*လက်သီးတစ်ချက်တည်း*
*ပင်လယ်နက်သခင်က လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား*
*ငါတို့ အမြင်မှားတာလား*
ဖျင်အန်းမြို့မှလူများ ထိတ်လန့်ကာ မျက်လုံး အပြူးသား ဖြစ်နေကြသည်။ ယဲ့ဖန် သန်မာကြောင်း သူတို့ သိထားသော်လည်း ဤမျှ သန်မာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ချွန်းယန်အဆင့် သိုင်းပညာရှင် သုံးယောက်၏ ပြိုင်တူတိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသည့် ပင်လယ်နက်သခင်က ယဲ့ဖန်ကြောင့် ချက်ချင်း အသတ်ခံလိုက်ရသည်က ထူးဆန်းလွန်းသော ကိစ္စပင်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း အသက်ရှူရပ်သွားသည်ဟုပင် ထင်မှတ်ရပြီး ယဲ့ဖန်ကို တအံ့တဩ ကြည့်နေကြသည်။
*ဒါ ဘုရင်တစ်ပါးရဲ့ အပြုအမူပဲ*
*ပြိုင်စံရှားပဲ*
လက်ရှိတွင် လူတိုင်း ပြိုင်စံရှား၏ အဓိပ္ပာယ်ကို သိမြင်လိုက်ရသည်။
“ယဲ့ဘုရင်”
“ယဲ့ဘုရင်”
“ယဲ့ဘုရင်”
လူတစ်ယောက်က စအော်လာပြီးနောက် ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင် ဝိုင်းဟစ်ကြွေး လာသည်။ နောက်ဆုံးတွင် လူတိုင်း သံပြိုင်ဟစ်ကြွေးလာသဖြင့် ကြွေးကြော်သံများက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လာပြီး ဆယ်မိုင်အကွာအထိ ကြားနေရသည်။
တစ်ချို့လူများဆိုလျင် မျက်ရည်ကျနေလေသည်။ သူတို့၏ စောင့်ရှောက်သူက သူတို့ကို ကာကွယ်ပေးနေပြီး သူတို့၏ စောင့်ရှောက်သူက သူတို့အတွက် လက်စားချေနေလေပြီ။
“ဒါ အရှင်ယဲ့ဘုရင်ရဲ့ ခွန်အားလား”
ဖန့်ယွင် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေပြီး ဤမြင်ကွင်းက အိပ်မက်ဆန်လွန်းသည်ဟု ခံစားမိနေ၏။ ချက်ချင်းဆိုသလိုပင် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရေရွတ်လိုက်သည်။
“ငါ့ဘဝကြီးက တန်သွားပြီ”
ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ့ဘဝက အလဟဿ မဖြစ်တော့ဟု ခံစားမိလိုက်သည်။ သူသည်သာမက အခြားသူများအားလုံးသည်လည်း ယဲ့ဖန်၏ လောကထဲမှ သက်ရှိအားလုံးကို အထင်သေးသကဲ့သို့သော အထက်စီးဆန်၍ ပြိုင်စံရှားသည့်ပုံစံအား သူတို့၏ စိတ်ထဲတွင် လေးစားမိ သွားလေသည်။
*ဒဏ္ဍာရီလာပုဂ္ဂိုလ်လို ခေါ်ရတဲ့အကြောင်းရင်းက တစ်ခြာသူတွေ မလုပ်နိုင်တဲ့အရာကို သူ လုပ်နိုင်လို့ပဲလေ*
*မကြုံစဖူးလောက်အောင်ကို ထူးကဲလွန်းတဲ့လူစားမျိုး*
*ဥပမာပြောရရင် အခု ယဲ့ဖန်ပေါ့*
“ဝေါ”
ထိုအခိုက်တွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာပြီး ရာသီဥတုက မိုးရာသီသဖွယ် ပြောင်းလဲသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ရုတ်တရက် သည်းထန်စွာ ရွာလာသောမိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်လာ၏။
“မကောင်းတော့ဘူး”
ဖန့်ယွင်က အလွန် သွေးပျက်နေသော အမူအရာဖြင့် ထအော်လာသည်။
“ဟားဟားဟား …”
ခက်ထန်စွာ ရယ်မောလိုက်သည့် အသံတစ်သံက ကယ်ဆယ်ရေး စခန်းတစ်ခုလုံးသို့ ပျံ့လွင့်လာသည်။ ပင်လယ်နက် သခင်က ယဲ့ဖန်ကို အထင်သေးစွာ ပြောလာ၏။
“ယဲ့ဘုရင် မင်းကံက တော်တော်ဆိုးတာပဲ၊ အစက ငါ ကံဆိုးပြီ ထင်နေတာ၊ ဒါပေမဲ့ ဒီမိုးက ငါ့ကို တော်တော်လေး ကူညီလိုက်တာပဲ”
“ငါ မင်းကို ပြောဖို့မေ့နေတာ မြေပြင်ပေါ်မှာဆို ငါ့ခွန်အားက ပင်လယ်ထဲမှာ ထုတ်သုံးနိုင်တာရဲ့ တစ်ဝက်ပဲ ရှိတာကွ”
ထိုစကားကြောင့် အခြားသူများအားလုံး ခေါင်းမွေးထောင်သွားလေသည်။ သူ့ခွန်အား၏ တစ်ဝက်နှင့်တင် ချွန်းယန်အဆင့် သိုင်းပညာရှင် သုံးယောက်ကို ဖိအားပေးနိုင်နေ၏။ အကယ်၍ သူ့ခွန်အားကိုသာ အကုန် ထုတ်သုံးမည်ဆိုလျင် မည်မျှ ကြောက်စရာကောင်းနေမည်နည်း။
“ဒီမိုးက ငါ့ခွန်အားကို အားပြန်ပြည့်စေဖို့ လုံလောက်တယ်”
ပင်လယ်နက်သခင်က အားပါးတရ အော်ရယ်ကာ ဆက်ပြောလေသည်။
“ပြီးတော့ ငါ့ခွန်အားနဲ့ ခုခံနိုင်စွမ်းက ဆယ်ဆတိုးလာမှာကွ”
ထိုအခိုက်တွင် ပင်လယ်နက်သခင်၏ ရင်ဘတ်မှ အပေါက်ကြီးက သိသိသာသာ လျင်မြန်စွာ ပြန်ကောင်း လာနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ယဲ့ဖန်ကြောင့် ဖြစ်ပေါ်လာသည့် သေလုမျောပါး ဒဏ်ရာက ချက်ချင်း ပြန်ကောင်းလာ၏။
တစ်နည်းပြောရလျင် ယခု ပင်လယ်နက်သခင်၏ တိုက်ပွဲဝင်ခွန်အားက ယခင်ထက် နှစ်ဆ တိုးမြင့်လာသလို သတ်၍လည်း မရနိုင်တော့ပေ။ လူတိုင်း ကြောက်ရွံ့မှုကို ပြသလာပြီး သူတို့မျက်လုံးတွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။
*နတ်ဘုရားတွေတောင်မှ ငါတို့ကို မကူညီနိုင်ဘူးလား*
*ပင်လယ်နက်သခင်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ၊ ခွန်အားတစ်ဝက်လောက်နဲ့တင် ချွန်းယန်အဆင့် သုံးယောက်ကို ယှဉ်နိုင်နေတာဆိုတော့ သူ့မူလခွန်အားက ချွန်းယန်အဆင့် ခြောက်ယောက်နဲ့ ညီမျှနေတာ မဟုတ်ဘူးလား*
*ယဲ့ဘုရင်က ချွန်းယန်အဆင့် ခြောက်ယောက်ကို တစ်ပြိုင်တည်း ယှဉ်ချနိုင်တဲ့လူနဲ့ တိုက်ခိုက်ရမှာဆိုတော့ ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိတော့မှာလဲ*
*သွားပြီ၊ ငါတို့အားလုံး သွားပါပြီ*
သို့သော် သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က အေးအေးလူလူသာ ပြန်တုံ့ပြန်လိုက်သည်။
“ဪ”
ပုံမှန်အတိုင်း အရေးပင် မစိုက်ချေ။ ဝတ်ကျေတမ်းကျေ တုံ့ပြန်သည်ဟုပင် ဆိုနိုင်ပေသည်။
“မျိုးမစစ်ကောင် မင်း သေရမယ်ကွ”
ပင်လယ်နက်သခင် ဒေါသူပုန် ထသွားသည်။ ယခုလိုအချိန်မှာတောင်မှ ယဲ့ဖန်က သူ့ကို အထင်သေးနေသဖြင့် အသေ သတ်ပစ်ချင်နေ၏။ သူ လူတိုင်းရှေ့၌ ယဲ့ဖန်ကို မွစာကြဲအောင် လုပ်ပစ်ချင်နေသည်။ ယဲ့ဖန်ကို သူ့ရှေ့တွင် ထိုသို့သော အမူအရာမျိုး ဘယ်သောအခါမှ ထပ်မလုပ်နိုင်အောင် ပညာပြချင်နေသည်။
သူ ယဲ့ဖန်ထံသို့ အားကုန်သုံးထားသည့် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“ယဲ့ဘုရင် သတိထားပါ”
အလန့်တကြား သတိပေးသံများ ချက်ချင်း ထွက်ပေါ်လာသည်။ လူတိုင်း ကြောက်ရွံ့နေကြလေသည်။ သို့သော် ယဲ့ဖန်က တုပ်တုပ်တောင် မလှုပ်ပေ။
“ဟားဟားဟား … အရူး မင်း ငါ့ကို ကြောက်နေပြီမလား”
ဤသည်ကိုမြင်ပြီး ပင်လယ်နက်သခင်က ပိုမို ဂုဏ်ယူလာပြီး သူ့မျက်နှာပေါ်မှ လှောင်ပြုံးက ပိုမို၍ ပီပြင်လာ၏။
“ဒုန်း”
ထိုလက်သီးချက်က ယဲ့ဖန်၏ ရင်ဘတ်ပေါ် ကျရောက်လာပြီးနောက် လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။
“အား …”
ကြောက်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
“အရှင် ယဲ့ဘုရင်”
လူတော်တော်များများ ငိုကြွေးလာကြသည်။
*သွားပြီ*
*ဒီလက်သီးကို မရှောင်မှတော့ ကံဆိုးသွားပြီပဲ*
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ …”
သူတို့မျက်နှာတွင် မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။ ယဲ့ဘုရင်က မရှောင်ဘဲ လက်သီးကို ငြိမ်ခံနေခဲ့သည်။ သူတို့၏ မျှော်လင့်ချက်များ ပျောက်ကွယ်သွားသဖြင့် ဤအချက်ကို သူတို့ လက်မခံနိုင်ပါ။
“ဟားဟားဟား ချီးထုပ် ယဲ့ဖန်၊ ဒါလား ငါ့ရန်သူ … အမ်”
ပင်လယ်နက်သခင်သည် ဝမ်းသာအားရ ရယ်မော၍ သရော်စကား ပြောရန် ပြင်လိုက်သော်လည်း ဆက်လက် ဖြစ်ပေါ်လသော မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူ့လက်သီးဖြင့် အထိုးခံလိုက်ရသည့် ယဲ့ဖန်က လွင့်ထွက်မသွားဘဲ နေရာ၌ ခံစားချက်မဲ့စွာ ဆက်လက်၍ ရပ်နေသေးသည်ကို မြင်လိုက်ရသောကြောင့်ပင်။ မားမားမတ်မတ်ရပ်၍ လောကကြီးကို ငုံ့ကြည့်နေသည့် အုပ်ချုပ်သူတစ်ပါးလိုပင်။
“ဒါ အကုန်ပဲလား”
အထင်သေး၍ မောက်မာသော မေးခွန်းထုတ်သံ ထွက်ပေါ်လာ၏။ လူတိုင်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံး အရောင် တောက်လာပြီး ယဲ့ဖန်ကို မမှိတ်မသုန် ကြည့်လာကြသည်။
*ရင်ဘတ်ကို တည့်တည့်ထိုးတာတောင် ယဲ့ဖန်က ဘာမှမဖြစ်ဘူးလား*
“မင်း …”
ပင်လယ်နက်သခင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားရသည်။
*ဒီကောင်က ကြောက်ဖို့ကောင်းတယ်*
*အသေသတ်တာတောင် ဘာမှမဖြစ်ပါလား*
*ငါ့ခွန်အားက နှစ်ဆတက်လာတာတောင်လေ*
“ငါ ပြောချင်တဲ့ တစ်ခုတည်းသော စကားကတော့ ငါ တော်တော် စိတ်ပျက်သွားတယ်”
ယဲ့ဖန်က ခေါင်းခါလိုက်ပြီးနောက် လက်သီးဆုပ်၍ ပြန်ထိုးလိုက်သည်။ ပင်လယ်နက်သခင် မျက်လုံး ပြူးကျယ်သွားပြီး ကြက်သေ သေသွားလေသည်။ လောကကို ဖျက်ဆီးနိုင်သည်ဟု ထင်မှတ်ရသည့် ဖိအားတစ်မျိုးက သူ့အပေါ် လွှမ်းခြုံလာ၏။
“ဝုန်း”
ယဲ့ဖန် လက်သီးဖြင့် ထိုးနှက်လာချိန်တွင် မိုးကောင်းကင်နှင့် ပထဝီမြေကြီးတို့ ပြိုလဲပျက်စီးတော့မည်ဟု ထင်မှတ်မှားရလောက်သည့် ပေါက်ကွဲသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“မင်း ငါ့ကို မသတ်နိုင်ဘူး၊ မင်း ငါ့ကို မသတ်နိုင်ဘူး”
ပင်လယ်နက်သခင် အော်ဟစ်နေလေသည်။ သူ့ခန္ဓာကိုယ်က ယခင်ထက် ပိုသန်မာနေပြီ ဖြစ်သဖြင့် ယဲ့ဖန် သူ့ကို မသတ်နိုင်ပါ။ သို့သော် သူ့အသံက သိသိသာသာ တုန်နေ၏။
လက်သီးဖြင့် အထိုးခံလိုက်ရသော်လည်း ပင်လယ်နက်သခင်က ဘာမှမဖြစ်ပေ။
“လွဲသွားတာလား”
လူတိုင်း ပဟေဠိ ဖြစ်သွားကြသည်။ ယဲ့ဖန်က လက်သီးဖြင့် ထိုးလိုက်ပြီး အနားသို့ ရောက်လာသော်လည်း ပင်လယ်နက်သခင်က ဘာမှဖြစ်မသွားချေ။ သို့သော် ထိုအခိုက်တွင် ပင်လယ်နက်သခင်က အက်ကွဲနေသော လေသံဖြင့် ပြောလာသည်။
“မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”
ထို့နောက် သူ့ခန္ဓာကိုယ် တဖြည်းဖြည်း ဖောင်းကားလာသည်။ သူသည် မိစ္ဆာ ဖြစ်သော်လည်း ယဲ့ဖန်က သူ့ထပ်ပို၍ မိစ္ဆာန်ပုံရသည်။
“ဝုန်း”
ထိုစဉ် မြေဆီလွှာ ပြင်းထန်စွာ တုန်ခါလာ၏။ ပင်လယ်နက်သခင်၏ အနောက်ဘက်မှ အဆောက်အဦးများ အပြင်းအထန် ပြိုကျလာသည်။ မြေပြင်အနေအထားတစ်ခုလုံး ပျက်စီး ပြောင်းလဲလာပြီး ရှည်လျားသော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ လူတိုင်း မှင်တက်သွားကြသည်။
*ယဲ့ဖန်ရဲ့ လက်သီးက မြေပြင်အနေအထားကို တန်းပြီး ပြောင်းလဲစေတာလား*
*လုံးဝကို ပြန့်ပြူးနေတဲ့ နေရာတွေကိုပါ ပြောင်းလဲစေတာပဲ*
ပင်လယ်နက်သခင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်ပြီးတော့ မြေပြင်တစ်ခုလုံးကိုပါ ပြိုလဲပျက်စီးအောင် လုပ်ခဲ့သည်က ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေသေးသည်။ ဤမြင်ကွင်းကိုသာ နဂါးမြို့တော်မှ လူများ မြင်သွားပါက သေမတတ် ကြောက်လန့်သွားလောက်သည်။
ယဲ့ဖန်က မည်မျှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်လဲဆိုသည်ကို သူတို့ တွေးမကြည့်နိုင်ပါ။
“အရှင် ယဲ့ဘုရင်”
ထိုအခိုက်တွင် ဖျင်အန်းမြို့မှလူများအားလုံးသည် နတ်ဘုရားမျိုးကို ဝတ်ပြုအရိုအသေပေးသကဲ့သို့ ဒူးထောက်ကာ အရိုအသေ ပေးလာကြသည်။ သူတို့၏ စောင့်ရှောက်သူက သန်မာလွန်းလှပေ၏။ လောက၌ ရှိသော အရာအားလုံး၌ သူ့ကို သတ်နိုင်သူ မရှိနိုင်လောက်ပေ။
ပင်လယ်နက်သခင်ကို လက်သီးတစ်ချက်နှင့် ထိုးသတ်ခြင်းက ချွန်းယန်အဆင့် သိုင်းပညာရှင် ခြောက်ယောက်ကို သတ်နိုင်ခြင်းနှင့် ညီမျှလေသည်။ ဤအကြောင်းကို ပြောပြလျင်တောင်မှ မည်သူမှ မယုံနိုင်လောက်ပါ။ ကြောက်စရာကောင်းလွန်းလှ၏။ ထိုကြောက်စရာကောင်းသော အရာအား ယဲ့ဖန် လုပ်ပြနိုင်ခဲ့သည်။
ထိုစဉ် ယဲ့ဖန်က နောက်သို့လှည့်လာပြီး လူတိုင်းကို ကြည့်လိုက်သည်။
“မင်းတို့ရဲ့ရန်သူက ငါ့ရန်သူပဲ”
“မင်းတို့ရဲ့ အမုန်းတရားက ငါ့အမုန်းတရားပဲ”
“ဒီနေ့ ဖျင်အန်းမြို့က လောကပေါ်က ငရဲခန်း ဖြစ်လာမှာ မဟုတ်ဘူး၊ သူတို့ရဲ့ သင်္ချိုင်းမြေ ဖြစ်လာမှာ”
ချက်ချင်းဆိုသလိုပင် လူတိုင်းသည် လေအေး တိုက်ခတ်လာသည်ဟု ခံစားမိပြီး တစ်ကိုယ်လုံး အေးစက် တုန်ယင် လာကြသည်။
လူတိုင်း၏ မျက်နှာတွင် မျက်ရည်စများ ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ပင်လယ်နက်သခင်နှင့် အခြားသူများ၏ ဖျက်ဆီးမှုဒဏ်ကြောင့် သူတို့၏ အိမ်များ ပျက်စီးပြီး သူတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများ အသတ်ခံခဲ့ရကာ သူတို့ အရာအားလုံး ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့သည် လက်တုံ့ပြန်ရန် အားနည်းလွန်းနေသည်။
ယခု ယဲ့ဖန်၏ စကားများက ကတိတစ်ခုလိုပင်။ စောင့်ရှောက်သူတစ်ယောက်၏ တာဝန်ယူမှုကို ခံစားမိနေ၏။
*စောင့်ရှောက်သူက ငါတို့ကို ကာကွယ်တာပဲ*
လူတိုင်း အလွန် စိတ်လှုပ်ရှားကာ ဘာပြောရမှန်း မသိ ဖြစ်နေကြသည်။ သူတို့ လုပ်နိုင်သည့်အရာဟူ၍ ယဲ့ဖန်ကို ဝပ်တွားကာ အရိုအသေပေးခြင်းသာ ရှိလေသည်။ အားလုံး မျက်ရည်လည်ရွဲ ဖြစ်နေကြသည်။
“မင်းနာမည်က ဖန့်ယွင် ဟုတ်တယ်မလား”
ယဲ့ဖန်က ဖန့်ယွင်ကို ပြုံး၍ ကြည့်နေသည်။ ဖန့်ယွင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ထိတ်လန့်မှုကြောင့် မျက်နှာ ဖြူရော်လာသည်။ ယဲ့ဖန်ကဲ့သို့သော လူက သူ့လို ဘာမဟုတ်သောလူလေးအား မှတ်မိနေလိမ့်မည်ဟု ထင်မထားမိပေ။
“အရှင် ယဲ့ဘုရင်ကို ပြန်ဖြေပါတယ်၊ ကျွန်တော့်နာမည်က ဖန့်ယွင်ပါ”
ဖန့်ယွင် ခေါင်းတဆိတ်ဆတ် ညိတ်၍ ပြန်ဖြေလိုက်သည်။ ယဲ့ဖန်က သူ့ထံသို့ ဆေးပုလင်း တစ်ပုလင်း ပစ်ပေးလိုက်သည်။
“စားလိုက်”
ဖန့်ယွင် တွေဝေမနေဘဲ ဆေးပုလင်းကိုဖွင့်၍ အထဲမှာ ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာပြီး မကြာခင်မှာပင် အရိုးများ အကောင်းအတိုင်း ပြန်ဖြစ်လာပြီး ဒဏ်ရာက လုံးဝ ပျောက်ကင်းသွားသည်။
ယဲ့ဖန် သူ့ကို မလေးစားဘဲ မနေနိုင်ပါ။ သူ့ဆေးက ဒဏ်ရာကို ချက်ချင်းကုသနိုင်သော်လည်း နာကျင်မှုက ဆက်ရှိနေမှာ ဖြစ်သည်။ သို့ရာတွင် ဖန့်ယွင်က အစမှအဆုံးတိုင်း တစ်ချက်မှ အော်ညည်းခြင်း မပြုခဲ့ပေ။
*ဒါမှ ယောကျ်ားကွ*
“မင်း ကင်မရာကို ဘယ်လိုသုံးရမလဲ သိလား”
ရုတ်တရက် ယဲ့ဖန် မေးခွန်း ထုတ်လိုက်သည်။
“သိပါတယ်”
ဖန့်ယွင် ခေါင်းညိတ်ပြလိုက်သော်လည်း ဇဝေဇဝါ ဖြစ်နေသေးသည်။ ယဲ့ဖန် ဘာကြောင့် ဤသို့ မေးသလဲ သူ မသိပေ။
“သိပ်ကောင်းတယ်၊ ကင်မရာတစ်လုံး ရှာပြီး ငါ့နောက်လိုက်ခဲ့”
ယဲ့ဖန်က ထွေထွေထူးထူး ရှင်းပြမနေဘဲ အမိန့်ပေးလိုက်သည်။
“ဘယ်ညီအစ်ကိုမှာများ ကင်မရာ ရှိလဲဗျ၊ ကျွန်တော် ငှားလို့ရမလား”
ဖန့်ယွင် အလွန် စိတ်လှုပ်ရှားသွားသည်။ နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် အနီးကပ် ရှိနေနိုင်ခြင်းက သူ့အတွက် လက်ဆောင်တစ်ခုလိုပင်။ ထို့အတူ ယဲ့ဖန်က သူ့ကို အနောက်မှ လိုက်ခဲ့ခိုင်းသဖြင့် အရင်ဘဝက သူ ကမ္ဘာကြီးကိုများ ကယ်တင်ခဲ့လေသလားဟု သိချင်မိသွားသည်။
“ငါ မင်းကို ဒါ ပေးလိုက်မယ်၊ ပြန်ပေးဖို့ မလိုဘူး”
“ငါ့မှာ ရှိတယ်”
“ငါ ဒါကို ယွမ်တစ်သိန်းနဲ့ ဝယ်ထားတာ၊ မင်း သုံးလို့ရတယ်”
လူတစ်စုက ရုတ်တရက် အော်ပြောလာကြသည်။ ယဲ့ဖန် လိုချင်သော အရာဟူသမျှ သူတို့၌ ရှိနေသရွေ့ တွေဝေခြင်း မရှိဘဲ လှူပစ်လိုက်မည် ဖြစ်သည်။
ကင်မရာ ရလာသောအခါ ယဲ့ဖန်က ရယ်၍ ပြောလိုက်သည်။
“အခုကစပြီး မင်းတို့ဖုန်းတွေကိုပဲ သေချာကြည့်ထား”
“ငါ လူဘယ်လိုသတ်ပြမလဲ ကြည့်နေ”