Switch Mode

အခန်း (၄၉၅)

ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်ရှိခြင်း 

” ကျင့်ကြံခြင်းပညာရပ်ဆယ်ခု ပြန်ပို့ပေးနိုင်ရင် ငါ ရာထူးတစ်ဆင့်တိုးမှာ။ အခု ငါက ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်ဆိုတော့ ပဏာမအဆင့်တစ် အရာရှိ ဖြစ်လာဖို့ဆိုရင် ကျင့်ကြံခြင်းပညာရပ် အခုသုံးဆယ်ပဲ လိုတာ။ မဟုတ်သေးဘူး။ အခုလေးဆယ်ပေါ့။ နောက်ဆုံး ဆယ်ခုက ပဏာမအဆင့်တစ်ကနေ ဥက္ကဋ္ဌအဆင့်ကို တက်နိုင်ဖို့အတွက် ”

” ကျင့်ကြံခြင်းပညာရပ် အခုလေးဆယ်တည်းပါ ”

ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရ၏။ သူသည် တစ်ကိုယ်လုံး ချစ်ချစ်တောက်ပူနေပြီး သူ၏ မျက်လုံးများထဲတွင်လည်း လောဘစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း သွေးများမှာ အလွန်အင်မတန်မှ လျင်မြန်စွာ စီးဆင်းနေကြ၏။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီသို့ သွားမည့် ဤခရီးစဉ်မှာ သူ ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်လာရန် နောက်ဆုံးကျော်လွှားရမည့် အတားအဆီးတစ်ခု ဖြစ်နေနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ကူးအိပ်မက်အား အကောင်အထည် ဖော်နိုင်တော့မည်ဟု ခံစားနေရသဖြင့် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောပစ်ချင်စိတ်များ ပေါက်လာ၏။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် သူ၏စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်ရသည်။ သူ၏ ပတ်ပတ်လည်တွင် လူပေါင်းများစွာ ရှိနေသည်ဖြစ်ရာ အကယ်၍ သူတို့ပေးပို့မည့် ကျင့်ကြံခြင်းပညာရပ်များမှာ အတူတူဖြစ်နေမည်ဆိုပါက မည်ကဲ့သို့ အဆုံးအဖြတ်ပေးမည်နည်း။ ထိုကဲ့သို့ ပေးပို့သူအားလုံးကို တစ်ပြိုင်နက်တည်း ရာထူးတိုးပေးမည်လော။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုအကြောင်းတွေးတောနေစဉ်မှာပင် သွမ့်မုချွယ်၏ စကားသံကြီးမှာ ထပ်၍ ထွက်ပေါ်လာပြန်သည်။

” ခဏနေရင် မင်းတို့တစ်ယောက်ချင်းစီကို တမူထူးခြားတဲ့ အသံလွှင့် ကျောက်စိမ်းပေလွှာတစ်ခုစီ ပေးမယ်။ အဲဒီ ကျောက်စိမ်းပေလွှာကို အသံလွင့်အကြောင်းကြားစာတွေ ပေးပို့တဲ့နေရာမှာ အသုံးပြုနိုင်တဲ့အပြင် မှတ်တမ်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရတယ်။ ပြီးတော့ အဲဒီကျောက်စိမ်းပေလွှာကို အစ်ကိုကြီးမော့ကောင်းကျိရဲ့ အကူအညီနဲ့ ဖန်တီးထားတာမလို့ အဲဒီ ပေလွှာနဲ့ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်က ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်ကို အသုံးပြုလို့ရတယ် ”

” ဝိညာဉ်ကွန်ရက်က မင်းတို့တွေအကုန်လုံးအတွက် ဆက်သွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းပဲ။ ပြီးတော့ မင်းတို့ ပေးပို့ပြီးတဲ့ ကျင့်ကြံခြင်းပညာရပ် တစ်ခုချင်းစီတိုင်းကို ဝိညာဉ်ကွန်ရက်ပေါ်မှာ မှတ်တမ်းတင်ထားရမယ်။ အဲတာမှ တခြားလူတွေက မင်းတို့ပို့ပြီးသား ကျင့်ကြံခြင်းပညာရပ်တွေကို ထပ်ပြီးတော့ မပို့တော့မှာ။ ပြည်ထောင်စုကြီးက ကျင့်ကြံခြင်းပညာရပ်အသစ်တစ်ခုကို တစ်ကြိမ်ပဲ လက်ခံမှာ ” သွမ့်မုချွယ်မှာ ထိုသို့ရှင်းပြလိုက်ပြီး လီရှင်းဝမ်အား လှမ်းကြည့်လိုက်၏။

လီရှင်းဝမ်ကမူ နှုတ်ဆိတ်နေဆဲပင်။ ထိုအခါ သွမ့်မုချွယ်မှာလည်း ပြောစရာစကား မရှိတော့သဖြင့် အသက်ပြင်းပြင်းရှုလိုက်ပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။

” အခု တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကို စမယ်။ မင်းတို့အားလုံး ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ကို ချောချောမွေ့မွေ့နဲ့ ရောက်သွားပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ ငါ ဆုတောင်းပေးလိုက်ပါတယ် ”

သွမ့်မုချွယ်၏ စကားသံကြီး ပဲ့တင်ထပ်သွားချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ကျောက်တိုင်များအားလုံး တုန်ရီလာကြပြီး ဘေးပတ်ပတ်လည်ရှိ သလင်းကျောက်များမှာ တလက်လက် တောက်ပလာကြတော့သည်။ ၎င်းတို့၏ အလင်းရောင်များမှာ တဖြည်းဖြည်းနှင့် ပို၍တောက်ပလာပြီး နောက်ဆုံးတွင် အလင်းရောင်ပင်လယ်ကြီးတစင်းအဖြစ် ပြောင်းလဲသွားပြီးနောက် လူတိုင်းကိုသာမက မြေပြင်ကြီးတစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားတော့သည်။

ထိုအချိန်တွင် သွမ့်မုချွယ်၊ လီရှင်းဝမ်နှင့် မော့ကောင်းကျိတို့မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး မတူညီသော အရပ်မျက်နှာသုံးဘက်တွင် တင်ပျဉ်ခွေ ထိုင်နေလိုက်ကြ၏။ ထို့နောက် သူတို့မှာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ မန္တန်အစီအရင်ကြီးအား စတင်လည်ပတ်စေလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ရှိသမျှလူတိုင်းမှာ သူတို့သုံးယောက်ကို ကြည့်နေကြ၏။

ထိုအခိုက်အတန့်တွင် ပြည်ထောင်စုကြီး၏ ရှေးဦးဝိညာဉ်ခေတ်ဆိုသော စာအုပ်ကြီးမှာ စာမျက်နှာအသစ်တစ်ရွက်သို့ ရောက်သွားပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီး စတင်သွားပြီဖြစ်သည်။

ဗုဒ္ဓဟူးဂြိုဟ်မှ ဧရာမအလင်းတန်းကြီးတစ်ခုမှာ ကောင်းကင်ယံထဲသို့ မြင့်တက်သွား၏။ ၎င်းမှာ ဂြိုဟ်ကြီးတစ်ခုလုံးကို တုန်ရီသွားစေပြီး တစ်ချိန်ထဲမှာပင် စက်ဝိုင်းပုံသဏ္ဍာန် လှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ဂြိုဟ်ကြီးတစ်ခုလုံးပေါ်၌ ပျံ့နှံ့သွား၏။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုမြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ တစ််ချိန်ထဲမှာပင် ဗုဒ္ဓဟူးဂြိုဟ်၏ အပြင်ဘက်ရှိ အာကာသထဲတွင် စစ်သင်္ဘောပျံကြီးပေါင်း မြောက်မြားစွာ ပျံဝဲနေကြသည်ကို မြင်တွေ့နိုင်ပေသည်။ ပြည်ထောင်စုကြီးမှာ မတော်တဆမှု တစ်ခုခု ပေါ်ပေါက်လာခဲ့မည်ဆိုပါက ဖြေရှင်းနိုင်ရန် ၎င်းတို့အား စီစဉ်ပေးထားခြင်းဖြစ်သည်။

တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် စတင်သွားသည့်အချိန်တွင် ပြည်ထောင်စုကြီးဘက်မှ စီစဉ်ထားသည့် အဖွဲ့အစည်းများအားလုံးမှာ သတိအပြည့်ရှိနေကြပြီး နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာလည်း အဆင်သင့်ဖြစ်နေ၏။

၎င်းတို့အားလုံးကို သေချာပြင်ဆင်ထားပြီးသားဖြစ်ရာ အကယ်၍ မတော်တဆမှု တစ်ခုခု ပေါ်ပေါက်လာခဲ့မည်ဆိုပါက ပြည်ထောင်စုကြီးမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ချက်ချင်းပင် ဖျက်ဆီးလိုက်မည်သာဖြစ်ပြီး နောက်ထပ် တည်နေရာပြောင်းရွှေ့ခြင်းများ ဆက်မလုပ်နိုင်ရန် တားဆီးလိုက်မည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့နှင့် အခြားပြည်ထောင်စုပျိုးပင်များအားလုံးမှာ ထိုအချက်များအားလုံးကို သိရှိထားပြီးသားဖြစ်သည်။ ဤခရီးစဉ်ကြီး၏ အန္တရာယ်များမှာ ဓားကြီးပေါ်တွင်သာ ရှိနေခြင်း မဟုတ်ကြောင်း သူတို့က နားလည်ထားကြသည်။ အမှန်အတိုင်းဆိုရလျှင် အန္တရာယ်အများဆုံး အခိုက်အတန့်မှာ သူတို့ တည်နေရာပြောင်းရွှေ့ခံရမည့် အခိုက်အတန့်ပင် ဖြစ်သည်။ လေ့လာဆန်းစစ်မှုများစွာ ပြုလုပ်ကာ အကြိမ်ကြိမ် တွေးတောသုံးသပ်ခဲ့ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ကြီးမှာ စိတ်ရင်းအမှန်ဖြင့် ပြည်ထောင်စုကြီးနှင့်အတူ ပူးပေါင်းဆောင်ရွက်ချင်စိတ် ရှိသည်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါသော်လည်း လူ့စိတ်ခံစားချက်ဆိုသည့် အရာမှာ စိတ်ကူးနှင့်မှန်းဆနိုင်ရန် အခက်ခဲဆုံးအရာ ဖြစ်နေသည် မဟုတ်ပါလော။

ထို့ကြောင့် ကြိမ်ဖန်များစွာ စစ်ဆေးပြီးသည့်တိုင်အောင် ပြည်ထောင်စုကြီးမှာ ပြင်ဆင်မှုများ အပြည့်အဝ ပြုလုပ်ထားခဲ့ဆဲပင်။ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် စတင်သွားသည်နှင့် တစ်ပြိုင်နက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အောက်တွင်ရှိနေသော ဝိညာဉ်ဆန့်ကျင်ဗုံး မြောက်မြားစွာကိုပင် ချက်ချင်း ဖောက်ခွဲပစ်နိုင်ရန် အဆင်သင့်ပြင်ထားခဲ့၏။ သွမ့်မုချွယ်၊ လီရှင်းဝမ် သို့မဟုတ် အခြားတစ်ယောက်ယောက်ဆီမှ စကားတစ်ခွန်း ထွက်လာရုံနှင့် ၎င်းတို့အားလုံးမှာ ချက်ချင်း ပေါက်ကွဲသွားကြမည်သာ ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဗုဒ္ဓဟူးဂြိုဟ်၏ အတွင်းဘက်နှင့် အပြင်ဘက်တွင်ရှိနေသော ကျင့်ကြံသူများ အားလုံးမှာလည်း မပေါ့ဆရဲပေ။ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ပင်လျှင် သတိကြီးကြီးထားနေကြ၏။ သူတို့မှာ ကောင်းကင်ယံထဲသို့ မြင့်တက်သွားသော အလင်းတန်းကြီးအား ကြည့်ရင်း လိုအပ်လာပါက အချိန်မရွေး တုံ့ပြန်နိုင်ရန် တစ်ယောက်မှာ မော့ကောင်းကျိ၏ အနီးသို့ ချဥ်းကပ်သွားလိုက်ပြီး အခြားတစ်ယောက်မှာ နောက်သို့ဆုတ်ခွာသွား၏။

ကံကောင်းစွာဖြင့် ဆယ့်ငါးမိနစ်တိတိ ကြာမြင့်သော တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဥ်ကြီး တစ်လျှောက်လုံးတွင် မော့ကောင်းကျိနှင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတို့မှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။ ထို့အပြင် ပြည်ထောင်စုကြီးနှင့် မော့ကောင်းကျိတို့၏ ကြားမှ သဘောတူညီချက်အရ ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ထဲတွင် ပြည်ထောင်စုကြီးဘက်မှ အဖွဲ့တစ်ဖွဲ့သာ ပါဝင်ပေသည်။ ထို့ကြောင့် ထိုအလင်းတန်းကြီး တဖြည်းဖြည်းနှင့်‌ မှေးမှိန်သွားပြီး နောက်ဆုံး ပျောက်ကွယ်သွားသည့် အခါမှသာ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ မည်သည့်ပြဿနာမှ ပေါ်ပေါက်လာတော့မည် မဟုတ်ကြောင်း သေချာသွားသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။

တစ်ချိန်ထဲမှာပင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို အသုံးပြု၍ စစ်ဆေးမှုများ ထပ်ခါတလဲလဲ ပြုလုပ်လိုက်သေးသည်။ ထိုအခါမှသာ ဗုဒ္ဓဟူးဂြိုဟ် အပြင်ဘက်တွင်ရှိနေကြသော သင်္ဘောပျံကြီးများနှင့် အဖွဲ့အစည်းအမျိုးမျိုးမှ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များအားလုံးမှာ စိတ်အေးသွားကြတော့သည်။ သို့သော်လည်း မည်သည့် မတော်တဆမှုမှ မပေါ်ပေါက်လာနိုင်စေရန် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အောက်တွင်ရှိနေသော ဝိညာဉ်ဆန့်ကျင်ဗုံးများကိုမူ အဆင်သင့်ပြင်ထားဆဲပင်။ ၎င်းတို့အား ဖယ်ရှားပစ်မည် မဟုတ်သည့်အပြင် လီရှင်းဝမ်မှာလည်း ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ အစောင့်အဖြစ် နေရစ်ခဲ့မည် ဖြစ်သည်။

” ပြည်ထောင်စုကြီးအတွက် ခေတ်သစ်တစ်ခု စသွားပြီ… ” အရာအားလုံး ပြန်လည်တည်ငြိမ်သွားကြပြီးနောက် သွမ့်မုချွယ်နှင့် မော့ကောင်းကျိတို့မှာ ထွက်ခွာသွားကြ၏။ ထိုအချိန်တွင် မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေသော လီရှင်းဝမ်မှာ ခေါင်းမော့လာပြီး နေမင်းကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ထိုနေမင်းကြီးနှင့် ၎င်းထဲ၌ စိုက်ဝင်နေသော ဧရာမ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးအား စိုက်ကြည့်နေရင်း သူ၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက် အရိပ်အယောင်များ သန်းလာတော့သည်။

” ဖက်တီးလေး… ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့နော်။ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ ”

တစ်ချိန်ထဲမှာပင် လီဝမ်အာမှာလည်း တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်လာ၏။ သူမသည် အခြေတည်အဆင့်မှ ဖောက်ထွက်သွားနိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမြုတေအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် သူမသည် ဝမ်ပေါင်လဲ့နှင့် ဆုံတွေ့ခွင့်တော့ မရလိုက်ပေ။ ထို့ကြောင့် သူမသည် ဗုဒ္ဓဟူးဂြိုဟ် ရှိရာအရပ်သို့ လှမ်းကြည့်ရင်း အချိန်အကြာကြီး နှုတ်ဆိတ်နေလိုက်တော့သည်။

လျှိုတောက်ပင်းနှင့် လင်းတျန်ဟောက်တို့အပြင် ပြည်ထောင်စုပျိုးပင်များ၏ မိတ်ဆွေများနှင့် မိသားစုဝင်များ အားလုံးမှာလည်း မတူညီသော နေရာအသီးသီးမှနေ၍ နေမင်းကြီးအား လှမ်းကြည့်နေကြ၏။ သူတို့မှာ နေမင်းကြီးပေါ်တွင် ရှိနေသော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးအား ငေးကြည့်ရင်း ပြည်ထောင်စုပျိုးပင်များ အောင်မြင်မှုများစွာဆွတ်ခူး၍ ပြန်ရောက်လာမည့် နေ့ရက်အား စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့၏ မိဘများမှာလည်း သူတို့ထဲတွင် အပါအဝင်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဗုဒ္ဓဟူးဂြိုဟ်ဆီသို့ ထွက်မသွားခဲ့ခင်ကတည်းက သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ သွားတော့မည်ဖြစ်ကြောင်း သူတို့အား လှမ်း၍ အသိပေးခဲ့၏။ သူ၏ မိဘများမှာ စိတ်ပူနေကြပါသော်လည်း သွားခွင့်ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း သိထားကြ၏။ ထို့ကြောင့် သူတို့မှာ သူတို့၏ စိုးရိမ်စိတ်များကို ထုတ်ပြောမနေကြတော့ဘဲ ကံကောင်းစေရန်သာ ဆုတောင်းပေးလိုက်ကြတော့သည်။

ကမ္ဘာမြေပေါ်မှ ပြည်ထောင်စုပျိုးပင်များ၏ မိတ်ဆွေများနှင့် မိသားစုဝင်များ နေမင်းကြီးပေါ်သို့ အာရုံရောက်နေချိန်တွင် ၎င်းထဲ၌ စိုက်ဝင်နေသော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီမှ ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုကဲ့သို့သော ထစ်ချုန်းသံကြီး ထွက်ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။

ထိုထစ်ချုန်းသံကြီးမှာ ဓားရိုးနားမှ စတင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဓားရိုးနားရှိ နေရာတစ်ဝိုက်မှာ မြင့်မားသောအပူချိန်ကြောင့် တွန့်လိမ်ပုံပျက်နေပြီး အလင်းရောင်တစ်ခုမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးအား ဖုံးလွှမ်းထားသည်ကို မြင်ရပေမည်။ ထိုအလင်းရောင်ကြီး၏ အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မမြင်ရပါသော်လည်း ၎င်းမှာ အားကောင်းလွန်းလှသောကြောင့် နေမင်းကြီး၏ အပူချိန်ကိုပင် အံတုနိုင်စွမ်းရှိနေပြီး ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးအား နေမင်းကြီးထဲ၌ ဆက်ရှိနေနိုင်အောင် ထိန်းသိမ်းပေးထား၏။

အကယ်၍ ထိုအလင်းရောင်ကြီးကိုသာ ဖြတ်သွားလိုက်မည်ဆိုပါက ၎င်း၏နောက်တွင် ရှိနေသော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ သီးခြားကမ္ဘာကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။ ထိုကမ္ဘာကြီးမှာ အလွန်အင်မတန်မှ ကျယ်ပြောနေပြီး ကုန်းမြေလုံးဝမရှိဘဲ အံ့သြမှင်တက်စရာ ကောင်းလောက်အောင် ကြီမားသော သမုဒ္ဒရာကြီးတစ်စင်းသာ ရှိနေ၏။

ထိုသမုဒ္ဒရာထဲတွင်မူ ရေများရှိမနေဘဲ မီးတောက်များနှင့် ချော်ရည်များသာ ရှိနေကြသည်။

ထိုနေရာကြီးတစ်ခုလုံးမှာ ထာဝရတောက်လောင်နေမည့် မီးတောက်ကြီးတစ်ခုကဲ့သို့ လောင်ကျွမ်းနေ၏။ ထိုမီးပင်လယ်ကြီးထဲတွင် တောင်ထိပ်များကဲ့သို့ ချွန်ထွက်နေသည့် ကျွန်းများ ရှိနေကြသည်။

ထိုကျွန်းများပေါ်တွင် နန်း‌တော်ပေါင်း မြောက်မြားစွာကို မြင်နိုင်ပေသည်။ တစ်ချိန်ထဲမှာပင် ကျွန်းအသီးသီးဆီမှ ထွက်ပေါ်လာကြပြီး လေထဲ၌ပျံဝဲကာ အလယ်ဗဟိုရှိ အကြီးဆုံးကျွန်းကြီးဆီသို့ ဦးတည်သွားနေကြသော လူများကိုလည်း မြင်နေရ၏။

ထိုကျွန်းကြီးနှင့် ယှဉ်လိုက်ပါက ဘေးပတ်ပတ်လည်မှ ကျွန်းလေးများမှာ ကလေးငယ်များ ကဲ့သို့ပင်။ အလယ်ဗဟိုတွင် ရှိနေသော ထိုကျွန်းကြီးမှာမူ အရွယ်ရောက်ပြီးသား လူထွားကြီးတစ်ယောက်နှင့် တူနေပြီး ဟိတ်ဟန်အပြည့်နှင့် အာရုံဖမ်းစားနိုင်စွမ်း ရှိနေ၏။

ထိုကျွန်းကြီးပေါ်ရှိ ဧရာမပြည်သူ့ရင်ပြင်ကြီးတစ်ခု ရှိနေသော နေရာတစ်ခုတွင် ရှေးဟောင်း တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတစ်ခု ရှိနေ၏။ ယခုတွင် ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ ဝင်းလက်တောက်ပလာသဖြင့် အရပ်မျက်နှာအားလုံးမှာ လူရိပ်များမှာ ၎င်းဆီသို့ စုဝေးလာနေကြခြင်းဖြစ်သည်။ ထိုသို့စုဝေးလာနေကြသည့် လူများထဲတွင် ယောက်ျားမိန်းမ၊ လူကြီးလူငယ်မရွေး ပါဝင်ကြပြီး သူတို့အားလုံးမှာ ကမ္ဘာပေါ်မှ ဝတ်ရုံများနှင့် လုံးဝမတူသော ရှေးဟောင်းဝတ်ရုံရှည်ကြီးများကို ဆင်မြန်းထားကြ၏။ သူတို့အားလုံး၏ မျက်နှာအမူအရာများမှာလည်း တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ အချို့မှာ အထူးတဆန်း ဖြစ်နေကြပြီး အချို့မှာ မျှော်လင့်တကြီး ဖြစ်နေကြ၏။ အချို့မှာ အထင်အမြင်သေးကာ ရွံရှာဆက်စုပ်နေသည့်ပုံ ပေါက်နေကြပြီး အချို့မှာမူ ရန်လိုသည့်ပုံ ပေါက်နေကြသည်။

သူတို့အားလုံးမှာ ပြည်သူ့ရင်ပြင်ကြီးပေါ်ရှိ ဧရာမ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား စိုက်ကြည့်နေကြသည်။ ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ အတောက်ပဆုံး လင်းလက်သွားပြီးနောက် တဖြည်းဖြည်းနှင့် ပြန်လည်မှေးမှိန်သွား၏။ ထိုအချိန်တွင် ၎င်းထဲမှ လူရိပ်ပေါင်းမြောက်မြားစွာ ထွက်ပေါ်လာကြတော့သည်။

အစပိုင်းတွင် ထိုလူရိပ်များမှာ မှုန်ဝါးဝါးသာ ဖြစ်နေကြ၏။ သို့သော် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီမှ ထွက်ပေါ်နေသော အလင်းရောင်များ တဖြည်းဖြည်းနှင့် မှေးမှိန်သွားသောအခါ ၎င်းတို့မှာလည်း ပို၍ ရှင်းလင်းပြတ်သားလာတော့သည်။ နောက်ဆုံးတွင် အလင်းရောင်များအားလုံး လွင့်စင်ပျောက်ကွယ်သွားသောအခါ ပြည်ထောင်စုပျိုးပင်များ၏ လူရိပ်များအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရတော့သည်။

တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားသည်နှင့် သူတို့မှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်နိုးထလာကြ၏။ သူတို့မှာ အိပ်မက်တစ်ခုထဲသို့ ရောက်နေသကဲ့သို့ပင်။ မကြာသေးမီတုန်းက သူတို့မှာ ပြည်ထောင်စုကြီးထဲ၌သာ ရှိနေခဲ့ကြသည် ဖြစ်ပါသော်လည်း ယခုတွင်မူ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်နေကြပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ ထိုကဲ့သို့ အဝေးကြီး တည်နေရာပြောင်းရွှေ့ခံလိုက်ရသဖြင့် ဘေးထွက်ဆိုးကျိုးများကို ချက်ချင်းပင် အပြင်းအထန် ခံစားလိုက်ရ၏။ ထို့ကြောင့် သူတို့အားလုံးမှာ‌ ခေါင်းများမူးနောက်ကာ အော့အန်ချင်စိတ်များ ပေါ်ပေါက်လာကြပြီး အားအင်များကုန်ခန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ထို့ကြောင့် သူတို့အများစုမှာ ချက်ချင်းဆိုသလိုပင် အောက်သို့ လဲကျသွားကြ၏။ ထို့နောက် သူတို့မှာ သူတို့၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုရင်း မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကာ အသက်ရှူနှုန်းများ မတည်မငြိမ်ဖြစ်သွားကြတော့သည်။ သူတို့၏ ရင်ခုန်သံများမှာလည်း ဝုန်းဒိုင်းကြဲနေကြပြီ ဖြစ်သည်။ သူတို့အားလုံးထဲတွင် ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် မလှုပ်မယှက် ရပ်နေ၏။ သူသည် တည်နေရာပြောင်းရွှေ့ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို တောင်ခံနိုင်စွမ်းရှိနေသည်။ ထို့ကြောင့် သူသည် ထိုလူအုပ်ကြီးထဲမှ ပထမဆုံး သတိပြန်ရလာသည့်သူ ဖြစ်သဖြင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသောလူများ၏ မျက်နှာအမူအရာများကို အရင်ဆုံး သတိထားမိလိုက်တော့သည်။

” သူတို့တွေအကုန်လုံးက ကျယ်ပြန့်တာအိုနန်းတော်က လူတွေပဲ ဖြစ်ရမယ်။ သူတို့ရဲ့ အကြည့်တွေကို ငါ မကြိုက်ဘူး ” ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ဝန်းကျင်ကြောင့် သတိကြီးကြီးထားမိသွားပြီး မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် အန္တရာယ်တစ်ခုခု ပေါ်ပေါက်လာပါက အဆင်သင့်ဖြစ်နေနိုင်ရန် သူ၏ ညာဘက်လက်ပေါ်မှ သိုလှောင်လက်ကောက်အား ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ၏ ဓမ္မလက်နက်များအား အချိန်မရွေး ထုတ်သုံးနိုင်အောင် ပြင်ထားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset