သွမ့်မုချွယ်၏ စကားသံကြီး လေထဲ၌ ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့ အပါအဝင် လူတိုင်းမှာ သေသေချာချာ နားထောင်နေကြ၏။ ဤအချက်အလက်များကိုသာ သိထားပါက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ပို၍အဆင်ပြေနိုင်မည် ဖြစ်ကြောင်းကို သူက သိထားသည်။
ပြည်ထောင်စုပျိုးပင်အားလုံး အာရုံအပြည့်စိုက်၍ နားထောင်နေကြစဉ် သွမ့်မုချွယ်မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ တည်ဆောက်ပုံအကြောင်းကို ရှင်းပြလိုက်ပြီးနောက် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် လီရှင်းဝမ်အား လှမ်းကြည့်လိုက်သောအခါ လီရှင်းဝမ်မှာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် သွမ့်မုချွယ်၏ကိုယ်စား ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ရှိ ဂိုဏ်းအကြောင်းကို ရှင်းပြလိုက်တော့သည်။
” ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်မှာ ပြည်ထောင်စုကြီးထဲက လူမှုအဖွဲ့အစည်းထက် အများကြီးပိုပြီးတော့ အဆင့်မြင့်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ အဲဒီဂိုဏ်းရဲ့ နာမည်က… ကျယ်ပြန့်တာအိုနန်းတော်တဲ့ ”
” ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ဂိုဏ်းခေါင်းဆောင်ကြီး သုံးယောက်ရှိတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ယွမ်ယင်အဆင့်ကို ကျော်လွန်ပြီးတော့ ဝိညာဉ်ကြားခံနယ်အဆင့်အထိ ရောက်နေပြီ။ ပြီးတော့ ယွမ်ယင်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်နဲ့ အမြုတေအဆင့်ကျင့်ကြံသူတွေ အများကြီးလည်း ရှိနေသေးတယ် ”
လီရှင်းဝမ် ထိုသို့ပြောပြလိုက်သောအခါ ကျိုးရိဖန်း၊ ကျောက်ယမုန့်၊ ခုန်းတောက်နှင့် အခြားသူများမှာ အံ့ဩတုန်လှုပ်သွားကြ၏။ လီယီနှင့် အခြား ပြည်ထောင်စုပျိုးပင်များမှာလည်း မျက်လုံးများ ပြူးသွားကြပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ တစ်ဖက်တွင် ဝိညာဉ်ကြားခံနယ်အဆင့်အကြောင်း ထုတ်ပြောလိုက်သဖြင့် သူတို့မှာ ယွမ်ယင်အဆင့်၏ အထက်တွင်ရှိသော ကျင့်ကြံခြင်းအဆင့်အကြောင်းကို သိလိုက်ရသလို အခြားတစ်ဖက်တွင်လည်း ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေကြသည် ယွမ်ယင်အဆင့် ကျင့်ကြံသူ အရေအတွက်ကြောင့် သူတို့မှာ အံ့ဩမှင်တက်သွားရ၏။
သူတို့၏ အမြင်တွင် ကျယ်ပြန့်တာအိုနန်းတော်မှာ အစွမ်းထက်လွန်းနေပြီး ကမ္ဘာပေါ်ရှိ ပြည်ထောင်စုကြီးအား အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိနေ၏။ တစ်ချိန်ထဲမှာပင် သူတို့ သွားရမည့်နေရာမှာ ထိုနေရာ ဖြစ်နေသောကြောင့် သူတို့မှာ အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်နေရ၏။
ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် အခြားသူများကဲ့သို့ အံ့ဩတုန်လှုပ်နေခြင်း မရှိပေ။ သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ နှုတ်ခမ်းတွန့်သွားပြီး ကျယ်ပြန့်တာအိုနန်းတော်မှာ သူထင်ထားသလောက် အင်အားကြီးမားခြင်း မရှိဘဲ အားနည်းနေသည်ဟုပင် ခံစားလိုက်ရ၏…
” ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ သုံးယောက်ပဲရှိတာလားဟ။ အဲ့တာဆို သူတို့က အသေးစားဂိုဏ်းလေးတစ်ခုသာသာပဲ ရှိသေးတာပေါ့။ ဒါပေမဲ့ သူတို့က အဲ့လို အသေးစားဂိုဏ်းလေးတစ်ခုဖြစ်နေရင် ဘယ်လိုလုပ်ပြီးတော့ ရှေးဟောင်းဓားကြီးကို ပိုင်ဆိုင်ထားတဲ့အပြင် နေအဖွဲ့စည်းကို ရှေးဦးဝိညာဉ်ခေတ်ထဲ ရောက်သွားအောင် တွန်းပို့ပေးနိုင်စွမ်း ရှိနေရတာလဲ ” ထိုကိစ္စကြီး တစ်ခုလုံးမှာ လုံးဝဖြစ်နိုင်ခြေမရှိဟု သူက ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် မနေနိုင်တော့ဘဲ စိတ်ထဲမှနေ၍ မမလေးအား လှမ်း၍ဆက်သွယ်ကာ မေးမြန်းလိုက်တော့သည်။
” မမလေး။ မမလေးက ကျယ်ပြန့်တာအိုနန်းတော်ကနေ ရောက်လာတာမလား။ မမလေးတို့ဂိုဏ်းမှာရှိတာ ဒါအကုန်ပဲလားဗျ ”
ထိုအခါ ဝမ်ပေါင်လဲ့ အမှောင်အဆောင်ပစ္စည်းထဲမှ ပြန်ရောက်လာသည့် အချိန်ကတည်းက အကြောင်းမပြန်ခဲ့သော မမလေးမှာ နောက်ဆုံးတွင် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ထို့နောက် ဇဝေဇဝါဖြစ်နေသော သူမ၏ စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” တစ်ခုခုတော့ လွဲနေပြီ။ ငါ မှတ်မိသလောက်ဆိုရင် ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးတွေအပြင် ထာဝရကြယ်အဆင့်နဲ့ ဂြိုဟ်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေအများကြီး ရှိတယ်။ ပြီးတော့ ထာဝရဝိညာဉ်အဆင့်ကို ရောက်ပြီးမှ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အဓိကအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခွင့်ရှိတာ ”
” ငါ မှတ်မိသလောက်ဆိုရင် ဝိညာဉ်ကြားခံနယ်အဆင့်ဆိုတာ… သာမန်အဆင့်ပဲရှိတဲ့ အတွင်းစည်းဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်းအဆင့်ပဲ ”
မမလေး၏ လေသံမှာ မယုံသင်္ကာဖြစ်နေသည့်ပုံ ပေါက်နေ၏။ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူမ၏ စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။
” ငါ အဲ့ကိုရောက်လို့ အာရုံခံကြည့်မှပဲ အသေးစိတ် အချက်အလက်တွေကို သိနိုင်မှာ ”
ဝမ်ပေါင်လဲ့မှာ မမလေး၏ စကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားရ၏။ အစတွင် သူသည် ကျယ်ပြန့်တာအိုနန်းတော်မှာ အမှန်တကယ်ပင် အားနည်းနေသည်ဟု ခံစားနေခဲ့ရသည် ဖြစ်သည်။ သို့သော် ယခုတွင်မူ မမလေး၏ စကားများကို ကြားလိုက်ရသဖြင့် သူသည် အသက်ပြင်းပြင်း ရှူမိသွားတော့သည်။ ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ကျင့်ကြံခြင်းစနစ် တစ်ခုလုံးအား ကောင်းကောင်းကြီး နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးတစ်ယောက်မှာ မည်မျှအထိ အစွမ်းထက်ကြောင်းကို သိပေသည်။
အမှောင်ဂိုဏ်းထဲရှိ မှတ်တမ်းများအရဆိုလျှင် ထိုကဲ့သို့ ထိပ်သီးအဆင့် ကျင့်ကြံသူများမှာ ကြယ်စင်စုတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။ ထို့အပြင် ကြယ်နယ်မြေအဆင့်ရှိသော ဒေသများမှာ အလွန်အင်မတန်မှ ကျယ်ပြောပြီး ဂြိုဟ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထို ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးသာဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းနေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ထိုကဲ့သို့သော ခေါင်းဆောင်ကြီးတစ်ယောက် ရှိနေသည်ဖြစ်ရာ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများနှင့် ဂြိုဟ်အဆင့်ကျင့်ကြံသူများ ရှိနေကြမည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး အစိမ်းရောင်ကြေးဓားကြီးအား ပို၍ပင် လေးစားမိသွားတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေစဉ် လီရှင်းဝမ်၏ စကားသံကြီးမှာ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး သူသည် ပြည်ထောင်စုကြီး သိထားသမျှ အချက်အလက်များအားလုံးကို ဝေမျှနေဆဲပင်။
” ကျယ်ပြန့်တာအိုနန်းတော်က ဓားရဲ့ ပထမဆုံးအပိုင်းထဲမှာ ရှိနေတဲ့အပြင် ဓားရိုးနဲ့ အနီးဆုံးနေရာမှာ ရှိနေတာ။ ငါတို့ သိထားသလောက်ဆိုရင် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ခေါင်းဆောင်ကြီသုံးယောက်က အစ်မ ဖုန့်ချိုးရန်၊ အစ်ကို မြဲ့လျဲ့ကျိနဲ့ အစ်ကို ယိုရန်တို့ပဲ။ သူတို့သုံးယောက်ထဲက အစ်မ ဖုန့်ချိုးရန်က ပြည်ထောင်စုကြီးနဲ့ ပူးပေါင်းဖို့ အကြံပြုခဲ့တာ ”
” အစ်ကို မြဲ့လျဲ့ကျိက သူ့ရဲ့အကြံပြုချက်ကို သဘောမတူဘူး။ အစ်ကို ယိုရန်ကတော့ တာအိုအပေါ်မှာပဲ အာရုံစိုက်ထားတာမလို လူသားမျိုးနွယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ဝင်မပါဘူး ” လီရှင်းဝမ်မှာ သူ၏ဘေး၌ မော့ကောင်းကျိ ရပ်နေသည့်တိုင်အောင် စကားပလ္လင်ခံနေခြင်း မရှိဘဲ တည့်တိုးသာ ပြောလိုက်၏။ ထို့အပြင် မော့ကောင်းကျိမှာလည်း လီရှင်းဝမ်၏ စကားများကို ကန့်ကွက်ချင်သည့်ပုံ မပေါ်ပေ။
သူ၏စကားသံကြီး ပဲ့တင်ထပ်သွားသောအခါ ပြည်ထောင်စုပျိုးပင်အားလုံးမှာ မျက်လုံးများ အရောင်လက်သွားကြ၏။ သူတို့အားလုံးမှာ အတွေးများထဲ၌ နစ်မျောနေကြသည့်ပုံပင်။ သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်တုန်းက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ရှိ အခြေအနေနှင့် ပတ်သတ်၍ အချို့သော အချက်အလက်များကို သိရှိထားကြပြီးဖြစ်သည်။ ယခုတွင် လီရှင်းဝမ်၏ စကားများကို ကြားလိုက်ရသောအခါ သူတို့မှာ အခြေအနေကြီး တစ်ခုလုံးကို ပို၍ပင် ရှင်းလင်းပြတ်သားစွာ နားလည်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ဖုန့်ချိုးရန်ဆိုသည့် ခေါင်းဆောင်ကြီးမှာ စိတ်သဘောထား သိမ်မွေ့သည့် လူတစ်ယောက် ဖြစ်ရမည်ဟု ချက်ချင်းပင် ရိပ်မိသွား၏။ သွမ့်မုချွယ်၏ ဘေးတွင်ရှိနေသော မော့ကောင်းကျိမှာ ဖုန့်ချိုးရန် စေလွှတ်ခဲ့သည့် လူတစ်ယောက် မဟုတ်ပါလော။ အခြားတစ်ဖက်တွင်မူ မြဲ့လျဲ့ကျိဆိုသည့် လူကြီးမှာ ပြည်ထောင်စုကြီးအား သိမ်းပိုက်ကာ ကျွန်ပြုရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
” အဲ့တာဆိုရင် ဒီတစ်ခေါက် စတင်မယ့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်က သဘောကောင်းတဲ့ အဖွဲ့အစည်းနဲ့ ပထမဆုံး အကြိမ်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းပဲ … ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးတောနေလိုက်၏။ ထိုအချိန်တွင် သွမ့်မုချွယ်မှာ လေသံတိုးတိုးဖြင့် ချောင်းဟန့်လိုက်ပြီး လီရှင်းဝမ်ပြောနေခဲ့သည့် အကြောင်းအရာအား ဆက်၍ ရှင်းပြလိုက်ပြန်သည်။
” အခုဆိုရင် မင်းတို့တွေအကုန်လုံး သိသင့်သလောက် သိပြီးသွားပြီ။ အသေးစိတ်အချက်အလက်တွေကိုတော့ ကျယ်ပြန့်တာအိုနန်းတော်ထဲကို ရောက်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သိအောင် လုပ်ကြတော့။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် မင်းတို့အားလုံးက လေ့ကျင့်နိုင်ဖို့အတွက် ကျယ်ပြန့်တာအိုနန်းတော်ဆီကို သွားရမယ့် ပြည်ထောင်စုကြီးထဲက လူတွေပဲ။ အဲ့တာမလို့ မင်းတို့တွေအကုန်လုံး ကောင်းမွန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်ဖို့ ငါ မျှော်လင့်ပါတယ် ”
သွမ့်မုချွယ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် စကားစ ဖြတ်လိုက်၏။ ထို့နောက် သူသည် မျက်နှာအမူအရာ ပို၍ တည်ကြည်လာပြီး သူ၏ ဩဇာညောင်းသော စကားသံကြီးမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
” ဒါပေမဲ့… မင်းတို့ရဲ့ တာဝန်ကိုလည်း မမေ့နဲ့။ အစ်ကိုမော့ကောင်းကျိက ဒီမှာရှိနေတာ မှန်ပေမဲ့လည်း ငါကတော့ မင်းတို့ကို တာဝန်နှစ်ခု ပေးရဦးမယ်။ သေချာမှတ်ထားကြ ”
” အရင်ဆုံး မင်းတို့တွေ ကျယ်ပြန့်တာအိုနန်းတော်ထဲကို ရောက်ပြီးတာနဲ့ အစ်မ ဖုန့်ချိုးရန်ရဲ့ အစီအစဉ်တွေအတိုင်း လိုက်လုပ်ပြီးတော့ သူ့ကို အစွမ်းကုန် ကူညီထောက်ပံ့ပေးကြ။ ဒုတိယအချက်အနေနဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို တတ်သမျှ များများရအောင် စုစည်းခဲ့ကြ။ ပြီးရင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို သုံးပြီးတော့ အဲဒီကျင့်ကြံခြင်းပညာရပ်တွေကို ပြည်ထောင်စုကြီးဆီ ပြန်ပို့ပေးကြ ” သွမ့်မုချွယ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ဘေးတွင်ရှိနေသော မော့ကောင်းကျိအား အရိုအသေပေးလိုက်၏။
ထိုအခါ တစ်ချိန်လုံး အသက်မပါသည့် မျက်နှာအမူအရာဖြင့် ရပ်နေခဲ့သော မော့ကောင်းကျိမှာ ရယ်မောကာ သွမ့်မုချွယ်အား နားလည်သည့်ပုံဖြင့် ပြန်၍ အရိုအသေပေးလိုက်၏။ သူသည် စကားတစ်ခွန်းမှ မပြောပါသော်လည်း သူ၏ စိတ်ထဲတွင်မူ အတွေးမျိုးစုံ ပေါ်ပေါက်လာ၏။ အမှန်တွင် သူသည် ပြည်ထောင်စုကြီးနှင့် အပြန်အလှန် ဆက်ဆံနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို ကမ္ဘာပေါ်ရှိကမ္ဘာပေါ်ရှိ ကျင့်ကြံခြင်း လူမှုအဖွဲ့အစည်းမှာလည်း သူ့ကြောင့် တိုးတက်ပြောင်းလဲလာခဲ့သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။
သူသည် ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် ကမ္ဘာပေါ်ရှိ လူမှုအဖွဲ့အစည်း အလျင်အမြန် တိုးတက်လာခဲ့ပြီး သူ့ကဲ့သို့ ယွမ်ယင်အဆင့် ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့သည်ကို မျင်ဝါးထင်ထင် တွေ့မြင်ခဲ့ရသောကြောင့် အံ့အားသင့်သွားခဲ့ရ၏။ သူသည် ဤဖြစ်ရပ်များ မတိုင်ခင်တုန်းက တာဝန်တစ်ခု ထမ်းဆောင်ရန်သာ ကမ္ဘာပေါ်သို့ ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် ကမ္ဘာပေါ်မှ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းမှာ ဤအဆင့်လောက်အထိ ရောက်လာနိုင်လိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူမှတ်မိသလောက်ဆိုလျှင် ၎င်းမှာ အလွန်အင်မတန်မှ ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်ထက် ကျင့်ကြံခြင်းလေ့ကျင့်ရန် ပို၍သင့်တော်သည့်နေရာဖြစ်ကြောင်း သိနိုင်ပေသည်။
အထူးသဖြင့် ၎င်းမှာ ပင်ကိုယ်အရည်အသွေး အပိုင်းတွင်လည်း အလွန်အင်မတန်မှ ထူးခြား၏။ သူသည် နှစ်ပေါင်းများစွာ သုတေသနများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာပေါ်ရှိလူများမှာ ယေဘုယျအားဖြင့် သာမန်အဆင့်ထက်ပိုသော ပင်ကိုယ်အရည်အသွေးများကို ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း သိခဲ့ရသည်။ ထိုအချက်တစ်ချက်ထဲနှင့်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက နေအဖွဲ့အစည်းမှာ မည်ကဲ့သို့သော နေရာမျိုး ဖြစ်နေခဲ့သောကြောင့် ယခုကဲ့သို့ ပင်ကိုယ်ပါရမီများဖြင့် ပြည့်စုံသည့် လူများကို မွေးထုတ်ပေးနိုင်စွမ်း ရှိနေရပါသနည်းဟု တွေးနေမိတော့သည်။
ထို့ကြောင့်လည်း သူသည် ပြည်ထောင်စုကြီးနှင့်ပူးပေါင်း၍ ဖွံ့ဖြိုးတိုးတက်လာအောင် အတူတကွ ကြိုးစားမည့် အစီအစဉ်အား ဖုန့်ချိုးရန်ဆီသို့ ယုံကြည်ချက်အပြည့်ဖြင့် တင်ပြခဲ့ခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ကမ္ဘာကြီးအား သံယောဇဉ်တွယ်သွားခဲ့သောကြောင့် ကမ္ဘာကြီးဆီတွင် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခု ရှိလာစေရန် မျှော်လင့်နေ၏။
သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့မှာ မော့ကောင်းကျိ၏ ထောက်ခံချက်အား ရရှိလိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်သက်သာရာ ရသွားကြပြီး သက်ပြင်းများ ချလိုက်ကြ၏။ သူတို့မှာ မော့ကောင်းကျိအား ကျေးဇူးတင်မဆုံး ဖြစ်နေတော့သည်။ သို့သော် စိတ်ခံစားချက်များကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ ကံကြမ္မာအား အတိမ်းအစောင်းခံ၍ မဖြစ်ပေ။ ထို့ကြောင့် သွမ့်မုချွယ်မှာ ပြောစရာရှိသည့် စကားများကို မဖြစ်မနေ ပြောရမည်သာဖြစ်သည်။
” ပြည်ထောင်စုကြီးထဲမှာ ကျင့်ကြံခြင်းခေတ် စတင်ခဲ့တာ ဆယ်စုနှစ် အနည်းငယ်ပဲ ရှိသေးတယ်။ ဝိညာဉ်ချီတွေက အဆုံးအစမရှိလောက်အောင် များပြားနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက အကန့်အသတ်တစ်ခု ရှိတယ်။ ငါတို့တွေ အခုထက်ပိုပြီးတော့ အဆင့်တက်နိုင်မှာလား မတက်ဘူးလားဆိုတာကို အဲဒီ ဝိညာဉ်ချီတွေကပဲ အဓိကဆုံးဖြတ်ပေးမှာ။ ကျင့်ကြံခြင်းပညာရပ်တွေကလည်း အရေးကြီးတဲ့ထဲပါတယ်။ မင်းတို့တွေအကုန်လုံး သေချာမှတ်ထားကြ ”
” ပြီးတော့ ပြည်ထောင်စုကြီးက မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုထားမှာမဟုတ်ဘူး။ အဲ့တာမလို့ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို သုံးပြီးတော့ ကျင့်ကြံခြင်းပညာရပ်ဆယ်ခု ပေးပို့နိုင်တဲ့လူတိုင်းကို အဆင့်တစ်ဆင့် ရာထူးတိုးပေးမယ်လို့ ငါ ကတိပေးတယ် ”
” ပြီးရင် လေ့ကျင့်မှုတွေပြီးစီးသွားလို့ ပြန်ရောက်လာတဲ့ အချိန်ကျရင် ကိုယ်ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်မှုတွေအပေါ် မူတည်ပြီးတော့ ဆုချဦးမှာ ” သွမ့်မုချွယ်၏ စကားများမှာ ပြတ်သားမှုအပြည့် ရှိပေသည်။ ထို့အပြင် လီရှင်းဝမ်အပြင် အခြားသော နိုင်ငံရေးအင်အားစုများလည်း သက်သေများအဖြစ် ရှိနေကြသည်ဖြစ်ရာ ပြည်ထောင်စုကြီးမှာ ကျင့်ကြံခြင်းပညာရပ်များကို အပူတပြင်း လိုချင်နေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ကျောက်တိုင်ကြီးပေါ်တွင် ရပ်နေကြသော ပြည်ထောင်စုပျိုးပင်များမှာ ဤကိစ္စကြီးမှာ အလွန်အင်မတန်မှ အရေးကြီးကြောင်း နားလည်ထားကြသောကြောင့် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေပြီး သူတို့အား ပြောပြခဲ့သည့် စကားများကို ရင်ထဲ၌ စွဲနေအောင် မှတ်သားထားလိုက်၏။ တစ်ချိန်ထဲမှာပင် လီယီကဲ့သို့သော ပြည်ထောင်စုပျိုးပင်များမှာ အသက်ရှူသံများ မြန်ဆန််လာကြပြီး မျက်ဝန်းများထဲ၌ စိတ်ဆန္ဒများ ပြင်းပြလာသည်ကို အထင်းသား မြင်နေရတော့သည်။
သူတို့ထဲတွင် စိတ်ဆန္ဒ အပြင်းပြဆုံးနှင့် စိတ်ဓာတ်အတက်ကြွဆုံး ဖြစ်နေသည့်လူမှာ ဝမ်ပေါင်လဲ့ပင် ဖြစ်ပေသည်။ သူသည် သွမ့်မုချွယ်၏ စကားများကို ကြားလိုက်ရသည်နှင့် သူ၏ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် မျက်လုံးများပြူးသွားပြီး သူ၏ အသိစိတ်ထဲ၌ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်နေသည့် အသံကြီးတစ်သံသာ ပေါ်ပေါက်လာတော့သည်။ ထိုအသံကြီးမှာ…
” ရာထူးတိုးတော့မယ်ဟေ့။ ရာထူးတိုးတော့မယ် “