အခန်း ( ၂၅၇ )

တုတုလေး

ပိုင်ရှောင်ချန်းက ရှောင်ချင်း၊ ရန်ဟုန်ဝူ၊ ကျန်းယွမ်ရှန်းတို့နှင့် တိုက်ခိုက်နေခဲ့စဥ် စုန့်ကျင်းဝမ်မှာ ပိုင်ရှောင်ချန်း၏အကူအညီဖြင့် ရှေးဟောင်းသွေးလမ်းဆီသို့ အခက်အခဲ အတားအဆီးမရှိ သွားနိုင်ခဲ့သည်။ သူမသည် ရွှယ်မေ့၏နောက်သို့လိုက်နေရင်း သူမ၏ကိုယ်ပိုင်အသက်သွေးများကိုသုံးကာ အရှိန်တင်လိုက်လေသည်။

ရွှယ်မေ့ကလည်း မျက်မှောင်ကြုတ်လိုက်ကာ အရှိန်တင်လိုက်လေသည်။ သို့သော် စုန့်ကျင်းဝမ်သည် သက်သွေးကို လောင်ကျွမ်းထားခြင်းကြောင့် ပို၍နီးကပ်လာလေသည်။ မကြာခင် သူမက တိုက်ခိုက်ဖို့ရန်အတွက် လုံလောက်စွာနီးကပ်လာပြီး သူတို့နှစ်ယောက်စလုံးစတင်၍ တိုက်ခိုက်ကြတော့သည်။

တိုက်ပွဲစတည်းက စုန့်ကျင်းဝမ်၏မျက်နှာမှာ ယခင်ကထက် ဖြူဖတ်ဖြူလျော်ဖြစ်လာသည်။ အံ့သြစရာကောင်းလောက်အောင် ရွှယ်မေ့၏ ဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွားရုံသာမက သူမ၏ကျင့်ကြံခြင်းအခြေခံမှာလည်း စုန့်ကျင်းဝမ်နှင့် တန်းတူနီးပါးတူညီနေလေသည်။ ပြင်းထန်သောတိုက်ပွဲကြောင့် မိန်းမပျိုနှစ်ဦးမှာ နှေးကွေးသွားကြပြီး မကြာမီသူတို့၏အနောက်မှ တဝုန်းဝုန်းမြည်သံများနှင့် ပေါက်ကွဲသံများကိုကြားလိုက်ရသည်။ စကားပြောသံများလည်းရှိနေသည်။ သို့သော် ပြင်းထန်သောမြည်းဟည်းသံများကြောင့် ထိုစကားသံများအား ရှင်းရှင်းလင်းလင်းမကြားရပေ။

စုန့်ကျင်းဝမ်၏မျက်နှာအမူအရာမှာ တစ်ချက်လက်သွားလေသည်။ သူမ၏သွေးသခင်ဟူသော ဂုဏ်ပုဒ်ကိုဂရုစိုက်သော်ငြား ညမုဆိုးအားစိတ်ပူနေမိသည်။ သူက ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့ကို တပြိုင်နက်တိုက်ခိုက်ခြင်းမှာ အလွန်အန္တရာယ်များလှနေသည်။

သူမကို သွေးသခင်ဖြစ်လာစေရန် သက်စွန့်ကြိုးပမ်းကူညီပေးနေသည်ဟူသောအချက်က သူမ၏နှလုံးသားထဲတွင် နာကျင်မှုများ ထိုးနှက်နေသည့်အလား ခံစားရစေသည်။ သူမ၏ စိတ်တွေ ရှုပ်ထွေးနေပြီး မှန်ကန်သည့်အရာများလုပ်နေ၊ မလုပ်နေဆိုသည်အား သေချာမသိတော့ပေ။ သို့သော်ထိုကိစ္စကို စဉ်းစားရန်အချိန်အနည်းငယ်သာရှိသည်။ ခါးသက်စွာ ရယ်မောလိုက်ကာ သူမက တတ်နိုင်သမျှ အစွမ်းကုန်သုံး၍ ရွှယ်မေ့အားတိုက်ခိုက်တော့သည်။

ရွှယ်မေ့က စကားအများကြီးမပြောပေ။ ထို့အပြင် သူမ၏မျက်လုံးများကိုကြည့်၍ သူမအလွန်စိုးရိမ်ကြောင့်ကြနေကြောင်းသိနိုင်လေသည်။ စုန့်ကျင်းဝမ်မှာ နက်နဲသိမ်မွေ့သောကျင့်ကြံခြင်းအခြေခံရှိသော်လည်း လျင်မြန်စွာပင် ဂရုပြုမိနိုင်ခြင်းမရှိပေ။ သူတို့ဆက်လက်တိုက်ခိုက်နေစဉ် သူတို့၏အနောက်ရှိအသံများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ တချိန်တည်းမှာပင် မိန်းမပျိုနှစ်ဦးလုံးမှာ ရှေးဟောင်းသွေးလမ်းကြောင်း၏အဆုံးသို့ တဖြည်းဖြည်းနီးကပ်လာကြသည်။

ယခုတွင် ပြင်းထန်သောသွေးရောင်အလင်းများထုတ်လွှတ်နေသည့် မုခ်ပေါက်တစ်ခုအား တွေ့မြင်နေရသည်။ ထိုတံခါးပေါက်၏အနောက်တွင်ရှိနေသော သွေးချီများမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်သည်အထိ အလွန်စွမ်းအားကြီးမားနေမည်မှာ ထင်ရှားသည်။

ထိုနေရာကား နှလုံးခန်းဖြစ်ပြီး သွေးသလင်းကျောက်၏တည်နေရာလည်းဖြစ်လေသည်။ ထိုအထဲသို့ပထမဆုံးဝင်သည့်မည်သူမဆို သွေးသလင်းကျောက်အားရယူနိုင်ပြီး အလယ်တောင်၏သွေးသခင်ဖြစ်လာရန် ပထမဆုံးသော အခွင့်အရေးကိုရနိုင်ပေမည်။

လမ်းကြောင်း၏အဆုံးကို မြင်ရလာသည့်အချိန် မိန်းမပျိုနှစ်ဦးမှာ အင်အားကြီးမားသောလူတစ်ယောက်က သူ့တွင်ရှိသမျှ အားအင်အကုန်ထုတ်သုံးကာ သူတို့ရှိရာဖက်သို့ ပစ်လွှတ်လိုက်သည့်အလား သူတို့၏အနောက်မှ တဝုန်းဝုန်းမြည်ဟည်းသံများကို ကြားလိုက်ရသည်။

ထိုလူမှာ မည်သူပင်ဖြစ်စေ သိသာနေသည်မှာ သူတို့ထံသို့ အသက်ရှုချိန်ငါးကြိမ်၊ ခြောက်ကြိမ်အတွင်းရောက်လာတော့ပေမည်။

ရွှယ်မေ့သည် ညမုဆိုးမှာ အခွင့်အရေးအများကြီးမရှိကြောင်းသိေသာ်လည်း လုံးဝကျိန်းသေ မျှော်လင့်၍မရပေ။ သူမနှင့်စုန့်ကျင်းဝမ်မှာ တစ်လျှောက်လုံးတိုက်ခိုက်ကာ မုခ်ပေါက်နှင့်နီးကပ်လာသည်နှင့်တပြိုင်နက် သူမက ရုတ်တရက်ပြုံးလိုက်သည်။

“စုန့်ကျင်းဝမ်..သွေးသခင်ဆိုတဲ့ရာထူးကို နင် မပိုင်ပါဘူး ”

မျက်နှာဖုံးကြောင့်သူမ၏အပြုံးကို မမြင်နိုင်သော်လည်း သူမ၏အသံထဲတွင် သူမ၏မာနထောင်လွှားမှုကို ကြားရနိုင်သည်။ ထိုစဥ် သူမက လက်ကိုဆန့်လိုက်သောအခါ သူမ၏လက်ကောက်ဝတ်ပေါ်တွင် ခရမ်းရောင် တြိဂံအမှတ်အသားကို တွေ့မြင်ရလေသည်။

ထိုအမှတ်အသားမှာ ထင်ရှားလာသည်နှင့်တပြိုင်နက် သူမ၏အရေပြားမှထွက်လာကာ စိန်ပွင့်သဏ္ဍာန် တံဆိပ်တော်သုံးခု အဖြစ်သို့ပြောင်းလဲသွားသည်။ ၎င်းတို့မှာ ပြင်းထန်သောဖိအားများ ထုတ်ဖော်လျက် စုန့်ကျင်းဝမ်ထံသို့ ချက်ချင်းပင် ပြေးဝင်သွားသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး စုန့်ကျင်းဝမ်မှာ တုန်ရီသွားလေသည်။ သူမ၏ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာြပီး သူမမှာလည်း မုခ်ပေါက်၏ အဝေးသို့လွင့်သွားသည်။ စိန်ပွင့်သဏ္ဍာန်တံဆိပ်တော်သုံးခုမှာ စုန့်ကျင်းဝမ်၏ဘေးပတ်လည်တွင် လှည့်ပတ်နေကာ အချုပ်အနှောင်စွမ်းအားများ ထုတ်ဖော်နေရာ စုန့်ကျင်းဝမ်မှာ မလှုပ်ရှားနိုင်အောင် ဖြစ်နေသည်။

တံဆိပ်တော်အမှတ်အသားများအားကြည့်ရင်း စုန့်ကျင်းဝမ်မှာ တုန်ရီနေလေသည်။ အသုံးပြုထားသော ပိတ်လှောင်နည်းလမ်းမှာ သဘောပေါက်နားလည်နိုင်စွမ်းမရှိလောက်သည့်နီးပါးဖြစ်နေသည်။ ထို့ကြောင့် စုန့်ကျင်းဝမ်မှာ ခေါင်းဆောင်ကြီးအတုမဲ့၏အကွက်ဖြစ်ကြောင်း မြန်မြန်ဆန်ဆန်ပင် ကောက်ချက်ချနိုင်သွားလေသည်။
” ရွှယ်မေ့…..တန်ဖိုးမရှိတဲ့မိန်းမပျက်…။ နင်က လိမ်ညာလှည့်ဖြားတတ်တာမဟုတ်ဘူး။ ခေါင်းဆောင်ကြီးအတုမဲ့ကလည်း စည်းမျဥ်းတွေကိုလျစ်လျူရှုပြီး နင့်ကို ဒီတံဆိပ်တော် ရတနာကိုပေးလိုက်တယ်ပေါ့။ တကယ်လို့နင် သွေးသခင်ဖြစ်လာရင်တောင် စုန့်မျိုးနွယ်စုက ဒီလိုတွေဖြစ်ခွင့်ပြုမှာမဟုတ်ဘူး ”

” အခုတော့ မိန်းမကောင်းလေး လုပ်လိုက်ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သွေးသခင်ဆိုတဲ့ဂုဏ်ပုဒ်ကို နင်မပိုင်တော့ဘူး ”
ရွှယ်မေ့က ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကာ သွေးတံခါးဆီသို့ ခြေချရန်ပြင်လိုက်လေသည်။

စုန့်ကျင်းဝမ်၏မျက်လုံးများတွင် ခါးသီးခြင်းနှင့်စိတ်ပျက်အားငယ်ခြင်းများကိုတွေ့မြင်ရနိုင်ပြီး ရွှယ်မေ့အပေါ်မုန်းတီးခြင်းမှာ အထွတ်အထိပ်သို့ရောက်သွားခဲ့သည်။ ရွှယ်မေ့ကတံခါးပေါက်ထဲသို့ ဝင်တော့မည့်အချိန်တွင် နားကွဲမတတ်မြည်ဟည်းသံကြီးမှာ ထိုနေရာတွင်ပြည့်နှက်သွားသည်။

ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်၏ဘေးဘက်တွင် ပေါ်လာလေသည်။ သူက ခရမ်းရောင်တံဆိပ်တော်အမှတ်အသားသုံးခုကို မြင်သောအခါ သူ၏မျက်နှာအရောင် တချက်လက်သွားပြီး ညာလက်သီးဖြင့်ထိုးလိုက်သည်။

ထိုလက်သီးချက်တွင် ကောင်းကင်နတ်ဆိုး အစွမ်းကို အသုံးပြုထားခဲ့သော်လည်း ခရမ်းရောင်စိန်ပွင့်သဏ္ဍာန်တံဆိပ်တော်သုံးခုအပေါ် ကျရောက်သောအခါ တံဆိပ်တော်အမှတ်အသားများမှာ လုံးဝထိခိုက်သွားခြင်းမရှိဘဲ သူ၏လက်သီးအားသို့ တန်ပြန်သက်ရောက်လာသည်ကို ခံစားမိလိုက်သောအခါ ပိုင်ရှောင်ချန်း အံ့အားသင့်သွားသည်။

“ဒါက ခေါင်းဆောင်အဆင့် တံဆိပ်တော်လား”

စုန့်ကျင်းဝမ်သည် ညမုဆိုးမှာ ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့အား မည်သို့မည်ပုံ အနိုင်ယူအောင်မြင်ကာကျော်ဖြတ်ခဲ့ကြောင်းကိုပင် စဥ်းစားရန်အချိန်မရှိခဲ့ပေ။ အသက်ပြင်းပြင်းရှူလိုက်ရင်း သူမ၏ မျက်လုံးများတွင်ပြတ်သားသည့်အရောင်များ တချက်လက်သွားပြီး မျက်လုံးများကိုမှိတ်ကာ ညာဘက်လက်အားမြှောက်လိုက်သည်။ သူမ၏လက်ဖဝါးထဲတွင်ရှိနေသည်မှာ သွေးရောင်အဆင်းရှိ အမိန့်ပေးတံဆိပ်ပြားတစ်ခုဖြစ်လေသည်။

ထိုတံဆိပ်ပြားနှင့် ပတ်သက်၍အလွန်ထူးဆန်းသောအရာရှိလေသည်။ ထိုတံဆိပ်ပြားပေါ်လာသည်နှင့်အမျှ သူမ၏ပတ်ပတ်လည်ရှိ တံဆိပ်တော်အမှတ်အသားများမှာ တွန့်ရှုံလာကာ ပုံပျက်သွားလေသည်။ ၎င်းတို့မှာ မကျိုးပဲ့သေးသော်လည်း အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန်အတွင်း ယိုယွင်းပျက်စီးသွားပေလိမ့်မည်။

ကံမကောင်းစွာပင် စုန့်ကျင်းဝမ်မှာ ထိုအရာကိုပြီးမြောက်အောင်လုပ်ရန် အချိန်အများကြီးရှိမနေပေ။

” ညမုဆိုးလေး… အစ်မရဲ့ သွေးသခင်အမိန့်ပေးတံဆိပ်ပြားကိုယူလိုက်..။ မင်းဘာလုပ်လုပ် အစ်မဂရုမစိုက်ဘူး။ သွေးသခင်ဖြစ်အောင်လုပ်ပေးပါ…။ ဟို အပျက်မကို အောင်မြင်ခွင့်ပေးလို့မဖြစ်ဘူး” စုန့်ကျင်းဝမ်မှာလေထဲမှတဆင့် ဂရုစိုက်ရန်သတိပေးလိုက်သည်။ ထပ်မံ၍ တုံ့ဆိုင်းမှုတစ်စုံတစ်ရာမရှိပဲ သူမ၏အမိန့်ပေးတံဆိပ်ပြားအား ပိုင်ရှောင်ချန်းဆီသို့ပစ်ပေးလိုက်သည်။ အမိန့်ပေးတံဆိပ်ပြား၏ ထူးခြားသောစွမ်းရည်ကြောင့် ၎င်းမှာ တံဆိပ်တော်ကိုဖြတ်၍ လေထဲသို့ပျံဝဲလာသောအခါ ပိုင်ရှောင်ချန်းက ဆတ်ခနဲဆွဲယူလိုက်သည်။ ချက်ချင်းနီးပါး ၎င်းမှာ ပျော်ရွှင်မှုသွားသကဲ့သို့တုန်ခါသွားပြီး ပိုင်ရှောင်ချန်းအားအပြည့်အဝထောက်ခံနေသကဲ့သို့ ပြသနေလေသည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားသော်လည်း ယခုအချိန်မှာ ထိုကိစ္စအားစဥ်းစားရန်အချိန်ကောင်းမဟုတ်ပေ။ အကယ်၍ ရွှယ်မေ့သာအောင်မြင်ခဲ့ပါလျှင် သူကသင်္ချိုင်းသို့ ခြေလှမ်းရတော့မည့်ကိန်းဆိုက်မည်ဖြစ်၍ ထိုသို့ဖြစ်ခွင့်မပေးနိုင်ပေ။ အံကိုကြိတ်လိုက်ကာ သူက သွေးရောင်အဆင်းရှိ မုခ်တံခါးဝဆီသို့ အံ့မခန်း အရှိန်အဟုန်ဖြင့် တဟုန်ထိုးပြေးသွားလိုက်တော့သည်။

စုန့်ကျင်းဝမ်မှာ ဖြစ်ပျက်သမျှကိုကြည့်နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အားနည်းနေပုံပေါ်သော်လည်း သူမ၏မျက်နှာတွင် အပြုံးတစ်ပွင့်ရှိနေလေသည်။

” ညမုဆိုးလေး…တကယ်လို့မင်းသာ သွေးသခင်ဖြစ်ဖို့အောင်မြင်ခဲ့မယ်ဆိုရင် ဒီအစ်မကမင်းရဲ့သွေးသခင်ရာထူး ခိုင်မြဲဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ပေးမယ် ”
ဤအချက်မှာ ကျိန်းသေမှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု သူမ ရုတ်တရက်ခံစားမိလိုက်သည်။ အကယ်၍ ညမုဆိုးသာ သွေးသခင်ဖြစ်လာလျှင် စုန့်မျိုးနွယ်စုမှာ လက်ခံနိုင်ဖို့ အလားအလာရှိသေးလေသည်။

ပိုင်ရှောင်ချန်းမှာ တံခါးပေါက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ သူမ၏စကားများမှာ သူ၏နားထဲတွင်ပဲ့တင်ထပ်နေဆဲ ဖြစ်လေသည်။

နှလုံးခန်းထဲရှိ ကမ္ဘာမှာ သွေးရောင်အလင်းများနှင့်ပြည့်နှက်နေသည်။ အလယ်တည့်တည့်တွင် ကြီးမားလှသောနှလုံးကြီးအား မြင်ရနိုင်သည်။ ၎င်းမှာ တိတ်ဆိတ်ငြိမ်သက်ကာ လှုပ်ရှားမှုမရှိတော့သော်လည်း ကောင်းကင်နှင့်မြေကြီးအားတုန်ခါစေနိုက်သည့် ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေလေသည်။

ဧရာမသွေးကြောများမှာ နေရာအနှံ့သို့ဆန့်တန်းနေကာ ထိုနေရာတစ်ခုလုံးမှာ ဝင်္ကပါတစ်ခုကဲ့သို့ဖြစ်နေလေသည်။

နှလုံး၏ထိပ်နေရာတွင် ရှိနေသည်မှာ တလက်လက်တောက်ပလျက် ပြင်းထန်သည့် ဖိအားများထုတ်လွှတ်နေသော သွေးသလင်းကျောက်ဖြစ်လေသည်။ ၎င်းကိုရယူလိုက်နိုင်သည့်မည်သူမဆိုအမွေအနှစ်၏ တစိတ်တပိုင်းအား ထိန်းချုပ်နိုင်လိမ့်မည်ဟု သူခံစားလိုက်ရလေသည်။ သွေးဘိုးဘေး၏လက်ချောင်းများထဲမှ တစ်ခုအား ထိန်းချုပ်နိုင်လိမ့်မည်။

အလယ်တောင်၏သွေးသခင်ဖြစ်လိုသူ မည်သူမဆို ထိုသွေးသလင်းကျောက်အားလိုအပ်လေသည်။

လက်ရှိအချိန်တွင် ရွှယ်မေ့မှာ သွေးသလင်းကျောက်ဆီသို့ အရှိန်တင်ကာသွားနေပြီး သူမ၏မျက်လုံးများမှာ ထူးဆန်းသော အရောင်များဖြင့်တောက်ပနေသည်။ ထူးဆန်းစွာပင် သူမ၏နံဘေးတွင် ဦးခေါင်းအရွယ် သလင်းကျောက်လေးမှာ လွင့်မျောနေကာ ထိုအထဲတွင် အသံကုန်အော်ဟစ်နေသည့်မှုန်ဝါးဝါး သဏ္ဍာန်တစ်ခုရှိနေလေသည်။

” အဲဒီမှာပဲ။ ဟုတ်တယ် အဲဒါပဲ…”

“ပါးစပ်ပိတ်ထား…”
ရွှယ်မေ့က မာန်မဲလိုက်ကာ အရှိန်တင်၍ ရှေ့ဆက်လိုက်သည်။ ထိုစဥ် သူမ၏မျက်လုံးများမှာ ကျဥ်းမြောင်းသွားပြီး မုခ်ပေါက်အတွင်းသို့ ညမုဆိုး ဝင်လာသည်ကို လှည့်ကြည့်လိုက်မိသည်။

ရွှယ်မေ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကာ သူမ၏သတ်ဖြတ်လိုစိတ်မှာလည်း ချက်ချင်း ကြီးမားလာသည်။ သို့သော် သူမလုပ်လိုက်သည်မှာ နှလုံးသားအား ပြန်လည်ကြည့်ရှုကာ ယခင်ကထက်မြန်သော အမြန်နှုန်းဖြင့်အရှိန်တင်၍ ရှေ့သို့ဆက်သွားခြင်းဖြစ်လေသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ကာ ဘေးပတ်လည်အား ကြည့်ရှုလိုက်လေသည်။ သူက ရွှယ်မေ့အားမြင်လျှင် သူ၏အတောင်ပံများမှာ တဖျတ်ဖျတ်ခပ်သွားကာ သူမသွားရာလမ်းကြောင်းတလျှောက် တဟုန်ထိုးလိုက်လေတော့သည်။ သံလိုက်စွမ်းအင်၏ ဆွဲငင်အားနှင့်တွန်းကန်အား ကိုအသုံးချ၍ သူကရွှယ်မေ့ထက် သာလွန်သောအမြန်နှုန်းကို လုပ်ဆောင်နိုင်စွမ်းရှိလေသည်။ သူမကနှလုံးဆီသို့ ရောက်သွားသောအချိန်တွင် သူကသူမအားအမှီလိုက်နိုင်ခဲ့သည်။

ပိုင်ရှောင်ချန်းမှာ တကယ်တမ်းတွင် အနည်းငယ်စိတ်ဓာတ်ကျလျက်ရှိသည်။ သူ၏ရည်မှန်းချက်မှာ မဟာအကြီးအကဲတစ်ယောက်ဖြစ်ရန်ဖြစ်သော်လည်း ကြံကြံဖန်ဖန်ဖြစ်ရပ်များကြောင့် သွေးသခင်နေရာအတွက် တိုက်ခိုက်လာရသည်။ သူကအခြေအနေများကို ပြန်လည်စဉ်းစားရန်အချိန်မရှိပေ။ သူလုံးဝ ရွှယ်မေ့အား အောင်မြင်ဖို့ရန်ခွင့်ပြု၍မရပါချေ။ ထို့ကြောင့်သူက ရွေးချယ်စရာအနည်းငယ်နှင့်အတူ ကျန်ရစ်နေခြင်းဖြစ်လေသည်။

” ငါတော့ စုန့်ကျင်းဝမ်ရဲ့ အရှက်မရှိမှုကို လျော့တွက်မိတာပဲ ” ရွှယ်မေ့က ညာဘက်လက်ဖြင့် မန္တန်လက်ကွက်ဖော်ရင်း တခစ်ခစ်ရယ်မောလိုက်ကာ ပြောလိုက်သည်။ ချက်ချင်းပင် သူမ၏လက်ချောင်းဆီမှ ရွှေရောင်လျှပ်စီးတချို့ စီးထွက်လာကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်လာသည်။

ပိုင်ရှောင်ချန်းက ပြန်လည်တိုက်ခိုက်အံ့ဆဲဆဲဖြစ်သွားသော်လည်း သူ၏မျက်နှာမှာ တချက်လက်သွားလေသည်။ ရွှေရောင်လျှပ်စီးကြောင်းမှာ ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့ ထုတ်လွှတ်ခဲ့သော လျှပ်စီးများထက်ပင်ပို၍ ကြောက်မက်ဖွယ်ကောင်းနေလေသည်။ အနည်းငယ်မျှတုံ့ဆိုင်းမနေပဲ ပိုင်ရှောင်ချန်းက လျှပ်စီးကြောင်းအားရှောင်ရှားကာ ရွှယ်မေ့ဆီသို့တိုက်ရိုက်တဟုန်ထိုးတိုက်ခိုက်ရန် တောင်ဖြိုသိုင်း ကိုအသုံးပြုလိုက်သည်။

သူက သူမ၏ရှေ့တွင်ပေါ်လာသည်နှင့်တပြိုင်နက် လက်သီးဖြင့်ထိုးလိုက်ရာ သူမ၏မျက်လုံးအိမ် ကျဥ်းမြောင်းသွားလေသည်။ သူမ၏ချစ်စရာကောင်းလှသော ဘယ်ဘက်လက်လေးမှာ မန္တန်လက်ကွက်တစ်ခုလက်သွားပြီး သူ၏လက်သီးကိုရိုက်ချလိုက်လေသည်။ သူတို့၏လက်များထိတွေ့မိလိုက်သည်နှင့်တပြိုင်နက် သူမ၏လက်မှာရွှေရောင်ပြောင်းသွားလေသည်။ ပိုင်ရှောင်ချန်းမှာ သူ၏အပြင်အားထက် ပို၍အားမပျော့သော ပြင်းထန်လွန်းလှသည့်စွမ်းအားကို အာရုံခံမိလိုက်သည့်အတွက် ပင့်သက်ရှိုက်မိသွားလေသည်။ သူကနောက်ပြန်ဆုတ်လိုက်ပြီးသူမအားကြည့်လိုက်ရာ သူမ၏မျက်လုံးထဲရှိထိတ်လန့်အံ့သြမှုများကို မြင်တွေ့လိုက်ရပြီး သူမသည်လည်းနောက်ပြန်ဆုတ်သွားလေသည်။

သူမက နောက်ထပ်တိုက်ခိုက်မှုပြုအံ့ဆဲဆဲတွင် သွေးသလင်းကျောက်မှာ ပိုင်ရှောင်ချန်း၏တည်ရှိမှုကို အာရုံခံမိသည့်အလား တုံ့ပြန်လာလေသည်။ တုန်ခါနေလျက် ၎င်းမှာ လေထဲသို့ရုတ်တရက်ပျံတက်လာကာ သူထံသို့ဦးတည်၍လာနေသည်။

ထိုကဲ့သို့ ထိတ်လန့်အံ့အားသင့်ဖွယ်မြင်ကွင်းမှာ ရွှယ်မေ့၏မျက်လုံးများအား အလွန်အံ့အားသင့်မှုများဖြင့်ပြည့်နှက်သွားစေသည်။ တချိန်တည်းမှာပင် သူမ၏ဘေးတွင်ရစ်ဝဲနေသော သလင်းကျောက်အတွင်းမှ မှုန်ဝါးဝါးသဏ္ဍာန်မှာ အော်လိုက်လေသည်။
“သူ့ကိုတားလိုက်…။ အဲဒီကျောက်ကို သူ မရစေနဲ့”

” ပါးစပ်ပိတ်ထား…”
ရွှယ်မေ့က အံကိုကြိတ်၍ပြောလိုက်လေသည်။ ရုတ်တရက် သူမ၏မျက်လုံးများမှာ တောက်ပစူးရှသောရွှေရောင်သို့ပြောင်းလဲသွားပြီး သူမကိုဝိုင်းရံထားသည့် သွေးရောင်အလင်းများမှာ ပျောက်ကွယ်သွားလေသည်။ သူမ၏ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူမအားကြီးမားသော အားအင်များပေးလာသည်။ သူမ၏သက်စောင့်အားများစွာ သုံးရသော နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ရခြင်းကြောင့် သူမမှာသိသိသာသာတုန်ယင်လာခဲ့သည်။ ထို့နောက် သူမက ညာဘက်လက်ကိုဆန့်တန်းလိုက်ကာ ပိုင်ရှောင်ချန်းအားညွှန်ပြလိုက်သည်။

ထိုသိုင်းသည်ကား သူမ၏အင်အားအကြီးမားဆုံးသော ဝှက်ဖဲတစ်ခုဖြစ်လေသည်။

သူမ၏အနောက်ဘက်တွင် သူမ၏ကိုယ်ပိုင်ညာဘက်လက်နှင့် ဆင်တူသော ပြန့်ကားနေသည့် လက်ချောင်းများနှင့် လက်တစ်ဖက် ပေါ်ထွက်လာသည်။ ၎င်းမှာကြီးမားလှပြီး အလွန်ပြင်းထန်သောစွမ်းအားများကို ထုတ်လွှတ်နေရာ ပိုင်ရှောင်ချန်းမှာ ပြင်းထန်သောဖိအားများကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်၏အခြေခံဖွဲ့စည်းပုံကို ပြောင်းလဲပစ်လိုက်သည့်အလား နာကျင်မှုဝေဒနာများဖြင့် ပြည့်လာသည်။ ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့အား တိုက်ခိုက်ရာတွင်သူခံစားခဲ့ရသောအရာအားလုံးထက်ပင် ပိုသောအန္တရာယ်အငွေ့အသက်များ သူရရှိလိုက်သည်။ ထိုခံစားချက်မှာ လော့ချိန်မျိုးနွယ်စု၏ လိုက်လံဖမ်းဆီးမှုကိုခံရစဥ် သူခံစားခဲ့ရသော ခံစားချက်ထက်သာလွန်လေသည်။ ၎င်းနှင့်နှိုင်းယှဉ်နိုင်သည့်တစ်ခုတည်းသောအရာမှာ မြေခဓားကမ္ဘာတွင်ရှိသော အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးကြောင့် သူခံစားခဲ့ရသောခံစားချက်သာဖြစ်လေသည်။

သူ၏စိတ်ထဲတွင် တဂျုန်းဂျုန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး ဤအသက်ဘေးအန္တရာယ်ကို ကျော်လွှားရန် ထိုင်စောင့်နေ၍မရကြောင်း သူသိလေသည်။ သို့သော် သူကထွက်ပြေးလွတ်မြောက်ရန် မလုပ်နိုင်ပေ။ အကယ်၍ ထွက်ပြေးခဲ့သော် သူကသေဆုံးသွားပေလိမ့်မည်။ သူ၏ပင်ကိုယ်အသိစိတ်အရ ထိုနတ်ဘုရားစွမ်းရည်ကို ကိုင်တွယ်ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းကိုတိုက်ခိုက်ခြင်းဖြစ်လေသည်။

ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားများဖြင့်ပေါက်ကွဲထွက်လာကာ သူ၏အတောင်ပံများမှာလည်း ဆွဲငင်အားနှင့်တွန်းကန်အားများပေါက်ကွဲထွက်လာမှုကြောင့် တဖျတ်ဖျတ်လှုပ်ရှားသွားလေသည်။ တောင်ဖြိုသိုင်း မှာလည်း ယခင်ကထက် စွမ်းအားများပြည့်ဝလာကာ ရွှယ်မေ့ထံသို့ဦးတည်၍ အမြန်ဆုံးနှုန်းဖြင့် တဟုန်ထိုးသွားလိုက်လေသည်။

” ရွှေရောင်အထိအတွေ့”
ရွှယ်မေ့၏နှုတ်ဖျားမှ မိုးခြိမ်းသံများအလား မြည်ဟည်းကာ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် သူမ၏လက်ချောင်းများကို အောက်သို့ ဝှေ့ယမ်းလိုက်လေရာ သူမ၏အနောက်ဘက်ရှိကြီးမားသောလက်ကြီးမှာ ကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်အလား ပြင်းထန်သောဖိအားများ ထုတ်လွှတ်လျက် အရှေ့သို့ ရွေ့လျားလာသည်။

တစ်ဦးနှင့်တစ်ဦးနီးကပ်လာသောအခါ ရွှယ်မေ့၏လက်ချောင်းက ပိုင်ရှောင်ချန်း၏ နဖူးဆီသို့ တိုးဝင်သွားသည်။ တချိန်တည်းမှာပင် သူက လက်မနှင့်လက်ညှိုးကို ရုတ်တရက် ဖိလိုက်ကာ လည်မျိုဖမ်းဆုပ်သိုင်းကွက်ကို ထုတ်ဖော်လိုက်လေသည်။

ဤအခိုက်အတန့်တွင် သူက ဘာမျှတွန့်ဆုတ်မနေဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ ရွှယ်မေ့၏လည်ပင်းဆီသို့ရောက်ခါနီးတွင် လိပ်ဒယ်အိုးလေးပေါ်လာကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

သူတို့ထိကပ်သွားအံ့ဆဲဆဲတွင် ရွှယ်မေ့၏ကိုယ်မှာ ရုတ်တရက် မှုန်ဝါးသွားကာ ဘေးဘက်သို့ရှောင်ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုဖြစ်နိုင်ချေအားပြင်ဆင်ထားပြီးဖြစ်လေရာ ဆွဲငင်အားမှာသူ၏လက်ဖဝါးတွင် မကြုံစဖူးသောစွမ်းအားများဖြင့် ထွက်ပေါ်လာခဲ့သည်။ သူက ရွှယ်မေ့အားသူမ၏လမ်းကြောင်းအတွင်းမှ ရွေ့ရန်မဖြစ်နိုင်တော့သည်အထိ ပိတ်ထားလိုက်လေသည်။ သူမ၏မျက်လုံးများတွင်ထိတ်လန့်ချောက်ချားမှုများဖြစ်တည်လာပြီး ထိုအခိုက်တွင် သူမ၏မျက်နှာဖုံးမှာ ပြုတ်ကျသွားလေသည်။

ယခုအခါ အပြစ်အနာအစာကင်းပြီး နှင်းပွင့်ပမာ ဆွတ်ဆွတ် ဖြူဖွေးကာ လက်ဖျားခါလောက်အောင် လှပသော မျက်နှာလေး ထွက်ပေါ်လာသည်။

ပိုင်ရှောင်ချန်းသည် သူမ၏မျက်နှာလေးအား မြင်တွေ့လိုက်ရသောအခါ သူ၏ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား သူ၏စိတ်ထဲတွင် မိုးကြိုး တစ်သိန်းနီးပါး ပစ်ခတ်နေသည့်ပမာ ခံစားလိုက်ရသည်။ သူမြင်နေရသည့်အပေါ် မယုံကြည်နိုင်အောင် ဖြစ်နေပြီး သူ့ပါးစပ်မှ စကားလုံးတချို့ လွှတ်ခနဲ ထွက်ကျလာလေသည်။
” တုတုလေးလား…..”


Comment

Leave a Reply

Options

not work with dark mode
Reset