Switch Mode

အပိုင်း (၅၉၅):

ခွန်အား ပြသခြင်း

“ငါတို့က ဘယ်လို အမြင်မျိုး ရှိရမှာလဲ…။ ဒီလူက အချိန်ဖြုန်းနေတာပဲ။ ဒါ့ကြောင့် ငါတို့က သူနဲ့ ပတ်သတ်ပြီး ဘာမှ ခေါင်းထဲထည့်ထားစရာမလိုဘူး…” ထိုသို့ပြောလိုက်သည့်လူက သက်လတ်ပိုင်းလူကြီး တစ်ယောက်ပင်။ သူ့မျက်နှာက မထီမဲ့မြင်ဆန်မှုနှင့် ပြည့်နေကာ သူက တပ်မှူးအသစ်က စိတ်ထဲကနေကို အထင်သေးနေသည့်ပုံပင်။

တိတိကျကျ ပြောရလျှင် သူက မည်သည့်ပြင်ပကျင့်ကြံသူကိုမျှ ထိုက်တန်သည်ဟူ၍ မထင်ချေ။

“တပ်စုခေါင်းဆောင်စွန်က ဒီနေမှာတော့ မှားနေပြီထင်တယ်။ ဒီတပ်မှူးအသစ်က တကယ့်ကို တွက်ချက်တက်တဲ့လူ။ တစ်ခုမှ မလုပ်ဘဲ ဒီလိုမလှုပ်မယှက်နေနိုင်ဖို့က သာမန်လူတစ်ယောက် လုပ်နိုင်တဲ့ အရာ မဟုတ်ဘူး…”

ဆံပင်ဖြူနှင့်အဘိုးအိုက ထိုသို့ ထပြောလိုက်၏။

သည်လူက အိုနေပြီ ဖြစ်သော်လည်း အနက်ရောင်ချပ်ဝတ်က သူ့ကို တည်ငြိမ်မှုနှင့် ခိုင်မြဲမှုကို ဖြစ်စေသည်။

ခေါင်းဆောင်စွန်က အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “သင်က ရှုပ်အောင်လုပ်နေတာပဲ…”

လူတိုင်းသည် ဝမ်လင်းနှင့်ပတ်သတ်လို့ အမြင်ရှိကြသည်သာ။ သို့သော် အဆုံးသပ်၌ သပ်သပ်မတ်မတ် အမြင်တစ်ခုကို မချမှတ်နိုင်ကြချေ။ စီမာယန်က သူနားထင်စကို ပွတ်သပ်ကာ ပြောလိုက်၏။ “ကောင်းပြီ…။ မင်းတို့အားလုံး ဒီလူ့ကို ကိုယ်ထိလက်ရောက် မကျူးလွန်ဖို့ မှတ်ထားပါ။ ငါက သူ ဒီလိုအကြာကြီး တိတ်ဆိတ်ပြီးနေနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး…”

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း ဝမ်လင်း စစ်တပ်ထဲ၌ ကျင့်ကြံနေသည်မှာ လဝက် ရှိသွားပေပြီ။ သည်လဝက်အတွင်း ဝမ်လင်းက တစ်စုံတစ်ခုကိုပင် ပြုလုပ်ခဲ့ခြင်း မရှိချေ။ သူက ထိုင်၍သာ တိတ်တဆိတ် ကျင့်ကြံလျက်သာ ရှိနေ၏။ သည်စစ်တပ်က သူ့ ကျင့်ကြံခြင်းနေရာ ဖြစ်လာသလားပင် ထင်မှတ်ရသည်။

ဆယ့်သုံးကလည်း သူ့စိတ်နှလုံးကို တည်ငြိမ်အောင်လုပ်ကာ ဝမ်လင်းနှင့်အတူ ကျင့်ကြံလျက်ရှိသည်။

သို့ရာ၌ ဟော်ဖောင်၏ ဒေါသက အဆက်မပြတ်တိုးလျက် ရှိနေ၏။ ဝမ်လင်း အမြင်ကို စိတ်ပူနေခြင်းကြောင့်သာ မဟုတ်လျှင် သူက သူ့စိတ်ဝိညာဉ်အလံကို ထုတ်၍ တိုက်ပွဲတစ်ခု ဆင်နွှဲနေပြီ ဖြစ်၏။

ဝမ်လင်းက တိတ်ဆိတ်စွာသာ ရှိနေခြင်းက တပ်သားတစ်သောင်း၏ အမြင်တွင် ပို၍ အထင်းသေးလာခဲ့သည်။

ဝမ်လင်းက သည်အရာကို ဂရုစိုက်ခြင်း မရှိချေ။

သည်နေ့တွင် တပ်စုခေါင်းဆောင်စွန် ဦးဆောင်သည့် တပ်စုက ဝမ်လင်းတို့ကို ဖြတ်ကျော်သွားပြီး လေ့ကျင့်နေကြ၏။ ခေါင်းဆောင်စွန်က ဝမ်လင်းအပေါ် သူ့မထီမဲ့မြင်နိုင်မှုနှင့် အထင်သေးမှုတို့ကို ဖုံးကွယ်ထားခြင်း မရှိချေ။ သူက ဝမ်လင်းကို ဖြတ်ကျော်သွားသည့်အခိုက်၌ တံတွေးထွေးကာ ပြောလိုက်၏။ “အမှိုက်…”

တပ်စုအဖွဲ့ဝင်တပ်သားများက သူတို့ခေါင်းဆောင်၏ ဟန်ပန်ကို တွေ့မြင်လိုက်သည့်အခါ စတင်၍ ရယ်မောကြ၏။ သူတို့ရယ်သံထဲ၌ မထီလေးစားမှု အပြည့်ပင်။

တံတွေးက မြေပေါ်သို့ ကျသွားသည့်အခိုက်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့၏။ သူ့မျက်လုံးများက တည်ငြိမ်နေပြီး သူ့အသံက ပိုလို့ပင် တည်ငြိမ်ကာ သူက ပြောလိုက်သည်။ “တပ်စုခေါင်းဆောင်စွန်… မင်း ဘာပြောလိုက်တာလဲ…”

ခေါင်းဆောင်စွန်က မှင်တက်သွား၏။ သည်လဝက်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဝမ်လင်းက စကားပြောလာခြင်းပင်။ သူက စိတ်ထဲ၌ နှာခေါင်းရှုံ့ကာ မထီလေးစားဟန်ဖြင့် ပြောလိုက်၏။ “ငါက မင်းကို အမှိုက်လို့ ပြောလိုက်တာ…”

သူ့အသံထဲ၌ မောက်မာမှုတို့ ပါနေ၏။ သို့သော် သူက စကား ဆုံးအောင် မပြောလိုက်ရခင် ဝမ်လင်းမျက်လုံးက အေးစက်လာကာ ရန်စသည့်အပြုံးကို ထုတ်ဖော်သည်။ သူ့ညာလက်က ရုတ်တရက် လှုပ်ရှားသွားပြီး ဆန့်ထုတ်လိုက်ရာ မမြင်ရသောအားတစ်ခု ရုတ်တရက်ပေါ်လာ၏။ အကြီးအကဲစွန်၏ ခန္ဓာကိုယ်က ထိုမမြင်ရသောအားဖြင့် ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ဝမ်လင်းထံသို့ ခုခံခြင်းမဲ့ကာ တရွတ်တိုက် ပါလာတော့သည်။

အကြီးအကဲစွန်၏ အသွင်က ချက်ခြင်း ပြောင်းလဲသွား၏။ သူက ရုန်းကန်ရန် ကြိုးစားလိုက်၏။ သို့သော် သူမည်မျှ ကြိုးစားသည် ဖြစ်စေ အသုံးမဝင်ချေ။

သူ့ခန္ဓာကိုယ်က ဝမ်လင်းနားသို့ ပျံဝဲလာကာ ဝမ်လင်းက သူ့လည်ပင်အား ဖမ်းဆုပ်လိုက်၏။

“မင်း…” သူ့ခေါင်းမှ သွေးများ စီးကျလာကာ သူ့မျက်နှာကလည်း နီရဲလာ၏။ သူ့လည်ပင်းပေါ်ရှိလက်က သူကို သေမင်းတံခါးဝနားသို့ ပိတ်လှောင်ထားသလို ဖြစ်နေလေသည်။

သူ့လက်ရှိ အခြေအနေ၌ သူက ဝမ်လင်းကို တောင်းပန်သည့်အကြည့်ဖြင့်သာ ကြည့်နေနိုင်သည်။သူက သည်လူသည် သူ့ကို သတ်ရဲမည်ဟု မယုံကြည်ချေ။ သို့သော် သူက ခုချိန်၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ကြောက်လန့်နေမိပြီ ဖြစ်၏။ ဝမ်လင်းက တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် သူက ခုခံနိုင်စွမ်း ကင်းမဲ့ခဲ့ရသည် မဟုတ်လား။ အကြီးအကဲစီမာပင် ထိုသို့ မလုပ်နိုင်ပေ။

သူတို့ တပ်စုခေါင်းဆောင် ဖမ်းဆုပ်ခြင်းခံရသည်ကို တွေ့သည့်အခါ တပ်သားတစ်ထောင်က ရုတ်တရက်လှုပ်ရှားလာကာ ဝမ်လင်းထံသို့ ဦးတည်လာ၏။

ဝမ်လင်းမျက်လုံးက အေးစက်လာပြီး သူက ပြောလိုက်သည်။ “ဆယ့်သုံး…ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ စစ်ဥပဒေ ရှစ်ခုမြောက်ကို ရွတ်ပြစမ်း…”

ဆယ့်သုံးက ကျောက်စိမ်းပြားထဲက အကြောင်းအရာများကို မှတ်သားထားပြီး ဖြစ်သည်။ ဝမ်လင်းက ထိုသို့မေးလိုက်သည်နှင့် သူက မြန်ဆန်စွာ ပြောလိုက်သည်။ “အထက်လူကြီးကို ပုန်ကန်တဲ့လူကို သတ်ပစ်ပါ…”

အုပ်စုခေါင်းဆောင်စွန်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့နှလုံးသားထဲ၌လည်း စိုးရွားစွာ ခံစားနေရသည်။ သူက စကားပြောလိုသော်လည်း ဝမ်လင်းက သူ့လည်မျိုကို ညှစ်ထားသည့် မဟုတ်လား။

ဝမ်လင်းမျက်လုံးက အလွန်အမင်း အေးစက်လာပြီး ကျောချမ်းဖွယ်အပြုံးကို ထုတ်ဖော်သည်။ သူက ရုတ်တရက် ညာလက်ကို အားစိုက်ညှစ်လိုက်ရာ တပ်စုခေါင်းဆောင်စွန်၏ လည်ချောင်းရိုးက ဂျွတ်ခနဲ ကျိုးသွားတော့သည်။ သူက စကားတစ်ခွန်းပင် မပြောလိုက်နိုင်ချေ။ တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းက သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ကျင့်ကြံမှုအဆင့်ကို ဖျက်စီးလိုက်၏။

ခေါင်းဆောင်စွန်က သူသေဆုံးသွားချိန်ထိ မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ သူက တပ်မှူးအသစ်က သူ့ကို သတ်ရဲလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

ခန္ဓာကိုယ်ကို ကိုင်ထားရင်း ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်သည်။ထို့နောက် ခေါင်းဆောင်စွန်ထံမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာပြီး ဝမ်လင်း၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

သည်အရာများက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဆယ့်သုံး စကားဆုံးသည်နှင့် ဝမ်လင်းက သည်လူ့ကို ချက်ခြင်း သတ်ပစ်လိုက်ခြင်းပင်။

သည်အခိုက်တွင် တိုးဝင်လာနေသည့် နတ်ဆိုးတပ်သားများက ရပ်တန့်သွားကြ၏။ သူတို့မျက်လုံးထဲ၌ ဒေါသများ ပြည့်နေသည်။

ဝမ်လင်းက ခေါင်းဆောင်စွန်၏ ခန္ဓာကိုယ်ကို ရှေ့သို့ ပစ်ပေးလိုက်၏။ ထို့နောက် သူက နတ်ဆိုးတပ်သားများကို အေးစက်စွာ ကြည့်သည်။ စကားတစ်ခွန်းမျှတော့ မဆိုချေ။

သည်ခန္ဓာကိုယ်က နတ်ဆိုးတပ်သားများ ရှေ့သို့ ကျရောက်သွား၏။ တပ်စုခေါင်းဆောင်စွန်၏ သေဆုံးသွားတာတောင်မှ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေမှုကို မြင်လိုက်သဖြင့် နတ်ဆိုးတပ်သားများ၏ ဒေါသက မြင့်တက်သွားတော့သည်။

နတ်ဆိုးတပ်သားများထဲမှ တစ်ယောက်က ဒေါသတကြီး အော်လိုက်၏။ “ညီကိုတို့ တပ်စို ခေါင်းဆောင်အတွက် လက်စားချေကြရအောင်…”

သည့်နောက် နတ်ဆိုးတပ်သားများ၏ ဒေါသတကြီးအော်သံများက ဟိန်းထွက်လာသည်။ သူတို့အားလုံးက ဝမ်လင်းထံသို့ ချက်ခြင်း ပြေးဝင်လာကြကာ နတ်ဆိုးအော်ရာများကို ထုတ်လွှတ်လာ၏။ သူတို့အမြင်၌ ဝမ်လင်းက သူတို့ရန်သူပင်။

ဝမ်လင်းမျက်လုံးက ပိုမိုအေးစက်လာကာ သူက ခပ်တိုးတိုး ပြောလိုက်၏။ “မင်းတို့ရဲ့ အထက်လူကြီးကို ပုန်ကန်တာပေါ့…”

ထို့နောက် သူက ကျောချမ်းဖွယ်ပြုံးသည်။ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူကာ တစ်ချက်လွှဲပိုင်းလိုက်၏။ ဓားစွမ်းအင်တန်းက ချက်ခြင်း ထိုးတက်သွားသည်။ လခြမ်းကွေးဓားသွားကလည်း နောက်ကနေလိုက်ပါသွားပြီး နတ်ဆိုးတပ်သားများထံသို့ တိုက်ရိုက်တိုးဝင်သွားတော့သည်။

အော်သံများက သည်ဧရိယာအတွင်း ချက်ခြင်း ပဲ့တင့်ထပ်သွား၏။ သည်နတ်ဆိုးတပ်သားများက အမြုတေဖွဲ့တည်ခြင်းအဆင့်၌သာ ရှိနေကြသေးကာ ကောင်းကင်ဘုံဓားကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။ ဓားတစ်ချက်ဖြင့်ပင် နတ်ဆိုးတပ်သားများ၏ ခေါင်းများက မြေပေါ်သို့ လိမ့်ကျသွားတော့သည်။

ထိုသို့ ဗြောင်းဆန်သွားသည်ကို အခြားတပ်စုများမှ တပ်သားများကလည်း မြင်လိုက်ရသည်။ သူတို့အကြည့်က ဆိုင်ရာဆိုင်ရာ တပ်စုခေါင်းဆောင်များထံသို့ ရောက်ရှိသွား၏။ ကျန်သည့် တပ်စုခေါင်းဆောင်ကိုးယောက်လည်း တဟုန်ထိုး တိုးဝင်လာကြသည်။နတ်ဆိုးတပ်သားများက သူတို့နောက်မှ အမြန်လိုက်ပါလာကြ၏။

တပ်စုခေါင်းဆောင်များထဲမှ တစ်ယောက်က ခပ်မြန်မြန် အော်ဟစ်လိုက်သည်။ “ရပ်လိုက်ကြ…”

ငါးဆယ်ကီလိုမီတာ ဆိုသည်က ကျယ်ပြောသော အကွာအဝေးတစ်ခု မဟုတ်ချေ။ သိပ်မကြာခင်တွင် နတ်ဆိုးတပ်သား ကိုးထောင်က ဝမ်လင်းရှိရာသို့ တလိမ့်လိမ့် ရောက်ရှိလာကြတော့၏။

ဝမ်လင်းက သူတို့ကို ကြည့်ပင် မကြည့်ချေ။ သူက သူ့လက်ကို ဖွင့်ဟကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ကို ဝဲကတော့ တစ်ခု ဖြစ်စေ၏။ သည်အခိုက်၌ ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေးဓားတို့၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့် နတ်ဆိုးတပ်သားများ၏ ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ထွက်လာကြသည်။ ထို့နောက် ၎င်းစွမ်းအင်များက ဝမ်လင်းထံသို့ ပျံဝဲသွားပြီး ဝမ်လင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

နတ်ဆိုး စိတ်ဝိညာဉ်စွမ်းအင်က အလွန်ထူထဲကာ ဝဲကတော့၏ အလယ်၌ ဝမ်လင်းရှိနေ၏။ တပ်သားကိုးထောင်ရောက်လာသည့်အခါတွင် ဝမ်လင်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူမှု ပြီးစီးသွား၏။ သူက သူ့လက်ချောင်းကို လေထဲသို့ လက်ညွှန်လိုက်ရာ ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေးဓားသွားတို့က သူ့ထံသို့ ပြန်လာကြ၏။ ကောင်းကင်ဘုံဓားနှင့်လခြမ်းကွေးဓားသွားတို့က သူ့ခေါင်းထက်၌ လွင့်မြောနေကာ ထက်ရှသော တုန်ခါမှုကို ထုတ်လွှတ်နေ၏။

အချိန်တိုအတွင်း တပ်စုခေါင်းဆောင်စွန်၏ တပ်သားတစ်ထောင်တွင် တစ်ဝက်ကျော်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အနက်ရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသည့် အခြားတပ်စုခေါင်းဆောင်ကိုးယောက် ဝမ်လင်းအနားသို့ နီးကပ်လာ၏။ သူတို့၏ အကြည့်က တပ်စုခေါင်းဆောင်စွန်၏ အလောင်းပေါ်သို့ ကျရောက်နေကြသည်။

နတ်ဆိုးတပ်သား ကိုးထောင်က ဖြန့်ကျက်ကာ ဝမ်လင်းနေရာကို ဝန်းရံထား၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သည်ဧရိယာတွင် ပြည့်နှက်နေသည်။ သူတို့က ဝမ်လင်းကို ရိုးရိုးဝန်းရံထားခြင်း မဟုတ်ပေ။ အစီအရင်တစ်ခုဖန်တီးကာ ဝန်းရံထားခြင်း ဖြစ်၏။

ဆယ့်သုံးနှင့်ဟော်ဖောင်တို့က ချက်ခြင်းမတ်တပ်ထရပ်၏။ သူတို့မျက်လုံးများက အေးစက်လာသည်။ အထူးသဖြင့် ဟော်ဖောင်ပင်။ သူက လျှာသပ်ကာ သူ့စိတ်ဝိညာဉ်အလံများကို ထုတ်၍ ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်လိုက်၏။

ဝမ်လင်းက မြေပြင်ပေါ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်လျက်သာ ရှိနေသည်။ သူက အစောပိုင်းတုန်းက သတ်ဖြတ်တုန်းကပင် မတ်တပ်ထရပ်ခြင်း မရှိချေ။ သည်အခိုက်၌ သူ့ကို နတ်ဆိုးတပ်သားကိုးထောင်က ဝန်းရံထားသော်လည်း ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲသာ။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းတို့က မင်းတို့ရဲ့ အထက်လူကြီးကို ပုန်ကန်ချင်ကြတာလား…”

တပ်စုခေါင်းဆောင်ကိုးယောက်၏ နှလုံးသားက ရုတ်တရက် အေးစက်သွား၏။ မြေပေါ်တွင် ကျနေသည့် သွေးများက ခုထိ မခြောက်သေးချေ။ သည်အရာများကြောင့် ဝမ်လင်းပုံရိပ်က တပ်စုခေါင်းဆောင်ကိုးယောက်၏ စိတ်ထဲ၌ ချက်ခြင်း ပြောင်းလဲသွားသည်။

သူ့စကားကို ကြားလိုက်သည့်အခါ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ စကားတော့ မဆိုကြချေ။

သည်အခိုက်မှာပင် ဒေါသတကြီး အသံတစ်ခုက အကွာအဝေးတစ်ခုမှ ပျံ့နှံ့လာ၏။ စီမာယန်က လေပြင်းတစ်ခုအလား တဟုန်ထိုး တိုးဝင်လာသည်။ သူက နတ်ဆိုးတပ်သားများကို ကျော်ဖြတ်ကာ မြင်ကွင်းရှေ့သို့ ချက်ခြင်း ရောက်လာ၏။ သည်နေရာရှိ သွေးလွှမ်းနေမှုကို ကြည့်ပြီး သူ့မျက်နှာက အလွန်အမင်း သုန်မှုန်သွားတော့သည်။

သူက အစောပိုင်းကတည်းက တပ်ထဲရှိ ရုန်းရင်းဆန်ခတ် ဖြစ်မှုကို ကြားသိခဲ့သည်။သို့ရာတွင် သူက ချက်ခြင်းထွက်ပေါ်လာခြင်း မရှိသေးဘဲ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ စစ်ကြီးကြပ်ကို ဆယ်သွယ်နေခဲ့သည်။ သူက ဝမ်လင်း အဝိုင်းခံရသည့်အထိ စောင့်နေပြီးမှ ခုလို ထွက်လာခြင်း ဖြစ်သည်။

စီမာယန်က အလေးအနက် ပြောလိုက်၏။ “အရှင်တပ်မှူး…ဘာအကြောင်းပြချက်မှ မရှိဘဲ သင်က ခေါင်းဆောင်စွန်နဲ့ သူ့တပ်စုသား တွေကို သပ်ပစ်ခဲ့တယ်။ ငါက ဒီကိစ္စကို ဒီအတိုင်း မပြီးသွားစေရဘူး…”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ပြုံးကာ ပြောလိုက်၏။ “ဆယ့်သုံး…ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ စစ်ဥပဒေ ဆယ့်သုံးခုမြောက်ကို ရွတ်ပြစမ်း…”

ဆယ့်သုံးက ခပ်မြန်မြန် ရွတ်ဆိုလိုက်သည်။ “စစ်တပ်ကို ဝန်းရံပိတ်ဆို့တဲ့လူတွေက အသက်အခါ သုံးဆယ်ရှူချိန်အတွင်း ပြန်ဆုတ်ရမယ်…၊မဟုတ်ရင် သတ်…”

“ဒုတိယမြောက် စစ်ဥပဒေကို ထပ်ရွတ်…”

“မသေမျိုးသတ်ဖြတ်ခြင်း အစီအရင် အဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်ထက် အဆင့်တွေကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်အချင်းချင်း အပေါ် အသုံးပြုထားရင် အသက်ရှူချိန် နှစ်ဆယ်စာ အတွင်း ရပ်စဲရမယ်။ မဟုတ်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ စီမာယန်၏ မျက်နှာက ပိုပိုသုန်မှုန်လာသည်။ သူက သည်လူသည် လွန်ခဲ့သောလဝက်အတွင်း ဘာမှ လှုပ်ရှားခြင်း မရှိရသည့် အကြောင်းကို ချက်ခြင်း နားလည်လိုက်၏။ သည်လူက စောင့်နေခြင်းပင်။ လှုပ်ရှားရမည့် အချိန်ကို စောင့်နေခြင်းပင်။ ထိုမှသာ လူတိုင်းက ဘေးကပ်စိုးထဲ၌ ပိတ်မိမည် မဟုတ်လား။

တပ်စုခေါင်းဆောင်ကိုးယောက်ထဲမှ သုံးယောက်က ချက်ခြင်း နောက်သို့ ဆုတ်သွား၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ရာ အခြားလူများ၏ မျက်လုံးထဲရှိ ကြောက်လန့်မှုကို အပြန်အလှန်တွေ့မြင်လိုက်ကြရသည်။ သူတို့က တပ်မှူးရာထူးအတွက် အငြင်းအခုံဖြစ်မှုတွင် ပါဝင်ပတ်သတ်လိုခြင်း မရှိကြေချေ။

“ဆယ့်သုံး အချိန်စမှတ်တော့…” ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်၏။ သူက စီမာယန်ကို ထပ်မံကြည့်ရှုခြင်း မရှိတော့ချေ။

ဆယ့်သုံးမျက်လုံးများက တည်ငြိမ်နေကာ သူက ဖြည်းညင်းစွာ စပြော၏။ “အသက်ရှုစာ ဆယ့်သုံးကြိမ် ကြာချိန် ကုန်သွားပြီ။ ၁၆၊ ၁၅၊ ၁၄၊ ၁၃…”

Comment

Leave a Reply

Options

not work with dark mode
Reset