ဝင်တာနဲ့ ဒီအဆောင်ရဲ့အတွင်းအပြင် အရာအားလုံးက အတားအဆီးတစ်ခု အဖြစ်ပြောင်းပြီး ဒီအဆောင်တစ်ခုလုံးကို ချိပ်ပိတ်ပစ်လိမ့်မယ်။ ဒီချိပ်ပိတ်ခြင်း နည်းလမ်းက ရှေးဟောင်းအချိန်တွေတုန်းကတောင် အလွန်ရှားခဲ့တာ။ ငါ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေထဲအတိုင်းဆိုရင် ဒီနည်းလမ်းက ကောင်းကင်ဘုံနယ်မြေက ဆင်းသက်လာတာလို့ ဖော်ပြထားတယ်။ ဒါက ကောင်းကင်ဘုံ အတားအဆီးတွေလို့ ညွှန်းဆိုနေတာပဲ…”
ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီလှိုဏ်ဂူက ကောင်းကင်ဘုံအတားအဆီးတွေနဲ့ ပြည့်နေတယ်။ ဒါက ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ လှိုဏ်ဂူ တကယ်များ ဖြစ်နေနိုင်မလား…”
သည်လို တွေးနေရင်း ဝမ်လင်း သိချင်စိတ်က ပိုလာခဲ့၏။ သည်အဆောင်ပေါ်ရှိ အတားအဆီးများက တစ်စုံတစ်ယောက်၏ ဖျက်စီးခြင်းကို ခံခဲ့ရပြီး ဖြစ်သော်လည် သူက ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ ခြေတစ်လှမ်းကို ဂရုတစ်စိုက်လှမ်းလိုက်သည်။
သည်အဆောင်က သုံးထပ်ရှိကာ ဝမ်လင်းက သေချာလေ့လာနေရင်း တစ်လှမ်းချင်းလှမ်းနေသည်။ သည်အရာက အချိန်ယူရသော်လည်း ဝမ်လင်းကို သည်အဆောင်ထဲရှိ အတားအဆီးများနှင့် ပတ်သတ်ပြီး ရှင်းလင်းစွာ သိမြင်စေပေသည်။
သည်သုံးထပ်ဆောင်ထဲ၌ ဘာမှမရှိတော့ပေ။ စားပွဲတစ်ခု၊ ထိုင်ခုံတစ်လုံးပင် ကျန်ရှိမနေချေ။ ကြမ်းပြင်ပေါ်ရှိ စားပွဲထိုင်ခုံများ အရင်တုန်းက ရှိခဲ့သည့် အမှတ်အသားများကြောင့်သာ မဟုတ်လျှင် ဝမ်လင်းက သည်အရာများကို လူတစ်ယောက်က ယူဆောင်သွားခဲ့သည်ဟု တွေးထင်မိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သူ့ကိုယ်သူ သရောလိုက်၏။ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ လှိုဏ်ဂူထဲမှာ ရှိတဲ့ စားပွဲထိုင်ခုံတွေက သာမန်မဟုတ်ဘူး၊ ဒါ့ကြောင့် ဒါတွေကို ယူသွားရတဲ့ အကြောင်းရင်းတော့ ရှိမှာပဲ…”
သည်သုံးထပ်ဆောင်က ဘာဆိုဘာမှ ရှိမနေခဲ့တော့ပေ။ ဝမ်လင်းက အထဲ၌ မည်သည့်အရာကိုမျှ ရှာတွေ့မိခြင်း မရှိချေ။ အတားအဆီးများအားလုံးကလည်း ပျက်စီးလို့နေခဲ့ပြီ ဖြစ်၏။ သို့ရာတွင် သူက အနီးကပ်ကြည့်လိုက်သည့်အခါ ယင်းအတားအဆီးများကို လူတစ်ယောက်တည်းက ဖျက်စီးထားသည့် မဟုတ်ဆိုသည့်အချက်ကို ရှာတွေ့လိုက်၏။ ဖျက်စီးရာ၌ အနည်းဆုံး မတူညီသည့် နည်းလမ်းသုံးခုကို အသုံးပြုထားပေသည်။
နည်းလမ်းများထဲက တစ်ခုက ရှေးဟောင်းအတားအဆီးများကို အသုံးပြုထားခြင်း ဖြစ်ကာ ၎င်းအရာများက အလွန်ပင်သိမ့်မွေ့လှ၏။ သည်နည်းလမ်းနှင့် ဖျက်စီးခံရသည့် အတားအဆီးများက မက်မွန်ပန်းပွင့်ကဲ့သို့သော အသွင်ကို ဆောင်၏။ ဝမ်လင်းက သည်နည်လမ်းကို ရှေးဟောင်းမှတ်တမ်းများထဲ၌ အရင်က တွေ့မြင်ခဲ့ဖူးကာ ယင်းနည်းလမ်းကို မက်မွန်ပန်းပွင့်ဆယ့်ရှစ်ခုအတားအဆီးဟု ခေါ်၏။
သည်သုံထပ်ဆောင်၏ အတားအဆီးအများစုက သည်မက်မွန်ပန်းပွင့်အတားအဆီးနည်းလမ်းဖြင့် ဖျက်စီးထားခံရခြင်းပင်။ လူတစ်ယောက်ထဲက ပြုလုပ်ခဲ့သည်မှာ သိသာနေ၏။
သည်အတားအဆီးနည်းလမ်းက ရှေးဟောင်းကျင့်ကြံခြင်းလောကတွင် အလွန်ကျော်ကြားခဲ့ပေ၏။ သို့သော် အလွန်နည်းပါးသည့်လူများသာ သည်နည်းလမ်းကို သင်ယူနိုင်ကြသည်။ ထိုရှေးဟောင်းအချိန်တုန်းက တပည့်များက သည်အတားအဆီးကို သင်ယူနိုင်ရန် သူတို့၏ အဆင့်အတန်းပေါ်တွင် မူတည်ခဲ့၏။ အများဆုံးမှ တပည့်တစ်ယောက်သည် အတားအဆီးကိုးခုကိုသာ သင်ယူနိုင်ပေသည်။ ကလန်ခေါင်းဆောင်ကသာ အတားအဆီးဆယ့်ရှစ်ခုလုံးကို သင်ယူနိုင်စွမ်း ရှိ၏။
ဝမ်လင်းက လှည့်ထွက်သွားမလို ဟန်ပြင်လိုက်စည် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူက ကြမ်းပြင်ပေါ်ရှိ ဖယ်ရှားခြင်းခံထားရပြီး ဖြစ်သည့် စားပွဲထိုင်ခုံများ၏ အမှတ်သားများကို ကြည့်လိုက်သည်။