Switch Mode

အပိုင်း (၅၉၉):

ကောင်းကင်ဘုံသလင်းကျောက်

ချိုရီဒူအဆင့်အတန်းဖြင့် သည်အရာများကို သိနေသည်မှာ ထူးဆန်းလှ၏။ ချိုးရီဒူက သည်သွေးစိတ်ဝိညာဉ်ဆေးလုံးကို ခွဲခြားသည့်နည်းကို ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းသိသည်ဟု ပြောခဲ့၏။

ထို့ကြောင့် ဝမ်လင်းက သည်အရာအားလုံးက သွေးဘိုးဘေး ပြုလုပ်ထားသည့် အကြံအစည်မှန်း သေချာသိသွားသည်။

“ယောင်ရှင်းရွှယ်၏ ဂရုတစိုက်မထားမှုနဲ့ ချိုရီဒူရဲ့အဖြစ်ကို ပေါင်းစပ်ကြည့်ရင် စိတ်ဝိညာဉဆေးလုံးများ အတုနှင့်အစစ်ကြား ခြားနားမှုကို ပြောနိုင်သည့် နည်းလမ်းတစ်ခု သေချာရှိနေမှာကို သေချာသိသွား၏။ ဒါပေမဲ့ သွေးဘိုးဘေးနဲ့သူ့သမီးကလွဲလို့ တခြားတတိယလူတစ်ယောက် ဒီနည်းလမ်းကို မသိနေမှာ ငါစိုးရိမ်မိတယ်…”

ဝမ်လင်းမျက်လုံးက ဉာဏ်ပညာအလင်းဖြင့် တောက်ပနေသည်။

“ဒီဆေးလုံးက အတုပဲ။ဆေးလုံးအစစ်က နောက်ထပ်အပိုအသက်တစ်ခုကို ပေးနိုင်မည်ဆိုရင် ဆေးလုံးအတုကလည်း သေဆုံးခြင်းကို အရောက်ပို့ပေးလိမ့်မယ်။ ယောင်ရှင်းရွှယ် နင်က ဒီလို ရက်စက်တော့လည်း ငါ့ ရိုင်းစိုင်းမှုကို အပြစ်မတင်တော့နဲ့…”

ဝမ်လင်းက သူ့လက်ထဲရှိ ပျားဖယောင်းဆေးလုံးကို ကြည့်သည်။ သူက ၎င်းမံထားသည့် ပျားဖယောင်းကို ခွဲရန်ဟန်ပြင်လိုက်သည်။ သိုသော် သူက အကြံတစ်ခု ရသွား၏။ ၎င်းကို သိုလှောင်အိတ်ထဲသို့သာ ထည့်ထားလိုက်တော့သည်။

အချိန်အတန်ကြာအောင် ဝမ်လင်း အသက်ရှင်သန်နိုင်နေသည့် အကြောင်းရင်းများထဲကတစ်ခုက သူ၏ပါးနပ်မှု၊ဉာဏ်နီဉာဏ်နက်ကြောင့်ပင်။ အတိတ်တုန်းက သူ အမြုတေဖွဲ့တည်ခြင်းအဆင့်တွင် ရှိစဉ် အစွန်းရှစ်ခုနတ်ဆိုးအရှင်က သူ့ကို သည်ကလေးသည် ကြမ်းကြုတ်သော၊အေးစက်သော၊ရဲရင့်သော၊ ဆုံးဖြတ်ချက်ပြတ်သားသောသူ ဖြစ်သည်ဟု ပြောခဲ့ဖူး၏။သူက အလွန်ရဲရင့် အတွေးကောင်းကာ ခိုင်မာသောစိတ်ဓာတ်ရှိသလို မြေခွေးတစ်ကောင်လိုလည်း ဉာဏ်နီဉာဏ်နက်များပေသေးသည်။

ဝမ်လင်းကို ဖော်ညွှန်းသည့် သည်စကားလုံးများက အမှန်ပင် ပြည့်စုံပေသည်။

ယောင်ရှင်းရွှယ်၏ ဆေးလုံးကိစ္စတွင်လည်း နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် မွန်းစတားအိုကြီများသည် ဝမ်လင်းကဲ့သို့ ဖြတ်မြင်နိုင်စွမ်း ရှိပေလိမ့်မည်။

သည်အရာက ဘာနဲ့တူသလဲဆိုတော့ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းက ဝမ်လင်းက လျိုမေ၏ စိတ်ကူးတစ်ထောင်ပုံရိပ်ယောင်နယ်ပယ်မှ အစစ်အမှန် စိတ်ထားကို ဖြတ်မြင်နိုင်စွမ်း ရှိခဲ့သလိုပင်။

ကောင်းကင်ဘုံက ဝမ်လင်းကို သူတစ်ထူးထက်သာသည့် ကျင့်ကြံခြင်းပါရမီကို ပေးခဲ့ခြင်း မရှိသော်လည်း သူ့ဉာဏ်ပညာက သူ့ကို ဂျိုတစ်ချောင်းတပ်ပေးလိုက်သလိုပင်။သည်အရာက ကောင်းကင်ဘုံ၏ မျှတသော ဖန်တီးလော။

ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ ယောင်ရှင်းရွှယ်သူ့ကို ပေးခဲ့သည့် သိုလှောင်အိတ်ထွက်ပေါ်လာ၏။ သူက နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်ရာ ထိုအိတ်ထဲ၌ ယောင်ရှင်းရွှယ်ပြောခဲ့သကဲ့သို့ သူ့အတွက် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ဖို့ လိုအပ်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများ အမှန်ပင် ရှိနေသည်။

“သုံးရက်…” ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူက သူ့လက်ကို မြေပေါ်သို့ ဖိချလိုက်၏။ သူ့ခန္ဓာကိုယ်က မြေကြီးထဲသို့ ဝင်ရောက်ကာ အနက်ရောင်အလင်း တစ်ချက် လင်းလက်ပြီး ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက မြေအောက်တွင် မျက်လုံးမှိတ်ကာ ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေ၏။ သူ့ပတ်လည်၌ ယောင်ရှင်းရွှယ်ပေးခဲ့သော ကောင်းကင်ဘုံကျောက်စိမ်းပြားများ ရှိနေသည်။ သူက ကောင်းကင်ဘုံကျောက်စိမ်းပြားများထဲရှိ စွမ်းအင်ကို ရူးသွပ်ဖွယ် စုပ်ယူနေကာ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အမှုန်အမွှားသို့ ပြောင်းသွားစေနေ၏။

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိရန် ကောင်းကင်ဘုံကျောက်စိမ်းပြားပမာဏများစွာ လိုအပ်၏။ ဝမ်လင်းက အနားယူခြင်းပင် မပြုဘဲ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူး စုပ်ယူနေ၏။ သူ့တွင် ၎င်းစွမ်းအင်ကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် အချိန်မရှိပေ။ ထိုအစား သူက သည်စွမ်းအင်များကို နတ်ဆိုးသလင်းကျောက်လိုမျိုး ဖွဲ့တည်အောင် ပြုလုပ်နေ၏။

သူက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုတွင် နေထိုင်ခဲ့စဉ်က နတ်ဆိုးသလင်းကျောက်ကို အချိန်အတန်ကြာ လေ့လာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ဖွဲ့စည်းတည်ဆောက်ပုံကို သေချာ သိရှိနေခဲ့ပြီ ဖြစ်၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို သလင်းကျောက်အဖြစ်သို့ သိပ်သည်းနိုင်သည်ဆိုပါက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း လုပ်နိုင်ပေမည်။

အစောပိုင်းတုန်းက သူက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ဖြန်းတီးပစ်လိုခြင်း မရှိခဲ့ချေ။ သို့သော် ခုချိန်၌ သူ့တွင် လုံလောက်စွာ ရှိနေပြီ မဟုတ်လား။

အချိန်အတန်ကြာ သိပ်သည်းပြီးနောက် နတ်ဆိုးသလင်းကျောက်ကဲ့သို့ သလင်းကျောက်တစ်ခုက ဖြစ်တည်လာသည်။ သို့သော် သည်တစ်ခုက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်းနေကာ ယင်းစွမ်းအင်က ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပေါ်ထွက်နေ၏။

ထိုသလင်းကျောက်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ယောင်ရှင်းရွှယ် သူ့ကို ပေးခဲ့သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများ၏ ဆယ်ပုံတစ်ပုံသာ ရှိသေး၏။

သူက ဆက်လက်စုပ်ယူနေ၏။

သုံးရက်ကြာပြီးနောက် ခရမ်းရောင်နတ်ဆိုး( ဒီနတ်ဆိုးကုန်းမြေမှာ ခရမ်းရောင်နတ်ဆိုးလို့ ခေါ်တဲ့ဟာက လထွက်လာမှုကို ဆိုလိုတာ ဖြစ်မယ်လို့ ယူဆပါတယ်။ ဘာသာပြန်သူ…) မြင့်တက်မှုက နောက်တစ်ကြိမ် ဖြစ်လာခဲ့ပြန်သည်။ ယောင်ရှင်းရွှယ်က ရှေးဟောင်းနတ်ဆိုးတောင်ထပ်၌ မတ်တပ်ရပ်နေ၏။ ခရမ်းရောင်အလင်းက မြေပြင်ပေါ်သို့ ဖြန်းပတ်လာကာ နတ်ဆိုးဆန်သော လေထုကို ဖြစ်စေ၏။

ယောင်ရှင်းရွှယ်အကြည့်က အကွာအဝေးတစ်ခုသို့ ကြည့်နေပြီး စိတ်စနိုးစနှောင့် ဖြစ်နေသည့်ပုံ ပေါ်နေ၏။

“အချိန် ပြည့်တော့မယ်…။ သူက စိတ်ပြောင်းသွားနိုင်လား…” ယောင်ရှင်းရွှယ်က မျက်မှောင်ကြုတ်နေသည်။

ထိုအခိုက်၌ အလင်းတန်းတစ်ခုက သူမရှိရာသို့ တန်းမတ်စွာ လာနေ၏။ ယောင်ရှင်းရွှယ်မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ အလင်းတန်းက မြန်ဆန်လှ၏။ ၎င်းက တောင်ထိပ်ပေါ်သို့ ကျရောက်လာပြီးနောက် ဝမ်လင်းအသွင် ထွက်ပေါ်လာတော့သည်။

ဝမ်လင်းက ယောင်ရှင်းရွှယ်ကဲ့သို့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်များက လေထဲ၌ မြောလွင့်နေကာ သူ့ကို ကြည့်ကောင်းစေ၏။

“နင်က အချိန်မှန် ရောက်လာတာပဲ။ခု ငါက အစီအရင်တစ်ခုဖွင့်ဖို့ပဲ လိုတော့တယ်။ ဒီနေရာမှာ ရှိတဲ့ သာမန်မဟုတ်တဲ့ရာကို ဘယ်သူကမှ သတိပြုမိလိမ့်မှာ မဟုတ်ဘူး…”

ယောင်ရှင်းရွှယ်က စကားပြောနေရင်း သိုလှောင်အိတ်ထဲမှ သွေးရောင်ရုပ်ထုများကို ထုတ်ယူလိုက်သည်။

သည်ရုပ်ထုများအားလုံးက ကြီးမားခြင်း မရှိပေ။ သူတို့က သုံးလက်မသာ ရှည်မြော၏။ သည်ရုတ်ထုများက ဝမ်လင်း အမျိုးအမည် မသတ်နိုင်သော ကြမ်းကြုတ်သည့်သားရဲများ ဖြစ်ကြသည်။ ၎င်းရုပ်ထုများထံမှ သွေးအော်ရာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။

ယောင်ရှင်းရွှယ်လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ကာ သူမက မန္တန်တစ်ခုကို ရွတ်ဆိုသည်။ ထို့နောက် သူက လျှာထိပ်ကို အနည်းငယ် ကိုက်၍ သွေးများကို ထွေးထုတ်သည်။ ထိုသွေးကို အသုံးပြုကာ လေထဲ၌ သင်္ကေတတစ်ခု ရေးဆွဲလိုက်၏။ သူမက ထိုသင်္ကေတကို လက်ဝါးနှင့် ရိုက်ချသည်။ ထိုအခါ ယင်းသင်္ကေတက ချက်ခြင်း ကြီးမားလာပြီး မြေပြင်ပေါ်၌ပါ ဖိရာကြီးတစ်ခု ဖြစ်သွားသည်။

တစ်ပြိုင်နက်တည်းမှာပင် ရုပ်ထုများက သူ့ဟာသူ လှုပ်ရှားလာကြပြီး မတူညီသော အနေထား ခုနစ်ခုကို နေရာယူလိုက်ကြသည်။ ထို့နောက် သွေးရောင်တစ်ချက် လင်းလက်သွားကာ ရုပ်ထုများက မြေကြီးနှင့် ပေါင်းစပ်သွား၏။

သည်ရုပ်ထုများက မြေကြီးနှင့် ပေါင်းစပ်သွားသည့်အခိုက် ထူးဆန်းသောအားတစ်ခုက ရှေးဟောင်းတောင်တစ်ခုလုံးကို ဝန်းရံသွား၏။ ဝမ်လင်းက သည်သင်္ကေတကာ အကူပစ္စည်းတစ်ခုဖြစ်ကြောင်း သိလိုက်ပြီး အစစ်အမှန်စွမ်းအားကတော့ ရုပ်ထုခုနစ်ခုထံမှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။

သည်ထူးဆန်းသောအားက မြင်ရခြင်းမရှိပေ။ ဝမ်လင်းက ၎င်း၏ ပေတစ်ရာအတွင်း၌သာ ရှိမနေပါက သတိပင် ပြုမိမည် မဟုတ်ပေ။

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူက သူ့ကိုယ်ပိုင်နတ်ဘုရားအာရုံကိုပင် ရှာမတွေ့ဖြစ်သွားသည်ကို အံအားသင့်စရာတစ်ခုက ချက်ခြင်း တွေ့ရှိလိုက်ရသည်။

သည်လိုမျိုးကြံခြင်းက ဝမ်လင်းအတွက် ပထမဆုံးအကြိမ်ပင်။ သူက နတ်ဘုရားအာရုံဖြင့် မည်မျှကြိုးစားရှာဖွေပါစေ သူ့ကိုယ်သူပင် မတွေ့ရတော့ချေ။

ယောင်ရှင်းရွှယ်က အေးစက်စွာ ပြောလိုက်၏။ “စစ်ကြည့်ဖို့ မလိုဘူး။ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က နတ်ဆိုးဗိုလ်ချုပ်လောက်မှ မရှိရင် ဒါကို ထောက်လှမ်းနိုင်ဖို့ နည်းလမ်း မရှိဘူး…”

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက သည်အစီအရင်ကို များစွာ လေးစားသွားသည်။ သူက မေးလိုက်၏။ “ဒီအစီအရင်က နင့်အဖေ သွေးဘိုးဘေး ဖန်တီးခဲ့တာလား…”

“မှန်တယ်…” ယောင်ရှင်းရွှယ်က ပြန်ဖြေလိုက်ရင်း သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သွေးရောင်သံလိုက်အိမ်မြှောင်တစ်ခုက သူမလက်ထဲ၌ ပေါ်လာ၏။ သူမက တည်နေရာအနေထားကို တွက်ချက်လိုက်ပြီးနောက် ၎င်းကို မြေပေါ်သို့ နေရာချလိုက်သည်။ထို့နောက် သူမက ဝမ်လင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ငါတို့ သဘောတူထားတာကို မမေ့ပါနဲ့။ခရမ်းရောင်နတ်ဆိုး မြှင့်တက်မှု အထိတ်အထိပ်ကို ရောက်တာနဲ့ ဒီသံလိုက်အိမ်မြှောင်ထံကနေ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလိမ့်မယ်။ဒါကအသက်ရှုချိန်တစ်ခါစာပဲ ကြာလိမ့်မယ်၊ဒါ့ကြောင့် နင်က ငါနဲ့ ကပ်နေပါ…”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။

ယောင်ရှင်းရွှယ်က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ “ငါတို့ ပြန်ရောက်တာနဲ့ ငါက ကျန်သေးတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားနဲ့ သွေးတုန်ကင်ကို ပေးမယ်။ ဒါ့အပြင် ငါက နင့်ကို သွေးစိတ်ဝိညာဉ်ဆေးလုံးအသုံးပြုလို့ရတဲ့ နည်းမှန်ကိုပါ ပေးမယ်…”

သူမက ထိုသို့ပြောလိုက်စဉ် လထံမှ ခရမ်းရောင်အလင်းက အထိတ်အထိပ်သို့ ရောက်ရှိလာ၏။ ခရမ်းရောင်အလင်းက ချက်ခြင်း ပျံ့နှံ့လာကာ ကမ္ဘာမြေတစ်ခုလုံးက ခရမ်းရောင်အလင်းနှင့် လွှမ်းခြုံသွားတော့၏။

ကောင်းကင်နှင့်မြေကြီးက ခရမ်းရောင်နှင့်သာ ပြည့်နေတော့သည်။

တစ်ချိန်တည်းမှာပင် မြေပေါ်ရှိ သံလိုက်အိမ်မြှောင်က ထူထဲသောသွေးရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။ ခရမ်း‌ရောင်အလင်းနှင့် နှိုင်းယှဉ်ပါက သွေးရောင်က ထိုခရမ်းရောင်အလင်းကို ထိုးဖောက်နေသည့် ဓားတစ်လက်နှင့် ဆင်တူနေသည်။ နှိုင်းယှဉ်မည်ဆိုပါက သွေးရောင်အလင်းတန်းက သေးငယ်သော်လည်း စွဲမြဲခိုင်မာမှု ရှိနေ၏။

“သွားကြစို့…” ယောင်ရှင်းရွှယ်က အော်သံပြုာက ချက်ခြင်းလှုပ်ရှားလိုက်၏။ သူက သွေးအလင်းထဲသို့ ခြေချလိုက်သည်။ ဝမ်လင်း မျက်လုံးကလည်း အေးစက်လာပြီး သူမကဲ့သို့လှုပ်ရှားကာ နောက်ကနေ လိုက်ပါသွား၏။

သူတို့နှစ်ယောက်ဝင်သွားသည့်အခိုက်တွင် သွေးရောင်အလင်းတန်းက သံလိုက်အိမ်မြှောင်နှင်အတူ သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များစွာနှင့် ပတ်သတ်၍ အတွေ့အကြုံရှိသည်။ သူက သွေးရောင်အလင်းထဲသို့ ဝင်လိုက်သည်နှင့် သည်အရာက သတ်မှတ်နေရာသို့ ရွှေ့ပြောင်းပေးသည့် အစီအရင် ဖြစ်ကြောင်း ချက်ခြင်း သဘောပေါက်လိုက်သည်။

သည်နေရာက ယောင်ရှင်းရွှယ်ပြောခဲ့သည့် တည်နေရာကူးပြောင်းနိုင်သည့် နေရာအမှတ်ပင်။ လူတစ်ယောက်က သည်အမှတ်နေရာကိုသိထားလျှင် မည်သည့်နေရာမှ ဖြစ်စေ ထိုသွားလိုသောနေရာသို့ ဝင်ရောက်နိုင်ပေမည်။

သည်အရာက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် လူတစ်ယောက်က အစီအရင်ကို အောင်မြင်အောင် ချမှတ်ထားနိုင်ကြောင်းကို ထင်ရှားစွာ ပြသနေ၏။

အစီအရင်ထံမှ အနည်းငယ် သက်သောင့်သက်သာမဖြစ်မှုကို ခံစားပြီးနောက် ဝမ်လင်းက သူ့အောက်ဘက်တွင် သွေးရောင်စွတ်ကြောင်းတန်းများက မြန်ဆန်စွာ ရွှေ့လျားနေသည်ကို တွေ့မြင်လိုက်သည်။ သည်သွေးရောင်စွတ်ကြောင်းက သွေးအစီအရင်မှ ဖြစ်ပေါ်လာခြင်းပင်။

ယောင်ရှင်းရွှယ်က ဝမ်လင်းထက်နောက်ကျပြီး အသက်ရှူစာ တစ်ဝက်လောက် နောက်ကျပြီးမှ ပြန်ကောင်းမွန်လာ၏။ သူမက ပြန်ကောင်းလာသည့်အခါ သူတို့အောက်ရှိ သွေးရောင်စွတ်ကြောင်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ဒီသွေးအစီအရင်က ရုပ်တုများကနေ ဖန်တီးထားတဲ့ အစီအရင်နှင့် ဆင်တူတယ်။ ဒါက လူတစ်ယောက်တည်းက ပြုလုပ်ထားတာပဲ။ သွေးဘိုးဘေးက ဒီနေရာမှာ တည်နေရာရွေ့ပြောင်းခြင်းအစီအရင်တောင် ဖန်တီးနိုင်တယ်။ သူက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။ ဒါပေမဲ့ လုံလောက်တဲ့အချိန်သာပေးရင် ငါလည်း ဒီနေရာမှာ တည်နေရာအစီအရင်တစ်ခုကို ချမှတ်နိုင်တယ်…”

ဝမ်လင်းက သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေ၏။

ဒီနေရာက အာကာသဟင်းလင်းပြင် တစ်ခုနှင့်တူနေ၏။ ကောင်းကင်နှင့်မြေကြီးများတွင်လည်း ခြားနားခြင်း မရှိပေ။ အလင်းအပိုင်းအစများသာ ရှိနေကာ ထိုအလင်းအောက်၌ အရာအားလုံးကို မျက်လုံးဖြင့်ပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။

အကွာအဝေးတစ်ခုသို့ ဦးတည်သွားသည့် ဆယ်ပေခန့်ကျယ်သည့် လမ်းကြောင်းတစ်ခုလည်း ရှိနေသည်။ သည်အရာက တစ်ခုတည်းသော လမ်းပင်။

ဝမ်လင်းက ပေတစ်ထောင်ခန့်ကျယ်ပြောသည့် ခြေချစရာ စင်္ကြံတစ်ခုပေါ်တွင် မတ်တပ်ရပ်နေ၏။ သည်တည်နေရာ ရွှေ့ပြောင်းခြင်းအစီရင်က သည်စင်္ကြံပေါ်၌ လျှို့ဝှက်စွာ ထွင်းထုနေရာ ချထားခြင်း ဖြစ်နေသည်။

ဝမ်လင်းက ယောင်ရှင်းရွှယ်သည် သည်နေရာကို အကြိမ်များစွာ ရောက်လာဖူးကြောင်း သိလိုက်၏။ သူမက စင်္ကြံပေါ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ ဝမ်လင်းကို ပြောလိုက်၏။ “နင့် နယ်ပယ်ကို နားလည်အောင် ပုံဖော်လိုက်ပါ။ အသိအမှတ်ပြုတဲ့ အမှတ်အသားရမှာသာ လူတစ်ယောက် ပြန်ပြောင်းသားရဲလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်…” သူမက မည်သည့်စားမျှ ထပ်မပြောတော့ဘဲ သူမျက်လုံးမှိတ်ကာ စတင်ကျင့်ကြံလိုက်၏။

ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်ကာ ရှေ့သို့ လျှောက်လာ၏။ သူက လေပြင်းတိုက်နေကာ ဗလာမဲ့နေသည့် ဝင်ပေါက်လမ်းကြောင်းတစ်ခု ရှေ့တွင် ရပ်တန့်လိုက်ကာ အလေးအနက်အသွင်နှင့် ၎င်းလမ်းကြောင်းကို ကြည့်နေသည်။

အကြည်တစ်ချက်ဖြင့်ပင် ဝမ်လင်းမျက်လုံးသူငယ်အိမ်က ကျုံ့သွား၏။ သည်အရာက သေးငယ်သောလမ်းကြောင်းတစ်ခု မဟုတ်ချေ။ ၎င်းက အရွယ်အစားကြီးမားလွန်းသည့် နဂါးလိုသားရဲတစ်ကောင်၏ ခန္ဓာကိုယ်ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။ ယောင်ရှင်းရွှယ်၏ စကားကို ပြန်တွေးမိသည့်အခါ သည်သားရဲက ပြန်ပြောင်းသားရဲပင် ဖြစ်ရပေမည်။

“ဒီသားရဲနဲ့ ပတ်သတ်လို့ ရှေးဟောင်းနတ်ဘုရားထူစီ မှတ်ဉာဏ်ထဲမှာလည်း မရှိဘူး။ ထူးစီ မသိတဲ့ဟာဆိုတော့ ဒါက သူသေပြီးမှ ပေါ်လာတာ ဖြစ်မယ်။ ဒီလို ကြီးမားတဲ့သားရဲလိုမျိုး ရှိတဲ့ နေရာက ဘယ်လိုနေရာမျိုးလဲ…”

“ဒီနေရာက လေထဲကနေ ဖြစ်လာတော့တော့ မဟုတ်ဘူး၊ တစ်စုံတစ်ယောက် ဖန်တီးထားတာပဲ။ ဒီလိုကြီးမားလှတဲ့ သားရဲခန္ဓာကိုယ်ကို အသုံးပြုပြီး ဝင်ပေါက်လမ်းကြောင်း ဖန်တီးထားနိုင်တဲ့ စွမ်းအားရှိနေတဲ့ လူက ဘယ်သူများလဲ…”

ဝမ်လင်းက ပင့်သက်ရှိုက်မိသည်။ ထို့နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက စတင်စဉ်းစားလေ၏။ သူက ယောင်ရှင်းရွှယ်ကို ကြည့်လိုက်ပြီး သူ့ဟာသူ တွေးလိုက်၏။

“ငါက သူမဆီကနေ ဒီနေရာပတ်သတ်တဲ့ သတင်းအချက်အလက်အားလုံးကို သိနိုင်ဖို့ နည်းလမ်းတစ်ခု စဉ်းစား ကြည့်ကိုကြည့်ရမယ်…”

သူက ခဏတာ စဉ်းစားပြီးနောက် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်၏။ သူက သူ့ကိုယ်သူ တည်ငြိမ်စွာ လုပ်၍ သူ့နယ်ပယ်ထဲသို့ ဝင်ရောက်ရန် ပြင်လိုက်၏။ ရုတ်တရက် အတွေးတစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset