Switch Mode

အပိုင်း (၆၀၂):

သည်အရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ယောင်ရှင်းရွှယ်က စုတ်ချက်သုံးခုသင်္ကေတ လုံးဝပြည့်သွားသည့်အခါတွင် သူမသည် မှင်သက်သွားလေ၏။

ထိုသင်္ကေတ ပြည့်စုံသွားသည့်အခိုက်တွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ဟာသူ လှုပ်ရှားကာ သူ့လက်ချောင်းကို ဖြတ်သန်းပြီး သင်္ကေတထဲသို့ ဝင်ရောက်သွားသည်။

လူတစ်ယောက်က ထိုစုတ်ချက်သုံးခုသင်္ကေတကို ကြည့်မည်ဆိုပါက သူတို့က ၎င်းနှင့်ပတ်သတ်၍ ဘာမှ ထူးခြားသည်လို့ ထင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်းက စုတ်ချက်ဖြင့် သည်သင်္ကေတကို ဆွဲပြီးသည့်နောက် သူက ၎င်းထံမှ ပြီးပြည့်စုံမှုအာရုံကို ခံစားမိသည်။

ထိုသင်္ကေတထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေကာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်နေ၏။ စင်္ကြံပတ်လည်ရှိ အနက်ရောင်အခိုးငွေ့များကလည်း သည်ရွှေရောင်အလင်းအောက်၌ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။

ယောင်ရှင်းရွှယ်က အလွန်အမင်း စိတ်ရှုပ်ထွေးဟန် ရနေကာ တုန်လှုပ်သည့်အသွင်ဖြစ်နေသည်။ အရင်ကတည်းက သူမသည် သည်နေရာကို အကြိမ်များစွာ ရောက်ခဲ့ဖူး၏။သို့သော် သူမက အကြိမ်တိုင်း အချိန်တက်နိုင်သမျှ မဖြုံးတီးမိရန် သူမအဖေပေးခဲ့သည့် သွေးချိပ်ပိတ်ခြင်းကိုသာ အသုံးပြုခဲ့သည်။တစ်နည်းအားဖြင့် သူမက အလျင်လိုခဲ့၏။

သူမက သည်ရွှေရောင်သင်္ကေတများကို သတိပြုမိပြီး ၎င်းတို့ကို ရေးဆွဲကြည့်ရန် ကြိုးစားခဲ့၏။သို့သော်လည်း သူမက သည်ရုပ်တုများကို ဖျက်စီးခဲ့ခြင်း မရှိသည့်အတွက် အခု ဝမ်လင်းကဲ့သို့ ယင်းရုပ်တုများထံမှ ရွှေရောင်သင်္ကေတကို စုပ်ယူနိုင်ခြင်း လုံးဝ မရှိခဲ့ချေ။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က သည်သင်္ကေတထဲသို့ ဝင်သွားသည်နှင့် ဝမ်လင်း ညာလက်ညှိုးက ခဏတာ တုံ့ဆိုင်းသွား၏။ သူ့အသွင်က ပုံမှန်အတိုင်းသာ ရှိနေသော်လည်း သူက လေးခုမြောက်စုတ်ချက်ကိုသာ မရေးဆွဲနိုင်လျှင် ခုသည်သင်္ကေတ၏ ပြီးပြည့်စုံမှုက ပျက်စီးပြိုကျသွားလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

ဝမ်လင်းက လေထဲ၌ လေးခုမြောက် စုတ်ချက်ကို ထပ်မံဆွဲနိုင်စွမ်း ကင်းမဲ့နေ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သင်္ကေတကို လက်ညွှန်ပြီး ရုတ်တရပ် လှည့်သည်။ သူက ထိုသင်္ကေတကို ဆက်ခနဲတောက်လိုက်ကာ ၎င်းကို ယောင်ရှင်းရွှယ်ထံသို့ တိုက်ရိုက် ပျံသန်းသွားစေလိုက်၏။

ယောင်ရှင်းရွှယ်အသွင်က ပြောင်းလဲသွားသည်။သူမက နောက်သို့ အမြန်ဆုတ်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမက သွေးကျောက်စိမ်းပြားများကို ထုတ်ယူကာ သူမရှေ့၌ တစ်ခုပြီးတစ်ခု ခွဲချေပစ်သည်။

သွေးအလင်းရောင်တောက်ပသွားမှုနှင့်အတူ သွေးအလွှာများက ထိုသင်္ကေတပေါ်သို့ ဖုံးအုပ်သွား၏။ သည်အရာက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။ သွေးက သင်္ကတကို ထိသည့်အခိုက်တွင် ယင်းသွေးအလွှာက ပျောက်ကွယ်သွား၏။ ယင်းသွေးအလွှာက သင်္ကေတကို အနည်းငယ်သာ မှိန်ဖျော့သွားစေနိုင်ခဲ့သည်။

ယောင်ရှင်းရွှယ်က နောက်သို့ ဆက်လက် ဆုတ်နေကာ သူမနှဖူးထက်၌ ချွေးများစို့လာ၏။ သူမက လက်ထဲရှိ သွေးကျောက်စိမ်းပြားများကို ထပ်မံ ခွဲချေပစ်နေ၏။ အသက်ရှုစာ အကြိမ်များစွာ ကြာမြင့်ပြီးနောက် ရွှေရောင်အလင်းတန်းက သွေးအလွှာများကြောင့် လုံးဝ ပျောက်ကွယ်သွား၏။

သင်္ကေတသည်လည်း သွေးရောင်အလင်းထဲ၌ ပျောက်ကွယ်သွား၏။

ယောင်ရှင်းရွှယ်အသွင်က အလွန်အမင်း သုန်မှုန်နေသည်။ သူမက သူမအတွက် နှစ်ရာချီကြာအောင် အသုံးပြုရမည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများထဲမှ ဆယ်ရာခိုင်နှုန်းခန့်ပင် ကုန်ဆုံးသွားခဲ့သည်။ သည်သင်္ကေတက သူမထံသို့ ပျံဝဲလာသည့်အခိုက်တွင် သူမက သူမအဖေ၏မျိုးဆက်မှ တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသလိုပင် ခံစားလိုက်ရသည်။

“ဝမ်လင်း…” ယောင်ရှင်းရွှယ်က သွေးကျောက်စိမ်းပြားတစ်ခုကို ခွဲချေလိုက်၏။ သည်သင်္ကေတ ပျောက်ကွယ်သွားပြီးနောက် သူမက ဝမ်လင်းထံသို့ တန်းမတ်စွာ တိုးဝင်လာသည်။

ဝမ်လင်းအသွင်က ပုံမှန်ပင်။ ယောင်ရှင်းရွှယ် သူနှင့် နီးကပ်လာသည့်အခိုက်တွင် သူ့မျက်လုံးများက အေးစက်လာကာ သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူပြီး သူ့ရှေ့တွင် ထားလိုက်၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူယောင်…ဒီရွှေရောင်သင်္ကေတက ရုတ်တရက် ပေါ်လာတာ ဖြစ်တဲ့အတွက် ငါထိန်းချုပ်ဖို့ ခက်တယ်။ နင်က ဒီဟာအတွက် ငါ့ကို တိုက်ခိုက်ချင်ရင်တော့ ငါက နင့်ကို ဖျော်ဖြေပေးရမှာပေါ့…”

ယောင်ရှင်းရွှယ်အသွင်က သုန်မှုန်ကာ သူမမျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပေါ်လာ၏။ သူက သူ့ဟာသူ တွေးလိုက်သည်။ “ဒီလူက ဒီနေရာကိုရောက်လာကတည်းက သူသာ ချိပ်တံဆိပ်တွေကို ချိုးဖျက်နိုင်ခြင်း မရှိရင် အသက်ရှင်ဖို့ အခွင့်ရှိတော့မှာ မဟုတ်ဘူး…”

သူမက အေးစက်စွာ ပြောလိုက်၏။ “ဒီတစ်ခါတော့ ထားလိုက်တော့…”

ထိုသို့ပြောပြီးသည့်နောက် သူမက ဝမ်လင်းကို ကျော်၍ နောက်စင်္ကြံတစ်ခုသို့ သွားရောက်နိုင်သည့် ပြန်ပြောင်းနဂါးလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ပြန်သိမ်းဆည်းပြီးနောက် နောက်ကနေ လိုက်သွား၏။ သူက သူ့ရှေ့ရှိ ယောင်ရှင်းရွှယ်ကို ကြည့်ကာ စိတ်ထဲ၌ မတည်မငြိမ် ဖြစ်ရသည်။

“စုတ်ချက်သုံးခု သင်္ကေတက တကယ် စွမ်းအားကြီးလှတယ်… ယောင်ရှင်းရွှယ်အပြောအရဆိုရင် စုစုပေါင်းအလွှာဆယ့်ရှစ်ခု ရှိတယ်။ စုတ်ချက် ဆယ့်ရှစ်ခု သင်္ကေတဆိုရင်…ဘယ်လောက်တောင်များ အားကောင်းနေမလဲ…။ဒီ သင်္ကေတကဘာများလဲ။ ကောင်းကင်ဘုံမန္တန်များ ဖြစ်နိုင်မလား…”

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ စုတ်ချက်သုံးခုသင်္ကေတကို ထပ်မံ ရေးဆွဲလိုက်၏။ ကံမကောင်းစွာနှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရွှေ့လျားလာခြင်း မရှိပေ။ သင်္ကေတကလည်း စောနပိုင်းတုန်းကလို မည်သည့်စွမ်းအားမှ မရှိဘဲ ပေါ်လာပြီး မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွား၏။

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားလို့နေသည်။

ခုနစ်ရက်ကြာပြီးနောက် တတိယစင်္ကြံက ပေါ်လာ၏။ သည်တစ်ကြိမ်၌ ယောင်ရှင်းရွှယ်က ထိုစင်္ကြံထံသို့ တိုက်ရိုက်တိုးဝင်သွားတော့သည်။

စင်္ကြံပေါ်၌ တူညီသောရုပ်တုတစ်ခု ရှိနေသည်။ သို့သော် သည်ရုပ်တုက နှဖူးထက်၌ တတိယမြောက်မျက်လုံးမရှိတော့ချေ။ထိုအစား ၎င်း၏လက်ထဲ၌ ဓားရှည်တစ်လက် ရှိနေ၏။

ယောင်ရှင်းရွှယ်က ချိပ်တံဆိပ်ကို အသုံးမပြုတော့ပေ။ သည်တစ်ကြိမ်၌ သူမက ထိုကျောက်တုံးရုပ်တုကို သူမ၏ ကိုယ်ပိုင်စွမ်းရည်နှင့်သာ တိုက်ပွဲ စတင်လိုက်၏။

ဝမ်လင်းက ယောင်ရှင်းရွှယ်ကို အေးစက်စွာ လေ့လာကြည့်နေသည်။ သူမမန္တန်များက သွေးပေါ်တွင် အခြေခံထားကာ သူမ လက်ဝှေ့ယမ်းလိုက်သည့်အခါတိုင်း သွေးရောင်အလင်းတန်းက ထွက်ပေါ်လို့နေသည်။

သည်ရုပ်တုနှင့်တိုက်ပွဲက မည်သည့်သည်းထိတ်ရင်ဖိုဆန်မှုမှ ရှိမနေချေ။ ယောင်ရှင်းရွှယ်၏ ကျင့်ကြံမှုအဆင့်ဖြင့် တိုက်ပွဲက အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာချိန်လောက်ဖြင့် အဆုံးသပ်သွား၏။ သို့ရာတွင် သည်ရုပ်တုက ပြိုကျသွားသော်လည်း မည်သည့်ရွှေရောင်သင်္ကေတမှ ပျံဝဲထွက်လာခြင်း မရှိနေပေ။ သူမအသွင်က သုန်မှုန်လာကာ သူမက ခြေစောင့်နင်းပစ်၏။ထိုအခါ ပျက်စီးနေသော ရုပ်တုက အမှုန်အမွှားအဖြစ်သို့ပါ ရောက်ရှိသွားတော့၏။

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက တွေးလိုက်၏။ “ရုပ်တုပေါ်မှာ ရှိတဲ့အတားအဆိးက ဖျက်စီးခံလိုက်ရတဲ့နောက်မှာ သင်္ကေတက အခြားတစ်ခုရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတာ ဖြစ်နိုင်လား…”

ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ပင်မကြည့်ဘဲ စင်္ကြံကို မြန်ဆန်စွာ ဖြတ်သန်း၍ ရှေ့သို့ ဆက်လက်သွားသည်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးလာ၏။ မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်သွားခဲ့လေပြီ။ သည်တစ်လအတွင်း ဝမ်လင်းက သက်သာလွယ်ကူနေ၏။ အကြောင်းကတော့ ယောင်ရှင်းရွှယ်က သူ့ကို မည်သည့်မှ မလုပ်ဆောင်ခွင့် မပေးသောကြောင့် ဖြစ်၏။ နှစ်ကြိမ်ကြိုးစားပြီးသည့်နောက် ရွှေရောင်သင်္ကေတကို မရရှိသည့်အခါ သူမက သူမ၏ နည်းလမ်းသည် မှားနေကြောင်း သဘောပေါက်လာ၏။ ဝမ်လင်း ပြုလုပ်ခဲ့သလို ပြန်တွေးကြည့်လိုက်ရာ သူမက နားလည်မှုအချို့ ရရှိသွားသည်။

သူမက ရွှေရောင်သင်္ကေတများကို သေမလောက် ကြောက်လန့်ပေသည်။ ဝမ်လင်း ၎င်းတို့ကို ရရှိခြင်းမှ ကာကွယ်ရန်အတွက် သူမက သည်ရုပ်တုများကို သူမကိုယ်တိုင်ပင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူမက ရုပ်တုများကို ဖျက်စီးခြင်း မပြုတော့ဘဲ သွေးကျောက်စိမ်းပြားများကို အသုံးပြုကာ ယင်းတို့ကို ချိပ်ပိတ်ထားခဲ့၏။ သည်နည်းလမ်းက သူမ သည်နေရာသို့ အရင်လာခဲ့သည့် သုံးကြိမ်လုံးလုံး အသုံးပြုခဲ့သည့် နည်းလမ်းပင်။

သည်နေ့တွင် ဆယ့်တစ်ခုမြောက်ရုပ်တုကို ချိပ်ပိတ်ပြီးသည့်နောက် ဆယ့်နှစ်ခုမြောက် ရုပ်တုရှိသော စင်္ကြံရှေ့သို့ ရောက်ရှိလာခဲ့၏။ ယောင်ရှင်းရွှယ်အသွင်က အလေးအနက် ဖြစ်လာသည်။သူမက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “ရောင်းရင်းဝမ်…ဒီဆယ့်နှစ်ခုမြောက်အတားအဆီးက အရင်ကဟာတွေနဲ့ မတူတော့ဘူး။ ငါတို့နှစ်ယောက် ပေါင်းပြီး ချိုးဖျက်အောင်လုပ်ဖို့ လိုအပ်နေပြီ။ ဒါ့ကြောင့်လည်း ငါက နင့်ကို ဒီကို ခေါ်လာရတာ ဖြစ်တယ်…”

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်ရှေ့ရှိ စင်္ကြံက အရင်ကဟာများနှင့် ကွာခြားလို့နေသည်။ သည်စင်္ကြံက အရင်စင်္ကြံများ၏ တစ်ဝက်ခန့် အရွယ်သာ ရှိကာ အလယ်တွင်လည်း မည်သည့်ရုပ်တုမှ ရှိမနေချေ။ ကြီးမားသော ကျောက်တံခါးတစ်ချပ်သာ ရှိနေ၏။ သည့်အပြင် နောက်တစ်ခုသို့ ကူးနိုင်သည့် ပြန်ပြောင်းနဂါးလမ်းကြောင်းလည်း ရှိမနေပေ။

ကျောက်တံခါးပေါ်၌ မှုန်ဝါးဝါးပုံစံအသွင်အချို့ ရှိနေ၏။ သည်အရာများက တစ်ခုနှင့်တစ်ခု ထပ်နေကာ လူသားမျက်နှာနှင့် ဆင်တူ၏။

ယောင်ရှင်းရွှယ်နှင့် ဝမ်လင်းတို့နှစ်ယောက်လုံးသည် ထိုစင်္ကြံပေါ်သို့ ခြေချလာ၏။ တစ်ပြိုင်နက်တည်းမှာပင် တံခါးက ရုတ်တရက်ပွင့်သွားကာ အေးစက်စက်လေကြမ်းတစ်ခု တိုက်ခိုက်လာ၏။ သည်လေကြမ်းပေါ်လာသည်နှင့် ယောင်ရှင်းရွှယ်က သွေးအလင်းများဖြင့် သူမကိုယ်သူမ ဖုံးအုပ်စေ၏။

ဝမ်လင်းကလည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်ကာ အတားအဆီးအလံကို ထုတ်ကာ သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံစေသည်။ အေးစက်စက်လေကြမ်းက တိုက်ခတ်လာစဉ် ဝမ်လင်းပတ်လည်ရှိ အတားအဆီးအလွှာမျာထံမှ အက်ကွဲသံများကို ကြားလိုက်ရကာ အတားအဆီးများ ပတ်လည်၌ ရေခဲအလွှာများ တစ်လွှာပြီးတစ်လွှာ ဝန်းရံလာသည်။ သိပ်မကြာခင်တွင် ဝမ်လင်းက ထူထဲသော ရေခဲလွှာနှင့် ဝန်းရံခြင်း ခံလိုက်ရလေ၏။

ယောင်ရှင်းရွှယ်သည်လည်း ရေခဲရုပ်တု တစ်ခုလို ဖြစ်လာခဲ့ကာ အနှီရေခဲရုပ်က တောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်လို့နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset