Switch Mode

အပိုင်း (၅၉၄):

တိတ်ဆိတ်နေမှု၏ ကြောက်မက်ဖွယ်

ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ လှမ်းထွက်လာသည်နှင့် နတ်ဆိုးတပ်သား တစ်သောင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါဝင်သည့် ငြာသံပေးလိုက်ကြသည်။ သည်ငြာသံထဲ၌ ပါဝင်သည် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအားက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းတစ်ယောက်၏ အော်သံထက် အားနည်းမည် မဟုတ်ချေ။

စစ်ကြီးကြပ်သူက လှောင်ပြုုံးပြုံး၍ ချောင်းဟန့်ကာ ပြောလိုက်သည်။ “တပ်မှူးစီမာ ဘယ်မာလဲ…”

ထိုသို့ပြောပြီးနောက် အကွာအဝေးတစ်ခုမှ မြင်းခွာသံများ ကြားလိုက်ရ၏။ ဦးချိုတစ်ချောင်းနှင့် ကြီးမားသည့်သားရဲကြီးတစ်ကောင်က တဟုန်ထိုး လာနေသည်။ သည်သားရဲက အလွန်မြန်ဆန်လှ၏။

သည်သားရဲ ကျောပေါ်၌ လူတစ်ယောက်က မတ်တပ်ရပ်ကာ ပါလာ၏။ သူက ခရမ်းရောင်အမှတ်အသားနှင့် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ အနက်ရောင်စစ်ခမောက်ကို ဆောင်းထားသည်။သည်စစ်ခမောက်တွင် မျက်လုံးနှစ်ခုစာ ဟနေသည်။ထိုမျက်လုံးနေရာကနေ ထူထဲသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်နေ၏။

အစောပိုင်းတုန်းက ဝမ်လင်းထွက်ပေါ်လာသည်ကို ပထမဆုံးမြင်မြင်ချင်း သူက မစိုသလောက်လေး တုန်လှုပ်ဟန် ပေါ်ထွက်သွားသေးသည်။သို့သော် ချက်ခြင်းပင် သတ်ဖြတ်ခြင်းဆန္ဒက ပြန်အစားထိုးသွား၏။

သည်လူက သည်ဧရိယာသို့ တန်းတန်းမတ်မတ် လာနေကာ တပ်သားများက ဘေးတစ်ဖက်သို့ လမ်းရှင်းပေးလိုက်ကြ၏။ သူက ဝမ်လင်းရှိ တည့်တည့်လာသလို ဖြစ်သွားတော့သည်။

စစ်ကြီးကြပ်က သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ အနက်ရောင်ချပ်ဝတ်နှင့် လူထံသို့ လှည့်၍ ပြောလိုက်၏။ “ဒါက အသစ်ခန့်အပ်ထားတဲ့ တပ်မှူး၊ လက်ထောက်တပ်မှူးစီမာ… သင်က သူ့ကို မနှုတ်ဆက်လိုဘူးလား…”

စစ်ကြီးကြပ်က “လက်ထောင်တပ်မှူး” ဆိုသည့်နေရာတွင် အသံဖိ၍ ပြောလိုက်၏။

အနက်ရောင်ချပ်ဝတ်နှင့်လူက ဝမ်လင်းက သုန်မှုန်စွာကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ “စီမာက တပ်မှူးကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ထိုလူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ငါတို့ ဆုံခဲ့ပြီးပြီး…”

စီမာက အေးစက်စွာ နှာခေါင်းရှုံ့ကာ သူ့စစ်ခမောက်ကို ချွတ်လိုက်၏။ သူက စားသောက်ဆိုင်၌ တွေ့ခဲ့ရသော သုန်မှုန်နေသောမျက်နှာနှင့်လူပင်။

စစ်ကြီးကြပ်က ဝမ်လင်းထံသို့ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “တပ်မှူးဝမ်…ငါက မင်းကို ဒီနေရာ ခေါ်လာခဲ့ပေးပြီးပြီး။ ငါ ပြန်တော့မယ်။ ငါက ဗိုလ်ချုပ်ကို တင်ပြစရာ ရှိသေးလို့…”

ဝမ်လင်းက ပြုံးလိုက်သည်။ “ကျေးဇူးပါ…အရှင် စစ်ကြီးကြပ်…”

စစ်ကြီးကြပ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ အစီအရင်ထဲသို့ လှမ်းလျှောက်ဝင်သွား၏။ သူထွက်ခွာသွားပြီးနောက် စစ်တန်းလျား တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ကာ သွားသည်။ အသံရှူသံတစ်ခုသာ သည်နေရာ၌ ရှိနေ၏။

စီမာယန်က ဝမ်လင်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ထမလာနိုင်သေးတဲ့ တပ်သားခြောက်ယောက်ကလွဲလို့ တပ်သား တစ်သောင်းလုံးက ဒီမှာ ရှိနေတယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲသာ။ သူက နတ်ဆိုးတပ်သားများကို ကြည့်လိုက်၏။ သူမြင်လိုက်သည်က ရန်လိုမှုနှင့် အထင်သေးမှုတို့ပင်။ သူ့မျက်လုံးက အေးစက်လာပြီး သူက ပြောလိုက်၏။ “မင်းတို့ အားလုံး ထွက်သွားနိုင်ပြီ…”

မည်သည့်တပ်သားကမျှ တစ်လက်မပင် မရွေ့ချေ။ သူတို့အားလုံး၏ အကြည့်က စီမာယန်ထံ၌သာ ရှိနေ၏။

စီမာယန်က စကားတစ်ခွန်းမှ မပြောသေးသ၍ သူတို့က မည်သူ့စကားမျှ နားမထောင်သည့်ပုံပင်။ သူက အသစ်ခန့်အပ်ထားသည့် တပ်မှူးဖြစ်နေမည်ဆိုရင်တောင်မှပေါ့။

ဝမ်လင်းက တပ်သားများကို မကြည့်တော့ဘဲ တပ်စုဆယ်ခုကို ဖြတ်၍ လျှောက်လာ၏။ ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကလည်း သူ့နောက်မှ အမြန်လိုက်ပါလာ၏။ သူတို့အသွင်က သုန်မှုန်နေကာ နှုတ်ဆိတ်လျက်သာ ရှိနေ၏။

သူတို့သုံးယောက် ထွက်သွားသည့်အခါ တပ်သားတစ်သောင်းက လှောင်ရယ်မောလိုက်ကြတော့သည်။ သည်ရယ်သံထဲ၌ အထင်သေးမှုတို့ ပါဝင်နေသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စီမာယန်ကတော့ မရယ်မောချေ။ သူက အနည်းငယ်ပင် မျက်မှောင်ကြုတ်နေသည်။ သူက တပ်မှူးသစ်အကြောင်း ကောင်းကောင်းမသိချေ။

စီမာယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မင်းတို့အားလုံး ထွက်သွားနိုင်ပြီ။ ဆက်ပြီးတော့ လေ့ကျင့်ကြ…” သူ့အသံက တိုးသော်လည်း နတ်ဆိုးတပ်သားများနားထဲ၌ ကျယ်လောင်စွာ တိုးဝင်သွားခဲ့၏။ တပ်စု ဆယ်ခုက မြန်ဆန်စွာပင် လူစုခွဲ၍ သူတို့လေ့ကျင့်မှုကို စတင်ကြတော့၏။

စစ်တပ်ထဲ၌ စစ်တန်းလျားအပြင် ရိုးရှင်းသော အိမ်တစ်ခုလည်း ရှိနေ၏။ထိုအိမ်က အစီအရင်တစ်ခုနှင့် ကာကွယ်ထားသည်။ အိမ်ဘေး၌ အနက်ရောင်အလံတစ်ခုလည်း ရှိနေသည်။ သည်အလံပေါ်၌ စီမာ ဆိုသည့်နာမည်ကို ရေးထိုးထားသည်။ သည်အိမ်မာ စီမာယန်၏ အိမ်မှန်း သိသာပေ၏။

သည်အိမ်အပြင် အခြားအဆောင်အဦ တစ်ခုလည်း ရှိနေသေး၏။

ဟော်ဖောင်က သူ့ရှေ့ရှိ အရာများကို ကြည့်နေ၏။ သူက သူ့နောက်မှ ရယ်သံများကို ကြားလိုက်ရပြီးနောက် စိတ်တိုစွာ ပြောလိုက်သည်။ “ဘိုးဘေး…ဒီနတ်ဆိုးတပ်သားတွေက လွန်နေပြီ…”

ဝမ်လင်းအသွင်က ခုထိ တည်ငြိမ်နေဆဲပင်။ သူက ပြောလိုက်၏။ “သူတို့ကို စိတ်ထဲထားမနေနဲ့။ ငါတို့ ဒီမှာနေဖို့ နေရာ မရှိသေးတော့ အပြင်မှာပဲ ကျင့်ကြံကြတာပေါ့…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက မြေကွက်လပ်တစ်ခုကို ရှာ၍ ကျင့်ကြံရန် ထိုင်ချလိုက်သည်။

ဟော်ဖောင်က သူ့ဒေါသကို အတင်းဖိနှိပ်ထားရပြီး သူက ပြန့်ကျဲကာ အနှံ့ရှိနေသည့် နတ်ဆိုးတပ်သားများကို အေးစက်စွာ ကြည့်နေ၏။ သူက အေးစက်စွာ နှာခေါင်းရှုံ့၍ ဝမ်လင်း ဘယ်ဘက်ခြမ်းသို့ လျှောက်လာကာ သူ့ကို စောင့်ကြပ်ပေးရန် ထိုင်ချလိုက်သည်။

ဆယ့်သုံးအသွင်က သုန်မှုန်နေသော်လည်း သူ့မျက်လုံးများကတော့ တည်ငြိမ်နေ၏။ သူက နတ်ဆိုးတပ်သားများ၏ မထီလေးစားနိုင်မှုကို ဆက်၍ မတွေးတော့ချေ။ သူက ဝမ်လင်း တစ်ခွန်းပြောလိုက်သည်နှင့် သူ့အသက်ကို စတေး၍ ချက်ခြင်း တိုက်ခိုက်ရန်သာ သိသည်။

ဆယ့်သုံးက ဝမ်လင်း ညာဘက်ခြမ်းတွင် ထိုင်ချလိုက်သည်။ထို့နောက် သူက မျက်လုံးမှိတ်၍ ဘီလူးနတ်ဆိုးးကလန်မှ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို စတင်ကျင့်ကြံလိုက်သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း ညရောက်လာခဲ့၏။ သည်တစ်နေ့လုံးတွင် စစ်တပ်ထဲမှ တပ်သားများ၏ဆူညံအော်သံများက ရပ်တန့်သွားခဲ့ခြင်း မရှိချေ။ သူတို့၏ လေ့ကျင့်ခြင်းက တစ်ယောက်နှင့်တစ်ယောက် အစစ်အမှန် ပြိုင်ဘက်အဖြစ်သဘောထားကာ တိုက်ပွဲအတွင်း အသုံးပြုမည့် အစီအရင်များပေါ်၌ အာရုံစိုက်ထားကြခြင်း ဖြစ်၏။ ဝမ်လင်းကို ဖြတ်ကျော်သွားသည့် တပ်သားတိုင်းက အထင်သွေးစွာဖြင့် မထီလေးစား ကြည့်ကြည့်သွားကြသည်။

ဝမ်လင်းအသွင်က တစ်ချန်လုံး ပြောင်းလဲခြင်း မရှိချေ။ သူက တည်ငြိမ်လျက်သာ ရှိနေသည်။

ဆယ့်သုံးကလည်း ဝမ်လင်းကို အတုယူကာ ဆက်လက်ကျင့်ကြံနေသည်။ သူ့စိတ်ထဲ၌ အလိုမကျမှုလှိုင်းများ ဖြစ်ဖြစ်လာသော်လည်း သူက အတင်းပြန်ဖိနှိပ်ထားနိုင်၏။

ဟော်ဖောင်ကတော့ တည်ငြိမ်နိုင်ခြင်း မရှိချေ။ သူက ဖြတ်ကျော်သွားသည့် တပ်သားတိုင်းကို အေးတိအေးစက် ကြည့်နေလျက် ရှိသည်။

ဝမ်လင်း အသွင်က အပြင်ပိုင်း တည်ငြိမ်သည်သာမက စိတ်တွင်း၌လည်း တည်ငြိမ်နေသည်သာ။ သူက သည်နေရာကို အုပ်ချုပ်နိုင်ရန် အလျင်လိုခြင်း မရှိပေ။ ထိုအစား သူက သူတို့ကို လေ့လာစမ်းစစ်နေသည်။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တပ်သားတစ်ယောက်ချင်းစီကို သေချာ လေ့လာကြည့်နေသည်။

တပ်သား တစ်ထောင်တပ်စု တစ်ခုတွင် ခေါင်းဆောင်တစ်ယောက် ရှိသည်။ သူတို့အားလုံးက စီမာယန်၏ လူယုံများပင်။ စားသောက်ဆိုင်ထဲ၌ တွေ့ခဲ့သည့် တပ်သားခြောက်ယောက်က ကျင့်ကြံမှုအဆင့် မြင့်မားခြင်း မရှိသော်လည်း သည်နေရာတွင် အရေးကြီးသည့်လူများ ဖြစ်နေခဲ့သည်။

သူက အလျင်စလို ချက်ခြင်း လှုပ်ရှားခြင်း မပြုသည်မှာ သည်နိုင်ငံများမှ စစ်တပ်များ၏ အုပ်ချုပ်မှုပုံစံများကို ကောင်းကောင်း နားလည်နေသောကြောင့်သာ ဖြစ်သည်။ သူက လျိုယွမ်၏ မှတ်ဉာဏ်ထဲကနေ သည်အကြောင်းကို သိခဲ့ခြင်း ဖြစ်၏။

သည်နေရာရှိ နိုင်ငံကိုးခုလုံးသည့် စစ်တပ်ဥပဒေသကို လိုက်နာရ၏။ သည်အရာက ကျင့်ကြံခြင်းကမ္ဘာနှင့် ခြားနားပေသည်။ သင်ရဲ့ ကျင့်ကြံမှုက နတ်ဆိုးအင်ပါယာကို အနိုင်ယူရန် မလုံလောက်ရင် သင်က သူတို့၏ စွမ်းအားကို ငှားရမ်းချင်ပါက သည်နိုင်ငံ၏ ဥပဒေကို လိုက်နာရမည် ဖြစ်သည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ရောက်လာကြသည့် ပြင်ပကျင့်ကြံသူများက နိုင်ငံကိုးခုထဲက တစ်ခုသို့ သွားရောက်ပြီး တပ်သားများကို အမိန့်ပေးနိုင်သည့်သူ ဖြစ်အောင် လုပ်ကြရသည်။ သည်နည်းလမ်းက သည်နေရာတွင် ခြေကုပ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သင်က တစ်ဦးတည်းဖြစ်နေပြီး နတ်ဆိုးတပ်သား သောင်းချီကို အမိန့်ပေးနိုင်သည့် တစ်ယောက်ယောက်နှင့် တွေ့ဆုံပါက တိုက်ခိုက်မှုပင် လုပ်နေစရာ လိုတော့မည် မဟုတ်ပေ။ သည်နတ်ဆိုးတပ်သားများ၏ ကျင့်ကြံမှုက မြင့်မားခြင်း မရှိသော်လည်း အုပ်စုလိုက်စွမ်းအားက ကောင်းမွန်လှ၏။ သည့်အပြင် သည်နတ်ဆိုးတပ်သားများက အစီအရင်ဝင်္ကပါများကို အထူးပြု လေ့ကျင့်ကြခြင်း ဖြစ်သည်။

လူတစ်ယောက် နတ်ဆိုးတပ်သားများစွာကို သတ်ဖြတ်သည်နှင့် နတ်ဆိုးဗိုလ်ချုပ်လောက် သန်မာသည့် တပ်မှူးချုပ်က ပေါ်လာလိမ့်မည် ဖြစ်သည်။ သည်အချိန်၌ ကျင့်ကြံသူတစ်ယောက်က ထိုနိုင်ငံတွင် ခြေကုပ်ယူရန် ရနိုင်တော့မည် မဟုတ်ပေ။ သည်အခိုက်၌ သူတို့က အခြားနိုင်ငံတစ်ခုသို့ ထွက်ပြေးရတော့မည်သာ ဖြစ်၏။ သူတို့က အခြားနိုင်ငံမှာလည်း အလားတူ ဆက်လုပ်နေပါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သွားရောက်ရန်နေရာပင် ခက်ခဲလွန်းလာတော့မည် ဖြစ်၏။ သူတို့က လူသူကင်းမဲ့သည့်နေရာတွင်သာ တစ်ယောက်တည်း ပုံးကွယ်ကာ ကျင့်ကြံရတော့မည် ဖြစ်၏။ထိုအခါ သူတို့က စစ်တပ်ရာထူးလည်း မရနိုင်တော့သလို ရှေးဟောင်းနတ်ဆိုးနှင့်လည်း ပေါင်းစည်းခြင်း ပြုနိုင်တော့မည့် အခွင့်ရေး မရှိ ဖြစ်သွားပေလိမ့်မည်။

ထိုအကြောင်းများကြောင့် ကျင့်ကြံသူအားလုံးက သည်ကုန်းမြေသို့ ရောက်လာသည်နှင့် နိုင်ငံတစ်ခုအတွင်း နေရာတစ်ခုရရန် ကြိုးစားကြခြင်း ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းသည်လည်း စစ်တပ်ဥပဒေသကို နာခံရမည်သာ ဖြစ်၏။ သူက စစ်တပ်ဥပဒေသကို ချိုးဖျက်ပါက အရာအားလုံး ဆုံးရှုူံးသွားမည် မဟုတ်လား။

ဝမ်လင်း သည်အကြောင်းနှင့်ပတ်သတ်၍ ရှင်းလင်းစွာ သိထား၏။ သူက မတွေးတော မဆင်ခြင်ဘဲ လုပ်ဆောင်ပါက တပ်သားများကို ထိန်းချုပ်ရာ၌ သတ်ဖြတ်မိခြင်းမရှိအောင် ရှောင်ရှားဖို့ ခက်ခဲပေလိမ့်မည်။ သည့်အပြင် သည်နတ်ဆိုးတပ်သားများက တစ်ယောက်ယောက်ကို အသိအမှတ်ပြုသည်နှင့် ထိုလူအသတ်ခံရလျှင်ပင် သူတို့ကို ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးချေ။ အဆုံးသပ်၌ သူက စစ်တပ်ဥပဒေကို ချိုးဖျက်မိပါက တပ်သားများကို ထိန်းချုပ်ရာ၌ ကျရှုံးသွားမည် ဖြစ်ကာ လက်လျော့ရုံသာ တက်နိုင်တော့မည် ဖြစ်၏။

များစွာသော ကျင့်ကြံသူများက သည်အဆင့်တွင် ကျရှုံးခဲ့ကြရ၏။ သည်နေရာသို့ ရောက်လာသည့် ပြင်ပကျင့်ကြံသူထောင်ပေါင်းများစွာ ရှိသော်လည်း ခုလိုမျိုး ရှုံးနိမ်သွားကြပြီးနောက် လူတစ်ချို့တစ်ဝက်သာ ခြေကုပ်နိုင်သည့် နေရာတစ်ခုကို ရရှိနိုင်စွမ်း ရှိခဲ့ကြ၏။

အချို့ကျင့်ကြံသူများက ကောင်းမွန်သောစိတ်မရှိကြချေ။ သူတို့က အမိန့်မနာခံသည့် နတ်ဆိုးတပ်သားများနှင့် တွေ့ကြုံပါက ချက်ခြင်း တိုက်ခိုက်ပစ်ကြသည်။ သို့ရာတွင် နတ်ဆိုးတပ်သားများနှင့်ယှဉ်လျှင် ကျင့်ကြံသူများက ပြင်ပမှလာသူများသာ ဖြစ်ကြသည်။ ထို့ကြောင့် နတ်ဆိုးဗိုလ်ချုပ်က သူတို့ကို မျက်နှာသာ မပေးတော့ချေ။ ထို့ကြောင့်လည်း ပြင်ပကျင့်ကြံသူများအတွက် နေရာတစ်ခု ပေးလျှင် စစ်တပ်ဥပဒေတစ်ခုကို ထပ်ပေါင်းထည့်ခဲ့ကြ၏။

လူတစ်ယောက်က အမိန့်မနာခံလျှင် ထိုလူ၏ အပြစ်၊ သို့သော် လူဆယ်ယောက်က အမိန့်မနာခံလျှင် တပ်မှူး၏ အပြစ်ဟု သတ်မှတ်ထား၏။

ထို့ကြောင့်လည်း ဝမ်လင်းက အလျင်မလိုခြင်း ဖြစ်သည်။ သူက အမဲလိုက်ရမည့် အချိန်ကို စောင့်ဆိုင်းခြင်းမျိုးနှင့် စောင့်ဆိုင်းနေ၏။ အခွင့်ရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သူ့အတွက် လုပ်ဆောင်ရမည့်အခွင့်ရေးက သည်အခြေအနေတစ်ခုလုံး အသားကျသွားချိန်ပင်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ ဝမ်လင်းက သည်မြေကွက်လပ်၌ သုံးရက်ကြာ ကျင့်ကြံလျက် ရှိသည်။ ဆယ့်သုံးကလည်း တည်ငြိမ်နေဆဲပင်။ လွန်ခဲ့သောနှစ်ရက်က ဝမ်လင်းက သူ့ကို ကျောက်စိမ်းပြားတစ်ခု ပေးခဲ့ပြီး အထဲရှိ အကြောင်းအရာများကို မှတ်သားထားခိုင်းခဲ့၏။ ခုလက်ရှိတွင် သူက သည်ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများကို မှတ်သားနေဆဲ ဖြစ်သည်။

သို့ရာတွင် သည်သုံးရက်အတွင်း ဟော်ဖောင်၏ စိတ်မရှည်မှု၊ ဒေါသက ပိုတိုးလာခဲ့သည်။ နတ်ဆိုးတပ်သားများကလည်း သူတို့ကို ဘာမှမဟုတ်သလို ဆက်ဆံကြ၏။ သူတို့အမြင်၌ သူတို့၏ တပ်မှူးအသစ်က ဘာမှ မဟုတ်‌ချေ။

သို့ရာတွင် စီမာယန်က ပိုပို၍ သတိထားလာ၏။ သူက တစ်စုံတစ်ခုမှားနေသည်ဟု ခံစာနေရသည်။ အကြောင်းကတော့ တပ်မှူးသစ်က သူမျှော်လင့်ထားသည်ထက် အပြင်ဘက်တွင် ရှိနေသည်။ သည်သုံးရက်အတွင်း သူက စစ်တပ်ထဲရှိ မည်သည့်ကိစ္စကိုမျှ ကြားဝင်ပတ်သတ်ခြင်း မရှိသလို စကားတစ်ခွန်းမှလည်း ဆိုမလာခဲ့ချေ။ သူက လူသေကောင်တစ်ယောက်ကဲသို့သာ ထိုင်၍ ကျင့်ကြံနေခဲ့ပေသည်။

သူတို့သုံးယောက်ထဲက တစ်ယောက်ကသာ ဒေါသများ ထွက်နေပြီး ပိုပိုပြီး မချင့်မရဲ ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် စီမာယန်က ပိုသတိထားကာ နေမိပေမည်။ သူက ဝမ်လင်း လှုပ်ရှားလာမှာ၊ဒေါသထွက်လာမှာ သို့မဟုတ် တပ်ထဲရှိ အရေးကိစ္စများကို ဝင်စွတ်ဖက်လာမှာကို စိုးရိမ်ကြောက်လန့်ခြင်း မရှိပေ။ သူက သည်လို အခြေအနေများအတွက် ကြိုပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။ သူက ဝမ်လင်းကို သည်နေရာကနေ ကန်ထုတ်ရန် စီစဉ်ထားခဲ့ပြီးသားပင်။ သူက ခုလိုမျိုး ဝမ်လင်း တိတ်ဆိတ်နေကာ ဘာဖြစ်မယ်မှန်း သူမမြင်နိုင်ခြင်းမျိုးကိုသာ ကြောက်လန့်စိုးရိမ်နေမိသည်။

“ဒီ တပ်မှူးအသစ်က ဘာတွေများ တွေးနေတာလဲ…” စီမာယန်က ခုလက်ရှိတွင် အိမ်ထဲ၌ ရှိနေပြီး သူ့အောက်တွင် လူရှစ်ယောက် ထိုင်နေ၏။ သည်လူရှစ်ယောက်က တပ်စုတစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

ရှစ်ယောက်ထဲမှ ဗလတောင့်တင်းလှသည့် ထိပ်ပြောင်လူကြီးတစ်ယောက်က ပြောလိုက်သည်။ “အရှင်တပ်မှူး…ရှုယောနဲ့ ကျိုးခိုင်တို့က ငါတို့နဲ့ အပြန်အလှန် သိပ်မရှိသလိုပဲ။ ခု တပ်မှူးက လူတိုင်းကို အစည်းအဝေးလုပ်ဖို့ ခေါ်ခိုင်းတယ်။ သူတို့က ရောက်မလာကြသေးဘူး…။ အရှင် ဘယ်လိုထင်လဲ…”

သည်လူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ထည်ဝါမှုကို ပေးစွမ်းနေ၏။ သူ့ဦးခေါင်းပြောင် ပေါ်တွင် ကင်းမြှီးကောက်တက်တူး တစ်ခု ရှိနေ၏။ သည်ကင်းမြှီးကောက်က ထူးဆန်းလှသည်။ ၎င်းက အသက်ဝင်နေသည့်အလား ထင်မှတ်ရကာ လူတိုင်းကို မသက်မသာ ဖြစ်စေသော ခံစားချက်အား ပေးစွမ်းနေသည်။

စီမာယန်က သူ့နားထပ်စကို ပွတ်သပ်လိုက်သည်။ သည်သုံးရက်ကို ဖြတ်သန်းရသည်က သူ့အတွက် တစ်နှစ်လောက်ကြာမြင့်သည်ဟု ထင်မှတ်မိနေသည်။သူ့အတွက် ဝမ်လင်းက ပိုမို တိတ်ဆိတ်စွာ ရှိနေလေလေ မကြာခင် ဘေးဒုက္ခတစ်ခုက ရောက်ရှိလာတော့မည်ဟု ခံစားမိလေလေ‌ ဖြစ်နေသည်။

စီမာယန်က အလေးအနက် ပြောလိုက်သည်။

“ငါတို့ ဟိုနှစ်ယောက် အကြောင်း နောက်မှ ပြောကြတာပေါ့။ ငါက မင်းတို့ကို ဒီကို ခေါ်လိုက်တာ ခု အသစ်ခန့်အပ်လိုက်တဲ့ တပ်မှူးအပေါ် မင်းတို့ ဘယ်လိုထင်လဲဆိုတာ ကြားချင်လို့ပဲ။ ငါတို့က တစ်ဖက်တည်းမှာ ဆိုတော့ မင်းတို့ စိတ်ထဲရှိတာ ပြောနိုင်တယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset