Switch Mode

အပိုင်း (၅၉၂):

နတ်ဆိုးတပ်သားများ

သေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲနေထိုင်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက သူရရှိခဲ့သည့် အအေးချမ်းဆုံးနှစ်များပင်။ သည်အချိန်တိုလေးနှင့်လည်း သူ့ကျင့်ကြံမှုအဆင့်ပါ များစွာ တိုးတက်ခဲ့သေး၏။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူက အတိတ်တုန်းက သည်အတွေ့အကြုံကို မမေ့နိုင်သေးချေ။ သူက တနူးအကြောင်း ပြန်တွေးမိပြီး ခွက်ထဲရှိ အရက်များကို တစ်ကျိုက်တည်း သောက်ချပစ်လိုက်သည်။

အခု ဝါးစိမ်းအရက်က တနူးသူ့ကို ယူလာပေးခဲ့သည့် အရက်နှင့် အလွန်တူလှသည်။

ဆယ့်သုံးက တိတ်ဆိတ်နေဆဲသာ။ သူက ဝမ်လင်း စိတ်ထဲ၌ တစ်ခုခု ရှိနေသည်ကို မြင်နေသည်ဟု ထင်ရ၏။ သူလုပ်နိုင်တာဆို၍ ဝမ်လင်း ခွက်ပြောင်သလင်းခွာသွားသည်နှင့် နောက်ထပ်အရက်များ ငှဲ့ပေးခြင်းသာ။

ဟော်ဖောင်က အချိန်အတန်ကြာ တင်းခံနေရ၏။ တံတွေးများစွာ မြိုချပြီးနောက် သူက နောက်ဆုံးတွင် ဆက်မတောင့်ထားနိုင်တော့ချေ။ သူက ဝမ်လင်းကို ကြည့်သည်။သည့်နောက် အရက်အိုးတစ်ခုကို ကောက်ယူ၍ ပုလင်းဆို့ကို ဖွင့်ကာ သူ့အတွက် ခွက်ထဲထည့်သည်။ သူက ခွက်ကို ကောက်ကာ တစ်ကျိုက်တည်းသောက်လိုက်၏။ ချက်ခြင်း မှင်တက်ကာသွားသည်။

သူက နောက်တစ်ခွက်ထပ်ထည့်ဟန် ပြင်လိုက်စဉ် ဆယ့်သုံးက သူ့ကို အေးစက်စွာ လှမ်းကြည့်၏။ သူက ခံရခက်နေပြီး စိတ်ထဲက တွေးနေသည်။ “ငါက အရက်အချို့ သောက်ချင်ရုံပဲလေ။ ဘိုးဘေးကတောင် ဘာမှ မပြောဘူး။ မင်းက ဘာလို့ ပူညံနေရတာလဲ…”

သူက စိတ်ထဲ၌ ထိုသို့တွေးနေသော်လည်း မျက်နှာပေါ်တွင်တော့ မည်သည့်အမူအရာကိုမှ ဖော်ပြခြင်း မရှိချေ။

ဝမ်လင်းကတော့ တစ်ခွက်ပြီးတစ်ခွက်ချနေ၏။ သူ့မျက်နှာပေါ်ရှိ ပြန်လည်အောက်မေ့မှုကလည်း ပိုနက်ရှိုင်းလာကာ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အရာများကိုသာ တွေးနေသည့်ပုံပင်။

ရုတ်တရက် သူက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှ ထွက်ခွာချင်၊ ထျန်ယွမ်ဂြိုဟ်မှ ထွက်ခွာချင်ပြီး သူမွေးဖွားရာ နေရာသို့ ပြန်သွားချင်စိတ် မြင့်တက်လာခဲ့သည်။

သည်စိတ်ဆန္ဒက ပိုပိုအားကောင်းလာကာ သူ့စိတ်တစ်ခုလုံးကို သိမ်းပိုက်သွားတော့၏။ သူ့လက်ထဲရှိ အရက်ခွက်ကိုလည်း ဖျစ်ညှစ်မိလိုက်ရာ ကွဲကြေသွားတော့သည်။ သို့ရာတွင် ဝမ်လင်းက သည်အရာကို အာရုံစိုက်မိခြင်း မရှိချေ။ သူက အတိတ်ကိုလွမ်းဆွတ်ခြင်း၌သာ လုံးလုံး နစ်မြုပ်နေလေတော့သည်။

သည်အခိုက်၌ ကျင့်ကြံသူတစ်ယောက်ကသာ ဝမ်လင်းကို တွေ့မြင်ပါက တုန်လှုပ်မိသွားမည် ဖြစ်သည်။ တကယ်တော့ ကျင့်ကြံသူများ၏ တာအိုနှလုံးသားက ခိုင်ကျဉ်လှ၏။ သည့်အတွက် သူတို့က သူတို့ကို သူတို့ သည်လို အလိုဆန္ဒများ၏ လွှမ်းမိုးမှုကို မည်သို့ ခံပါ့မည်နည်း။ သည်လိုမျိုး အတိတ်ကိုလွမ်းဆွတ်ခြင်း၌ နစ်မြုပ်နေပါ့မည်နည်း။

ဆယ်သုံးက တစ်ခုခု မှားနေသည်ကို ချက်ခြင်း သတိပြုမိလိုက်၏။ ရုတ်တရက် သူက ဝမ်လင်းကို စိတ်ပူပန်ဟန်ဖြင့် ကြည့်နေသည်။

ဟော်ဖောင်ကလည်း တစ်ခုခုမှားနေသည်ကို သတိပြုမိလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ပူပန်မှုကလည်း ဆယ့်သုံးအောက် မလျော့ပေ။

သည်အခိုက်၌ စားသောက်ဆိုင်ပြင်ပမှ ချပ်ဝတ်များ တဖုတ်ဖုတ်ရိုက်ခတ်သံ ဆူညံညံများကို ကြားလိုက်ရ၏။ သိပ်မကြာခင်တွင် ခုနှစ်ယောက်၊ရှစ်ယောက်ခန့် ရှိသည့် အနက်ရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် နတ်ဆိုးစစ်သားများက စားသောက်ဆိုင်ထဲသို့ ဝင်လာ၏။

သူတို့အသွင်အပြင်များက အလွန်မောက်မာနေ၏။ စားပွဲထိုးလေးတစ်ယောက်က လမ်းလျှောက်လာစဉ် သူတို့က ထိုစားပွဲထိုးကို ဘေးသို့ တွန်းထုတ်ကာ ပြောလိုက်သည်။ “အကောင်းဆုံး ဝိုင်နဲ့ ဟင်းလျာတွေ ခုချက်ခြင်း ယူလာခဲ့စမ်း…”

စားပွဲထိုးလေးက ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွား၏။ သူက ပြန်ထလိုက်ပြီး ပြုံး၍ ခေါင်းညိတ်ကာ ချက်ခြင်း အမြန်ထွက်ခွာသွားတော့၏။

ဆိုင်ထဲရှိ ဧည့်သည်များစွာကလည်း အမြန်ငွေရှင်းကာ ထွက်ခွာသွားကြသည်။ သူတို့က ဆက်မနေဝံ့ကြတော့ချေ။

သည် တပ်သားခုနှစ်ယောက်၊ရှစ်ယောက်က စားပွဲများကို ဆွဲပေါင်းကာ ထိုင်ချ၍ ကျယ်ကျယ်လောင်လောင် စကားပြောဆိုကြတော့၏။

သည်လူများကြား၌ လူတစ်ယောက်က ခေါင်းဆောင်အသွင် ဖြစ်ဟန်ရသည်။ သူက အသက်သုံးဆယ်ခန့်ရှိကာ သူ့မျက်နှာက သုန်မှုန်ပြီး ကြမ်းကြုတ်သောအော်ရာကို ပေးနေ၏။

အရက်နှင့်ဟင်းလျာများ ရောက်ရှိလာပြီးနောက် သူက အရက်အိုးကို ကောက်ကိုင်ကာ အဆို့ကို ဖွင့်၍ တစ်ဂွတ်ဂွတ် သောက်ချလိုက်၏။ ထို့နောက် သူက အရက်အိုးကို ဘေးသို့ ကြုံသလို လွှင့်ပစ်ထည့်လိုက်သည်။ သည်အရက်အိုးက ဝမ်လင်းတို့ စားပွဲနား၌ ကွဲကြေသွားခဲ့သည်။

ဆယ့်သုံး၏မျက်လုံးက အလေးအနက် ဖြစ်လာပြီး သူက ထိုလူများကို လှည့်ကြည့်သည်။ သည့်နောက် သူက အသက်ဝဝရှူသွင်းကာ ခေါင်းပြန်လှည့်လိုက်၏။ သူက တိတ်ဆိတ်စွာသာ ဆက်နေလိုက်သည်။

ဟော်ဖောင်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူက ခုချိန်တွင် ဘိုးဘေးက တစ်ခုခု ဖြစ်နေသည်ကို သိသဖြင့် ပြဿနာရှာခြင်းက သင့်တော်ခြင်း မရှိသည်ကို သိသည်။ထို့ကြောင့်သူကလည်း သူ့ဒေါသကို ပြန်ဖိနှိပ်ထားလိုက်၏။

ဗလတောင့်တောင့် အနက်ရောင်ချပ်ဝတ်များနှင့် တပ်သားများထဲမှ တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ “အရှင်တပ်မှူး…စိတ်မပူပါနဲ့။ ဒီလူက သဘက်ခါကျမှ တပ်မှူးအမှန် ဖြစ်လာမှာပါ…”

သုန်မှုန်နေသော မျက်နှာနှင့်လူက သူ့ပါးစပ်ထောင့်မှ အရက်များကို လက်ဖြင့်သပ်ကာ အလေးအနက် ပြောလိုက်သည်။ “မင်းက ဒီလူရဲ့ နောက်ခံကို သိလို့လား…”

အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်၏။ “သူက ပြင်ပကျင့်ကြံသူ။ ငါ ကြားတာတော့ သူက ဗိုလ်ချုပ်ရဲ့ စမ်းသပ်မှုကို ခံခဲ့တယ်။ဒါပေမဲ့ လိုအပ်ချက် မပြည့်မှီဘဲ ဗိုလ်ချုပ်က သူ့ကို တပ်မှူးနေရာ ပေးခဲ့တယ်တဲ့…”

“ဟက်…” သုန်မှုန်နေသာလူက နောက်ထပ် အရက်အိုးတစ်ခုကို ကောက်ကိုင်ကာ သောက်ချလိုက်ပြန်၏။

“အရှင်တပ်မှူး…သူ တပ်ကို ရောက်လာတာနဲ့ အရင်ဆုံး ငါက သူ့ကို စိန်ခေါ်ပြီး သူ့ခွန်အား ဘယ်လောက်ရှိလည်း ကြည့်ရမယ်။ စစ်တပ်ရဲ့ စည်းမျဉ်းအရ သူ့ခွန်အားက မလုံလောက်ရင် ဗိုလ်ချုပ်က သူ့ကို ညွှန်းဆိုပေးခဲ့ပေမဲ့ သူက အမိန့်ပေးနိုင်တဲ့ တပ်သားတွေ ရမှာမဟုတ်ဘူး…”လငါက သူ့ကို စိန်ခေါ်ပြ်

“ဒါမှန်တယ်။ ဘာကြောင့်များ ဗိုလ်ချုပ်က ဒီလူသစ်ကို ဒုတိယတပ်မှူးအစား ဘာလို့ တပ်မှူးအဖြစ် တမ်းပေးအပ်ခဲ့ရတာလဲ…”

“တော်လောက်ပြီ…” သုန်မှုန်နေသောမျက်နှာနှင့်လူက နောက်ထပ် တစ်ငုံထပ်သောက်ပြီး ပြောလိုက်သည်။ “ငါက ဒီလူမှာ ဘယ်လိုအရည်အချင်းမျိုး ရှိလဲ သိချင်မိတယ်။ ပြင်ပကျင့်ကြံသူတွေ…။ သူတို့ သန်မာတဲ့လူကော အားနည်းတဲ့လူကော ရှိကြတယ်။ ငါက ပြင်ပကျင့်ကြံသူအနည်းငယ်ကို ငါကိုယ်တိုင် မသတ်ဖူးတာလည်း မဟုတ်ဘူး။ ဒီလူက သန်မာမယ်ဆိုရင်တောင် ငါတို့က မသေမျိုးသတ်ဖြတ်ခြင်း အစီအရင်ကို အသုံးပြုကြတာပေါ့…”

သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် အနားရှိ တပ်သားများက ပါးစပ်ပိတ်သွားကြတော့သည်။

သုန်မှုန်နေသည့် မျက်နှာနှင့်လူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မင်းတို့က ကြောက်နေတာလား…”

ပိုက်ဆံရှင်းလက်စလူများကလည်း အမြန်ရှင်းကာ ထွက်ခွာသွားကြတော့သည်။ သိပ်မကြာခင်တွင် စားပွဲနှစ်ခုသာ ကျန်တော့၏။ နတ်ဆိုးစစ်သားများ၏ စားပွဲနှင့် ဝမ်လင်းတို့ စားပွဲသာ ဆိုင်ထဲ၌ လူကျန်တော့၏။

ဝမ်လင်း လက်ထဲရှိ အရက်ခွက်က ကြေမွသွားခဲ့ပြီး ဖြစ်သည်။သို့သော် သူ့မျက်နှာပေါ်ရှိ ပြန်လည်တမ်းတမှုက ပိုပိုအားကောင်းလာခဲ့သည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ သူ့ခန္ဓာကိုယ်ထဲ၌ ဖိနှိပ်ထားသည့် နတ်ဆိုးစိတ်ကလည်း ဖြည်းဖြည်းချင်းအားကောင်းကာ ပျံ့နှံ့လာတော့သည်။

ဆယ့်သုံးက တိုးညင်းစွာ ခေါ်လိုက်သည်။ “ဘိုးဘေး…”

တပ်သားများ ရှိနေသည့်စားပွဲမှ သုန်မှုန်သောမျက်နှာနှင့်လူက ပြောလိုက်သည်။ “မင်းတို့ ကြောက်နေရင်လည်း ခုချက်ခြင်း ထွက်သွားကြစမ်း…”

တပ်သားများထဲမှ တစ်ယောက်က ခပ်မြန်မြန် ပြောလိုက်သည်။ “အရှင် တပ်မှူး…ငါတို့က မသေမျိုးသတ်ဖြတ်ခြင်း အစီအရင်ကို ငါတို့ဘက်က လူတစ်ယောက်အပေါ် အသုံးပြုရင် အရှင်ဗိုလ်ချုပ်က အပြစ်ပေးနိုင်တယ်…”

“ဒီလူ သေသွားရင် ငါက ငါ့နေရာကို ပြန်ရလိမ့်မယ်။ အပြစ်ပေးခံရရင်လည်း ငါလက်ခံလိုက်မယ်။ ဒါ့ကြောင့် မင်းတို့အပေါ်မှာ သက်ရောက်မှု မရှိစေရဘူး…”

သုန်မှုန်နေသောမျက်နှာနှင့်လူက အရက်အိုးကို အပြောင်သောက်ပြီးနောက် ထပ်မံပြီး လွှင့်ပစ်လိုက်ပြန်သည်။

သည်တစ်ကြိမ် အရက်အိုးက တမင်သတ်သတ် ဝမ်လင်းတို့ စားပွဲထံသို့ မြန်ဆန်စွာ ဦးတည်သွားတော့သည်။ ဆယ့်သုံးမျက်လုံးများက အေးစက်လာပြီး သူက အရက်အိုးကို ဖမ်းလိုက်၏။ တစ်ပြိုင်နက်တည်းမှာပင် သူ့အသွင်က ပြောင်းလဲသွားသည်။ သူက ဘေးသို့ လွင့်ထွက်ပြီး သူထိုင်နေသည့် ခုံကလည်း ပျက်စီးသွားလေ၏။

ဆယ့်သုံးခန္ဓာကိုယ်ကလည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သူက ပါးစပ်ထဲမှ စောင့်တက်လာသော သွေးများကိုအတင်းမြိချကာ သူ့ကိုယ်သူ ပြန်ထိန်းလိုက်၏။

သုန်မှုန်နေသောလူက ချက်ခြင်း အော်ဟောက်လိုက်သည်။ “ထွက်သွားစမ်း…ငါက ဒီနေ့ ခံစားချက် မကောင်းနေဘူး။ မင်းတို့သုံးယောက်လုံး မျက်စိမပါဘူးလား…”

ဟော်ဖောင်မျက်လုံးများကလည်း အေးစက်လာကာ သူက တပ်သားများရှိသည့်စားပွဲကို စူးရဲစွာ ကြည့်သည်။ သူက သူတို့တစ်ယောက်ချင်းစီထံမှ အားကောင်းသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ခံစားမိလိုက်သည်။ သူက သည်လူများထဲက တစ်ယောာက်ကို အနိုင်ရနိုင်သော်လည်း နှစ်ယောက် ဆိုလျှင် သူက အတော်ခက်ခဲစွာ တိုက်ယူရမည်မှန်း သိလိုက်သည်။ အထူးသဖြင့် အရက်အိုးကို ပစ်လွှတ်လိုက်သည့်လူက မည့်သည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မှ စိမ့်ထွက်နေခြင်း မရှိပေ။ ဟော်ဖောင်က ထိုလူ၏ မျက်လုံးနှင့် ဆုံသည့်အခါ သူ့နှလုံးသားထဲ၌ နာကျင်မှုကို ချက်ခြင်း ခံစားလိုက်ရသည်။ သူက သူ့အကြည့်ကို အမြန် ပြန်ရုတ်လိုက်ရ၏။

ဆယ့်သုံးက အသက်ဝဝရှူသွင်းကာ ဝမ်လင်းထံသို့ ပြန်လျှောက်လာ၏။ သူက နူးညံစွာ ပြောလိုက်သည်။ “ဘိုးဘေး…”

ဝမ်လင်းက ဖြစ်ပျက်သမျှကို ဘာမှ သတိမပြုမိသည့်အလား မလှုပ်မယှက်သာ ထိုင်နေ၏။

သုန်မှုန်နေသောမျက်နှာနှင့်လူက ဆိုင်ထဲသို့ စဝင်လာကတည်းက ဝမ်လင်း၏ ထူးဆန်းမှုကို သတိပြုမိခဲ့သည်။ သည်လူ၏ ခန္ဓာကိုယ်ထဲ၌ အားနှစ်ခုက အပြိုင်တိုက်နေသည့်အလား ရှိနေသည်။

ပထမဆုံး အရက်အိုးကို ပစ်လွှတ်လိုက်ရခြင်း ရည်ရွယ်ချက်က ဝမ်လင်းကို ထောက်လှမ်းရန် ဖြစ်သည်။

နတ်ဆိုးတပ်သားများက ဝမ်လင်းတို့ အုပ်စုသည် ထွက်သွားချင်းမရှိသည်ကို တွေ့လိုက်သည့်အခါ သူတို့က မပျှော်မရွှင် ဖြစ်သွားကြ၏။ တပ်သားတစ်ယောက်က လှမ်းအော်လိုက်သည်။ “မင်းတို့က သေဖို့ စောင့်နေတာပဲ…”

ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းထံသို့ လှမ်းလျှောက်သွား၏။

ဘေးတစ်ဖက်ရှိ ဆယ့်သုံး၏မျက်လုံးက အလွန်အမင်း အေးစက်လာခဲ့သ်ည။သူက လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်တော့သည်။ နတ်ဆိုးတပ်သားကလည်း နှေးကွေးနေခြင်း မရှိချေ။ သို့သော် သူက အနည်းငယ် တုန်လှုပ်သွား၏။ သူက လက်သီးဆုပ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်၏။ သူ့လက်သီးပတ်လည်၌ နတ်ဆိုးအလင်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။ထို့နောက် ၎င်းက ကြမ်းကြုတ်သည့်ကျားတစ်ကောင် အဖြစ်သို့ ပြောင်းသွားပြီး သူ့လက်သီးထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ဆယ့်သုံး၏ လက်သီးချက်နှင့် ထိတိုက်သွားကြ၏။

နတ်ဆိုးတပ်သားက သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။သူက စားပွဲတစ်ခုပေါ်သို့ ပြုတ်ကျသွားကာ ပါးစပ်ထောင့်မှသွေးများ ယိုစီးကျလာသည်။

ဆယ့်သုံးကလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူက အရက်အိုးကို ဖမ်းလိုက်သည့်အချိန်အတည်းက ဒဏ်ရာ ရရှိသွားခဲ့ပြီးဖြစ်ကာ ခု သူ့အားကို အတင်းသုံးစွဲလိုက်သဖြင့် သူ့ဒဏ်ရာက ပိုဆိုးသွားသည်။ သည့်အပြင် သူ့ညာလက်ကလည်း ခုချိန်၌ ထုံထိုင်းသွားလေ၏။

သူ့ခန္ဓာကိုယ်သန့်စင်ခင်းနည်းစနစ်က ပြည့်စုံခြင်းမရှိသေးပေ။ထို့ကြောင့် သူက ၎င်းကို ကျင့်ကြံသည့်အခါ သူ့ခွန်အားက သဘာဝကျမှု မရှိ ဖြစ်ရသည်။

ဟော်ဖောင်က ဆယ့်သုံး၏ လုပ်ဆောင်မှုကို တွေ့သည့်အခါ သူက အင်္ကျီလက်အိုးကို ဆန့်ထုတ်လိုက်ပြီး အလံငယ်ဆယ့်နှစ်ခုကျော်ကို ထုတ်ယူလိုက်၏။ သူက ၎င်းတို့ကို ဝှေ့ယမ်းလိုက်ရာ တဝီဝီအသံများ ချက်ခြင်း ထွက်ပေါ်လာ၏။

နတ်ဆိုးတပ်သားများက သူတို့ထဲက တစ်ယောက်ဒဏ်ရာရသွားသည်ကို တွေ့မြင်လိုက်သည့်အခါ ချက်ခြင်း မတ်တပ်ထရပ်လိုက်ကြ၏။ သည်လူများက အချိန်အတန်ကြာကတည်းက တိုက်ပွဲပါဝင်ခဲ့ကြသူများ ဖြစ်ကာ သတို့က ချက်ခြင်း သတ်ဖြတ်ခြင်းဆန္ဒများကို ထုတ်လွှတ်လာသည်။ သူတို့စွမ်းအားကလည်း အများကြီး တိုးသွား၏။

သုန်မှုန်နေသောမျက်နှာနှင့်လူက လှုပ်ရှားခြင်း မပြုဘဲ ထိုင်နေလျက်သာ။ သူ့အကြည့်က ဝမ်လင်းပေါ်တွင်သာ ရှိနေ၏။

“မင်းတို့ တောသားတွေက နတ်ဆိုးမြို့မှာ ပြဿနာ ရှာဝံ့တယ်ပေါ့…” နတ်ဆိုး တပ်သာများက နှာခေါင်းရှုံ့ကာ ကြမ်းကြုတ်သောကျားများကဲ့သို့ ထိုးတက်လာကြသည်။

နတ်ဆိုးတပ်သား ခြောက်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းကြောင့် ