အပိုင်း(၇၇)-ရွှေမြွေအသီး

ထိုအချိန်တွင် ရှီမာယူယူ၏ တဲတွင်၊ သူမသည် ပုံစံအသစ်ဖြင့်ပေါ်လာသော မိုရှားအား အံ့အားသင့်စွာစိုက်ကြည့်နေသည်။

“ငါမခေါ်ပဲ ဘယ်လိုလုပ်ထွက်လာတာလဲ”

“ငါက ဒီဝိညာဉ်ပုလဲ ကိုလွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရတယ်၊ မင်းရဲ့အားက ငါ့အားထက်ကောင်းနေတဲ့အချိန်ကလွဲလို့်လေ”

“အဲဒါဆိုလည်းပြီးတာပဲ” ရှီမာယူယူပခုံးတွန့်ကာ ပြောလိုက်သည် “ဒီတစ်ခါတော့ ဘာလို့ထွက်လာတာလဲ”

မိုရှားသည် အတွင်းပိုင်းဒေသအား ကြည့်ပြီးပြောလိုက်သည် “ငါအနံ့ရလို့်”

“အနံ့ဟုတ်လား၊ ဘယ်လိုအနံ့လဲ၊ ငါကကျဘာအနံ့မှ မရပါဘူး” ရှီမာယူယူ အနံ့ခံရန်အားထုတ်လိုက်သော်လည်း ထူးခြားသောအနံ့ကိုမရပေ။

“အဲဒါက ဒီနဲ့ဝေးသေးတယ် မင်းဘယ်လိုလုပ်အနံ့ရမှာလဲ” မိုရှားအထင်သေးသည် ပုံစံဖြင့်ပြောလိုက်သည်။

“အဲဒါဘာဖြစ်နိုင်လဲ အဲဒါက တကယ်မင်းကိုခေါ်လိုက်တာပေါ့” ရှီမာယူယူ သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ရွှေမြွေအသီး”

ဟမ်..

ရွှေမြွေအသီးဟုကြားလိုက်သည်နှင့် ရှီမာယူယူခေါင်းထဲတွင် သူမအရင်ဘဝက အနီရောင်ပန်းသီးနှင့်တူသော အသီးကိုသတိရလိုက်သည်။ သို့သော် သာမာန်အသီးမျိုးမဟုတ်သည်ကိုတော့ သူမသိသည်။

ဝိညာဉ်ပုလဲအတွင်းတွင် ပြီးခဲ့သည့်တစ်ခေါက်က ဆေးစာအုပ်တွင်တွေ့ခဲ့သည်၊ ရွှေမြွေအသီးသည် ရွှေရောင်ရှိသော အသီးဖြစ်သည်။ ထိုအပင်သည် အပွင့်ပွင့်ရန် အနှစ်ခုနစ်ရာကြာသည်၊ အသီးသီးရန် အနှစ် ခုနှစ်ရာ၊ ရင့်မှည့်ရန် နောက်ထပ် အနှစ်ခုနစ်ရာကြာသည်။ တစ်ကြိမ်တွင် အသီးခုနှစ်လုံးသီးသည်။

ထိုအသီးစားလျှင် ကျင့်ကြံခြင်းတွင် အဆင့်တစ်ဆင့်တက်စေသည်၊ သို့သော် တစ်ကြိမ်စားလျှင် လက်သည်းခွံ အရွယ်အစားမျှသာ စားရသည်။ ထိုသို့မဟုတ်လျှင် ခန္ဓာကိုယ်အနောက်တွင် စွမ်းအင်များစုမိကာ သွေးကြောများ ပေါက်ထွက်ခြင်းကိုဖြစ်စေသည်။

ဆေးဖော်စပ်လျှင် ထိုကဲ့သို့ဆိုးကျိုးဖြစ်မည်မဟုတ်ပေ၊ သို့သော် ထိုဆေးအမျိုးအစားသည် ဆေးတစ်လုံးလျှင် ရွှေဒင်္ဂါးပေါင်း ဆယ်သိန်းတန်ကြေးရှိသည်။ ဆေးလုံး၏တန်ကြေးသည် ရွှေစထက် အဆပေါင်းများစွာ ပေးရသော်လည်း ထိုရွှေထက် အဆတစ်ရာလောက်ပို တန်ဖိုးရှိသည်။

ထိုအသီးသည် ကျင့်ကြံခြင်းအဆင့်တက်စေရုံသာမက ထိုအပင်၏ အကိုင်း၊ အရွက်နှင့် အမြစ်တို့သည်လည်း တန်ဖိုးရှိသည်။ ထိုရွှေမြွေအသီးပေါ်လာလျှင် လူတိုင်းသည် ထိုအသီးရရန်သာ ကြိုးစားကြလေသည်။

သို့သော် ရွှေမြွေအသီးသည် ရယူရန်မလွယ်ကူပေ။ ထိုအပင်နားတွင် ဝိညာဉ်သားရဲများစောင့်ရှောက်နေသည်ကိုတော့ ပြောရန်ပင်မလိုပေ။ အသီးရင့်မှည့်သည်နှင့် ထိုအမွှေးရနံ့သည် မိုင်ပေါင်းထောင်ချီအတွင်းပျံ့နှံ့သွားပြီး အနီးတွင်ရှိသော ဝိညာဉ်သားရဲများကို ဆွဲဆောင်လေသည်။ အကြောင်းမှာ ထိုအသီးသည် လူတွေအတွက်တင်သာ အသုံးဝင်ရုံမကပဲ ဝိညာဉ်သားရဲများတွင်လည်း အဆင့်တက်စေနိုင်သည်။

“ဒီရွှေမြွေအသီးက မင်းကိုချက်ချင်းလှုပ်ရှားနိုင်အောင်ထိဆွဲဆောင်မှုရှိလိမ့်မယ်လို့ ငါထင်တောင်မထားဘူး” ရှီမာယူယူ စ,လိုက်သည်။

“ကောင်းကင်နဲ့မြေကြီးရဲ့ အဖိုးတန်တဲ့အရာက တွေ့ဖို့မလွယ်ဘူး” မိုရှားမငြင်းပေ “ပြီးတော့ အဲပစ္စည်းက မင်းအတွက်လည်းအကျိုးရှိတယ်”

“ဘာအကျိုးတွေဖြစ်စေတာလဲ၊ ငါရဲ့ ကျင့်ကြံမှုစွမ်းအားကို မြင့်စေတာလား” သူမအတွက် အကျိုးရှိစေသည်ကို ကြားသည်နှင့် ရှီမာယူယူတက်ကြွလာသည်။

မိုရှားခေါင်းရမ်းလိုက်သည် “တချို့သူတွေက ကျင့်ကြံမှုကိုအဆင့်တက်စေတယ်လောက်ပဲသိတာ ဒါပေမယ့် အနည်းစုကတော့ အဲဒါက အားဖြစ်စေပြီး၊ ဝိညာဉ်ကို ကုသပေးတယ်ဆိုတာသိတယ်၊ မင်းရဲ့ လိပ်ပြာက ပျက်ဆီးတာတွေကို ရင်ဆိုင်နေရတယ်၊ အဲဒါက မင်းရဲ့ရှေ့လျောက်ဖြစ်လာမယ့် ကျင့်ကြံတဲ့နေရာနဲ့ ဆေးဖော်စပ်ခြင်းတွေမှာ ကြီးမားတဲ့သက်ရောက်မှုရှိနိုင်တယ်၊ ရွှေမြွေအသီးကို မင်းရမယ်ဆိုရင် မင်းကိုအားဖြစ်စေမယ်၊ မင်းရဲ့လိပ်ပြာကို ပြန်ကောင်းလာဖို့မှာ အရမ်းအကျိုးရှိမယ်”

“အမ်၊ အဲဒါက ဝိညာဉ်ကို ကုသရာမှလည်းကောင်းတာပဲလား” ရှီမာယူယူအံ့သြစွာ မိုရှားအားကြည့်လိုက်သည်။

“ဟုတ်တယ်၊ အဲဒီရွှေမြွေအသီးက လရောင်ကို စုပ်ယူပြီးတော့ အဲဒါက မင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ ပြောင်းသွားပြီး၊ နို့နှစ်ရောင်အငွေ့ကို ထုတ်လွှတ်လိမ့်မယ်၊ အဲအငွေ့က လူတစ်ယောက်ရဲ့ ဝိညာဉ်အတွက် အရမ်းအကျိုးရှိတယ်” မိုရှားရှင်းပြသည်။ “မင်းရဲ့ ဝိညာဉ်က ဘာထိခိုက်ဒဏ်ရာမှမရှိဘူးဆိုရင် အချိန်အကြာကြီးအားဖြစ်နေလိမ့်မယ်၊ ပြီးတော့ အားပိုသန်လာမယ်”

“ကောင်းလိုက်တာ၊ အဲဒါတကယ့်ကို အဖိုးတန်ပစ္စည်းပဲ၊ ဟီးဟီး ငါသေချာပေါက်အဲပစ္စည်းကို ရအောင်ယူရမယ်” ရှီမာယူယူချက်ချင်းပင် ထရပ်လိုက်ပြီး မိုရှားက သူမအားလှည့်ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။ သူမပြုံးကာပြောလိုက်သည် “မင်းရဲ့ ဝိညာဉ်ကိုပြန်ကောင်းဖို့ အဲပစ္စည်းကိုသုံးချင်နေမယ်ဆိုတာ ငါသိတယ်၊ အဲလိုမှမဟုတ်ရင် မင်းလိုလူမျိုးအတွက် မနက်စောစောမှာထပြီး ဒီလိုမျိုးတွေပြောနေမှာမဟုတ်ဘူး”

“အဲရွှေမြွေအသီးဝန်းကျင်မှာ အနည်းဆုံးတော့ သူတော်စင်အဆင့် ဝိညာဉ်သားရဲတစ်ကောင်တော့ ရှိမယ်လို့လည်း ငါအာရုံရနေတယ်” မိုရှားပြောလိုက်သည် “ပြီးတော့ ရွှေမြွေအသီးမှည့်လာတာနဲ့ ဝိညာဉ်သားရဲတွေအများကြီးကို ရောက်လာစေမှာပဲ၊ ပြီးတော့ ရောက်လာမယ့်လူတွေကိုပါထည့်တွက်လိုက်ရင် ရဖို့တကယ်မလွယ်ဘူး”

“မင်းငါ့ကို ကူညီရမယ်” ရှီမာယူယူ ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။

“အိုး… မင်းယုံကြည်ချက်အပြည့်နဲ့ပါလား” မိုရှား မေးခွန်းသဘောဖြင့် မျက်ခုံးအားပင့်လိုက်သည်။

“ဒါပေါ့” ရှီမာယူယူ အာမခံသည့်သဘောဖြင့်ပြောလိုက်သည် “အဲပစ္စည်းကို မင်းအတွက် အသုံးမဝင်ဘူးထင်ရင် မကူညီလည်းရတယ်၊ ဒါပေမယ့် မင်းရဲ့ ဝိညာဉ်က ခန္ဓာကိုယ်အပြင်ဘက်မှာတဝဲလည်လည်ဖြစ်နေတာ နှစ်ပေါင်းမနည်းကြာနေပြီဆိုတော့ မင်းရတဲ့ဒဏ်ရာက ငါ့ထက်တော့နည်းမှာမဟုတ်ဘူး၊ ဝိညာဉ်ပုလဲက မင်းကိုအားဖြစ်စေတယ်ဆိုရင်တောင် မမြန်နိုင်ဘူး၊ ရွှေမြွေအသီးကိုသာရကြည့် မင်းကိုသေချာပေါက် မြန်မြန်ပြန်ကောင်းလာစေမှာပဲ၊ ဆိုတော့ မင်းအဲဒီရွှေမြွေအသီးကို သေချာပေါက်ရဖို့လိုမှာပဲ”

“ငါမဆင်မခြင်ဝင်မပါနိုင်ဘူး” မိုရှားပြောလိုက်သည်။

“ငါသိတယ်၊ အချိန်ကျလောက်ပြီထင်မှ မင်းလှုပ်ရှားတတ်တာကို” ရှီမာယူယူ လက်ကိုဝှေ့ကာ ပြန်ဖြေလိုက်သည်။

“အဲဒီရွှေမြွေအသီးက ပတ်ဝန်းကျင်မှာ ရှင်သန်ဖို့ကို ဇီဇာကြောင်တယ်၊ အဲဒါက ဘာလို့ ဒီနိမ့်ကျတဲ့ ယိလင်းပြည်မှာ အချိန်အကြာကြီးနေမှ ပေါက်တာလဲဆိုတာ ဘယ်သူမှမသိဘူး” မိုရှားအဖြေရှာနေသည်။

“ငါနဲ့မင်းနဲ့လိုအပ်တယ်ဆိုတာသိလို့ ဒီနေရာမှပေါက်ဖို့ဆုံးဖြတ်လိုက်တာနေမှာပေါ့” ရှီမာယူယူ စနောက်လိုက်သည်။

သူမပြောသည့်စကားများကို ကြားသည်နှင့် မိုရှား၏ နှုတ်ခမ်းများသည် လှောင်ပြုံးပြုံးသကဲ့သို့ တွန့်သွားပြီး သူမအား ပြန်ဖြေရမည်ကိုပင် ပျင်းသွားသည်။ တစ်ခုခုကို ခံစားမိရန်သူ့မျက်လုံးများ တစ်ခဏတာမျှပိတ်လိုက်သည် ပြီးမှ ဖွင့်ကာပြောလိုက်သည် “ရွှေမြွေအသီးက မှည့်ဖို့ ရက်နှစ်ဆယ်လိုသေးတယ်၊ အဲမတိုင်ခင်နှစ်ရက်အလိုမှာ အခြေအနေကို သွားကြည့်သင့်တယ်”

“ငါသိပြီ” ရှီမာယူယူ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ထိုအပြုအမူအားမြင်ပြီးသည်နှင့် အနက်ရောင်မီးခိုးများအဖြစ်ပြန်ပြောင်းသွားကာ ဝိညာဉ်ပုလဲအတွင်းသို့ ပြန်သွားလေသည်။

ရှီမာယူယူ အိပ်ရာပေါ်သို့ လဲလျောင်းကာ သူမကိုယ်သူမ စကားပြောနေသည်။ “ရက်နှစ်ဆယ်…. ငါတို့မှာက ဝိညာဉ်သားရဲအသေကောင်တွေ လုံလုံလောက်လောက်ရှိနေပြီဆိုတော့ ဆေးဖက်ဝင်အပင်တွေ ရှာပြီးတာနဲ့ ထွက်သွားတော့မှာ၊ လတစ်ဝက်လောက်ဆို အပြီးသတ်ပြီးလောက်ပြီ၊ ဒါပေမယ့် အတွင်းပိုင်းဒေသက အရမ်းအန္တရာယ်များလွန်းတယ်၊ အဲအချိန်ကျရင် တခြားသူတွေဒုက္ခမရောက်အောင် ငါ့ဘာသာငါပဲ သွားတာကောင်းမယ်၊ ဒါပေမယ့် သူတို့က ငါ့ကိုလွှတ်ပါ့မလား၊ မေ့လိုက်တော့ အဲအကြောင်းမစဉ်းစားတော့ဘူး၊ အချိန်ကျရင် ဖြေရှင်းပြီးသားဖြစ်မှာပဲ”

ထိုသို့စဉ်းစားပြီးနောက် ရှီမာယူယူ မျက်စိမှိတ်ကာ စိတ်ထဲတွင် ဝိညာဉ်မွမ်းမံခြင်းလျှို့ဝှက်ချက်များကို ရေရွတ်ကာ စတင်ကျင့်ကြံနေတော့သည်။

တစ်ရက်နှင့် တစ်ည အားဖြည့်ပြီးသည့်နောက်တွင် ဆေးများ၏ အကူအညီဖြင့် ဖက်တီးကျူနှင့် ကျန်သူများသည် ဒဏ်ရာများပြန်ကောင်းလာပြီဖြစ်သည်။ အနည်းဆုံးတော့ သူတို့မစ်ရှင်ကို အလောတကြီးလုပ်ဆောင်လျှင်လည်း ပြဿနာမရှိပေ။ သူတို့တွင် ရှာရန်ဆေးဖက်ဝင်အပင်အမျိုးအစား အနည်းငယ်ကျန်နေသည်ကို စဉ်းစားကာ သူတို့ပစ္စည်းများကို ထုတ်ပိုးပြီး ဒုတိယမြောက်မနက်ခင်းတွင် ထွက်လာခဲ့ကြတော့သည်။

အချိန်ချွေတာရန် စကားပြောနိုင်သော ဝိညာဉ်သားရဲအားရှာရန်နှင့်ဆေးဖက်ဝင်အပင်များ ပေါက်ရောက်သည့်နေရာအားမေးရန် ရှီမာယူယူ ဟိန်းသံလေးအား စေလွှတ်ထားသည်။  သူပြောပြပြီးသည်နှင့် ကျန်သူများအားခေါ်ကာ ခူးကြလေသည်။

သူတို့လိုအပ်သော ဆေးဖက်ဝင်အပင်များအကုန်ခူးရန် ရက်ပေါင်းနှစ်ဆယ်ကြာခဲ့သည်။

အပြင်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသနယ်နိမိတ်တစ်လျှောက်တွင် ရှီမာယူယူနှင့်ကျန်သူများသည် မီးတောက်မြက်ပင်များကို ခူးလာကြကာ မှော်ဝင်လက်စွပ်အတွင်းသိမ်းဆည်းကြသည်။

“ဟီးဟီး ဒီနေရာက မီးတောက်မြက်ပင်ဒီလောက်များလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး” ဖက်တီးကျူ လေးလံစွာရယ်လိုက်သည် “ဘေဂုံ မီးတောက်မြက်ပင်ဝန်းကျင်မှာ အန္တရယ်များတယ်လို့မင်းပြောခဲ့တာမလား ဘာလို့ဝိညာဉ်သားရဲတစ်ကောင်တောင် မတွေ့ရတာလဲ”

ဘေဂုံထန်သည်လည်းမေးခွန်းထုတ်စရာဖြစ်နေသည် “ပုံမှန်ဆိုလျှင် ဒီနေရာက ဝိညာဉ်သားရဲတွေ စုစည်းရာနေရာပဲ၊ ဘာလို့တစ်ကောင်မှမရှိတာလဲ”

“သူတို့ အတွင်းပိုင်းဒေသက တစ်ခုခုကြောင့်အဲကို ပါသွားတာနေမှာ” ရှီမာယူယူပြောလိုက်သည် “ဝိညာဉ်သားရဲတွေ တွေ့ရခဲတာမင်းတို့ သတိမထားမိကြဘူးလား၊ အဖိုးတန်ပစ္စည်းပေါ်လာချိန်ဆို အကုန်လုံးပွက်လောရိုက်နေကြတယ်လို့ ပြောကြတယ်၊ ကြည့်ရတာ စိတ်ဝင်စားစရာတစ်ခုခုမှာ ပါသွားကြတာနေမှာ”

“သြော် ဒါ့ကြောင့်ကိုး” အလေးအနက်ထားချင်ယောင်ဆောင်ကာ ဖက်တီးကျူခေါင်းညိတ်လိုက်သည်။

နှစ်ပေါင်းများစွာမှတစ်ကြိမ်ရင့်မှည့်သော မီးတောက်မြက်ပင်အား ခူးပြီးနောက်တွင်တော့ သူတို့၏ မစ်ရှင်သည် ပြီးမြောက်သွားပြီဖြစ်သည်။ ဝေကျိရွှီသည် အနောက်တွင်ရှိသော ရှီမာယူယူအားကြည့်လိုက်သည်။ အစပိုင်းတွင် သူအားခေါ်ဆောင်လာသည်မှာ ဝန်ထုတ်ဝန်ပိုးဖြစ်လိမ့်မည်ဟု တွေးခဲ့သော်လည်း ဒီနေရာရောက်သောအခါ သူသည် အားလုံးအပေါ်တွင်အာရုံစိုက်ခြင်းမှာ ကောင်းမွန်နေသည်ကို သိခဲ့ရသည်။

“ငါတို့မစ်ရှင်ပြီးသွားပြီဆိုတော့ ပြန်ကြမလား”

သူပြောသည်ကိုကြားသည်နှင့် ရှီမာယူယူနှင့် ဘေဂုံထန်တို့၏ ခန္ဓာကိုယ်များသည် မာတောင့်သွားလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset