Switch Mode

အပိုင်း (၆၀၃):

အေးစက်စက် လေတိုက်ခတ်သွားပြီးနောက် ကျောက်တံခါးထံကနေ အဖြူရောင်မြူများ ထွက်ပေါ်လာပြီး လူတစ်ယောက်အဖြစ် ချက်ခြင်း သိပ်သည်းသွားသည်။သည်လူက အသက်သုံးဆယ်ပတ်လည်သာ ရှိ၏။သူ့အသွင်က အေးစက်ကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့လှုပ်ရှားမှုတိုင်းက ကောင်းကင်ဘုံအော်ရာကို ကိုင်ဆွဲထားသည်။

သူက ပေါ်လာသည်နှင့် ရေခဲရုပ်တုများထဲရှိ ဝမ်လင်းနှင့် ယောင်ရှင်းရွှယ်တို့ကို အေးစက်စွ ကြည့်သည်။ သူက ပါးစပ်ဟခြင်း မရှိသော်လည်း အသံတစ်ခု ထွက်ပေါ်လာသည်။

“တုန်ကင် မရှိဘဲ ဆရာ့ရဲ့လှိုင်ဂူထဲကို ဘယ်သူမှ ဝင်လို့ မရဘူး…”

ယောင်ရှင်းရွှယ်၏ ရေခဲရုပ်မှ ထွက်ပေါ်လာသည့် အနီရောင်အလင်းက သိပ်သည်းလာကာ အပူလှိုင်းများပါ ထွက်လာ၏။ ရေခဲရုပ်ထံမှ အဖြူရောင်မြူခိုးလှိုင်းများ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ရေခဲရုပ်က အရည်ပျော်သွားပြီး ယောင်ရှင်းရွှယ်က လှမ်းထွက်လာသည်။

“နင်က ဒီနေရာကို လာတာ သုံးကြိမ်ရှိခဲ့ပြီး သွေးသခင်ရဲ့ မန္တန်တွေကို အသုံးပြုခဲ့တယ်။ ငါက နင့်ကို သွေးသခင်ရဲ့ မျိုးဆက်လို့ ယူဆပြီး နင့်ကိုယ်နင် ကယ်တင်နိုင်ဖို့ နင့်ရဲ့ မန္တန်ကို အသုံးပြုခွင့်ပေးပြီး လွယ်ကူစေခဲ့တယ်။ ဒါပေမဲ့ နင်က ကျေးဇူးတင်ရကောင်းမှန်း မသိဘူး။ ဒီတစ်ကြိမ် နင်က ပြန်လည်ရှင်သန်ခြင်းမန္တန်သုံးရင် ဒီနေရာကနေ ထွက်သွားပါ။ နင့် အတွက်အခွင့်ရေး မရှိသေးဘူး…”

သက်လတ်ပိုင်းလူ၏ အသံက တည်ငြိမ်သော်လည်း အားကောင်းသော် အော်ရာကို ပေးစွမ်းနေသည်။

သည်အခိုက်တွင် ဝမ်လင်းပတ်လည်ရှိ ရေခဲရုပ်ကလည်း ဖြည်းဖြည်းချင်း အရည်ပျော်လာ၏။ သူ့အသွင်က တည်ငြိမ်နေကာ သူက သူ့ပတ်လည်ရှိ နှစ်ယောက်ကို အေးစက်စွာ ကြည့်သည်။

သတ်လတ်ပိုင်းလူ၏ အကြည့်က တည်ငြိမ်နေသည်။ သူက ဝမ်လင်းကို ကြည့်ပင် မကြည့်ချေ။ သူ့အကြည့်က ယောင်ရှင်းရွှယ်ထံ၌သာ ရှိနေ၏။

ယောင်ရှင်းရွှယ်က ဦးညွတ်ကာ ပြောလိုက်သည်။ “စီနီယာ…နင်က ငါ့ဘိုးဘေးကို သိနေတယ်။ ဘာ့ကြောင့် ငါ့ကို ကျော်ဖြတ်ခွင့် မပေးလဲ။ ဒီလှိုင်ဂူက နှစ်ပေါင်းများစွာ ကြာအောင် လူသူကင်းမဲ့နေခဲ့ပြီးပြီး ဒီအတိုင်းထားရင် အချည်းနှီး ဖြစ်နေမယ် မဟုတ်လား။ ဂျူနီယာကို ဘာလို့ ရရှိဖို့ ခွင့်မပြုနိုင် ရတာလဲ…”

သက်လတ်ပိုင်းလူကြီးက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြော၏။ “နင်က ငါ့ဓား သုံးချက်ကို ခံနိုင်ရင် နင်က အရည်အချင်း ပြည့်မှီတယ်။မင်းတို့နှစ်ယောက်လုံး အတူ လုပ်မှာလား။ တစ်ယောက်စီလား…”

ယောင်ရှင်းရွှယ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ ပြောလိုက်သည်။ “ငါတို့က ဓားချက်တစ်ချက်စီကို တစ်ယောက်စီ ရင်ဆိုင်မယ်။ နောက်ဆုံးတစ်ချက်ကိုတော့ ပူးပေါင်းပြီး ရင်ဆိုင်မယ်…”

သက်လတ်ပိုင်းလူကြီးမျက်လုံးက တည်ငြိမ်နေဆဲပင်။ သူက သူ့လက်ချောင်းကို မြှောက်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက သူ့လက်ထိပ်၌ မြန်ဆန်စွာ သိပ်သည်းလာ၏။

“အရင်ဆုံး ဘယ်သူလာမလဲ…ဒီတစ်ယောက်က ဒါကို ခံနိုင်မယ်ဆိုရင် ရှင်သန်နိုင်မယ်။ မဟုတ်ရင် သေရမယ်…”

ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်သည်။ “ရောင်းရင်းဝမ်…”

ဝမ်လင်းက ပြုံး၏။သူက နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ကာ ခေါင်းခါလိုက်သည်။

“ရောင်းရင်းယောင်ရဲ့ စကားတွေက မှားနေတယ်။ ငါက ဒါကို စဉ်းစားဖို့ အချိန်လိုတယ်…”

ယေင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “ဘာမှားနေတာလဲ…”

“ဒီနေရာမှာ အတားအဆီးချိပ်ပိတ်မှု ဆယ့်ရှစ်ခု မရှိဘူး။ အတားအဆီး ဆယ့်နှစ်ခုပဲရှိတယ်…။ ဒီတံခါးကို ကျော်တာနဲ့ လှိုဏ်ဂူ ရှိနေလိမ့်မယ်…”

ယောင်ရှင်းရွှယ်က နှာခေါင်းရှုံ့၏။ သူမက သည်လိုနောက်ဆုံးအခိုက်၌ ဝမ်လင်း စိတ်ပြောင်းလဲသွားမည်ကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သည့်အတွက် သူမက ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်း မရှိပေ။ သူမက ပြောလိုက်သည်။ “ရောင်းရင်းဝမ်…ငါ နင့်ကို ပြောဖို့ မေ့နေတာ တစ်ခု ရှိတယ်။ နင် စိတ်မရှိဖို့ မျှော်လင့်ပါတယ်။ဒါပေမဲ အခု ပြောလည်း သိပ်ပြီးနောက်မကျသေးပါဘူး။ ဒီနေရာကို ဝင်လာပြီး လှိုဏ်ဂူထြကို ဝင်နိုင်တဲ့ လမ်းကြောင်းကို ဖြတ်သန်းနိုင်တဲ့ အရည်အချင်းသတ်မှတ်ချက် ဖြစ်တဲ့ ရွှေရောင်အမှတ်အသားကို ရပြီးရင် နင်က အောင်မြင်အောင်လုပ်နိုင်ရမယ်။ မဟုတ်ရင် နင်က သေရလိမ့်မယ်။ ယုံတာ၊ မယုံတာကတော့ နင့်သဘောပဲ…”

ဝမ်လင်းအသွင်က မသေမချာမရေရာ ဖြစ်နေသည်။ ထို့နောက် သူက ယောင်ရှင်းရွှယ်ထံသို့ အကူအညီမဲ့သည့် အကြည့်နှင့် ကြည့်ကာ မချင့်ပြုံးပြုံးလိုက်၏။ “ရောင်းရင်းယောင်က သွေးစိတ်ဝိညာဉ်ဆေးလုံး ရှိတယ်လေ။ ဒါ့ကြောင့် ဒီကိစ္စနဲ့ ပတ်သတ်လို သိပ်စိုးရိမ်နေမှာ မဟုတ်ဘူး။ ကောင်းလိုက်တဲ့ အစီအစဉ်…”

သက်လတ်ပိုင်းလူက ယောင်ရှင်းရွှယ်နှင့် ဝမ်လင်းတို့ကို အေးစက်စွာသာ ကြည့်နေ၏။ သူက မည်သည့်စိတ်မရှည်မှုကိုမှ ပြသခြင်း မပြုုပေ။

ယောင်ရှင်းရွှယ်က ပြောလိုက်သည်။ “နင်က ငါ့ကို ဒီလှိုဏ်ဂူထဲ ဝင်နိုင်ဖို့ ကူညီပေးနိုင်ရင် နင့်အသက်အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ ငါ နင့်ကို အရင်က ကတိပေးထားတဲ့အတိုင်း အကုန်လုပ်ပေးမှာပါ…”

ဝမ်လင်းက စဉ်းစားကာ ပြောလိုက်သည်။ “အခြေအနေတွေက ခုလို ဖြစ်လာတော့လဲ ငါ လုပ်ရတော့မှာပေါ့။ဒါပေမဲ့ ငါက ဒီနေရာကို ဘယ်လိုနေရာ ဖြစ်တယ်ဆိုတာ သိချင်တယ်…”

ယောင်ရှင်းရွှယ်က ပြုံးလိုက်သည်။ “ဒီနေရာက ကောင်းကင်ဘုံသား တစ်ယောက် ချန်ထားခဲ့တဲ့ နေရာပဲ။ ငါ့အဖေက နတ်ဆိုးအင်ပါယာတစ်ယောက်ရှိကနေ မမျှော်လင့်ဘဲ ဒီအကြောင်းကို သိခဲ့တာ။ ဒီလှိုဏ်ဂူက နှစ်ပေါင်းများစွာ လူသူကင်းမဲ့နေခဲ့တယ်။ မန္တန်များစွာကလည်း ပျောက်ကွယ်သွားခဲ့ကြပြီ။ ဒီလှိုဏ်ဂူစိတ်ဝိညာဉ်တစ်ခုပဲ ကျန်နေခဲ့တော့တယ်။နင်က အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဓားစွမ်းအင်တန်းသုံးခုကို ခုခံဖို့ လိုအပ်တယ်။ ကောင်းပြီ ငါနင့်ကို လိုအပ်တာ အကုန်ပြောပြမယ်။ဒါ့ကြောင့် ရောင်းရင်းဝမ်က ကျေးဇူးပြပြီး လုပ်ဆောင်ပေးပါ…”

ဝမ်လင်းက အလေးအနက် ပြောလိုက်သည်။ “အာဏာတက်ခြင်းအဆင့်တစ်ယောက်ရဲ့ ဓားစွမ်းအင်ကို ခုခံနိုင်ရမယ် ဟုတ်လား။ ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်ပဲ ရှိသေးတယ်လေ။ ရောင်းရင်းယောင်…နင်က ငါ့ကို အများကြီး မျှော်လင့်နေတာပဲ…”

ယောင်ရှင်းရွှယ်အသွင်က အေးစက်လာကာ သူက အေးစက်စွာ ပြောလိုက်၏။ “ဝမ်လင်း…ငါတို့ ဒီလှိုဏ်ဂူထဲကို မဝင်နိုင်ရင် ငါ့မှာ သွေးစိတ်ဝိညာဉ်ဆေးလုံး ရှိတယ်။ ဒါပေမဲ့ နင်ကတော့ သေချာပေါက် သေရလိမ့်မယ်…”

ထိုအခိုက်တွင် သူတို့နှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည့် သက်လတ်ပိုင်းလူက ရုတ်တရက် ပြောလာ၏။ “ဒါမှန်တယ်။ မင်းတို့နှစ်ယောက်က ဒီလှိုဏ်ဂူထဲကို မဝင်နိုင်ရင် နှစ်ယောက်လုံး သေရမယ်။ မင်းတို့ အသက်ရှင်ချင်ရင် အောင်အောင်မြင်မြင် ဝင်နိုင်အောင် လုပ်…”

ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက် သူက ရှေ့သို့ ခြေလှမ်းလာရင်း အလေးအနက် ပြောလိုက်၏။ “စီနီယာ…ကျေးဇူးပြု၍ သွားပါ…” သူက သူ့လက်ချောင်းကို လေထဲသို့ မြှောက်ပင့်လိုက်ရာ သူ့ဖိနှိပ်ထားသည့် နတ်ဆိုးစံနမူနာစိတ်က ရုတ်တရက်မြင့်တက်လာကာ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်သွား၏။ ထူထဲသော အနက်ရောင်မြူက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံးက အနက်ရောင်မြူများနှင့် လွှမ်းခြုံလာတော့၏။

ယောင်ရှင်းရွှယ်၏ အမြင်၌ သည်အနက်ရောင်မြူက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ပင်။

“သူ အရင်ဆုံး လုပ်ဆောင်လာတာက နတ်ဆိုးဗိုလ်ချုပ်ကို ယှဉ်တိုက်တုန်းက အသုံးပြုခဲ့တဲ့ မန္တန်ကို ချက်ခြင်း အသုံးပြုလာခဲ့တာပဲ။ဆိုလိုတာက သူက ခွန်အားအပြည့် ချက်ခြင်း အသုံးပြုနေတယ်…။ ငါစီစဉ်ထားတာနဲ့ ကွက်တိပဲ…”

ယောင်ရှင်းရွှယ်က ထိုသို့ တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။ သူမအမြင်၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိသည်။ သူမ သူ့ကို ပေးခဲ့သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့်ပင် သူ့ကျင့်ကြံမှုအဆင့်က ထိုသုံးရက်တာအတွင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလာဖို့ အချိန်လောက်မည် မဟုတ်ပေ။

ထို့ကြောင့်သူက သူ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်နှင့် ဓားစွမ်းအင်ကို ခုခံနိုင်မည်ဆိုလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည်သာ ဖြစ်သည်။ သူက ဆက်လက်ပြီး ချိန်းချောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

သူမက ဓားချက်နှစ်ခုကို သူမအဖေပေးခဲ့သည့် နည်းလမ်းနှင့် ခုခံနိုင်မည်ဟု ယုံကြည်မှုလည်း ရှိနေသည်။ ထိုအခါ လှိုဏ်ဂူစိတ်ဝိညာဉ်က သူမကို လိုအပ်ချက်ပြည့်မှီသည့်အတွက် လှိုဏ်ဂူထဲသို့ ဝင်ရောက်ရန် ခွင့်ပြုလိမ့်မည် ဖြစ်သည်။

သည်နေရာသို့ လာခဲ့သည့် အခေါက်တိုင်းတွင် သူမက အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဓားချက်နှစ်ခုသာ ခုခံနိုင်ခဲ့သည်။ နောက်ဆုံးဓားချက်က အမြဲ သေလောက်အောင် ပြင်းထန်ခဲ့ပေသည်။

သတ်လတ်ပိုင်းလူကြီးက အနက်ရောင်မြူများနှင့် ဖုံးနေသည့် ဝမ်လင်းကို ကြည့်သည်။ သူက စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့လက်ချောင်းကို ဆက်ခနဲ တောက်ထုတ်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက ထိုးထွက်သွားလေ၏။

ဝမ်လင်းက မာန်သွင်းကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို သူ့လက်ညှိုးပတ်လည်၌ စုဝေးစေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ပတ်လည်ရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပျောက်ကွယ်ကာ သူ့ညာလက်ညှိုးထိပ်၌ လာရောက်သိပ်သည်းသွားသည်။

ရွှေရောင်အလင်းကလည်း နီးကပ်လာကာ သူ့လက်ညှိုးနှင့် ထိပ်တိုက်တွေ့၏။

ရွှေရောင်အလင်းက ဆူးတစ်ချောင်းကဲ့သို့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ထိုးခွင်းလာ၏။ သို့သော် တစ်ချိန်တည်းမှာပင် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကလည်း ရွှေရောင်အလင်းထဲသို့ ဝင်ရောက်ကာ ၎င်းကို ဆက်တိုက်အားနည်းသွားအောင် ပြုလုပ်၏။

ရွှေရောင်အလင်းက သာမန်ဟုသာ ထင်ရသော်လည်း အမှန်ပင် အလွန်ပြင်းထန်လှ၏။ ၎င်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ကျော်ဖြတ်ကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့သည်။

ဝမ်လင်းက သွေးအပြည့်အန်ထုတ်လိုက်ရာကာ သူ့ခန္ဓာကိုယ်ကနောက်သို့ လွင့်စင်သွား၏။ တစ်ပြိုင်နက်တည်းမှာပင် သူ့ခန္ဓာကိုယ်ထံမှ ပျက်စီးပေါက်ကွဲသံလို အသံများ ထွက်ပေါ်လာသည်။

သည်စင်္ကြံက အလွန်ကြီးလှခြင်း မရှိပေ။ထို့ကြောင့် ဝမ်လင်းခန္ဓာကိုယ်က အဝေးသို့လွင့်ကာ အောက်ရှိ ဗလာဟင်းလင်းပြင်ထံသို့ ပြုတ်ကျသွား၏။

သက်လတ်ပိုင်းလူကြီးက ခေါင်းငုံ့ကာ ဝမ်လင်းပျောက်ကွယ်သွားသည့်နေရာသို့ ကြည့်၏။သည့်နောက် သူက ခေါင်းပြန်မော့ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နင်က ပထမဓားချက်ကို ရင်ဆိုင်ပြီးသွားပြီလို့ ယူဆလိုက်မယ်။ ခု ဒုတိယဓားချက်လာပြီ…” ထိုသို့ပြောပြီးသည့်နောက် သူက ညာလက်ကိုမြှောက်ကာ နောက်ထပ် ရွှေရောင်အလင်းတန်းကို သူ့လက်ချောင်းထိပ်၌ သိပ်သည်းစေ၏။

ဝမ်လင်း၏ ဒဏ်ရာများက ယောင်ရှင်းရွှယ်မျှော်လင့်ထားသလို ပြင်းထန်လှခြင်း မရှိပေ။ သူမက ဝမ်လင်းအသက်ကို ဂရုစိုက်ခြင်း မရှိပေ။ သူမက လှိုဏ်ဂူထဲသို့ ဝင်နိုင်ရန်သာ အလေးထား၏။ သူမအဖေက ဝမ်လင်းနှင့် ဆက်ဆံရေးမဆိုးစေရန် မှာထားခဲ့သည့်ကိုပင် ခုချိန်၌ မေ့သွားခဲ့ပြီ ဖြစ်၏။

အမှန်တော့ သူမစိတ်နှလုံးထဲတွင် ဝမ်လင်း၏အဆင့်အတန်းနှင့်ကျင့်ကြံမှုက သူမ မိတ်ဆွေဖြစ်ရန် လုံလောက်သည်ဟု မထင်ထားချေ။ သူနှင့်ပတ်သတ်လို့ သာမန်မဟုတ်သည့်အရာ တစ်ခုခုရှိနေတာတောင်မှပေါ့။

သူမက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ ဝမ်လင်း၏ တည်ရှိမှုကို ရှာမတွေ့သည့်နောက် ဝမ်လင်းအပေါ်ထားထားသည့် နောက်ဆုံးသံသယပင် လုံးဝ သူမထံ၌ ပျောက်ကွယ်သွားတော့၏။

သူမက လှိုဏ်ဂူစိတ်ဝိညာဉ်ထံမှ ဒုတိယမြောက်ဓားစွမ်းအင်းနှင့် ရင်ဆိုင်ရန် ဟန်ပြင်လိုက်သည်။ထို့ကြောင့် သူမက သိုလှောင်အိတ်ထဲမှ သွေးကျောက်စိမ်းပြားအများအပြားကို ထုတ်ယူလိုက်သည်။ သည်အခိုက်၌ သတ်လတ်ပိုင်းလူကြီးက သူ့လက်ချောင်းကို ဆက်ခနဲ တောက်ထုတ်လိုက်ပြန်ရာ ရွှေရောင်အလင်းတန်းက နဂါးတစ်ကောင်အလား မာန်ဖီ၍ တိုးဝင်လာတော့၏။

ယောင်ရှင်းရွှယ်၏ လက်ထဲရှိ ကျောက်စိမ်းပြားများက လျင်မြန်စွာ ပြန့်ကျဲပျက်စီးကာ သွေးရောင်အလင်းတန်းများက ရွှေရောင်နဂါးကို လွှမ်းခြုံသွားသည်။ သည်ရွှေရောင်နဂါးက ချက်ခြင်းပင် ထိုသွေးရောင်အလင်းများကို ဖြတ်ကျော်လာ၏။ ၎င်းက အနည်းငယ် မှိန်ဖျော့သွားသော်လည်း ကြမ်းကြုတ်နေဆဲသာ။ ၎င်းက ယောင်ရှင်းရွှယ်၏ ရင်ဘက်ပေါ်သို့ ကျရောက်သွား၏။

ယောင်ရှင်းရွှယ်မျက်နှာက ချက်ခြင်း နီရဲသွားကာ သူမက ပါးစပ်ထဲသို့ လျှံထွက်လာသည့် သွေးများကို ဖိနှိပ်ထားလိုက်ရသည်။ သူမက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားရ၏။ ထို့နောက် သူမက သက်လတ်ပိုင်းလူကြီးကို ကြည့်သည်။

သူမက သည်တံခါးပေါက်နားသို့ ရောက်လာသည်မှာ ခုဆို လေးကြိမ်မြောက် ရှိနေပေပြီ။ သူမက သည်သွေးကျောက်စိမ်းပြားများက တစ်ကြိမ်သာ အလုပ်လုပ်မှန်း သိ၏။ နောက်ထပ် ကျရောက်လာမည့် ရွှေရောင်အလင်းတန်းပေါ်၌ ယင်းကျောက်စိမ်းပြားများက မည်သည့်သက်ရောက်မှုမှ ရှိတော့မည် မဟုတ်ချေ။

သူမ သည်နေရာသို့ ပထမဆုံး ရောက်လာတုန်းက သူမက သွေးကျောက်စိမ်းပြားများကို အသုံးပြုကာ စင်္ကြံဆယ့်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် သေချာပေါက်အောင်မြင်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့မိ၏။သို့သော် သွေးကျောက်စိမ်းပြားမှုစွမ်းအားက ဒုတိယဓားစွမ်းအင်တိုက်ခိုက်မှုပေါ်၌ သက်ရောက်မှု မရှိတော့ချေ။

“ငါက နင့်ကို ဒုတိယမြောက်ဓားချက်ကို ခုခံနိုင်တယ်လို့ ယူဆလိုက်ပြီ။ ခု ဒါက နောက်ဆုံးဓားချက်ပဲ…”

သက်လတ်ပိုင်းလူက ထိုသို့ပြောလိုက်ပြီးသည့်နှင့် နောက်ထပ် ရွှေရောင်အလင်းတစ်ခုက သူ့လက်ထိပ်ပေါ်တွင် စုဝေးလာသည်။ သူက ယောင်ရှင်းရွှယ်ကို ပြင်ဆင်ချိန်ပင် မပေးခဲ့ချေ။ ရွှေရောင်အလင်းတန်းက ပျံသန်းထွက်လာပြန်၏။

ယောင်ရှင်းရွှယ်အသားအရေက နီမြန်းနေသော်လည်း သူမနှလုံးသားထဲတွင်တော့ အတော်လေး စိတ်လှုပ်ရှားလို့နေသည်။ အရင်တုန်းက သူမကက တတိယဓားစွမ်းအင်တိုက်ခိုက်မျု ရောက်လာသည့်အခါ ပြင်းထန်စွာ ဒဏ်ရာရနေခဲ့ပြီး ဖြစ်ကာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း အနည်းငယ်သာ ကျန်နေခဲ့ချိန် ဖြစ်သည်။ ထိုကြောင့် သူမသည် နောက်ဆုံးဓားချက်ကို ခုခံဖို့ မဖြစ်နိုင်ခဲ့ချေ။

သို့သော် ခုချိန်၌ ဝမ်လင်းက ပထမဓားချက်ကို အောင်မြင်စွာ ခုခံနိုင်ခဲ့သဖြင့် သူမတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ကျန်ရှိနေခဲ့သည်။ သူမက ဒဏ်ရာအသွေးအမွှား ရခဲ့သော်လည်း သူမအသုံးပြုမည့် မန္တန်ပေါ်တွင်တော့ ယင်းဒဏ်ရာများက သက်ရောက်မှု မရှိနိုင်တော့ပေ။

ခု သူမက နောက်ဆုံးဓားစွမ်းအင်ကို ခုခံနိုင်ရန် သူမစွမ်းရည်အပေါ် ပိုမို ယုံကြည်မှု ရှိလို့နေလေပြီ။

“ဒီလှိုဏ်ဂူက ငါ့ဟာပဲ…” ယောင်ရှင်းရွှယ်က အသက်ဝဝရှူသွင်းကာ သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာ ဖြစ်ပေါ်စေ၏။ ရွှေရောင်အလင်းတန်းက နီးကပ်လာသည့်အခိုက်တွင် သူမက သွေးအပြည့် ထွေးထုတ်လိုက်၏။ သည်သွေးများက ရွှေရောင်အလင်းပေါ်သို့ ကျရောက်သွားသည်။ သည့်နောက် သူမက မန္တန်များကို ခပ်တိုးတိုး ရွတ်ဆိုကာ သူမလက်ကိုလည်း ပိုမို မြန်ဆန်စွာ လှုပ်ရှားနေသည်။

သည်ရွှေရောင်အလင်းက လတ်ဆတ်သောသွေးများနှင့် ဖုံးအုပ်သွားကာ တစီစီအသံများ ထုတ်လွှတ်လာ၏။ သွေးများက ဆူပွက်လာသည်ဟု ထင်မှတ်ရကာ သင်္ကေတအဖြစ်သို့ ပြောင်း၍ ရွှေရောင်အလင်းထဲသို့ ထိုးစိုက်နစ်မြုပ်သွားသည်။

ရွှေရောင်အလင်းက ရုတ်တရက် မှိန်ဖျော့သွား၏။ သို့သော် သွေးသင်္ကေတများက ၎င်းပေါ်၌ အရည်ပျော်သွားလေ၏။ ရွှေရောင်အလင်းတန်းက ယောင်ရှင်းရွှယ်ထံသို့ တိုက်ရိုက် တိုးဝင်လာခဲ့တော့သည်။

ယောင်ရှင်းရွှယ်က အသက်ဝဝရှူသွင်းကာ ချိပ်တံဆိပ်များ ပြုလုပ်နေသည့် လက်ကို ရပ်တန့်၏။ ထိုအစား သူမလက်ဖြင့် ပုံရိပ်အထပ်ထပ်ကို ဖြစ်စေကာ သူမရင်ဘက်ရှေ့၌ တားဆီးသည်။ သိပ်မကြာခင်တွင် လှည့်ပတ်နေသော သွေးအစီအရင်တစ်ခုက ယောင်ရှင်းရွှယ်လက်ထဲတွင် ပေါ်လာခဲ့တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset