ဆက်ခံရရှိသော မှတ်ဥာဏ်များ
အလယ်တောင်ထိပ်၏အထက်ရှိ သွေးရောင်အလင်းထဲတွင် လွင့်မျောနေသောမျက်နှာမှာ လူတိုင်းအား အလယ်တောင်ထိပ်၏သွေးသခင်နေရာတွင် မည်သူရမည်ကို ဆုံးဖြတ်ပြီးကြောင်း ပြောပြနေလေသည်။ ထိုသူမှာ ညမုဆိုးသာဖြစ်လေသည်။
ညမုဆိုး၏မျက်နှာနှင့် အကျွမ်းတဝင်ရှိသူတိုင်း တုန်ခါသွားကြတော့သည်။ ရွှီရှောင်ရှန်းမှာ ပင့်သက်ရှိုက်ရင်း သူ၏မျက်လုံးကိုပွတ်သပ်လိုက်သည်။ ၎င်းမှာ မဖြစ်နိုင်ဟုထင်ရသော်လည်း အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဟု အာရုံခံမိနေသည်။
ညမုဆိုးမှာ နှစ်အနည်းငယ်အတွင်း တဟုန်ထိုး ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ဂိုဏ်းတစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ သူက ဂိုဏ်းအပြင်ဘက်တွင်ပင် နာမည်ကျော်ကြားလေသည်။
သူ့အတွက် သွေးသခင်ဖြစ်လာရန် ကြိုတင်ခန့်မှန်းနိုင်မှုမှာ ဘောင်အတွင်း၌သာရှိလေသည်။ အချက်အလက်များအရ ၎င်းမှာ ကျိုးကြောင်းလျော်ကန်သော ရလာဒ်တစ်ခုဖြစ်လေသည်။
ရုပ်အလောင်းတောင်၏မဟာအကြီးအကဲကြီးမှာ မျက်လုံးကြီးပြူးလျက် ကြည့်နေလေသည်။ သူ၏ဘေးမှ ရုပ်အလောင်းတောင်၏သွေးသခင်မှာလည်း တူညီစွာပင်တွေဝေငေးမောနေလေသည်။ သို့သော် ခဏအကြာတွင် သူကပြုံးလိုက်လေသည်။ ထို့နောက်သူက အဆင့်တူလူတစ်ယောက်အား ကြည့်နေသကဲ့သို့ သူ၏မျက်လုံးများမှာ တောက်ပလာသည်။
သွေးသခင်များမှာ အလွန်ဂုဏ်ယူဝံ့ကြွားတတ်လေရာ သူတို့နှင့် ပြိုင်ဘက်ဖြစ်ရန်ထိုက်တန်သူများမှာ အခြားသွေးသခင်များသာဖြစ်သည်ဟု မှတ်ယူစဥ်းစားထားသောကြောင့်ဖြစ်လေသည်။
“စိတ်ဝင်စားစရာပဲ….” သူက သူကိုယ်တိုင်ရေရွတ်လိုက်လေသည်။
” အခြားတောင်ထိပ်တွေမှာလည်း အဓိကမျိုးနွယ်စုကနေ ဆင်းသက်လာတာမဟုတ်တဲ့ သွေးသခင်တွေရှိခဲ့တာပါပဲ။ အခုလောလောဆယ်တော့ အလယ်တောင်ထိပ်က အဲ့လိုမျိုး မျိုးနွယ်စုမရှိတဲ့တစ်ခုတည်းသောသူပဲ”
“ညမုဆိုးက စမ်းသပ်ချက်တွေကို ဘယ်လို ဆန့်ကျင်ပြီး သွေးသခင်ဖြစ်လာအောင် ဘယ်လိုများ စီမံခဲ့တာပါလိမ့်။ သူ့ရဲ့တာအိုဆေးပညာက ဘယ်လောက်တောင်အရေးပါလဲဆိုတာကို စဥ်းစားကြည့်ရမဲ့ပုံအရ သူက ကျိန်းသေအနာဂတ်မှာ ရှိန်လောက်တဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာမှာပဲ”
နွံအိုင်တောင်ထိပ်မှ အရပ်ရှည်ကာတုတ်ခိုင်သန်မာသော သွေးသခင်၏မျက်လုံးများတွင်လည်း ထူးဆန်းသော အရောင်များတောက်ပနေပြီး ကြည့်နေလေသည်။ ယခင်က ညမုဆိုးအပေါ် ဆက်ဆံခဲ့သည့်နည်းအတိုင်း ဆက်ဆံ၍မရနိုင်တော့ကြောင်းသူသိလေသည်။ ခဏကြာပြီးနောက် သူက နွံအိုင်တောင်ထိပ်၏ မဟာအကြီးအကဲအားကြည့်လိုက်ကာ ပြောလိုက်လေသည်။
