မမျှော်လင့်ဘဲ ထိုမိန်းမပျိုမှာ တုလင်ဖေးဖြစ်နေလေသည်။
ပိုင်ရှောင်ချန်းက ထိုမျက်နှာကို လုံးဝ မေ့လိမ့်မည်မဟုတ်ချေ။ အမှန်တကယ်တော့ သူ မမေ့ရက်နိုင်ခြင်းဖြစ်သည်။ ဖြတ်သန်းလာခဲ့ပြီးသော နှစ်များအတွင်း သူနေ့စဥ် သတိရနေခဲ့သည့် လူတစ်ယောက်ဖြစ်သော တုလင်ဖေးပင်။
ပိုင်ရှောင်ချန်းမှာ အံ့သြမှုလှိုင်းများ နှလုံးသားသို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေသည့်အလား ခေါင်းတစ်ခုလုံး ချာချာလည်နေသည်။ ထို မျက်နှာဖုံးအောက်တွင် ရင်းနှီးသော မျက်နှာတစ်ခုရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ စိတ်ပင်မကူးခဲ့ဖူးချေ။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက
” တုတုလေး ” ဟုခေါ်လိုက်သောအခါ မျက်နှာဖုံးကင်းမဲ့သွားသည့် ရွှယ်မေ့သည်လည်း တုန်လှုပ်သွားသည်။ ကောင်းကင်မှ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူမ၏မျက်နှာတွင် အမျိုးအမည်မသိသော ခံစားချက်များဖြတ်သန်းသွားလေသည်။ သူမ၏နှလုံးသားနှင့် စိတ်ထဲတွင်ပါ အံ့သြမှုလှိုင်းလုံးများ တရိပ်ရိပ်တက်လာလေသည်။
သူမအား ထိုကဲ့သို့ အမြဲ ခေါ်သည့်လူတစ်ယောက်သာ ရှိပြီး ထိုလူက…..စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ပိုင်ရှောင်ချန်းသာဖြစ်သည်။
” ရှောင်ချန်းလား ”
သူမ၏နှုတ်မှ လွှတ်ခနဲ ရေရွတ်မိလိုက်သည်။
သူမက ပိုင်ရှောင်ချန်းကို နောင်တစ်ကြိမ်ဘယ်သောအခါမှ မတွေ့နိုင်တော့ကြောင်း ယုံကြည်ခဲ့လေသည်။ သူတို့ ခွဲခွာခဲ့စဥ်တုန်းက သူနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို ဖျက်ပြီး သူမ၏ အတွေးများကို ချုပ်ထိန်းနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့သော် သူက သူမကို ” တုတုလေး ” ဟုခေါ်လိုက်သောအခါ အလွန်တရာ တုန်လှုပ်သွား၏။ ထိုအခိုက်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် လောချိန်တောင်တန်းမှအဖြစ်အပျက်တို့ ကို သူမ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ကြောင်း သိလိုက်ရလေသည်။ ပိုင်ရှောင်ချန်းက သူမ မေ့၍မရပေ။
နှလုံးခန်းကမ္ဘာတွင် ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့က တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြသဖြင့် အချိန်များက နှေးကွေးစွာရွေ့လျားနေဟန်တူသည်။
ပိုင်ရှောင်ချန်းသည် အစွမ်းကုန်သုံးကာ လည်မျိုဖမ်းဆုပ်ကွက်အား အသုံးပြုလိုက်ေသာ်လည်း ယခုအခါ အားလမ်းကြောင်း ပြောင်းလဲသွားစေရန် ပြုလုပ်လိုက်လေသည်။ တန်ပြန်အားက သူ့ကို ရိုက်ခတ်သွားပြီး သူ၏ လက်မောင်းရိုးမှာ ကွဲကြေသွားသဖြင့် တဂျွတ်ဂျွတ်မြည်သံများပင်ကြားလိုက်ရသည်။ အသည်းခိုက်မတတ် နာကျင်မှူက တလိပ်လိပ်တက်လာသော်လည်း သူက လည်မျိုဖမ်းဆုပ်ကွက်ကို သွေဖယ်ပစ်လိုက်နိုင်သဖြင့် တုလင်ဖေးဘေးနားမှ ဖြတ်ကျော်သွားလေသည်။
ကံဆိုးစွာပင်… ပိုင်ရှောင်ချန်းက လည်မျိုဖမ်းဆုပ်ကွက်၏ အံ့မခန်းအစွမ်းများကို ပြောင်းလဲနိုင်ခဲ့သော်လည်း .. တုလင်ဖေး၏ ရွှေရောင်အထိအတွေ့မှော်သိုင်းမှာမူ သူမ၏ သက်စောင့်အားနှင် ပေါင်းစပ်ထားသည့်အတွက်ကြောင့် သူမ ထိန်းချုပ်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ ဥပမာပြရလျှင် ကလေးတစ်ယောက်က ကျားဆိုးတစ်ကောင်ကို ဘယ်တော့မှ မထိန်းချုပ်နိုင်သကဲ့သို့ သူမသည်လည်း ထုတ်လွှတ်လိုက်သည့် မှော်သိုင်းကိုတားဆီးရန် ဘာမှ မတတ်နိုင်ပေ။
” မဟုတ်ဘူး ”
သူမက နတ်ဘုရားစွမ်းအင်လားရာဘက်ကို ပြောင်းရန် တုန်ရီနေသော ဘယ်လက်ကို အားထည့်လိုက်ရင်း အာခေါင်ခြစ်အော်လိုက်သည်။သူမ၏ လက်မောင်းမှာ လိမ်ဖယ်သွားကာ တဖျစ်ဖျစ်မြည်သံများထွက်ပေါ်လာလေသည်။ သူမက လက်ကြီး၏ ဦးတည်ရာကို အနည်းငယ်ပြောင်းလိုက်နိုင်သော်လည်း ၄င်းကို လုံးဝ အရှိန်မလျှော့နိုင်ပေ။ ထိုကြောင့် ၄င်းက ပိုင်ရှောင်ချန်းထံ တည့်တည့်မတ်မတ်ပင် ဦးတည်နေလျက်ရှိသည်။
ထိုအရာအားလုံးမှာ ဖော်ပြရန်ကြာမြင့်သော်လည်း တဒင်္ဂအချိန်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ကြီးက ပိုင်ရှောင်ချန်း၏ရှေ့သို့ ရောက်သွားလေပြီ။ ဝုန်းခနဲ အသံကြီးက လေထဲတွင်ကျယ်လောင်စွာ မြည်ဟည်းသွားနောက် ကြိုးဖြတ်ခံလိုက်ရသည့် စွန်သဖွယ် ပိုင်ရှောင်ချန်းမှာ နောက်သို့ လွင့်သွားပြီး ပါးစပ်မှ သွေးများပန်းထွက်လာလေသည်။
ပိုင်ရှောင်ချန်း၏ တန်ပြန်အားနှင့် တုလင်ဖေး၏ နတ်ဘုရားစွမ်းအားတို့၏ တရစပ်ထိုးနှက်မှုခံရသဖြင့် ကောင်းကင်မိစ္ဆာကိုယ်ကြီးမှာ ပျက်စီးသွား၏။
ယခု သူ၏ ကိုယ်မှာ ရွှေရောင်ပြောင်းသွားလေသည်။ ၄င်းက ထာဝရရွှေအရေပြား၏ ရွှေရောင်အလင်းမဟုတ်ချေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှာ ရွှေဖြင့် ပြုလုပ်ထားသည့် ရုပ်ထုကြီးအသွင် အလျင်အမြန်ပြောင်းလဲလာလေသည်။
တုလင်ဖေး၏ မျက်ဝန်းအိမ်မှ မျက်ရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာလေသည်။ ထိတ်လန့်တုန်လှုပ်နေလျက် ပိုင်ရှောင်ချန်းဆီသို့ သူမ ပျံသန်းသွားလေသည်။
“ရှောင်ချန်းးးး……”
ရွှေရောင်အလင်းဖြင့် တောက်ပနေသော်လည်း တုလင်ဖေးကို လှမ်းကြည့်လိုက်သည့် ပိုင်ရှောင်ချန်း၏ မျက်နှာမှာ သွေးဆုပ်ကာ ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ သူမကို မေးချင်သည့် မေးခွန်းပေါင်းများစွာ ရှိပြီး ပြောချင်သည့်စကားများလည်း အများကြီးရှိနေသည်။ ရှုပ်ထွေးသည့် ခံစားချက်များကို သူ့မျက်လုံးတွင်မြင်နိုင်သော်လည်း သူပါးစပ်ဟ၍ စကားပြောရန်ပြင်လိုက်သည်နှင့် သွေးတို့ပန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မရနိုင်တော့ချေ။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း ပရမ်းပတာဖြစ်နေကာ တဖြေးဖြေးနှင့် အမြင်အာရုံတို့ဝေဝါးလာလေသည်။
စိုးရိမ်ကြောင့်ကြမှုကြောင့် တုလင်ဖေးက နတ်မီးလျှံစမ်းသပ်ပွဲအကြောင်း လုံးလုံးမေ့သွား၏။ သူမ၏ တာဝန်မှာ ခေါင်းထဲတွင်ပျောက်သွားလေသည်။ သူမ၏ဦးေနှာက်ထဲမှာ ပိုင်ရှောင်ချန်းတစ်ယောက်သာရှိပြီး သူထံ အမြန်ပြေးသွားလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်လေးမှာပင် သွေးသလင်းကျောက်က ပိုင်ရှောင်ချန်း သွေးများအန်နေသည်ကို အာရုံရလိုက်၏။ သလင်းကျောက်မှာ တဝုန်းဝုန်းမြည်ဟည်းလျက် ရုတ်တရက်လောင်ကျွမ်းလာပြီး တည်နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ ၄င်းက ပိုင်ရှောင်ချန်းထံ အလျင်မြန် ရွေ့လျားသွားကာ လေထုကို ခွဲ၍ ပိုင်ရှောင်ချန်း၏ရှေ့မှာ ပေါ်လာလေသည်။
သလင်းကျောက်မှာ စိတ်လှုပ်ရှား ပျော်ရွှင်မှုဟန်တူကာ တခဏပင် မရပ်နားဘဲ သူ၏ ရင်ဘတ်ဆီသို့ တဟုန်ထိုးပျံသွား၏။ ၄င်းက နီးလာသည်နှင့် သွေးချီများ လွင့်ပျံသွားပြီး သူ့ကိုယ်ထဲဝင်သွားကာ သူ၏ နှလုံးနှင့် ပေါင်းစပ်သွားလေသည်။
နှလုံးအိမ်မှ ပြင်းပြင်းထန်ထန်နာကျင်မှုတို့ကြောင့် ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ် တုန်ခါသွား၏။ နောက်သို့ အတွန်းခံလိုက်သဖြင့် သူ့ထံမှ အက်ကွဲကွဲ အော်သံကြီး ထွက်ပေါ်လာပြီး ဧရာမသွေးကြောများအနက်မှ တစ်ခုဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ ခြောက်သွေ့ညှိုးနွမ်းနေသော ထိုသွေးကြောကြီးမှာ သူနှင့် ထိခါနီး အခိုက်အတန့်လေး၌ ၄င်းထံမှ သက်စောင့်စွမ်းအင်များ ထွက်ပေါ်လာပြီး နူးညံ့သော စွမ်းအားတစ်ခုဖြင့် ပိုင်ရှောင်ချန်းကို မြန်မြန်ဖမ်းဆွဲလိုက်ကာ အထဲသို့ ဆွဲသွင်းလိုက်သည်။
ပိုင်ရှောင်ချန်းမှာ သွေးကြောကြီးထဲ မြှုပ်သွားလေသည်။သွေးကြောကြီးက ၄င်း၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံပေါ်သဖြင့် သွေးရောင်အလင်းများ ဖြာထွက်လာပြီး အရပ်မျက်နှာတစ်ခွင်သို့ ပျံ့သွားလေသည်။
အဖြစ်အပျက်များက ထိုမျှပင် ရပ်မသွားချေ။ နှလုံးခန်းတစ်ခုလုံး အလင်းများဖြင့် ပြည့်သွားသောကြောင့် အခြားသွေးကြောများအားလုံးက ၄င်းကို ထုံးဖွဲ့ရစ်ပတ်သွားကြကာ အားပြင်းသော သက်စောင့်စွမ်းအင်များ ထုတ်ပေးနေကြလေသည်။ အနည်းငယ်မျှ ကြာပြီးနောက် သွေးကြောများက စတင် လှုပ်ရွလာပြီး နှလုံးထံသို့ စွမ်းအားများကို ပို့လွှတ်လိုက်ကြလေသည်။
ဒုတ်….ဒုတ်…ဒုတ်…
ညှို့နွမ်းခြောက်သွေ့နေသော နှလုံးကြီးမှာ ခုန်လာပြီးမိုးခြုန်းသံကဲ့သို့ တဂျုံးဂျုံးမြည်ဟည်းသံကြီးက သွေးဘိုးဘေးကြီးတစ်ကိုယ်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။
တချိန်တည်းမှာပင် ထိုလှုပ်ရှားမှုက ပိုင်ရှောင်ချန်းကို မသိသောနေရာတစ်ခုသို့ ရောက်ရန် သွေးကြောတစ်လျှောက် ထိုးသွင်းနေဟန်တူသည်။
၄င်းက အောင်မြင်သွားပြီး ဝန်းရံထားသော သွေးကြောများနှင့် နှလုံးမှာ တစ်ဖန်ခြောက်သွေ့သွားပြန်သည်။ အံ့မခန်းတွန်းအားကြီး ထွက်ပေါ်လာပြီး တုလင်ဖေးကို ရစ်ပတ်သွားသည်။ သူမက မည်မျှပင် နေရစ်ချင်ကာမူ မတတ်နိုင်ပေ။ ရောထွေးသော ခံစားချက်များနှင့် ပိုင်ရှောင်ချန်းပျောက်ကွယ်သွားသည့်နေရာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ပိုင်ရှောင်ချန်းက အနာတရဖြစ်သွားသော်လည်း သူ့ကို ခေါ်ဆောင်သွားသည့် အမွေအနှစ်ကြောင့် အသက်မဆုံးရှုံးနိုင်မှန်း သူမ သိလေသည်။
သူမက ဖြေးညင်းစွာ ဆင်းသက်လာပြီး မျက်နှာဖုံးကို ကောက်ယူလိုက်ကာ ပျောက်ကွယ်သွားပြီး သူမမှာ သွေးဘိုးဘေးကြီးကိုယ်ထဲမှ ထုတ်ပယ်ခြင်းခံလိုက်ရလေသည်။
နှလုံးခန်း၏ အပြင်ဘက်ရှိ ရှေးဟောင်းသွေးလမ်းပေါ်တွင် ရပ်နေသေးသည့် စုန့်ကျင်းဝမ်မှာလည်း ထုတ်ပယ်ခြင်းခံလိုက်ရသောကြောင့် ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်တွင် သွေးဘိုးဘေးကြီး၏ ကမ္ဘာအတွင်း ကျန်နေခဲ့သည့် လူများမှာ သေကုန်ပြီး ပိုင်ရှောင်ချန်းမှာမူ…။
လွန်ခဲ့သော တခဏက နှလုံးခုန်သံကြီးမှာ တစ်ကြိမ်သာ ခုန်သွားပါသော်လည်း အပြင်ကမ္ဘာကိုပင် ပဲ့တင်ထပ်သွားလေသည်။ ကောင်းကင်မှာ မှောင်သွားပြီး မြေထုမှာ တုန်ခါသွားသည်။ ကောင်းကင်တံတားမြစ်တွင် လှိုင်းများပင်လျှင် ပေါ်ပေါက်လာ၏။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူတို့မှာ ရင်ခုန်လာပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
အပြင်စည်းဂိုဏ်းသားမှ အစ ခေါင်းဆောင်ကြီးများအဆုံး လူတိုင်းအပေါ် သက်ရောက်မှုဖြစ်သွားသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ”
“တစ်ခုခုတော့ မှားနေပြီ… ငါ့နှလုံးကို ထိန်းမရတော့ဘူး”
“ငါ့ကျင့်ကြံခြင်းအခြေခံက အလုပ်မလုပ်တော့ဘူး။ မတည်မငြိမ်ဖြစ်နေတယ်ဟ… ။ ဘယ်လိုများဖြစ်နိုင်တာတုံး… ။ ခုနက အသံကြီးကလဲ ဘာကြီးလဲ ”
နွံအိုင်တောင်ထိပ်၊ အမည်မဲ့တောင်၊ အလယ်တောင်ထိပ် နှင့် ရုပ်အလောင်းတောင်တို့ရှိ ကျင့်ကြံသူများ၊ မဟာအကြီးအကဲများနှင့် သွေးသခင်များ မျက်စိမျက်နှာပျက်လျက် အပြင်သို့ ပျံထွက်လာကြသည်။ ဘိုးဘေးတောင်ပေါ်တွင်မူ ဂိုဏ်းစောင့်အကြီးအကဲနှင့် သွေးအေးလူသတ်သမားအားလုံးမှာ ဂူပိတ်ကျင့်ကြံေနရာမှ တုန်လှုပ်သွားကြ၏။ ခေါင်းဆောင်ကြီးများပင် အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
စုန့်မျိုးနွယ်စုေခါင်းဆောင်ကြီးက တရားကျင့်ကြံေနသော်လည်း သူ့မျက်လုံးများ ဖြတ်ခနဲပွင့်လာပြီး သူ၏မျက်နှာ လက်ခနဲ ဖြစ်သွားသည်။ ခေါင်းဆောင်ကြီးအတုမဲ့က သူ၏ အင်မော်တယ်ဂူမှ ထွက်လာပြီး မျက်လုံးများက တလက်လက်တောက်ပလျက် လှမ်းကြည့်လိုက်သည်။
” အလယ်တောင်ထိပ်ရဲ့ သွေးသခင်ရွေးချယ်ပြီးသွားပြီလား”
“သွေးသခင်ကို ရွေးပြီးရင်တောင်မှ အခုလိုထူးကဲတာမျိုး မဖြစ်သင့်ဘူး ”
လူအများက တုန်လှုပ်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်သည်တွင် ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့က လေထဲ ပေါ်လာ၏။ ဘေးတွင် စုန့်ချွဲနှင့်တကွ အသက်ရှင်ကျန်ရစ်သော ဓမ္မစောင့်ရှောက်သူများပါလေသည်။
စုန့်ကျင်းဝမ်က ရွှယ်မေ့ဘက်သို့ တုန်လှုပ်စွာ လှမ်းကြည့်လိုက်သည်။ သို့သော် ညမုဆိုးကိုမူ အရိပ်အယောင်ပင် မတွေ့ရချေ။ ညမုဆိုးကျရှုံးသွားသည်ဟု ယူဆလိုက်သဖြင့် စုန့်ကျင်းဝမ်၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်လာလေသည်။ ထို့နောက် သူမက ရွှယ်မေ့က သွေးသခင်အဆင့်သို့ ရောက်သွားသည့်ပုံမပေါ်ကြောင်း သဘောပေါက်လိုက်လေသည်။
သူမသည် မျက်နှာဖုံးနောက်ကွယ်တွင် စိတ်နှင့် လူ မကပ်သကဲ့သို့ သူမ၏ မျက်လုံးတို့တွင် ရှုပ်ထွေးမှုများဖြင့် ပြည့်ေနသည်။
သွေးဘိုးဘေးကြီး၏ခန္ဓာကိုယ်ထဲမှ အဖွဲ့ပြန်ရောက်လာခြင်းနှင့်အတူ စောစောက နားကွဲလုမတတ်ရုတ်တရက် အသံကြီးကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူများမှာ ခေါင်းရှုပ်သွား၏။ သို့စေကာမူ ကောင်းကင်ကို တုန်ခါစေ၍ မြေပြင်ကို ကွဲအက်သွားစေသော အလင်းတန်းတစ်ခုက အလယ်တောင်ထိပ်မှ လေထဲသို့ ထိုးတက်သွားပြီး မျက်နှာပုံရိပ်တစ်ခု ဖြစ်သွားလေသည်။
၄င်းက ညမုဆိုးပင်။
“အလယ်တောင်ထိပ်က သွေးရောင်အလင်း။ အဲ့တာက….သွေးသခင်ရဲ့ သင်္ကေတပဲ”
“အဲ…အဲ့တာက..တစ်ယောက်ယောက်က သွေးသခင်အသစ်ဖြစ်သွားတာပဲ… ။ ဒါပေမယ့်… အဲ့တာ ညမုဆိုးရုပ်ကြီးလေ…။သူ… က..သွေးသခင်အသစ်လား… ဘယ်လိုများဖြစ်နိုင်တာတုန်း”
“အလယ်တောင်ထိပ်သွေးသခင်က ရွှယ်မေ့ မဟုတ်ရင်… စုန့်ကျင်းဝမ် မဟုတ်ဘူးလား… ညမုဆိုး..ဘယ်လိုဖြစ်သွားတာတုန်း…”
ခေါင်းများ မူးနောက်လျက် မျက်လုံးတို့ ပြူးကုန်ကြသည်။ လူတိုင်းက အံ့သြတကြီး ရေရွတ်လိုက်ကာ အကုန်လုံးမှာ ပါးစပ်ပင် မစိနိုင်တော့ချေ။
ဘိုးဘေးတောင်ရှိ လူများသည်လည်း ထိုနည်းတူပင်။ မှင်သက်နေသည့် ခေါင်းဆောင်ကြီးများထံမှပင်လျှင် နတ်ဘုရားအာရုံစီးကြောင်းများ ပေါ်ထွက်လာလေသည်။
ထိုကဲ့သို့အံ့သြမှုဂယက်ရိုက်သွားသော်လည််း အလယ်တောင်ထိပ်ရှိ ကျင့်ကြံသူအားလုံးမှာ လေးလေးနက်နက် ခံစားသွားရသည်။ သူတို့အတွက်မူ အထူးအရေးပါ လေးနက်သည့် အခမ်းအနားဖြစ်လေသည်။ သူတို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိန်းချုပ်နိုင်စွမ်းမရှိသော တွန်းအားကို ရုတ်တရက်ခံစားလိုက်ရသဖြင့် သူတို့က ဒူးထောက်ကာ ညမုဆိုး၏ မျက်နှာကို အရိုအသေပေးလိုက်ကြရသည်။
စုန့်ချွဲ၊ စုန့်ကျိမ်း၊ စုန့်ကျင်းဝမ်၊ ရွှယ်မေ့၊ နတ်ဆရာ.. အားလုံးက ဒူးထောက်လိုက်ကြသည်။ အလယ်တောင်ထိပ်၏ လျှို့ဝှက်မှော်သိုင်း ကျင့်ကြံသူများမှာလည်း ရွေးချယ်စရာမရှိသဖြင့် ခေါင်းငုံ့၍ အရိုအသေပေးလိုက်ကြရသည်။ သူတို့၏ သွေးချီများမှာ ပျက်စီးလုနီးပါးပင်ဖြစ်နေသည်ဟု
ခံစားလိုက်ရသည်။
၄င်းက အလယ်တောင်ထိပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် လူတစ်ယောက်ဖြစ်သော သွေးသခင်၏ အာဏာဖြစ်ပေသည်။