တစ်ချိန်ထဲမှာပင် နေအဖွဲ့အစည်းထဲ၌ ပျံသန်းနေကြသည့် အခြားသော သင်္ဘောပျံကြီးများလည်း ရှိနေသေးသည်။ ၎င်းတို့၏ ခရီးပန်းတိုင်မှာလည်း ဗုဒ္ဓဟူးဂြိုဟ် ဖြစ်ပေသည်။
ထို သင်္ဘောပျံကြီးများပေါ်တွင် ပြည်ထောင်စုကြီးထဲရှိ အဖွဲ့အစည်းအသီးသီးမှ ပြည်ထောင်စုပျိုးပင်များ ဖြစ်ကြသော ထိပ်တန်းအဆင့် ကျင့်ကြံသူများ လိုက်ပါလာကြ၏။ သူတို့ထဲတွင် ကျင့်ကြံခြင်း အဆင့်အနိမ့်ဆုံးလူမှာ အခြေတည်အဆင့်၌ ရှိနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ကိုသာ ထည့်မတွက်ပါက လက်ရှိတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူမှာ အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေ၏။
ဝမ်ပေါင်လဲ့တစ်ယောက်သာ ခြွင်းချက်ဖြစ်သည်။ သူသည် အမြုတေအဆင့်သို့ ရောက်နေသည်မဟုတ်ပါလော။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထို ပြည်ထောင်စုပျိုးပင်များထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးနှင့် ရာထူးအဆင့်အတန်း အမြင့်ဆုံး ဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။ အခြား ပြည်ထောင်စုပျိုးပင်များမှာမူ ပြည်ထောင်စုမြို့တော်ထဲ၌ ပြည်ထောင်စုပျိုးပင်ဆိုသည့် ရာထူးများ လက်ခံရရှိခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့၏ ရွံရှာစက်ဆုပ်ဖွယ် လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ယခုလို အောင်မြင်နေရသည်ကို သိလိုက်ရသောအခါ သူတို့မှာ အံ့အားသင့်နေကြပါသော်လည်း တုန်လှုပ်ချောက်ချားနေခြင်းတော့ မရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အစွမ်းထက်နေပြီဖြစ်ကြောင်းကို သူတို့၏ ရင်ထဲတွင် စိတ်မပါလက်မပါနှင့် လက်ခံလိုက်ရတော့သည်။ အထူးသဖြင့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်ပါက ဝမ်ပေါင်လဲ့အား ကျော်တက်ပြမည်ဟု စိတ်ထဲတွင် ကြိမ်းဝါးထားသော လီယီမှာဆိုလျှင် မကျေမချမ်း ဖြစ်နေရပြီဖြစ်သည်။
သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် အခြား ပြည်ထောင်စုပျိုးပင်များနှင့်အတူ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ သင်္ဘောပျံကြီးမှာလည်း ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ဆင်းသက်လာ၏။ သူတို့မှာ လူသူကင်းမဲ့ကာ ခြောက်သွေ့နေသော နယ်မြေများနှင့် ခပ်လှမ်းလှမ်းရှိ မန္တန်အစီအရင်ကြီးအား မြင်လိုက်ရ၏။
ထို မန္တန်အစီအရင်ကြီးမှာ ပေတစ်သန်းကျော် ရှည်လျားပြီး မြေကြီးထဲ၌ မြှုပ်ထားသော သလင်းကျောက်တစ်လုံးကဲ့သို့ ဖြစ်နေ၏။ ထို့အပြင် ထို မန္တန်အစီအရင်ကြီးထဲတွင် ရာပေါင်းများစွာသော ဧရာမ ကျောက်တိုင်ကြီးများကိုလာည်း ပူးကပ်စွာ စိုက်ထူထားသေးသည်။ ထို ကျောက်တိုင် တစ်တိုင်ချင်းစီပေါ်တွင် ကျောက်စာပေါင်းမြောက်မြားစွာ ရေးထိုးထားပြီး ထို မန္တန်အစီအရင်ကြီးထဲမှ ထွက်ပေါ်လာနေသည့် ဖိနှိပ်စွမ်းအားများမှာ စွမ်းအင်လှိုင်းများအဖြစ် ဗုဒ္ဓဟူးဂြိုဟ် အနှံ့အပြားသို့ ပျံ့နှံ့နေ၏။
တစ်ချိန်ထဲမှာပင် ဗုဒ္ဓဟူးဂြိုဟ်ကြီးကို အစမှ ပြန်လည်တည်ဆောက်နေပြီဖြစ်သည်။ မန္တန်အစီအရင်ကြီး၏ ပတ်ပတ်လည်တွင် တမူထူးခြားသည့်ပုံပေါ်သော အဆောက်အဦ အမျိုးမျိုး ရှိနေကြ၏။ ထိုအဆောက်အဦများမှာ လူနေအိမ်များနှင့် မတူဘဲ ပုံစံမတူသည့် နောက်ထပ် မန္တန်အစီအရင်တစ်ခုကဲ့သို့ ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီး အပြင်ဘက်သို့ ထွက်လာပြီး မြေပြင်ကြီးအား ငုံ့ကြည့်လိုက်သောအခါ မြေပြင်ကြီးအောက်တွင် လှုပ်ရှားမှုအချို့ ရှိနေသည်ကို ခပ်ရေးရေးခန့် အာရုံခံမိလိုက်၏…
ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့မှာ ဘေးပတ်ပတ်လည်ရှိ အဆောက်အဦများကို သတိထာားမိလိုက်သောအခါ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိလိုက်ကြ၏။ ထို့နောက် ခုန်းတောက်မှာ လေသံတိုးတိုးနှင့် ဆိုလိုက်သည်။
” ဒီနေရာကြီးတစ်ခုလုံးရဲ့ ပတ်ပတ်လည်မှာ စစ်တပ်ရဲ့ ခြေရာလက်ရာတွေ အများကြီးပဲ။ ပြီးတော့ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးရဲ့ အပြင်ဘက်က အဆောက်အဦတွေကိုလည်း ငါ မြင်ဖူးနေတယ်။ အဲ့တာ စစ်တပ်ကဆောက်ထားတဲ့ မန္တန်အစီအရင်ကြီးပဲ ဖြစ်ရမယ်… ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုကို တွေးတောနေသည့် အမူအရာဖြင့် မြေပြင်ကြီးအား ငုံ့ကြည့်ကာ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
” ငါက ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံဆီကို တစ်ခေါက်ရောက်ဖူးတယ်။ မြေကြီးအောက်က လှုပ်ရှားမှုတွေက အဲဒီစက်ရုံကြီးနဲ့ အတူတူပဲ။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံအသစ်တစ်ခုက မြေကြီးအောက်မှာ ရှိနေတာပဲဖြစ်ရမယ်။ လေ့လာရေးစက်ရုံတစ်ခုလို့ ခေါ်ရင်တောင် မဆီလျော်လောက်ဘူး… မြေကြီးအောက်မှာ ဝိညာဉ်ဆန့်ကျင်ဗုံးတွေ မရေမတွက်နိုင်လောက်အောင် ရှိနေလောက်တယ် ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူမိသွား၏။ ပြည်ထောင်စုကြီး သတိကြီးကြီးထားကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သောကြောင့်သာ ယခုကဲ့သို့ရလဒ်များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သူတို့နှစ်ယောက်စလုံးက နားလည်ထားကြ၏။ အသွားအပြန် လုပ်နိုင်သည့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ဖွင့်လှစ်လိုက်ပြီးနောက် ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို တားဆီးရန်အတွက်လည်း သူတို့ဘက်မှ ပြင်ဆင်ထားပြီးသားဖြစ်သည်။
အကယ်၍ တစ်စုံတစ်ခုသာ အလွဲလွဲအချော်ချော် ဖြစ်သွားမည် ဆိုပါက တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး တစ်ခုလုံးမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရမည်သာ ဖြစ်သည်။
ထို့အပြင် သူတို့မှာ အရာအားလုံး၏ တစ်စိတ်တစ်ပိုင်းခန့်ကိုသာ မြင်ရသေးသည်ဖြစ်သည်။ ပြည်ထောင်စုကြီးမှာလည်း အခြားပြင်ဆင်မှုများကို ဆောင်ရွက်ထားနိုင်သေးသည် မဟုတ်ပါလော။ ထို့ကြောင့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် အန္တရာယ်များသော ကိစ္စရပ်ကြီးတစ်ခု ပေါ်ပေါက်လာမည်ဆိုပါက ဗုဒ္ဓဟူးဂြိုဟ်မှာ စိစိညက်ညက် ကြေမွသွားလောက်ပေသည်။
ဗုဒ္ဓဟူးဂြိုဟ်မှာ ၎င်း၏ ကြယ်တာရာရင်းမြစ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ရာ ၎င်း၏ တန်ဖိုးမှာလည်း သိသိသာသာ လျော့ကျသွားပြီ မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့မှာ အလွန်အင်မတန်မှ တည်ကြည်သွားကြ၏။ သူတို့နှစ်ယောက်မှာ သင်္ဘောပျံကြီးထဲမှ ထွက်ခွာလာပြီးနောက် ထိုဂြိုဟ်ပေါ်မှ ဝန်ထမ်များက သူတို့အား သူတို့၏ နေအိိမ်များဆီသို့ လိုက်လံပို့ဆောင်ပေးလိုက်ကြသည်။ ထို့အပြင် ရောက်မလာကြသေးသည့် လူများလည်း ရှိနေသေးကြောင်း သူတို့က သိလိုက်ရ၏။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကိုမူ နောက်နှစ်ရက်အကြာ အရုဏ်တက်ချိန်၌ ဖွင့်လှစ်မည်ဖြစ်သည်။
ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးဖြစ်သော ပြည်ထောင်စုပျိုးပင်များမှာမူ ဂြိုဟ်ပေါ်မှ ထွက်ခွာသွားခွင့် မရှိပါသော်လည်း ထိုနယ်မြေထဲတွင် လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိပေသည်။ သူတို့၏ အစွမ်းအစများနှင့် ရာထူးအဆင့်အတန်းများမှာ တမူထူးခြားနေသည် မဟုတ်ပါလော။ ထို့အပြင် ဤအစီအစဉ်ကြီးမှာ အလွန်အင်မတန်မှ အန္တရာယ်များသောကြောင့် ပြည်ထောင်စုကြီးမှာ သူတို့အပေါ် တင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်ထားခြင်းမရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ခုန်းတောက်ကိုခေါ်ကာ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား သွားတွေ့လိုက်၏။ သူတို့ နှစ်ယောက်မှာ ဝမ်ပေါင်လဲ့ထက်အရင် ကြို၍ ရောက်ရှိနေကြသည်။ သူတို့ လေးယောက် ဆုံတွေ့လိုက်ကြသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်းအား မလွှတ်တမ်း ပွေ့ဖက်ထားလိုက်ပြီး သူ၏နောက်ကျောအား လက်ဖြင့် အားပါပါ ပုတ်လိုက်၏။ ထို့နောက် သူသည် ကျောက်ယမုန့်ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားတော့သည်။
ကိုယ်ကျပ်ဝတ်စုံတစ်ခုကို ဆင်မြန်းထားသော ကျောက်ယမုန့်မှာ အလွန်အင်မတန်မှ တည်ငြိမ်အေးဆေးနေပြီး ယခင်တုန်းကထက်ပင် ပို၍ ညှို့ဓာတ်ပြင်းနေ၏။ ထို့အပြင် ရုပ်ရည်အပိုင်းတွင် လီဝမ်အာနှင့် ကျိုးရှောင်ရတို့မှာ ကျောက်ယမုန့်ကို မမီပေ။ ထို့ကြောင့် ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ သက်တမ်းတစ်လျှောက် မြင်ဖူးသမျှ လူများထဲတွင် ပြီးပြည့်စုံမှုအရှိဆုံးဟုပင် ဆိုနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
” မတွေ့ရတာကြာပြီ ယမုန့်ရေ။ ငါက နင့်ကို လွမ်းနေတာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့နှုတ်ဆက်လိုက်ပြီး သူမအားပွေ့ဖက်ရန် ရှေ့သို့ လှမ်းသွားလိုက်သည်။
ထိုအခါ ကျောက်ယမုန့်မှာ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ယခင်တုန်းကကဲ့သို့ အဖက်မခံတော့ပေ။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားကာ ဝမ်ပေါင်လဲ့အား ရှောင်တိမ်းလိုက်ပြီးနောက် ရယ်မောကာ သူ့အား စိုက်ကြည့်နေလိုက်တော့သည်။
ကျောက်ယမုန့်တစ်ယောက် အဖက်မခံဘဲ ရှောင်တိမ်းသွားသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့သြတုန်လှုပ်သွားရ၏။ သူ မှတ်မိသလောက်ဆိုလျှင် သူမသည် ယခင်တုန်းက ထိုကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့် သူသည် အကြောင်းအရင်းအား မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ကျောက်ယမုန့်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောကြောင့် စိတ်ထဲ၌ ထင့်သွားပြီး မမေးတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ဘေးတွင်ရှိနေသော ခုန်းတောက်အား လှမ်းဆွဲကာ မိတ်ဆက်ပေးလိုက်၏။
” လူချောလေးများအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌကြီးအနေနဲ့ ဒီနေ့ အဖွဲ့ဝင်အသစ် တစ်ယောက်ကို ကြေညာပေးဖို့ ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ အဖွဲ့ဝင်အသစ် ခုန်းတောက်ကို ကြိုဆိုလိုက်ကြပါဦး ” ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ ပခုံးအား လက်ဖြင့်ပုတ်ကာ ပြုံး၍ ဆိုလိုက်၏။
ကျိုးရိဖန်းမှာ ခုန်းတောက်အကြောင်းကို သိထားပြီးသားဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှိခဲ့စဉ်တုန်းက သူ့အား ကယ်တင်ခဲ့သူမှာ ခုန်းတောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ခုန်းတောက်အား ပြုံးပြလိုက်၏။ ကျောက်ယမုန့်မှာလည်း ယခင်တုန်းကကဲ့သို့ပင် ဟန်အမူအရာ ကြော့မော့စွာဖြင့် ခုန်းတောက်အား ခေါင်းညိတ်ပြကာ ဂုဏ်ပြုလိုက်၏။
ခုန်းတောက်မှာမူ လူချောလေးများ အဖွဲ့စည်းသို့ ဝင်သင့် မဝင်သင့် စဉ်းစားမရဘဲ ဖြစ်နေရသည်။ သို့သော်လည်း သူသည် ထိုကမ်းလှမ်းချက်အား ငြင်းဆန်လိုက်ခြင်း မရှိပေ။ အမှန်တွင် သူသည် ဝမ်ပေါင်လဲ့နှင့် နှစ်ပေါင်းများစွာတွဲ၍ အလုပ်လုပ်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့အား အရာရာတိုင်း၌ အလျှော့ပေးထားပြီသား ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက်၏ကြားမှ ရန်ငြိုးများမှာလည်း ပြေပျောက်သွားခဲ့ပြီဖြစ်သည်။
သူတို့ လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စကားများပြောကာ ပြည်ထောင်စုပျိုးပင် အစီအစဉ်နှင့် ပတ်သက်၍ သိထားသမျှ အချက်အလက်အားလုံးကို ဝေမျှလိုက်ကြ၏။ ခဏအကြာတွင် ညအချိန်သို့ ရောက်လာသဖြင့် သူတို့အားလုံးမှာ ကျိုးရိဖန်း၏ အခန်းထဲတွင်နေ၍ တရားထိုင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာ တရားထိုင်နေစဉ်အတွင်း ကျောက်ယမုန့်၏ အပြုအမူများ ပြောင်းလဲသွားရသည့် အကြောင်းရင်းကို စဉ်းစားခန်း ဖွင့်မိနေ၏။ သူသည် ဖြစ်နိုင်ခြေအချို့ကို စဉ်းစားမိခဲ့ပါသော်လည်း အတိအကျ မသိနိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် သက်ပြင်းသာချလိုက်ပြီး ထိုအကြောင်းကို မေ့ထားလိုက်တော့သည်။
ထိုသို့ဖြင့် ထိုတစ်ညတာမှာ ပုံမှန်အတိုင်း ကုန်ဆုံးသွား၏။ ဒုတိယမြောက်နေ့၏ အရုဏ်တက်ချိန်သို့ ရောက်သောအခါ သွမ့်မုချွယ်၏ စကားသံကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားတွင် ပဲ့တင်ထပ်သွား၏။ ထိုအခါ သူတို့အားလုံးမှာလည်း နေအိမ်များထဲမှ အသီးသီး ထွက်လာကြပြီးနောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ ဘေးတွင် စုဝေးလိုက်ကြတော့သည်။
မရေမတွက်နိုင်လောက်အောင် များပြားသော ဝန်ထမ်းများအပြင် အလွန်အင်မတန်မှ အားကောင်းသည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားသော လူသုံးယောက်လည်း ရှိနေသေးသည်။ သူတို့၏ အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေကြပြီး သိသာထင်ရှားလွန်းနေ၏။
ထိုသုံးယောက်ထဲမှ နှစ်ယောက်မှာ ဝမ်ပေါင်လဲ့ သိထားပြီးသား လူများဖြစ်သည်။ သူတို့မှာ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်နှင့် မဟာထိပ်သီးအကြီးအကဲကြီး လီရှင်းဝမ်တို့ပင် ဖြစ်သည်။
တတိယမြောက် ပုဂ္ဂိုလ်ကြီးမှာမူ ရှေးခေတ် တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီမှ ရောက်ရှိလာခဲ့သော မော့ကောင်းကျိပင် ဖြစ်ပေသည်။
သူတို့သုံးယောက်၏ စုပေါင်းအငွေ့အသက်များမှာ အားကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်၌ အားကောင်းသော အမြုတေအဆင့် အငွေ့အသက်များ ရှိနေသေးသည်ကိုလည်း အာရုံခံမိလိုက်သည်။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်ပြီးနောက် မည်သည့် မတော်တဆဖြစ်ရပ်မှ မပေါ်ပေါက်လာနိုင်စေဖို့ရာ ပြည်ထောင်စုကြီးထဲမှ ထိပ်သီးအဆင့် ကျင့်ကြံသူများအား ဤနေရာ၌ စုဝေးခိုင်းထားသည့် ပုံပင်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူကမှ မိမိ၏ ပတ်ပတ်လည်ရှိ အခြားသူများကို အကဲခတ်နေရန် ဆန္ဒမရှိပေ။ ထို့ကြောင့် လူတိုင်းမှာ ထိုနေရာသို့ စရောက်လာသည့် အချိန်ကတည်းက နှုတ်ဆိတ်နေကြ၏။
” တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင် ကျောက်တိုင်ကြီးပေါ်ကို တက်ကြ ” ရှိသမျှလူအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြစဉ် သွမ့်မုချွယ်က စကားပြောလိုက်သဖြင့် သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံခဲ့သို့ အရပ်မျက်နှာအနှံ့သို့ ကျယ်လောင်စွာ ပျံ့နှံ့သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားကာ အရင်ဆုံး ပြေးထွက်သွားလိုက်ပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင် ကျောက်တိုင်ကြီးပေါ်၌ မတ်တပ်ရပ်လိုက်၏။
ထို့နောက် အခြား ပြည်ထောင်စုပျိုးပင်များမှာလည်း ရင်တထိတ်ထိတ်နှင့် ခုန်တက်လာကြ၏။ သူတို့အားလုံးမှာ ထိုကျောက်တိုက်ကြီးပေါ်သို့ ရောက်လာကြပြီးနောက် သူတို့၏ အပေါင်းအပါများကို ကြည့်ရှုခွင့် ရလိုက်ကြသည်။ သူတို့မှာ ပထမတစ်ခေါက် ဆုံတွေ့ခဲ့စဉ်ကတည်းက အပြန်အလှန် စကားများ ပြောဖူးခဲ့သည်ဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြပြီးသား ဖြစ်သည်။
သူတို့အားလုံး ကျောက်တိုင်ကြီးပေါ်၌ တည်တည်ငြိမ်ငြိမ် ဖြစ်သွားကြပြီးနောက် သွမ့်မုချွယ်မှာ အရောင်တောက်နေသော မျက်ဝန်းများဖြင့် သူတို့အားလုံးကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ ဩဇာညောင်းသော စကားသံကြီး ထပ်၍ ထွက်ပေါ်လာပြန်သည်။
” မင်းတို့တွေအကုန်လုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ သတင်းအချက်အလက်တွေကို သိထားကြပြီးသား ဖြစ်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ အဲ့တာမလို့ ငါ ထပ်ပြီးတော့ ပြောမနေတော့ဘူး။ အခု ပြည်ထောင်စုကြီးဘက်ကနေ ရှေးဟောင်းဓား လူမှုအဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ နားလည်ထားသမျှ အကြောင်းအရာတွေအားလုံးကို ငါ ပြောပြမယ်။ မင်းတို့ရဲ့ အသက်တမျှ အရေးကြီးတဲ့ အချက်အလက်တွေမလို့ သေချာနားထောင်ကြ ” သွမ့်မုချွယ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ၏ဘေးတွင်ရှိနေသော မော့ကောင်းကျိအား အရိုအသေပေးလိုက်၏။ ထိုအခါ မော့ကောင်းကျိမှာလည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သွမ့်မုချွယ်အား ထိုအချက်အလက်များကို ထုတ်ပြောခွင့် ပေးလိုက်သည်။
” ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်မှာ အပိုင်းသုံးပိုင်းရှိတယ်။ ပထမအပိုင်းက ဓားရိုးနားမှာရှိတဲ့ အပိုင်းပဲ။ ထိခိုက်ပျက်စီးမှုအများဆုံး အပိုင်းပေါ့။ နေအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ အကျိုးအပဲ့ အပိုင်းအစ အများစုက အဲဒီအပိုင်းကနေ လွင့်ထွက်လာခဲ့တာ ”
” ဒုတိယအပိုင်းက နေမင်းကြီးထဲကို ဖောက်ဝင်နေတဲ့ ဓားကိုယ်ထည်အပိုင်းပဲ။ အဲဒီအပိုင်းက အကြီဆုံးအပိုင်း ဖြစ်သလို နေမင်းကြီးရဲ့ အပူချိန်ကို အခံစားရဆုံးအပိုင်း ဖြစ်တာမလို့ အန္တရာယ်အများဆုံးပဲ ”
” တတိယအပိုင်းကတော့… ဓားရဲ့ ထိပ်ဖျားအပိုင်းပဲ ”
” ဓားရဲ့ထိပ်ဖျားက နေမင်းကြီးကို ကျော်ဖြတ်ခဲ့ရတာမလို့ သီးခြားခွဲထွက်နေတဲ့ပုံ ပေါက်နေပြီးတော့ အလွယ်တကူ သွားလို့မရနိုင်ဘူး။ ဓားရဲ့ကိုယ်ထည်ကြီးကလည်း နေမင်းကြီးထဲမှာ ရှိနေတာမလို့ အလွယ်တကူ သွားနိုင်မှာ မဟုတ်ဘူး။ အဲတာမလို့ မင်းတို့တွေ ဒီတစ်ခေါက်သွားရမယ့်အပိုင်းက ဓားရိုးနားက အပိုင်းပဲ ”
” အဲဒီအပိုင်းက တော်တော်လေးကို ထိခိုက်ပျက်စီးနေပေမဲ့ ရှေးဟောင်းဓားကြီးက အကျယ်ကြီးဖြစ်တဲ့အပြင် လူတွေ အခြေချနေထိုင်လို့ရတဲ့ နေရာတွေလည်း အများကြီးရှိတယ်။ ပြီးတော့ အဲဒီအပိုင်းက ဘေးအန္တရာယ်အကင်းဆုံး အပိုင်းပဲ “