” ပြီးခဲ့တဲ့အချိန်တွေတုန်းက အခြေအနေတင်းမာတာတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးလက်ဆောင်တစ်ခုကို ပြင်ဆင်ထားပါ”
မဟာအကြီးအကဲမှာ တုန်တုန်ရီရီဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူကလည်း ယခုအချိန်မှစ၍ ညမုဆိုးမှာ မတူညီသော အဆင့်တွင်ရှိကြောင်းကိုလည်း သိလေသည်။ ယခင်အချိန်များက ခေါင်းဆောင်ကြီးများက သူ့အားနှစ်သက်သည့်တိုင် သူ၏ကံကြမ္မာကို သူတို့ စီရင်ပိုင်ခွင့်ရှိသေးသည်။ သူတို့ဘက်မှ တစ်ချက်တွေးရုံမျှဖြင့်ပင် သူ၏အဆင့် မြင့်တက်ခြင်း၊နိမ့်ကျခြင်းများ ပြုလုပ်နိုင်လေသည်။ ယခုမူကား အရာအားလုံးကွဲပြားသွားချေပြီ ဖြစ်သည်။
ယခုတွင်သူက သွေးသခင်တစ်ယောက်ဖြစ်ကာ သူထံတွင်ခိုင်မာသောအုတ်မြစ်ရှိနေပြီဖြစ်သည်။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စစ်မှန်သောအာဏာရှိသူတစ်ယောက်ဖြစ်လာလေသည်။ သူက တောင်ထိပ်တစ်ခုလုံး၏ စွမ်းအားများကို ဆန္ဒရှိသည့်အတိုင်း အသုံးပြုနိုင်တော့မည်ဖြစ်ပြီး သွေးဘိုးဘေးဆီမှလည်း သဘောကျထောက်ခံမှုများကို ရရှိထားလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်များကပင် သူ့အားဆန့်ကျင်သောလှုပ်ရှားမှုများလုပ်ရဲမည်မဟုတ်ပေ။
အကယ်၍ နောက်ဆုံးတွင် ညမုဆိုးမှာ အမြုတေအခြေခိုင်မာခြင်းအဆင့် သို့ရောက်ရှိသွားပါက ဂိုဏ်းစောင့်အကြီးအကဲအဆင့်ထက် သာလွန်သော သွေးအေးလူသတ်သမား ဖြစ်လာပေလိမ့်မည်။ ၎င်းမှာ ဂိုဏ်းအတွင်းရှိ အဓိကလူစုအကြား ပိုမိုအာဏာရှိသူဖြစ်အောင် လုပ်ဆောင်ပေးလိမ့်မည်။
ထိုကဲ့သို့သော လူပုဂ္ဂိုလ်အား မည်သူတစ်ဦးတစ်ယောက်မျှ ရန်စရဲမည်မဟုတ်ပေ။
အမည်မဲ့တောင်မှ သွေးသခင်နှင့်မဟာအကြီးအကဲမှာ နွံအိုင်တောင်ထိပ်မှ သူတို့၏အဆင့်တူပုဂ္ဂိုလ်များကဲ့သို့ပင် တူညီစွာခံစားနေရလေသည်။ သူတို့ကလည်း ညမုဆိုးဆီသို့ နောက်တစ်ကြိမ်သွား၍ လည်ပတ်သည့်အခါ အထင်ကြီးလောက်သည့် လက်ဆောင်တစ်ခု ယူဆောင်သွားနိုင်ရန် အလျင်အမြန်စီစဉ်နေကြသည်။
ယခုအချိန်တွင် ညမုဆိုးက သွေးသခင်ဖြစ်လာခြင်းအပေါ် အတွေးအမြင်အမျိုးမျိုးနှင့် ခံစားချက်အမျိုးမျိုးဖြစ်ပေါ်နေသည်ကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်တွေ့မြင်ရနိုင်သည်။ ရွှယ်မေ့မှာမူ တွေဝေငေးမောနေသော မျက်လုံးတွေနှင့် လေထဲတွင် ရပ်နေသည်။ သူမက စကားပြောရန် ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ အရောင်မှိန်နေသောမျက်လုံးများဖြင့် သူမက ဘိုးဘေးတောင်ဆီသို့ အလင်းတန်းအသွင် ပြောင်းလဲကာ ပျံသန်းသွားတော့သည်။
သူမက ဘိုးဘေးတောင်သို့ရောက်ရှိသည်နှင့် သူမ၏ဖခင် ခေါင်းဆောင်ကြီးအတုမဲ့ကို ရောက်ရှိကြောင်းသတင်းသွားပို့ပြီး ဘိုးဘေးတောင်ရှိ သူမ၏အင်မော်တယ်ဂူဆီသို့သွားကာ တရားထိုင်လေတော့သည်။
လူအများမှာ ရွှယ်မေ့၏သဘောထားကိုသတိပြုမိပေသော်လည်း သိပ်၍နက်နက်ရှိုင်းရှိုင်း စဉ်းစားမနေပေ။ သွေးသခင်နေရာအား တိုက်ခိုက်ယူနေသူမည်သူမဆို ဤကဲ့သို့ ကျရှုံးခဲ့လျှင် အခြေအနေအား လက်ခံရန်ခက်ခဲပေလိမ့်မည်။ ရွှယ်မေ့မှာ သူမ၏အပြုအမူကို လူအများ မျှော်လင့်ထားကြထားသည့်အတိုင်း ဟန်ဆောင်နေလိုက်သည်။
စုန့်ကျင်းဝမ်မှာ ခံစားချက်များရောထွေးနေသော်လည်း အံကိုကြိတ်လိုက်ကာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးအားရှာဖွေရန် ဘိုးဘေးတောင်သို့ပျံသန်းသွားလိုက်တော့သည်။ သွေးသခင်အသစ်မှာ စုန့်မျိုးနွယ်စုမှမဟုတ်သည့်အတွက် ၎င်းမှာ အလွန်အရေးကြီးသောကိစ္စရပ်ကြီးဖြစ်လေသည်။ ယခုအခါ၎င်းမှာ ပြောင်းလဲ၍မရနိုင်သောအချက်တစ်ချက်ဖြစ်သွားပြီး စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူမအားမေးခွန်းများမေးက လမ်းညွှန်မှုများ ကျိန်းသေပေးလိမ့်မည်။
” ညမုဆိုးလေး…” သူမကတွေးတောလိုက်သည်။
” မင်းရွှယ်မေ့ကိုသာ မအောင်မြင်ဖို့ တားနိုင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ မင်းကိုယ်တိုင်သွေးသခင်ဖြစ်လာခဲ့ရင်ပဲဖြစ်ဖြစ် ငါက ခေါင်းဆောင်ကြီးလက်ခံလာဖို့နဲ့ ကူညီထောက်ပံ့ပေးဖို့သေချာပေါက် ပြောကြားပေမယ်လို့ အစ်မကတိပေးဖူးခဲ့တယ်” အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ဘိုးဘေးတောင်သို့ရောက်ရှိကာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးအား ဂါဝရပြုသည့်အချိန်တွင် သူမ၏မျက်လုံးများတွင် ပြတ်သားနေသည့်အရောင်များတောက်ပနေလေသည်။
ဖြစ်ပျက်သမျှ ကိစ္စရပ်များကြောင့် လူအားလုံး တုန်ယင်နေကြသည်။ သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ မကြာမီတွင် ထိုအခြေအနေနှင့်ပတ်သက်၍ ထူးဆန်းနေကြောင်း သဘောပေါက်ရိပ်မိလာကြသည်။
“ထူးဆန်းတယ်..။ ညမုဆိုးက သွေးသခင်ဖြစ်လာပြီလေ..။ ဒါပေမဲ့ဘာကြောင့်မို့လို့ နတ်မီးလျှံစမ်းသပ်ပွဲထဲကနေ ထွက်မလာသေးတာလဲ”
” အရင်တုန်းကဆိုရင် သွေးသခင်အသစ်တွေကို ချက်ချင်းပဲ နေရာပြောင်းရွေ့ပြီး အပြင်ကိုပို့ပေးပါတယ်ဟ…။ ဒါပေမဲ့ညမုဆိုးက… အခုထဲ သွေးဘိုးဘေးရဲ့ကိုယ်ထဲမှာရှိနေတုန်းလား”
မကြာခင် လူများစွာမှာထိုကိစ္စအား သိချင်လာကာ တွေးတောနေကြတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားကျင့်ကြံသူများ ယခင်က တစ်ကြိမ်တစ်ခါမျှ မဝင်ခဲ့ဖူးသော သွေးဘိုးဘေး၏ကိုယ်ထဲရှိ နေရာတစ်ခုတွင် ပေါ်လာလေသည်။
၎င်းမှာမရေမတွက်နိုင်လောက်အောင်များပြားလှသော အပိုင်းအစများစွာဖြင့် ပြိုပျက်နေသည့်အပျက်အယွင်းများကြားမှာ ကြီးမားသောကုန်းမြေကြီးအဖြစ် ဖွဲ့စည်းထားပုံရသော ကမ္ဘာကြီးတစ်ခုဖြစ်လေသည်။ ပထမဆုံးမြင်တွေ့လိုက်သည်နှင့် ၎င်းမှာ ကြီးမားလှပြီး ကျိုးပဲ့နေသောမှန်ကြီးနှင့်ပင် တူလေသည်။
၎င်းမှာ အဆုံးကိုပင်မမြင်ရသည်အထိ ကြီးမားလှလေသည်။ ထိုကျိုးပဲ့နေသောအပိုင်းအစများမှာ မျက်စိတစ်ဆုံးမြင်နိုင်သမျှအထိကျယ်ပြန့်ပြီး အရာအားလုံးတွင်မီးခိုးရောင်အလင်းများအရိပ်ထင်နေစေကာ သေမင်းငွေ့အသက်များလည်းထုတ်လွှတ်နေလေသည်။
မည်သည့်နေရာတွင်မှ အသက်ရှိခြင်း၏လက္ခဏာများရှိမနေချေ။ အရာအားလုံးမှာမီးခိုးရောင်ရှိနေကာ ပတ်ဝန်းကျင်အပေါ် ဖိနှိပ်နေသော အားများသာရှိသည်။
ပိုင်ရှောင်ချန်းက သူရောက်ရှိနေသည့်နေရာမှာ မည်သည့်နေရာဖြစ်ကြောင်းမသေချာပဲ ပတ်ဝန်းကျင်အား နဝေတိမ်တောင်ဖြစ်ကာ ကြည့်လိုက်လေသည်။ သူက လည်မျိုဖမ်းဆုပ်သိုင်းကွက်အား ဖျက်သိမ်းလိုက်သည်ကို မှတ်မိသည်။ ရွှယ်မေ့၏မျက်နှာဖုံးပြုတ်ကျသွားသည်ကိုလည်း မှတ်မိသည်။ သူက တုလင်ဖေး၏မျက်နှာအား မြင်လိုက်ရသည်ကိုလည်း မှတ်မိသေးသည်။ သို့သော်လည်း အရာရာတိုင်းမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားခဲ့သည်။ သူက ထိုကဲ့သို့ဖြစ်လိမ့်မည်ဟု ဘယ်သောအခါမှပြင်ဆင်ထားမှုမရှိခဲ့ပေ။ အရာအားလုံးမှာ သူစိတ်ကူးနိုင်သည်ထက်ပင် သာလွန်ေနခဲ့သည်။
သူက ဖြစ်ပျက်ခဲ့သောအရာများကိုစဉ်းစားမိလိုက်သောအခါ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ၏စိတ်မှာတုန်ရီသွားလေသည်။ သူက တုလင်ဖေးအား မေးချင်သောမေးခွန်းများစွာရှိသော်လည်း သူ၏ပါးစပ်ကိုမဖွင့်ဟနိုင်မီ သူအားသွေးကြောမှ စုပ်ယူသွားခဲ့သည်။ သူမှတ်မိသည့်နောက်တစ်ချက်မှာ သူ၏ပတ်ပတ်လည်ရှိ မီးခိုးရောင်ကမ္ဘာကြီးအား ကြည့်ရှုနေခြင်းဖြစ်လေသည်။
သူကကျိုးပဲ့နေသောကမ္ဘာကြီး အထက်ရှိလေထုထဲတွင်ပျံသန်းစဉ် အသက်ပြင်းပြင်းရှူလိုက်ကာ မိမိကိုယ်ကိုယ်စစ်ဆေးရန်အောက်သို့ငုံ့ကြည့်လိုက်သည်။ သူ၏ဒဏ်ရာများအားလုံးပျောက်ကွယ်နေကာ ရွှယ်မေ့၏ ရွှေရောင်အထိအတွေ့သိုင်းမှ သက်ရောက်မှုပင်ပျောက်ကွယ်သွားခဲ့သည်။ သူက လုံးဝပျောက်ကင်းသွားကာ နဂိုအတိုင်းပြန်လည် ဖြစ်သွားလေသည်။
စွမ်းအားကြီးမားလှသော သွေးချီမှာ သူ၏ကိုယ်အတွင်းသို့ လှည့်ပတ်ဝင်ရောက်လာသည်။ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်မှာ လှုပ်ရှားသွားကာ သူ၏ပတ်ဝန်းကျင်ရှိကမ္ဘာကြီးမှ ပဲ့တင်ထပ်သံပေါ်ထွက်လာပုံပေါ်သည်။
သူ့ထံမှ အငွေ့အသက်များထွက်ပေါ်လာကာ ကမ္ဘာကြီးမှာမငြိမ်မသက်ဖြစ်လာသည်။ ကမ္ဘာကြီးမှ အငွေ့အသက်များနှင့်ေပါင်းစပ်သွားပြီး ပြင်းထန်သောလှိုင်းများ ဖြစ်ပေါ်လာသည်။
တချိန်တည်းမှာပင် ကမ္ဘာကြီး၏ကျိုးပဲ့ပြိုကွဲနေသောအပိုင်းအစများတည်ရှိရာ ကွဲနေသည့်အက်ကြောင်းများအတွင်းမှ အလင်းရောင်များစတင်တောက်ပလာသည်။ ပိုင်ရှောင်ချန်းမှာ မည်သည့်နေရာသို့ရောက်နေကြောင်း ခန့်မှန်းနေရင်း တုန်ခါစပြုလာသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ စတင်ဝင်ရောက်သည့်အချိန်တုန်းကလည်း ထိုကဲ့သို့ ပဲ့တင်ထပ်သံကို တူညီစွာခံစားခဲ့ရပြီး ၎င်း၏အရင်းအမြစ်မှာ ဂိုဏ်း၏မျက်နှာပြင်အောက်ရှိ တစ်စုံတစ်ခုမှဖြစ်လေသည်။
ကြည့်ရသည်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ စရောက်စဥ်ကတည်းက သူခံစားမိသော ပဲ့တင်ထပ်သံများမှာ ဤနေရာမှလာပုံပေါ်သည်။
ဤနေရာမှာ ၎င်းတို့၏မူလအစဖြစ်လေသည်။
ရင်မှာ တဒိန်းဒိန်းခုန်လျက် သူကရှေ့သို့ဆက်လျှောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူရှေ့သို့လှမ်းလိုက်သည်နှင့်အမျှ ပြင်းထန်လှသော တဂျုန်းဂျုန်းမြည်ဟည်းသံကြီးမှာ သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာတစ်ခုလုံးအပြည့် ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် သူ၏ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်နှင့် ကမ္ဘာအကြား ပဲ့တင်ထပ်မှုမှာ ပိုမိုပြင်းထန်လာကာ ပိုမို၍ စွမ်းအားကြီးမားလာသည်။ ၎င်းမှာ ကမ္ဘာကြီးတစ်ခုလုံးကဟိန်းသံပေးနေသကဲ့သို့ ဖြစ်နေလေသည်။
ထိုအသံမှာ စိတ်လှုပ်ရှားမှုနှင့်မျှော်လင့်စောင့်စားချက်များဖြင့် လုံးဝဟိန်းဟောက်နေလေသည်။
ကမ္ဘာကြီးအား ဖြည့်စွက်ပေးနေသောအလင်းမှာ လျင်မြန်စွာတောက်ပလာပြီး ကွက်လပ်များအကြားမှထွက်နေသော အလင်းတန်းများမှာ အတူတကွချိတ်ဆက်လာလေသည်။ မကြာမီ ကမ္ဘာတစ်ခုလုံး လျှပ်စီးကြောင်းများဖြတ်စီးသွားပြီး အကုန်လုံးမှာ ချိတ်ဆက်ပြီးသားဖြစ်သွားလေသည်။
လျှပ်စီးမှာ လျင်လျင်မြန်မြန်ပင် တဖျတ်ဖျတ်လက်နေသည်နှင့်အမျှ တဝုန်းဝုန်းတဂျုန်းဂျုန်းမြည်ဟည်းသံများမှာ ပိုမို၍ ပြင်းထန်လာသည်။ ဖြစ်ပေါ်လာသော ပဲ့တင်ထပ်သံများကြောင့် သေမင်းဆီမှ ရုန်းကန်ထွက်ရန် ကြိုးစားနေသည့် နှစ်ပေါင်းများစွာအိပ်ပျော်နေသော သက်စောင့်အားတစ်ခုနိုးထလာသည့် အတိုင်းပင်။
ဝုန်းးးး။
ကောင်းကင်နှင့် မြေပြင်မှာ ပြင်းထန်စွာတုန်လှုပ်သွားပြီး လျှပ်စီးမှာ မကြုံစဖူးပြင်းထန်မှုနှင့်အတူ တဖျစ်ဖျစ်မြည်နေကာ ကမ္ဘာကြီးတစ်ခုလုံးနိုးထလာပုံပေါ်နေသည်။ စူးရှသော အလင်းတန်းများမှာ အလုံးစုံချိတ်ဆက်သွားပြီး စွမ်းအားကြီးမားလှသော သက်စောင့်အားပေါက်ကွဲထွက်လာသောအခါ ကမ္ဘာကြီးမှာ အရောင်စုံလင်သော အလင်းတန်းများနှင့် ပြည့်နှက်သွားသည်။
၎င်းမှာ ပေါ်ထွက်လာရန် နှစ်ပဋိစ္ဆေဒကြာမြင့်လာသည်အထိ စောင့်စားနေသည့်အလား နေရာတိုင်းမှ လာနေသည်။ ၎င်းမှာ တစ်ခဏသာ လူငယ်တစ်ယောက်အဖြစ် ပြန်လည်ဖြစ်ပေါ်လာသော်လည်း သွေးဘိုးဘေးဖြစ်သောဘီလူးကြီး၏ သေတမ်းစာကို ဖြည့်ဆည်းပေးရန် လုံလောက်သည်။
ဝုနျးးးးး။
တဝုန်းဝုန်းမြည်ဟည်းသံကြီးမှာ ပဲ့တင်ထပ်သွားပြီး ကမ္ဘာကြီးရှိ မရေမတွက်နိုင်အောင်များလှသော ကျိုးပဲ့နေသည့်အပိုင်းအစများမှာ စတင်၍တုန်ခါသွားသည်။ မရေမတွက်နိုင်သောလျှပ်စီးကြောင်းများမှာလည်း လှည့်ပတ်လှုပ်ရှားသွားပြီးနောက် တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းထံသို့ ဦးတည်၍ တဟုန်ထိုး ပစ်ဝင်လာကြတော့သည်။
မျက်စိတမှိတ်အတွင်း သူ့အနားရောက်လာကာ သူ့အပေါ်လွင့်မျောနေပြီး သူ၏မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်း၊ ပါးစပ်နှင့် သူ၏မွှေးညှင်းပေါက်များမှ တဆင့် သူ၏အရေပြားထဲသို့ ဖြတ်ဝင်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပြင်းပြင်းထန်ထန်တုန်ရီသွားကာ သူ၏ဦးခေါင်းကို နောက်ပစ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ကမ္ဘာကြီးတစ်ခုလုံး၌စုစည်းနေသော သက်စောင့်အားမှာ ၎င်း၏နောက်ဆုံးစွမ်းအားကို အသုံးပြု၍ အမွေအနှစ်တစ်ခုကိုသူ့ထံပေးအပ်နေသည့်အလား အလင်းတန်းများမှာ သူ့ထံသို့သွန်းလောင်းဖြာကျနေသည်။
၎င်းမှာ သွေးသခင်အဆင့်၏အထက်တွင်ရှိသော အထွတ်အထိပ်အမွေအနှစ်ဖြစ်လေသည်။ လျှပ်စီးေကြာင်းများထဲတွင် မှတ်ဉာဏ်များပါဝင်ပြီး ပိုင်ရှောင်ချန်း၏ခေါင်းထဲတွင် မှတ်ဥာဏ်ပုံရိပ်များဖြင့် ပြည့်လာသည်။
အမွေအနှစ်သည်ကား မှတ်ဥာဏ်များပင် ဖြစ်ချေသည်။