ပြည်ထောင်စုပျိုးပင်များ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြပြီးနောက် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ကဲ့သို့ပင် သူတို့၏ ပတ်ပတ်လည်၌ ရှိနေသောလူများကို သတိထားမိလိုက်ကြသည်။ ထို့ကြောင့် သူတို့အားလုံးမှာ သတိကြီးကြီးထားမိသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ် ဖြစ်သွားကြ၏။ ထို့နောက် သူတို့အားလုံးမှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝမ်ပေါင်လဲ့၏နောက်သို့ ရောက်သွားကြတော့သည်။
သူတို့အားလုံးမှာ သူတို့၏ ဇာတိမြေမှ ထွက်ခွာလာခဲ့ပြီးနောက် သူတို့ လုံးဝမရောက်ဖူးသော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်ရှိလာကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ အချင်းချင်း စည်းလုံးညီညွတ်မှုရှိနေရန် လိုအပ်ပေသည်။ တစ်ချိန်ထဲမှာပင် သူတို့၏ စိတ်ထဲ၌ ဝန်မခံချင်သည့်တိုင်အောင် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အစွမ်းအထက်ဆုံး ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့အဖွဲ့၏ ခေါင်းဆောင်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
အထူးသဖြင့် ခုန်းတောက်၊ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ သုံးယောက်မှာဆိုလျှင် ထိပ်သီးအဆင့် ကျင့်ကြံသူများ ဖြစ်နေကြသည်တိုင်အောင် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ဘေးတွင် ရပ်ကာ ဘေးပတ်ပတ်လည်ရှိ ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများအား သတိဝီရိယအပြည့်ဖြင့် စောင့်ကြည့်နေ၏။
ထိုသို့ဖြင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
သို့သော် ခဏအကြာတွင် ခံစားချက်ကိုယ်စီ ဖြစ်နေကြသည့် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများဆီမှ စကားသံများ ထွက်ပေါ်လာကြ၏။ ထို့နောက် ခပ်လှမ်းလှမ်းရှိ တောင်ထိပ်တစ်ခုထဲမှ သက်တံ့တစ်ခု ချက်ချင်းပင် ထွက်ပေါ်လာသည်။ ၎င်းမှာ အလွန်အင်မတန်မှ လျင်မြန်လွန်းလှသောကြောင့် လေပြင်းများပင် တိုက်ခတ်ကာ မိုးခြိမ်းသံများပင် ထွက်ပေါ်လာ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက အပြာရောင်တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် လူတစ်ယောက်မှာ လျှပ်စီးတန်းများ ခြံရံလျက် အလင်း၏ အမြန်နှုန်းမျိုးဖြင့် ရောက်ရှိလာသည်ကို မြင်နိုင်ပေသည်။
မိုးခြိမ်းသံများ ပို၍ကျယ်လောင်လာပြီးနောက် ထိုပုဂ္ဂိုလ်ကြီးမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးပေါ်ရှိ လေထဲ၌ ပေါ်ပေါက်လာပြီး ရပ်တန့်သွား၏။ သူသည် သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်ပြီး ခံစားချက်မရှိသော မျက်နှာအမူအရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ တစ်ချိန်ထဲမှာပင် သူ့ဆီမှ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများ အဆက်မပြတ် ပေါ်ထွက်နေသဖြင့် သူ၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ တွန့်လိမ်ပုံပျက်နေ၏။
ထိုအခါ ဘေးပတ်ပတ်လည်တွင် ရှိနေကြသော ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများမှာ စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ့အား အရိုအသေ ပေးလိုက်ကြ၏။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အခြားသူများ၏ တုံ့ပြန်မှုများကို ကြည့်လျှင် သူသည် ရာထူးအဆင့်အတန်း မြင့်မားသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာလည်း ထိုလူကြီးအား မော့ကြည့်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ သူနှင့် အကြည့်ချင်းဆုံမိသွားသောအခါ အသက်အောင့်မိသွား၏။ ထိုလူကြီး၏ မျက်ဝန်းများမှာ အသွားချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ဖြစ်နေသဖြင့် သူ၏နှလုံးသားမှာ တဆတ်ဆတ် တုန်ရီသွားရတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် အသားများတုန်နေပြီး အခြား ပြည်ထောင်စုပျိုးပင်များ အသက်ရှူသံများ မြန်ဆန်လာကြစဉ် လေထဲတွင်ရှိနေသော သက်လတ်ပိုင်းလူကြီးမှာ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တည်ကြည်စွာဆိုလိုက်၏။
” ပြည်ထောင်စု ကျင့်ကြံသူများခင်ဗျား။ အကြီးအကဲဖုန့်က မိုးကောင်းကင်မေးခွန်းအဆောင်ထဲမှာ လူကြီးမင်းတို့အားလုံးကို စောင့်ဆိုင်းနေပါတယ် ” ထိုသက်လတ်ပိုင်းလူကြီးမှာ ထိုသို့ဆိုကာ နောက်သို့လှည့်သွားပြီး တောင်ထိပ်ဆီသို့ ဦးတည်သွား၏။ အဝေးမှကြည့်လိုက်မည်ဆိုပါက သူ၏ ဆံပင်များမှ လေထဲ၌ တလူလူလွင့်နေသောကြောင့် ထိုသက်လတ်ပိုင်းလူကြီးမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် လျှို့ဝှက်ဆန်းကြယ် နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်၏။ အခြား ပြည်ထောင်စုပျိုးပင်များမှာလည်း ထိုနည်းတူပင်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ နောက်မှလိုက်၍ လေပေါ်သို့ ပျံတက်သွားကြတော့သည်။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများ၏ ဖော်ရွေမှုမရှိသော အကြည့်များ၏ အောက်တွင် လေပေါ်သို့ပျံတက်သွားကြပြီး ထိုသက်လတ်ပိုင်းလူကြီး၏နောက်သို့ လိုက်ကာ တောင်ထိပ်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူတို့မှာ လေပေါ်သို့ ပျံတက်သွားကြပြီးနောက်
ထိုနေရာကြီး တစ်ခုလုံးကို အပေါ်စီးမှနေ၍ မြင်လိုက်ရ၏။ မိုးကောင်းကင်ကြီးမှာ ရဲရဲနီကာ လင်းထိန်နေပါသော်လည်း ၎င်းပေါ်၌ ခြုံလွှာတစ်ထည် လွှမ်းခြုံထားသည့်အလား မှုန်ဝါးဝါး ဖြစ်နေ၏။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ကောင်းကင်ယံကြီး၏ အလွန်တွင် မီးတောက်များ အရှိန်အဟုန်ပြင်းစွာ တောက်လောက်နေသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။
မြေပြင်ပေါ်တွင်မူ မီးပင်လယ်တစ်စင်းနှင့် ချော်ရည်များသာ ရှိနေသောကြောင့် အပူလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေ၏။ ထို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံးမှာ အလုံပိတ် ပေါင်းအိုးကြီးတစ်လုံးနှင့် တူနေသဖြင့် အသက်ရှူနိုင်ရန် အခက်တွေ့နေရ၏။ သို့သော် ထိုနေရာတွင် ကမ္ဘာပေါ်၌ ရှိခဲ့စဉ်တုန်းကထက် အဆပေါင်းများစွာပို၍ သိပ်သည်းသော ဝိညာဉ်ချီများ ရှိနေသည်ကိုလည်း အာရုံခံနိုင်ပေသည်။
ထို ဝိညာဉ်ချီများမှာ အရည်အဖြစ် ပြောင်းလဲသွားခြင်း မရှိပါသော်လည်း အလွန်အင်မတန်မှ သိပ်သည်းနေသောကြောင့် ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီများနှင့် အရည်အသွေး လုံးဝမတူသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာ အကြိမ်အနည်းငယ်ခန့်သာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အံ့ဩတုန်လှုပ်သွားရ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိုဝိညာဉ်ချီများကို စုပ်ယူနေကြသဖြင့် သူတို့အားလုံးမှာ အံ့အားသင့်သွားကြသလို ပို၍ပင် လောဘတက်လာကြပြီး မျက်လုံးများ အရောင်တောက်လာကြတော့သည်။
သူတို့ လေ့ကျင့်ထားကြသည့် ကျင့်ကြံခြင်းပညာရပ်များနှင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ရှိနေသော ကျယ်ပြန့်တာအိုနန်းတော်နှင့် အလွန်အင်မတန်မှ ကိုက်ညီမှုရှိနေသည့်ပုံပင်။ ထို့ကြောင့် ထိုနေရာကြီးတစ်ခုလုံးမှာ အပူချိန်များ မြင့်မားနေသည့်တိုင်အောင် သူတို့အတွက်မူ ပြည်ထောင်စုကြီးထက်ပင် ပိုမိုကောင်းမွန်သည့် ကျင့်ကြံခြင်း ဘုံဗိမာန်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
ထို့အပြင် မီးပင်လယ်ကြီးထဲ၌ ရှိနေသော ကျွန်းစုပေါင်း မြောက်မြားစွာကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ အံ့ဩတုန်လှုပ်သွားရ၏။ မည်သည့်ဘက်မှ ကြည့်ကြည့် ထိုကျွန်းများမှာ မီးပင်လယ်ကြီးအောက်၌ မြုပ်နေသော တောင်များနှင့် တူနေသည်မဟုတ်ပါလော။ တောင်ထိပ်များသာလျှင် မီးပင်လယ်ကြီးအောက်သို့ ရောက်သွားခြင်းမရှိဘဲ ကျွန်းများအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
သူတို့ရှိနေသည့် ကျွန်းကြီးမှာ ထိုဒေသကြီးတစ်ခုလုံးထဲ၌ အရွယ်အစား အကြီးမားဆုံး ဖြစ်နေသည့်ပုံပင်။ ၎င်းမှာ ယခင်တုန်းက အလွန်အင်မတန်မှ ကြီးမားသော တောင်ကြီးတစ်လုံး ဖြစ်ခဲ့ပြီး တောင်ထိပ်ပေါ်ရှိ နေရာအနှံ့အပြားတွင် နန်းတော်ပေါင်း မြောက်မြားစွာ ရှိနေ၏။ ထိုနန်းတော်များအား တည်ဆောက်ထားသည့်နေရာများကို ကြုံရာကျပန်း ရွေးချယ်ထားသည်ဟုသာ ထင်ရပါသော်လည်း ၎င်းတို့၏ နောက်ကွယ်၌ အဓိပ္ပါယ်တစ်ခုခု ရှိနေသည့်ပုံပင်။
တစ်ချိန်ထဲမှာပင် ထိုတောင်ထိပ်ပေါ်ရှိ ခန်းမကြီးသုံးခုမှာ အလွန်အင်မတန်မှ အာရုံဖမ်းစားနိုင်စွမ်း ရှိနေ၏။ ၎င်းတို့မှာ တစ်ပုံစံတည်း ဖြစ်နေကြပြီး တောင်ကြီး၏ အမြင့်ဆုံးအပိုင်းတွင် ရှိနေကြခြင်းဖြစ်သည်။ အကယ်၍ ထိုနေရာတွင်သာ ရပ်နေမည်ဆိုပါက ကျွန်းငယ်လေးများအားလုံးကို အပေါ်စီးမှနေ၍ လှမ်းမြင်နိုင်ပေသည်။
ထိုခန်းမကြီးသုံးခု၏ နောက်တွင် ဧရာမ ကျောက်တုံးကြီးတစ်တုံး ရှိနေပြီး ထိုကျောက်တုံးကြီးပေါ်တွင် ခြောက်သွေ့ညှိုးနွမ်းနေပြီဖြစ်သော သစ်ပင်အိုကြီးတစ်ပင် ပေါက်နေ၏။ ထိုသစ်ပင်အိုကြီးပေါ်တွင် သစ်ရွက်များမရှိတော့ဘဲ ၎င်း၏ သစ်ကိုင်းကြီးများသာ အရပ်မျက်နှာ အနှံ့သို့ ဖြာထွက်နေကြ၏။ ထိုသစ်ပင်ကြီးထဲမှ အံ့ဩမှင်တက်ဖွယ်ကောင်းသော ဖိနှိပ်အားတစ်မျိုး ထွက်ပေါ်နေသည့်အပြင် ၎င်းမှာ ခန်းမကြီးသုံးခုထက်ပင် ပို၍အဆင့်မြင့်သည့်ပုံ ပေါက်နေသောကြောင့် ထိုကျွန်းကြီးနှင့် တောင်ထိပ်ကြီးတို့၏ နတ်ဘုရားကဲ့သို့ ဖြစ်နေတော့သည်။
ထိုသစ်ပင်ကြီးမှာ ခြောက်သွေ့ညှိုးနွမ်းနေပြီ ဖြစ်ပါသော်လည်း ၎င်း၏ သစ်ကိုင်းများကို ကြည့်လိုက်ရုံနှင့် အတိတ်တုန်းက ၎င်းမှာ သစ်ရွက်များဖြင့် ဝေဝေဆာဆာရှိနေခဲ့ပြီး ခမ်းနားထည်ဝါလွန်းနေခဲ့မည်ဖြစ်ကြောင်း စိတ်ကူးထဲ၌ ပုံဖော်ကြည့်နိုင်ပေသည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ ကောင်းကင်ယံထဲသို့ ရောက်သွားပြီးနောက် ထိုအရာများကို မြင်လိုက်ရခြင်းဖြစ်၏။ ကျယ်ပြန့်တာအိုနန်းတော်၏ အဆင်အပြင်မှာ တမူထူးခြားနေခြင်း မရှိပါသော်လည်း သူတို့မှာ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကြောင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။
သူတို့မှာ တောင်အောက်မှ တောင်ထိပ်သို့ တက်သွားသည့် ခရီးစဉ်တစ်လျှောက်လုံးတွင် ကျယ်ပြန့်တာအိုနန်းတော်၏ တောင်ထိပ်အသီးသီးဆီမှ အဆက်မပြတ် ထွက်ပေါ်နေသော အငွေ့အသက်မျိုးစုံအား အာရုံခံမိခဲ့ကြ၏။ ထို အငွေ့အသက်များထဲမှ အားအနည်းဆုံးမှာ အမြုတေအဆင့်တွင် ရှိနေကြပြီး ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ အငွေ့အသက်များမှာလည်း ရံခါဖန်ဖါဆိုသလို ပေါ်ထွက်လာတတ်သေးသည်။ အထူးသဖြင့် တောင်ထိပ်ပေါ်တွင်ရှိနေသော နန်းတော်ထဲတွင်ဆိုလျှင် ပို၍သိသာပေသည်။ ထိုနန်းတော်ထဲတွင် ကောင်းကင်ဘုံမှ စွမ်းအားများနှင့် ဆင်တူသော အငွေ့အသက်သုံးခု ရှိနေသဖြင့် သူတို့အားလုံးမှာ အံ့ဩတုန်လှုပ်သွားရ၏။
ထို့ကြောင့် ထိုတောင်ထိပ်ပေါ်တွင် နတ်ဘုရားသုံးပါး ရှိနေသကဲ့သို့ ဖြစ်နေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ ရပ်တန့်သွားရပြီး ကျောက်ယမုန့်နှင့် အပေါင်းအပါများ အပါအဝင် သူ၏ နောက်တွင်ရှိနေသော ပြည်ထောင်စုပျိုးပင်များ အားလုံးမှာလည်း ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့နားသို့ ပို၍ပင် ကပ်လာကြ၏။
” ကျယ်ပြန့်တာအိုနန်းတော်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ပြည်ထောင်စုကြီးက တော်တော်ကိုအားနည်းတာပဲ။ အဲ့တာမလို့ ဒီ ပူးပေါင်းဆောင်ရွက်မှုက လုံးဝ မျှတမှုရှိမှာမဟုတ်ဘူး။ ပြည်ထောင်စုကြီးက ဒီ အလင်းအုပ်စုလိုခေါ်တဲ့ အဖွဲ့အစည်း သူတို့နဲ့ လိုလိုလားလား မဟာမိတ်ဖွဲ့ဖို့အတွက် ဆုတောင်းနေရမှာ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ ထို့နောက် သူသည် လေချွန်ကာ စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် သက်ပြင်းချလိုက်တော့သည်။ သူ၏ သုံးသပ်ချက်များအရဆိုလျှင် ကျယ်ပြန့်တာအိုနန်းတော်မှ လူများမှာ သူတို့ စတင်ရောက်ရှိလာကတည်းက ဖော်ဖော်ရွေရွေ ဆက်ဆံနေမှသာလျှင် ပို၍ သံသယဖြစ်စရာ ကောင်းနေမည်ဖြစ်သည်။
အကယ်၍ ထို အဆင့်နိမ့်ကျင့်ကြံသူများ သူတို့အား ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့ခြင်းမရှိဘဲ တန်းတူသဘောထားကာ ဆက်ဆံခဲ့မည်ဆိုလျှင်တောင် ဝမ်ပေါင်လဲ့မှာ သံသယဝင်နေရဦးမည်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ထိုကျင့်ကြံသူများဆီမှ ရန်လိုနေသည့် အပြုအမူများကို တွေ့မြင်ခဲ့ရသည်မှာ သာမန်သာဖြစ်ကြောင်း သူက ယူဆလိုက်၏။
” သူတို့ရဲ့စိတ်နေစိတ်ထားတွေကို ထပ်ပြီးတော့ အကဲခတ်လို့ ရမရ ကြည့်ကြတာပေါ့… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း သူတို့အားလုံးမှာ သက်လတ်ပိုင်းလူကြီး၏ နောက်သို့ လိုက်သွားကြ၏။ နောက်ဆုံးတွင် သူတို့မှာ တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားကြပြီး ၎င်း၏ အလယ်တွင်ရှိသော မိုးကောင်းကင်မေးခွန်းအဆောင်ရှေ့သို့ ရောက်လာကြတော့သည်။
ထိုအဆောင်ကြီးမှာ အလွန်အင်မတန်မှ ကျယ်ပြောပြီး ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် ဧရာမသားရဲကြီးတစ်ကောင်၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ထိုအငွေ့အသက်ကြီးမှာ အလွန်အင်မတန်မှ အားကောင်းလွန်းလှသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်ပြီး ပြည်ထောင်စုပျိုးပင်များအားလုံးကိုလည်း ရင်တထိတ်ထိတ်ဖြစ်သွားစေ၏။ သူတို့ ရောက်ရှိလာပြီး သိပ်မကြာခင်တွင် မိုးကောင်းကင်မေးခွန်းအဆောင်၏ တံခါးပေါက်များမှာ ပွင့်သွားတော့သည်။ ထို့နောက် ထိုအဆောင်ထဲမှာ သြဇာညောင်းသည့် စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။
” ပြည်ထောင်စု ကျင့်ကြံသူများ။ ခန်းမထဲဝင်ပြီးတော့ ဂါရဝပြုကြပါ ”
ထိုစကားသံကြီးမှာ လူတိုင်း၏ နားထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှုလိုက်ပြီး ရှေ့ဆုံးမှနေ၍ ခန်းမထဲသို့ ဝင်သွားလိုက်၏။ သူသည် အထဲသို့ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမကြီး၏ ထိပ်ဆုံးတွင် ထိုင်ခုံသုံးခု ရှိနေသည်ကို လိုက်ရသည်။ ထိုထိုင်ခုံပေါ်တွင် လူသုံးယောက် ထိုင်နေကြ၏။ ထိုသုံးယောက်ထဲမှ အလယ်တွင်ထိုင်နေသည့် တစ်ယောက်မှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အရွယ်နှင့်မလိုက်အောင် ချောမောလှပ၏။ သူမသည် ရောင်စုံဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး အလွန်အင်မတန်မှ ကြော့ရှင်းနေ၏။ သူမ၏ နူးညံ့သိမ်မွေ့သော အကြည့်မှာ ဝမ်ပေါင်လဲ့နှင့် သူ၏နောက်တွင်လိုက်လာကြသော အခြား ပြည်ထောင်စုပျိုးပင်များပေါ်တွင် ရှိနေသည်။
ထိုအမျိုးသမီး၏ ဘယ်ဘက်တွင် အနက်ရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသော ပိန်ပါးပါး သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေ၏။ သူ၏ မျက်နှာအမူအရာမှာ လုံးဝ အသက်မပါသလို သူ၏ ခန္ဓာကိုယ်မှာလည်း အရိုးစုကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူ၏ မျက်ဝန်းများမှာလည်း ချောက်ချားဖွယ်ရာ ကောင်းနေသောကြောင့် သူနှင့် အကြည့်ချင်းဆုံမိလိုက်သည့် လူတိုင်းမှာ ကျောချမ်းသွားပြီး လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရမည်သာ ဖြစ်သည်။
သူမ၏ ညာဘက်တွင်မူ အဘိုးကြီးတစ်ယောက်ရှိနေ၏။ သူသည် မျက်လုံးများမှိတ်ကာ တရားထိုင်နေပြီး သူတို့၏ရှေ့သို့ ရောက်လာသော ပြည်ထောင်စုပျိုးပင်များအား လုံးဝစိတ်မဝင်စားသည့်ပုံပင်။
သူတို့သုံးယောက်အပြင် အခြား ကျင့်ကြံသူရှစ်ယောက်လည်း ရှိနေသေးသည်။ သူတို့ရှစ်ယောက်ထဲတွင် လူကြီးလူငယ်၊ ကျားမ မရွေး ပါဝင်နေကြ၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကို စိုက်ကြည့်နေကြသည်။ သူတို့အား ထိုနေရာသို့ ခေါ်ဆောင်လာခဲ့သော သက်လတ်ပိုင်းလူကြီးမှာလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့နှင့် သက်တူရွယ်တူ ရှိကြသည့်ပုံပေါ်သော လူငယ်လေးများနှင့် မိန်းမငယ်လေးများမှာလည်း ထိုခေါင်းဆောင်ကြီးသုံးယောက်၏ ဘေး၌ ရှိနေကြသေးသည်။ သူတို့မှာ ထိုင်ခွင့်မရသည့်ပုံပင်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ နှောင်းပိုင်း အမြုတေအဆင့်တွင် ရှိနေကြပါသော်လည်း ထိုခေါင်းဆောင်ကြီးသုံးယောက်၏ ဘေး၌ ရပ်ခွင့်ရနေသောကြောင့် သူတို့မှာလည်း အဆင့်မြင့်သောရာထူးများကို ပိုင်ဆိုင်ထားရမည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူတို့အား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သူတို့မှာလည်း တပည့်များ ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။
ခဏစောင့်ကြပါခင်ဗျာ။ စာရေးဆရာကို ပြောပေးပါမယ်။
အပိုင်းထပ်နေတယ် Adminတွေ Replyပြန်ကြပါ
496=495 ……?
အပိုင်းထပ်နေတယ်
နှစ်ပိုင်းထပ်နေတယ်🥺
496က 495က အပိုင်းဖြစ်နေတယ်