Switch Mode

အပိုင်း (၅၉၃):

အနက်ရောင်ချပ်ဝတ် စစ်တန်းလျား

ကျင့်ကြံသူတစ်ယောက်၏ တာအိုက ခိုင်မြဲကာ ပြင်ပမှအားများ လွယ်လွယ် သက်ရောက်နိုင်ခြင်း မရှိချေ။ သည်အရာက တာအိုနှလုံးသားပင်။

နတ်ဆိုးလမ်းကြောင်းကို လျှောက်လှမ်းခြင်းက အေးစက်သည့်လေက ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ကာ နှလုံးသားကို တိုက်ခိုက် စိဝိညာဉ်ကို လွှမ်းမိုးခံရခြင်းဟု ဆိုရမည်။

ဝမ်လင်းမျက်လုံးက ကြည်လင်လာသည့်အခိုက်၌ သူ့မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အငွေ့တို့ ရှိနေသည်။ သူ့ကျင့်ကြံမှုနှင့် သူခိုင်မာသော တာအိုနှလုံးသားနှင့်ပင် သူက ဘေးကပ်ဆိုးတစ်ခုကို တွေ့ကြုံခဲ့ရသေး၏။

ပြန်လည်အောက်မေ့တမ်းတခြင်းက ကြောက်လန့်စရာ မရှိချေ။ လူတစ်ယောက်က သည်လို စိတ်အခြေအနေကနေ ပြန်လည် ရုန်းမထွက်နိုင်မှသာ ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် သည်လိုမျိုး စိတ်နစ်သွားခြင်းက ဝမ်လင်းထံ၌ မဖြစ်တက်ချေ။ သို့သော် ဝမ်လင်းက နတ်ဆိုးလမ်းကြောင်းသို့ ခဏတာ လျှောက်လှမ်းခဲ့သည် မဟုတ်လား။ သူက ဒါကို ဖိနှိပ်ထားနိုင်သော်လည်း သူ့ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးစိတ်အချို့က ကျန်ရှိနေတုန်းသာ။

ရှေးဟောင်းအချိန်တွေတုန်းက ကျင့်ကြံသူများက နတ်ဆိုးများက လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်တက်သည်ဟု ယုံကြည်ခဲ့ကြ၏။ သူတို့က ထိုသို့ ယုံကြည်ရခြင်းမှာ နတ်ဆိုးများက ကောင်းကင်ဘုံထဲ၌ အချိန်မည်မျှမှန်းမသိခဲ့ကတည်းက ပျော်ဝင်ခဲ့သောကြောင့် ဖြစ်ကြ၏။ သည်နတ်ဆိုးများက ကောင်းကင်နှင့်မြေကြီးကို နားလည်ရန် ကျင့်ကြံနေသည့် ကျင့်ကြံသူများကို လွှမ်းမိုးရန် တာဆူခဲ့ကြသည်။

နောက်ထပ်ရှု့ထောင့်တစ်ခုမှ ကြည့်လျှင် နတ်ဆိုးများက နေရာအနှံ့တွင် ရှိ၏။

ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် နတ်ဆိုးများက ကျင့်ကြံသူများ၏ တာအိုကို မီးမြှိုက်ကာ သူတို့မူလစိတ်ဝိညာဉ်အား လောင်ကျွမ်းစေသည်။ထို့ကြောင့် ကျင့်ကြံသူများ၏ ရှင်သန်ခြင်းကို ရရှိကာ ကျင့်ကြံသူတို့၏ တာအိုနှလုံးသားကို ဖျက်စီးပစ်နိုင်ကြသည်။ ရှေးဟောင်းကျင့်ကြံသူများ၏ အမြင်၌ သည်နတ်ဆိုးများက အမှန်ပင် ကြောက်လန့်ဖွယ်ကောင်း၏။ သူတို့က အမှားတစ်ချက် ပြုမိသည်နှင့် နတ်ဆိုးများက သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူတို့ကို ထာဝရ ဖျက်စီးတော့မည် ဖြစ်သည်။

ရှေးဟောင်းကျင့်ကြံသူများ သေဆုံးသွားပြီးနောက် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီး ပေါ်လာခဲ့ကာ သည်လို စိတ်ကူးထင်မှတ်ထားသည့် နတ်ဆိုးများကလည်း ပျောက်ကွယ်၍ ကျိုးကြောင်းကြမှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းက သည်နတ်ဆိုးများ၏ တည်ရှိမှုကို ငြင်းဆိုခဲ့ကြသည်။ ထိုအစား သည်နတ်ဆိုးစိတ်က လူတစ်ယောက်၏ ကိုယ်ပိုင်ခန္ဓာကိုယ်တွင် မွေးဖွားလာခြင်းသာ ဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။ သည်နတ်ဆိုးစိတ်က ကျင့်ကြံသူများ ကောင်းကင်နှင့်မြေကြီးအကြောင်း နားလည်သဘောပေါက်အောင် ကြိုးစားရာ၌ အနှောက်အယှက်ပင်။ လူတစ်ယောက်၏ တာအိုနှလုံးသားက တည်မြဲမှုမရှိပါက သည်နတ်ဆိုးစိတ်ပုံရိပ်ယောင်က နှလုံးသားပေါ်၌ သက်ရောက်မှု ရှိမည် ဖြစ်၏။

ဝမ်လင်းက ထိုသို့ ဖြစ်ပျက်ခဲ့ခြင်းပင်။ သူ ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ပြန်ချင်သည့် စိတ်ဆန္ဒပေါ်ပေါက်ခြင်းသည် သူ့နတ်ဆိုးစိတ်၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။ ထိုသို့သာ ဆက်ဖြစ်ပါက ဝမ်လင်းက သူကိုယ်တိုင် ပြန်နိုးထလာရန် လို၏။ သည်လို နိုးထလာနိုင်ရန် ကြာချိန်က တိုတောင်းနိုင်သလို ကြာမြင့်မှုလည်း ရှိနိုင်၏။

နတ်ဆိုး တပ်သားများ၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်းကို သည်လို အတိတ်၌ ပိတ်မိနေခြင်းမှ လမ်းဖွင့်ပေးခဲ့သည်။ တပ်သားခြောက်ယောက်၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းခြောက်ခုက ထိုးတက်လာသည့်အခါ ဝမ်လင်းက ကြည်လင်ပြတ်သားမှု ပြန်ရသွားခဲ့သည်။

သူက တုံ့ဆိုင်းနေခြင်း မရှိခဲ့ချေ။ နတ်ဆိုးသလင်းကျောက်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကလည်း မြင့်တက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲ၌ မြန်ဆန်စွာ လှုပ်ရှားလာခဲ့သည်။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ထိတိုက်မိရာ ဝဲကတော့ တစ်ခုကို ဖြစ်စေသည်။ သည်ဝဲကတော့က နတ်ဆိုးစွမ်းအင်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ကျင့်ကြံသူများအတွက် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက နတ်ဆိုးစွမ်းအင်က ကောင်းကင်ဘုံစွမ်းအင်ဖြင့် အစားထိုးခြင်းသာ။ နတ်ဆိုးစွမ်းအင်က ကောင်းကင်ဘုံစွမ်းအင်နှင့် ပေါင်းစပ်သွားပါက ကျင့်ကြံသူတို့၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို တိုးတက်လာစေနိုင်ပေသည်။

ဝမ်လင်းက သည်စွမ်းအင်နှစ်ခုကို ခုထိ ပေါင်းစပ်ခြင်း မပြုခဲ့သေးချေ။အကြောင်းကတော့ သူက အချိန်ကိုက်ဖြစ်မည် အချိန်ကို စောင့်ဆိုင်းနေခြင်းကြောင့်ပင်။ သည်ပေါင်းစပ်မှုကြောင့် သူက တပ်သားခြောက်ယောက်၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ဝါးမြိုနိုင်စွမ်း ရှိခဲ့ခြင်း ဖြစ်၏။

သည်အရာက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။

ဆယ့်သုံးက ဝမ်လင်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်ကိုတွေ့မှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ ဝမ်လင်း သည်နေရာမှ ရှိနေသ၍ ဘာပြဿနာမှ ရှိတော့မည် မဟုတ်ချေ။ သူက ဝမ်လင်းနားသို့ ချက်ခြင်း ရောက်လာပြီး နတ်ဆိုးတပ်သားများကို အေးစက်စွာ ကြည့်၏။

ဟော်ဖောင်၏ စိတ်ပူပန်နေမှုကလည်း ပျောက်ကွယ်သွား၏။ သူက လက်ဝှေ့ယမ်းကာ စိတ်ဝိညာဉ်အပိုင်းအစများကို ပြန်ရုတ်သိမ်းပြီး ဝမ်လင်းဘေးနားသို့ လာရပ်၏။

နတ်ဆိုးတပ်သား ခြောက်ယောက်က သူတို့ နတ်ဆိုးစွမ်းအင်များကို ဆုံးရှုံးသွားသဖြင့် အလွန်အားနည်းသွားကြသည်။ သူတို့က မယုံကြည်နိုင်ဟန် ဖြစ်နေကြ၏။ထို့နောက် ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်နေသည်။

သုန်မှုန်နေသောမျက်နှာနှင့်လူက မတ်တပ်ထရပ်လာပြီး အလေးအနက် မေးလိုက်၏။ “သင်က ဘယ်သူလဲ…ဆရာ…”

ဝမ်လင်းက အရက်အိုးတစ်ခုကို ကောက်ယူလိုက်သည်။သူက အခြားလူများကို ကြည့်ပင် မကြည့်ပဲ ဆိုင်ထဲကနေ လှမ်းလျှောက်သွားလိုက်၏။ ဆယ့်သုံးက နတ်ဆိုးကျောက်တုံးများကို ထုတ်ကာ စားပွဲပေါ်တွင် တင်ပေးခဲ့ပြီး ဝမ်လင်းနောက်သို့ လိုက်ပါသွား၏။

ဟော်ဖောင်ကလည်း ဆိုင်ထဲရှိ နတ်ဆိုးတပ်သားများကို ကြည့်ကာ နှာခေါင်းရှုံ့ပြီး ဝမ်လင်း နောက်သို့ လိုက်ပါသွား၏။

သုန်မှုန်နေသောလူက စားပွဲကို ရိုက်ချကာ အော်ပြောလိုက်သည်။ “ရပ်စမ်း…”

ထိုသို့ပြောပြီးနောက် သူက ရှေ့သို့ တိုးလာသည်။ အားကောင်းသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကလည်း ပျံ့နှံ့လာ၏။ ဆိုင်တစ်ခုလုံးက နတ်ဆိုးအော်ရာနှင့် ပြည့်ကာသွားသည်။

နတ်ဆိုးစွမ်းအင်များက ဓားများအဖြစ်သို့ သိပ်သည်းသွားပြီး ဝမ်လင်းတို့ အုပ်စုထံသို့ တိုးဝင်သွားလေ၏။

ဝမ်လင်းက ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးက အေးစက်လာသည်။ သူက အခြားလူများကို အေးစက်စွာ ကြည့်၍ လက်ဝှေ့ယမ်းလိုက်သည်။ ထူးဆန်းသောလေပြင်းတစ်ခု ပေါ်လာပြီး နတ်ဆိုးစွမ်းအင်နှင့် ပြုလုပ်ထားသည့် ဓားများကို ပျောက်ကွယ်သွားစေသည်။

“ငါတို့ ထပ်တွေ့ကြတာပေါ့…” သည်စကား ပြောပြီးနောက် ဝမ်လင်းက စားသောက်ဆိုင်ကနေ လှမ်းထွက်သွားတော့၏။

သုန်မှုန်နေသော မျက်နှာနှင့်လူ၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူက ဝမ်လင်းကို ကြည့်၍ စဉ်းစားနေ၏။

စားသောက်ဆိုင်ထဲကနေ ထွက်လာပြီးနောက် ဝမ်လင်းက မည်သည့်နေရာမှ ထပ်မသွားတော့ဘဲ တည်းခိုခန်းသို့သာ ပြန်လာ၏။ သူက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ စတင်လေ့လာတော့သည်။ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစွမ်းအင်က တဖြည်းဖြည်း လှုပ်ရှားလာကာ သူက လေ့လာကြည့်နေတော့သည်။

သူက အစောပိုင်းတုန်းက နတ်ဆိုးအခြေအနေသို့ ဝင်ရောက်ခဲ့တုန်းက သေရေးရှင်ရေး အခြေအနေကဲ့သို့ ခံစားခဲ့ရ၏။ သူက နတ်ဆိုးစိတ်ကို လျှော့တွက်ခဲ့မိပေသည်။ ခုချိန်၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်များကို လေ့လာကြည့်နေသည်။

သူက ပြန့်ကျဲနေသော နတ်ဆိုးစိတ်များထဲမှ တစ်ခုကို တွေ့သည်နှင့် ချက်ခြင်း ဖယ်ရှားပစ်နေသည်။ ဒုတိယနေ့မနက်တွင် သူက သူ့ခန္ဓာကိုယ်အနှံ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အကြိမ်များစွာ ဖြတ်သန်းလှည့်ပတ်စီးဆင်းစေခဲ့သည်။နောက်ဆုံးတွင် သူကစိတ်သက်သာရာရသွားဟန်ဖြင့် အသက်ရှုထုတ်နိုင်တော့သည်။

သည်အခိုက်၌ အနက်ရောင်အလုံးသုံးလုံးက သူ့ရှေ့တွင် မြောလွင့်နေ၏။ သည်အလုံးသုံးလုံးက သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်များကို ဖယ်ရှားသုတ်သင်ရာမှ ဖြစ်ပေါ်လာခဲ့ခြင်းပင်။

“ဒီနတ်ဆိုးစိတ်တွေကို ဖျက်စီးပစ်တာက ဖြုန်းတီးရာ ရောက်တယ်။ ဒါကို ကောင်းကောင်းအသုံးချနိုင်ရင် လူတစ်ယောက်ရဲ့ တာအိုနှလုံးသားကို ဖျက်စီးနိုင်လိမ့်မယ်…” ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သည်အလုံးငယ်သုံးလုံးကို သိမ်းဆည်းထားလိုက်၏။

“ခုနှစ်ရက် ပြည့်သွားခဲ့ပြီ။ နတ်ဆိုးဗိုလ်ချုပ်က ငါ့ကို စစ်တန်းလျားကို သွားဖို့ လူတစ်ယောက် လာခေါ်လိမ့်မယ်လို့ ပြောခဲ့တယ်…” ဝမ်လင်းက တွေးတောနေရင်း သူ့အသွင်က ပြောင်းလဲသွား၏။ သူက ခေါင်းမော့ကာ တံခါးပေါက်သို့ ကြည့်လိုက်သည်။

သိပ်မကြာခင်တွင် ဆယ့်သုံးအသံကို အပြင်ဘက်မှ ကြားလိုက်ရသည်။

“ဘိုးဘေး…တစ်ယောက်ယောက်က သင်နဲ့ တွေ့ချင်လို့တဲ့…”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဝင်လာခိုင်းလိုက်…”

ထိုသို့ပြောပြီးနောက် တံခါးပွင့်လာကာ ဆယ့်သုံးနှင့်ဟော်ဖောင်တို့က လူတစ်ယောက်နှင့်အတူ ဝင်လာခဲ့ကြသည်။ သည်လူက အသက်လေးဆယ်ပတ်လည်ခန့် ရှိမည် ဖြစ်ကာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက ပိန်သွယကာ အခန်းထဲသို့ ဝင်လာသည်နှင့် အေးစက်သောအော်ရာက အခန်းထဲ၌ ဝန်းရံလာသည်။

အခန်းထဲ ဝင်လာသည်နှင့် သူ့အကြည့်က အိပ်ယာပေါ်တွင် ထိုင်နေသည့် ဝမ်လင်းထံသို့ ရောက်လာသည်။ သူက ဝမ်လင်းကို တစ်ချက်လေ့လာပြီးနောက် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “တပ်မှူးဝမ်ကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အစိမ်းရောင်တုန်ကင်တစ်ခုက သူ့လက်ထဲတွင် ပေါ်လာသည်။ သူက တုန်ကင်ကို ရှေ့သို့ ပစ်ပေးလိုက်၏။

စစ်တပ်မှ တာဝန်ရှိသူက တုန်ကင်ကို ဖမ်းယူကာ သေချာကြည့်ပြီး ခေါင်းညိတ်၍ ပြန်ပေးလိုက်၏။ သည့်နောက်သူက အောက်နှုတ်ခမ်းကို ကိုက်ကာ လေထဲ၌ တစ်ခုခု ရေးဆွဲလိုက်သည်။ သပ်မကြာခင်တွင် သွေးနီရောင်အစီအရင်တစ်ခုက လေထဲ၌ ပေါ်လာ၏။ သည်အစီအရင်က ရှုပ်ထွေးလှသည်။သို့သော် ဝမ်လင်းက ၎င်းကို ဖြတ်မြင်နိုင်စွမ်း ရှိပေသည်။

ဝမ်လင်းက တုန်ကင်ကို ပြန်ယူလိုက်ပြီးနောက် ပြောလိုက်သည်။ “တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်…”

စစ်တပ်မှ တာဝန်ရှိသူက မျက်လုံးပင့်ကာ ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “တပ်မှူးဝမ်က အမြင်ကျယ်ပါတယ်။ ဒါက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက သင်တို့ကျင့်ကြံသူတွေရဲ့ အစီအရင်နဲ့တော့ မတူဘူး။ ဒါက တည်နေရာအတိအကျ ကူးပြောင်းဖို့အတွက် နတ်ဆိုးအင်ပါယာ ဖန်တီးထားတာပဲ…”

ထိုသို့ပြောပြီးနောက် သူက သွေးရောင်အစီအရင်ထဲသို့ ခြေလှမ်းကာ ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းတို့သုံးယောက်သာ အခန်းထဲ၌ ကျန်ခဲ့၏။ ဆယ့်သုံးကလည်း ဆုံးဖြတ်ချက်ချဟန်ဖြင့် ထိုအစီအရင်ထဲသို့ ခြေလှမ်းဝင်လိုက်သည်။ သူက သူ့အသက်ကို ဘိုးဘေးအတွက် ပေးအပ်ကာကွယ်ရန် ဆုံးဖြတ်ထားသည့်သူ ဖြစ်သည်။ သည်တည်နေရာအစီအရင်က အလွန်ထူးဆန်း၏။ ထို့ကြောင့်သူက သူ့အသက်ကို ရင်း၍ ၎င်းကို ထောက်လှမ်းကြည့်နိုင်ရန် စွန့်စားကြည့်လိုက်ခြင်း ဖြစ်သည်။

ဆယ့်သုံး၏ လုပ်ဆောင်မှုကို တွေ့သည့်အခါ ဝမ်လင်းက စိတ်ထဲ၌ ခေါင်းညိတ်သည်။ သူက မတ်တပ်ထရပ်ကာ အစီအရင်ထံသို့ လျှောက်လှမ်းသွား၏။

ဟော်ဖောင်ကလည်း ဝမ်လင်းနောက်သို့ အမြန်လိုက်သွား၏။

ဝမ်လင်းက အစီအရင်၏ အပြင်ဘက်သို့ ပြန်ထွက်လာသည့်အခါ မြေကမ္ဘာကွဲအက်တမျှ ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။

အရှေ့တွင် ကြိုရောက်နေသော ဆယ့်သုံးက သည်အသံကြောင့် ချက်ခြင်း တုန်လှုပ်သွားကာ နောက်သို့ လွင့်သွား၏။ သူက နဂိုထဲက ဒဏ်ရာရရှိနေပြီး ဖြစ်ကာ သည်တုန်ခါမှုကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ သွေးများက ဆူပွက်လာပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရပြန်သည်။

ဟော်ဖောင်က ဒဏ်ရာမရသော်လည်း သူ့ခန္ဓာကိုယ်က ဆယ့်သုံးလောက် သန်မာခြင်း မရှိချေ။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကလည်း ထိန်းချုပ်မှုလွတ်ကင်းကာ ကဗြောင်းကဗျန် ဖြစ်သွား၏။

သူ့မျက်နှာက လုံးဝ ဖြူရောသွားသည်။ ဘိုးဘေးသာ သည်နေရာတွင် ရှိမနေဘဲ၊ ဘိုးဘေး မျက်နှာပျက်အောင် မလုပ်ချင် ခြင်းကြောင့်သာ မဟုတ်ပါက သူက ထိုင်ချမိနေပြီ ဖြစ်သည်။ သို့ရာတွင် သူက ကြိုးစား၍ တောင့်ခံထားလေ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပိုမို ပြင်းပြင်းထန်ထန် တုန်ခါလာလေ ဖြစ်သည်။

သည်အခိုက်၌ ပြင်ပမှ နူးညံသောအားတစ်ခု ထွက်ပေါ်လာပြီး ဟော်ဖောင်ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များက ချက်ခြင်း ပြန်ငြိမ်ဝပ်သွား၏။ သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဝမ်လင်းက သူ့ညာလက်ကို ဟော်ဖောင်ပုခုံးထက်မှ ပြန်မကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းက ဆယ့်သုံး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး လှည့်ပတ်လို့သွားသည်။ ဆယ့်သုံးက သူ့ခန္ဓာကိုယ်သည် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူ့ဒဏ်ရာများသည်လည်း ပြန်ကောင်းမွန်သွား၏။

ထိုသို့ပြုုလုပ်ပြီးသည့်နောက် ဝမ်လင်းက သည်ဧရိယာကို သေချာကြည့်ကာ စူးစမ်းလိုက်သည်။ သည်နေရာက အနက်ရောင် ကျောက်တုံးများနှင့် တည်ဆောက်ထားသည့် စစ်တန်းလျားတစ်ခု ဖြစ်ကာ ကီလိုမီတာ ငါးဆယ်ခန့် ကျယ်ဝန်းသည်ကို တွေ့လိုက်ရသည်။ သည်စစ်တန်းလျား အစွန်း၌ ဆယ့်နှစ်ပေခန့် မြင့်သည့် နံရံများ ရှိနေသည်။သည်နံရံများပေါ်၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုများပါ ရှိနေ၏။ ဆိုလိုသည်က သည်နံရံများပေါ်၌ တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားသည့် မန္တန်များ ရှိနေသည်ဟူ၍ပင်။

ဝမ်လင်းက သည်စစ်တန်းလျား၏ အလယ်တွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူ့ရှေ့ရှိ ပေတစ်ရာတွင် နတ်ဆိုးတပ်သားများက စစ်ချပ်ဝတ်များဖြင့် အတန်းလိုက် မတ်မတ်မားမား ရပ်နေကြသည်။ သူတို့က အနက်ရောင်အော်ရာများကို ပေးစွမ်းနေကြ၏။

တပ်သားတစ်ထောင်က တပ်ရင်းတစ်ခု ဖြစ်သည်။ ခုချိန်၌ တပ်ရင်း ဆယ်ခုက ဝမ်လင်းကို ဝန်းရံထားသည်။ အားကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ပျံ့နှံ့လျက် ရှိနေသည်။

လူတစ်သောင်းထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက သာမန်လူများ စိတ်ကူနိုင်သည့် အရာမဟုတ်ချေ။ အထူးသဖြင့် သည်တပ်သားများက အနည်းဆုံး နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အဆင့်(၃၀) ရှိကြကာ အဆင့်တစ်ရာကျော်ရှိသည့် သူများလည်း ပါဝင်နေကြ၏။

သည့်အပြင် သည်တပ်သားများက တိုက်ပွဲများနှင့် ထုသားပေသားကျကာ လူများစွာကိုလည်း သတ်ဖူးကြသူများ ဖြစ်သည်။ သူတို့၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက အရိုးထဲထိ စိမ့်နေကြ၏။

သည် ပြင်းထန်သိပ်သည်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒအောက်၌ ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေသည်။ သည်လို တိတ်ဆိတ်မှုမျိုးက ကြောက်မက်ဖွယ်ကောင်း၏။

သည်လူတစ်သောင်း၏ အကြည့်များက လူတစ်ယောက်ထံသို့သာ ကျရောက်နေ၏။ သည်အကြည့်များက ဓားပျံတစ်သောင်းထက် အားနည်းခြင်း ရှိမနေချေ။

ဝမ်လင်းက ထိုလူများ၏ အလယ်တွင် လုံးဝ တည်ငြိမ်စွာ ရှိနေ၏။ သူက သည်အကြည့်တစ်သောင်းကို အေးစက်စွာ ပြန်ကြည့်လိုက်၏။

Comment

Leave a Reply

Options

not work with dark mode
Reset