Switch Mode

အပိုင်း (၆၀၁):

စုတ်ချက်သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း

သည်သင်္ကေတကို မြင်ပြီးနောက် ဝမ်လင်းက ခေါင်းပြန်လှည့်လိုက်သည်။ သူ ပြန်လိုက်သည့်အချိန်တွင် အသက်ဓာတ်အားချိပ်တံဆိပ်ကလည်း ပျောက်ကွယ်သွားခဲ့ကာ သူ့အသွင်က လုံးဝ သဘာဝကျနေ၏။

ယောင်ရှင်းရွှယ်က အကွာအဝေးတစ်ခုသို့ ဆက်သွားနေကာ သူကလည်း နောက်ကနေ လိုက်ပါသွား၏။

သူ့စိတ်ထဲတွင် စောနက မြင်ခဲ့သည့် ရုပ်ထုပေါ်ရှိ သင်္ကေတနှင့် ပတ်သတ်လို့ စဉ်းစားနေဆဲသာ။ သည်သင်္ကေတက ယောင်ရှင်းရွှယ်မျက်လုံးထဲရှိ စုတ်ချက်သုံးခု သင်္ကေတရယ် သူ့မျက်လုံးထဲရှိ ရွှေရောင်သင်္ကေတရယ်တို့နှင့် ဆင်တူနေသည်။

ဝမ်လင်းက ဆက်လက်လျှောက်လှမ်းနေရင်း လက်မြှောက်ကာ သူ့လက်ဝါးကို ကြည့်လိုက်၏။ စုတ်ချက်ခြောက်ခု သင်္ကေတက နောက်တစ်ကြိမ် သူ့လက်ပေါ်တွင် ပေါ်လာသည်။

“ဒီသင်္ကေတက စိတ်ဝင်စားစရာပဲ။ဒါက အခြေခံတစ်ခုလို့တောင် ထင်ရတယ်။ယောင်ရှင်းရွှယ်ရဲ့ စုတ်ချက်သုံးခုသင်္ကေတပဲ ဖြစ်ဖြစ်၊ ငါ့စုတ်ချက်ခြောက်ခု သင်္ကေတပဲဖြစ်ဖြစ် နှစ်ခုစလုံးမှာ ဒီသင်္ကေတပါနေတယ်…”

သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့လက်ကို ဝှေ့ယမ်း၍ ထိုသင်္ကေတကို ရေးဆွဲလိုက်သည်။ သူ့လက်ချောင်းထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပါနေ၏။ သို့သော် ထိုသို့ရေးဆွဲပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် မည်သည့်တုံ့ပြန်မှုမှ မရှိနေပေ။

ဝမ်လင်းက စဉ်းစားလိုက်ပြီးနောက် သည်သင်္ကေတကို မှတ်သားထားလိုက်၏။ထို့နောက် သူက သည်အကြောင်းကို ဆက်မတွေးတော့ချေ။ သူက အကွာအဝေးတစ်ခုရှိ ယောင်ရှင်းရွှယ်ကို ကြည့်ကာ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထုတ်ဖော်လာ၏။

“သူမမှာ သွေးစိတ်ဝိညာဉ်ဆေးလုံး ရှိတယ်။ဒါ့ကြောင့် ငါက သူမကို အလစ်တိုက်မယ်ဆိုရင်တောင် သူမက အသက်ရှင်နိုင်ဦးမှာ။ သူမကို သတ်နိုင်ဖို့က တကယ် ခက်ခဲလိမ့်မယ်…”

ခုနစ်ရက်ကြာပြီးနောက် နောက်ထပ်စင်္ကြံတစ်ခုက နဂါးလမ်းကြောင်းအဆုံးသပ်တွင် ပေါ်လာပြန်၏။ သည်စင်္ကြံက ပြီးခဲ့သောတစ်ခုနှင့် အရွယ်တူညီကာ အလယ်တွင်လည်း ရုပ်ထုတစ်ခု ရှိနေသည်။

သည်ရုပ်ထု၏ ပုံပန်းအသွင်ကလည်း အရင်တစ်ခုနှင့် ခြားနားမှု မရှိပေ။ ခြားနားသည့်အရာဆို၍ သည်ရုပ်ထု၌ ၎င်း၏နှဖူးထက်၌ တစ်ဝက်ပိတ်နေသော တတိယမြောက် မျက်လုံးတစ်ခု ရှိနေခြင်းပင်။

သည်လမ်းကြောင်း၏ အဆုံးသို့ ရောက်သည့်အခါ ယောင်ရှင်းရွှယ်က ဝမ်လင်းကို လှည်ကြည့်လာ၏။သူမက စကားမဆိုသော်လည်း သူမ စိတ်ဆန္ဒကို အမူအရာနှင့် ပြသပြီး ဖြစ်သည်။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ ယောင်ရှင်းရွှယ်ကို ခုန်ကျော်လိုက်ပြီး စင်္ကြံပေါ်သို့ ခြေချလိုက်၏။ သူက စင်္ကြံပေါ်သို့ ခြေချလိုက်သည့်အခိုက်တွင် သူ့မျက်လုံးကို မှိတ်ထားလိုက်သည်။ အသက်ဓာတ်အားချိပ်တံဆိပ်က သူ့နှဖူးထက်ပ ပေါ်လာခဲ့ကာ သူ့မျက်လုံးကို ချိပ်ပိတ်ပစ်၏။

ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက မျက်လုံးကို အသက်ဓာတ်ချိပ်တံဆိပ်ဖြင့် ချိပ်ပိတ်ထားလျက် စင်္ကြံပေါ်တွင် ရှေ့သို့ ဆက်လျောက်လာသည်။ သူက ရွှေရောင်သင်္ကေတက အသက်ဓာတ်ချိပ်တံဆိပ်ကို ထွင်းဖောက်နိုင်မလား သူက သိမြင်ချင်နေသည်။ သည်အရာက သူ့အတွက် အတွေ့အကြုံတစ်ခု မဟုတ်လား။

ရွှေရောင်သင်္ကေတက ၎င်းချိပ်တံဆိပ်ကို မထိုးဖောက်နိုင်ချေ။ သို့သော် ဝမ်လင်း ခြေချလိုက်သည့်အခိုက်၌ ရုပ်ထုကတော့ တုန်ခါလာခဲ့၏။ ၎င်းက မျက်လုံးပွင့်လာကာ ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်သည်။ထို့နောက် မာန်သွင်းကာ ခြေတစ်လှမ်း လှမ်းလိုက်၏။

အသက်ဓာတ်ချိပ်တံဆိပ်က မျက်လုံးထံကနေ တစ်ဆင့် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းပေးသွား၏။ တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်သည်ကာ ရုပ်ထုကို လှည့်ပတ်လိုက်၏။

ရုပ်ထုက မာန်သွင်းအော်ဟစ်ကာ သူ့နောက်သို့ စတင်လိုက်ပါလာသည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူ့လက်က လေထဲ၌ လှုပ်ရှားသွားကာ အစိမ်းရောင်အလင်းတစ်ခုကို ဖန်တီးသည်။ ရိုးရှင်းသောအတားအဆီးတစ်ခုက သူ့လက်ထဲ၌ ပေါ်လာ၏။ သူက လှုပ်ရှားနေရင်း သည်အတားအဆီးကို နောက်သို့ ပစ်လိုက်သည်။ အတားအဆီးက ချက်ခြင်း ဆယ့်နှစ်ပေခန့် ကြီးမားလာကာ သူ့နောက်လိုက်နေသည့် ရုပ်ထုကို တားဆီးသွား၏။

ရုပ်ထုက ရပ်တန့်ခြင်းမပြုဘဲ ယင်းအတားအဆီးကို တိုက်ရိုက် ဝင်စောင့်ပစ်သည်။ အတားအဆီးက မှန်တစ်ချပ်ကဲ့သို့ ကွဲထွက်သွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့အသွင်က စိတ်ဝင်စားသည့်ဟန် ပေါက်နေသည်။ သူက ရိုးစင်းသောအတားအဆီးကိုသာ အသုံးပြုခဲ့သော်လည်း ၎င်းက အထည်ဒြပ်မရှိချေ။ ၎င်းက အခြားအတားအဆီးတစ်ခုနှင့် ထိတိုက်သွားခြင်း မရှိပါက ထွက်ပေါ်လာမည် မဟုတ်ပေ။

“ဖြစ်နိုင်တာက ဒီရုပ်ထုတစ်ခုလုံးက အတားအဆီးတွေနဲ့ ဖုံးအုပ်ထားတာပဲ။ဒါကို အတင်းအားနဲ့ ဖျက်စီးတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်လောက်ဘူး…” ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အတားအဆီးအလင်းများက သူ့လက်ထဲကနေ ပျံသန်းထွက်လာပြီး ရုပ်ထုနှင့် နီးကပ်သွားသည်။

ရုပ်ထုက မာန်သွင်းကာ ရှေ့သို့ ခုန်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ၎င်းထံသို့ ဝင်လာသည့် မရေမတွက်နိုင်သောအတားအဆီးများက ပြန့်ကျဲပျက်စီးသွား၏။ အားကောင်းသောစွမ်းအားတစ်ခုက လေထုကို ဖြတ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ အတားအဆီးအလံကို ထုတ်၏။ သူက အလံကို လှုပ်ခါလိုက်ရာ သူ့ထံသို့ တိုးဝင်လာသည့် အားက ချက်ခြင်းအတားအဆီးအလံထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းအတားအဆီးအလံက သည်နှစ်ရာချီတွင် အတားအဆီးများစွာ ထည့်ပေါင်းခဲ့သဖြင့် အတားအဆီးအစုံ (၉၉၉)ခုသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့ရာ၌ သူ့ကို ထူးဆန်းသွားစေသည်မှာ နတ်ဘုရားပြစ်ဒဏ်က ကျရောက်မလာခြင်းပင်။

သည် (၉၉၉)ခုအတားအဆီးအစုံအားလုံးက တိုက်ခိုက်ခြင်းအတားအဆီးများဖြစ်ကာ အလွန်အားကောင်း၏။

သို့ရာတွင် ဝမ်လင်းကျင့်ကြံမှုအဆင့်ကလည်း ဆက်လက်တိုးတက်နေရာ အတားအဆီးအလံ၏ စွမ်းအားက မလုံမလောက် ဖြစ်လာတော့၏။ ဝမ်လင်းက အတားအဆီးအလံ၏ စွမ်းအားကို တိုးမြှင့်နိုင်ရန်နှင့် အတားအဆီးအစုံပေါင်း (၉၉၉၉)ခုသို့ ရောက်ရန် အမျိုးမျိုး စဉ်းစားခဲ့၏။

သို့ရာတွင် အလံပေါ်ရှိ အတားအဆီးများကို တိုးတက်စေရန် သန့်စင်သောတိုက်ခိုက်ခြင်းအတားအဆီးဆယ်စလောက် လိုမည် ဖြစ်သည်။ဝမ်လင်း ဗဟုသုတနှင့်ပင် သူက သည်လောက်များသည့် အတားအဆီးများကို မသိချေ။

သည်အခိုက်တွင် အတားအဆီးများပမာဏများစွာက သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် တောက်ပနေသည်။ သည်အတားအဆီးများကို ဆက်လက်ပြီး အုပ်စုအဖြစ်ဖွဲ့ကာ သူ့စိတ်ထဲ၌ ခွဲခြားထား၏။ သူ့ခန္ဓာကိုယ်ကလည်း အလွန်လျင်မြန်စွာ လှုပ်ရှားနေသည်။ထို့ကြောင့် ရုပ်ထုက ကပ်လာနိုင်ခြင်း မရှိဖြစ်ရသည်။

ရုပ်ထုက နီးကပ်လာသည့်အခါတိုင်း ဝမ်လင်းက အတားအဆီးအလံကို ဝှေ့ယမ်းပစ်ကာ များစွာသောအတားအဆီးအခိုငွေ့များကို ပျံသန်းထွက်လာစေကာ ရုပ်ထုကို ရပ်တန့်ရန် အတားအဆီးနံရံတစ်ခု ဖြစ်စေသည်။

ရုပ်ထုက အကြိမ်များစွာ ပိတ်ဆို့ခံရပြီးနောက် ၎င်းက ကမ္ဘာမြေကွဲအောက်လောက်သည့် အသံဟိန်းကာ လိုက်လံနေခြင်းကို ရပ်တန့်၏။ ၎င်းက နေရာတစ်ခုတည်းတွင်သာ နေရန် ဆုံးဖြတ်ကာ မြေပြင်သို့ ခြေစောင့်နင်း၏။ စင်္ကြံတစ်ခုလုံးက တုန်ခါသွားကာ တစ်ချိန်တည်းမှာပင် ဝမ်လင်းညာဘက်ခြမ်း ပတ်လည်ရှိ ကျောက်တုံးစများက ထိုးထွက်လာခဲ့သည်။

ဝမ်လင်းက သည်ရုပ်ထုလုပ်လာနိုင်ချေ ရှိသည့်အရာများအတွက် မန္တန်များ ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သည်ကျောက်စကျောက်နများကို မြန်ဆန်စွာ ရှောင်လိုက်သည်။

သို့ရာတွင် သည်ကျောက်စများက အလွှာလိုက် တစ်ခုပြီးတစ်ခု တိုးဝင်လာခြင်း ဖြစ်နေသည်။ ချက်ခြင်းပင် စင်္ကြံတစ်ခုလုံးက ကျောက်စများနှင့် ဖုံးအုပ်သွား၏။ ဗဟိုကလွဲ၍ စင်္ကြံတစ်ခုလုံးက သည်ကျောက်စချွန်များဖြင့် ဖုံးလွှမ်းသွားချေသည်။ဝမ်လင်းက ကောင်းကင်ထက်သို့ ပျံတက်ကာ လေထဲ၌ ပျံဝဲနေ၏။အတားအဆီးများကို ထုတ်ယူဆင်ခြင်နေမှုကလည်း ပိုမြန်ဆန်လာကာ ဝမ်လင်းမျက်လုံးက ရုပ်ထုထံမှ ဖယ်ခွာခြင်း လုံးဝ မရှိချေ။ သူ့မျက်လုံးက ရုတ်တရက် လင်းလက်သွား၏။ထိုအခိုက်၌ ရုပ်ထုအသွင်၏မျက်လုံးက ကြီးစွာ ပြောင်းလဲသွားသည်။

ဝမ်လင်းအမြင်တွင် ၎င်းက ကျောက်တုံးရုပ်ထုတစ်ခု မဟုတ်ဘဲ အတားအဆီးများနှင့် ဖွဲ့တည်ထားသည့် တစ်စုံတစ်ခု ဖြစ်နေသည်မဟုတ်လား။ မရေမတွက်နိုင်သောအတားအဆီးများက အတူပေါင်းစပ်ကာ သည်လိုရုပ်ထုကို ဖြစ်ပေါ်ခြင်းဖြစ်ကာ ထိုရုပ်ထုပေါ်၌ အတားအဆီးတစ်ခု မရှိသည့်နေရာဟူ၍ မရှိချေ။

ဝမ်လင်းက သည်ရုပ်ထုကို ဖြတ်မြင်နိုင်သည့်အခိုက်တွင် စင်္ကြံပေါ်ရှိ ကျောက်စအချွန်များက ပြိုပျက်၍ ရုပ်ထုက နောက်တစ်ကြိမ် မြေပြင်သို့ ခြေစောင့်ချလိုက်ပြန်၏။ထိုအခါ ထိုကျောက်စချွန်များက ဝမ်လင်းထဲသို့ မိုးသီးမိုးပေါက်များကဲ့သို့ ပျံဝဲဝင်လာတော့၏။

ဝမ်လင်းကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် သူက ရတနာတစ်ခု သို့မဟုတ် သတ်ဖြတ်ခြင်းမန္တန်သုံးခုထဲမှ တစ်ခုခုကို အသုံးပြု၍ ထိုရုပ်ထုကို ဖျက်စီးပစ်နိုင်ကာ ခုလောက် အချိန်ကြာနေစရာ မလိုချေ။သို့သော် ဝမ်လင်း ပန်းတိုင်က ၎င်းကို အားနှင့် ဖျက်စီးရန် မဟုတ်ဘဲ ၎င်းရုပ်ထုကို လုံးဝနားလည်နိုင်ရန် ဖြစ်၏။

ဝမ်လင်းအမြင်၌ သူ့ထံသို့ ပျံဝဲလာသည့် ကျောက်စချွန်များပင် အတားအဆီးများနှင့် ပြုလုပ်ထားသည်ဟု ထင်မြင်၏။ ၎င်းက အတားအဆီးတစ်ခုခု ဖြစ်နေသ၍ သူက ကြောက်လန့်စိုးရွှံနေမည် မဟုတ်ပေ။ ဝမ်လင်းက အမြုတေဖွဲ့တည်ခြင်းအဆင့်ကတည်းက အတာအးဆီးများစွာကို လေ့လာခဲ့သည့်သူ မဟုတ်လား။ နှစ်သောင်းနှင့်ချီ၍ နေထိုင်ခဲ့သည့် မွန်းစတားအိုကြီးများကလွဲ၍ သာမန်လူများက အတားအဆီးများအပေါ် နားလည်မှု၌ သူနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

သူက အတားအဆီးအလံကို လှုပ်ခါလိုက်ရာ အတားအဆီးအခိုးငွေ့များက ပျံသန်းထွက်သွား၏။ သည်အတားအဆီးများက ဝမ်လင်းအမိန့်အတိုင်း ထူးဆန်းသောပုံစံကွက်အတိုင်း လှုပ်ရှားကာ တိုးဝင်လာနေသည့် ကျောက်စချွန်များကို သိမ်းကြုံး ဖြတ်သန်းသွား၏။ မရေမတွက်နိုင်သော ကျောက်စချွန်များက ချက်ခြင်းပင် ပြိုကွဲကာ အတားအဆီးအလံထဲသို့ နစ်မြုပ်ကာ သွားသည်။

အတားအဆီးအလံက သည်အတားအဆီးများကို စုပ်ယူပြီးသည့်နောက် ၎င်း၏ စွမ်းအားကလည်း ချက်ခြင်း တိုးတက်လာခဲ့တော့သည်။

ဝမ်လင်းက မျက်လုံးကျဉ်းမြောင်းသွားပြီး စင်္ကြံပေါ်သို့ ပြန်လည် ဆင်းသက်လိုက်၏။ သူက ရှေ့သို့ လက်ညွှန်လိုက်ရာ အတားအဆီးအလံမှ အတားအဆီးများက လေဝဲတစ်ခုကဲ့သို့ ထိုးထွက်ကာ ရုပ်ထုအထဲသို့ ချက်ခြင်းပိတ်လှောင်ပစ်၏။

ဝမ်လင်း ခြေချမိခြင်း မရှိသေးခင်မှာပင် သူက အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲ၍ အတားအဆီးများအတိုင်း လှုပ်ရှားလိုက်သည်။သူက ရုပ်ထုကို စတင်လှည့်ပတ်ကာ သူ့လက်ကို မြန်ဆန်စွာ လှုပ်ရှားပြီး အတားအဆီးအသစ်များကို မူလအတားအဆီးဝဲကတော့ထဲသို့ ပေါင်းထည့်ပေးနေ၏။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ရုပ်ထုက မရေမတွက်နိုင်သောအတားအဆီးများနှင့် ဝန်းရံထားခြင်း ခံနေရသည်ကို တွေ့မြင်ရမည် ဖြစ်၏။ ၎င်းက မည်မျှရုန်းကန်နေပါစေ အတားအဆီးများက ယင်းရုပ်ထုကို ဆက်လက်လှည့်ပတ်ကာ နေသည်။အတားအဆီးများက ရုပ်ထုကို တရပ်စပ် ထုနှက်နေသလို ဖြစ်ကာ ၎င်းခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများကို ဖြတ်ကာ ဝင်ရောက်နေ၏။

ဝမ်လင်းက လှုပ်ရှားမှုကို ရုတ်တရက် ရပ်တန့်ကာ လေးကြိမ်လေးခါ အော်ပြောလိုက်၏။ “ပျက်စီးစမ်း၊ပျက်စီးစမ်း၊ပျက်စီးစမ်း၊ပျက်စီးစမ်း…”

သည်အော်သံလေးခုက မရေမတွက်နိုင်သောအတားအဆီးများကို ရုပ်ထုအား ဝန်းရံကာ ချက်ခြင်းစွဲနှစ်သလို ဖြစ်နေ၏။ ရုပ်ထုက အလွန်မြန်သောနှုန်းဖြင့် စဝင်ပြောင်းလဲကာ ပြိုကျလာခဲ့တော့သည်။

သည်ရုပ်ထုက မူလကတည်းက အတားအဆီးများနှင့် ဖန်တီးထားခြင်း ဖြစ်သည်။ သည်အတားအဆီးများ ဖျက်စီးခံလိုက်ရသဖြင့် အနှီရုပ်ထု၏ ခန္ဓာကိုယ်ကလည်း ကျုံ့သွားခဲ့တော့သည်။

အန္တရာယ်အာရုံကို ခံစားမိသဖြင့် ရုပ်ထုက ကြမ်းကြုတ်စွာ အော်ဟစ်၍ ၎င်း၏ မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးက ချက်ခြင်း ပွင့်လာကာ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။

ဖျပ်ခနဲပင် ဝမ်လင်းပို့လွှတ်ခဲ့သော အတားအဆီးများအားလုံးက နောက်သို့ အတင်းပြန်ကန်ထွက်ကာ စတင် ပျောက်ကွယ်လာ၏။

ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခုကို ထုတ်လွှတ်လာသည်။ ရွှေရောင်အလင်းပေါ်လာသည့်အခိုက် သူက ရုပ်ထု၏တတိယမျက်လုံးထဲ၌ ရွှေရောင်သင်္ကေတတစ်ခုကို တွေ့မြင်လိုက်သည်။ သည်သင်္ကေတက စုတ်ချက်နှစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်နေသည်။

“ချိပ်ပိတ်ခြင်း…” ဝမ်လင်းက မာန်သွင်းကာ သူ့သွေးအဆီအနှစ်အချို့ကို ထွေးထုတ်၏။အတားအဆီးများက သူ့သွေးကို စုပ်ယူလိုက်သည်နှင့် ၎င်းတို့က ချက်ခြင်း ဝရောသုန်းကာ ရှေ့သို့ ထိုးတက်ပြီး ရွှေရောင်အလင်းနှင့် စတင်တွေ့ဆုံသည်။

အသက်ရှူစာ နှစ်ခါကြာချိန်ပြီးသည့်နောက် ရုပ်ထုတတိယမျက်လုံးထဲရှိ ရွှေရောင်အလင်းက ပျောက်ကွယ်သွား၏။သည်အခိုက်၌ မရေမတွက်နိုင်သောအတားအဆီးများက ရုပ်ထုကို နစ်မြုပ်ပစ်လာပြန်သည်။၎င်း၏ခန္ဓာကိုယ်က တုန်ခါလာပြီး မျက်လုံးထဲရှိ ကြမ်းကြုတ်သောအကြည့်ကလည်း ပျောက်ကွယ်သွားပြီး မှိုင်းပြမှုက အစားဝင်သွား၏။

သိပ်မကြာခင်တွင် ၎င်း၏ခန္ဓာကိုယ်က ပြိုကျလာကာ မရေမတွက်နိုင်သောအတားအဆီးများက၎င်းး ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ချက်ခြင်းပင် အနက်ရောင်အတားအဆီးအခိုးငွေ့က သည်စင်္ကြံတစ်ခုလုံးကို ဖုံးလွှမ်းသွားချေတော့၏။

အနက်ရောင်အခိုးငွေ့မြူထဲ၌ ရွှေရောင်တောက်ပနေသော သင်္ကေတတစ်ခု ရှိနေ၏။၎င်းက လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့မလို ဖြစ်နေသည်။ ထိုအခိုက်၌ ဝမ်လင်းက သူ့စိတ်နှလုံးထဲတွင် တစ်စုံတစ်ခုကို ခံစားမိကာ သူက အလိုလို ညာလက်ညှိုးကို မြှောက်၍ စုတ်ချက်တစ်ခုကို ရေးစွဲလိုက်သည်။ သည်စုတ်ချက်က သူပထမဆုံးရုပ်ထုတွင် တွေ့မြင်ခဲ့သော သင်္ကေတက ဖန်တီးထားသည့် စုတ်ချက်ပင်။

ထိုပထမဆုံး စုတ်ချက်ဆွဲပြီးသည့်နောက် ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ ဒုတိယတစ်ခုကိုပါ ဆက်စွဲလိုက်သည်။ သည်စုတ်ချက်ကတော့ ဝမ်လင်း စောနလေးကမှ သည်ရုပ်ထု၏ တတိယမျက်လုံးထဲတွင် တွေ့မြင်ခဲ့သည်။ ရွှေရောင်သင်္ကေတမှ ဖန်တီးထားသည့်အရာ ဖြစ်သည်။

သင်္ကေတပေါ်လာသည့်အခိုက် ရုပ်ထိုထံမှ သင်္ကေကလည်း လေဟာနယ်ထဲသို့ ပျောက်ကွယ်ခွာနီးကနေ မြန်ဆန်စွာ ပြန်လှည့်၍ ဝမ်လင်းထံသို့ ပျံသန်းလာ၏။ ၎င်းက အလင်းထက်ပင် မြန်ဆန်ကာ ဝမ်လင်း ရေးဆွဲလိုက်သည့် သင်္ကေတစုတ်ချက်နှင့် ပေါင်းစပ်သွား၏။

ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေ၏။ သူ့ညာလက်ညှိုးက ရပ်တန့်သွားခြင်း မရှိဘဲ နောက်ထပ် စုတ်ချက်တစ်ခုကို ရေးဆွဲပြန်၏။ ခု စုတ်ချက်ကတော့ ယောင်ရှင်းရွှယ်မျက်လုံးထဲရှိ စုတ်ချက်သုံးခုသင်္ကေတမှ ဖန်တီးထားခြင်း ဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset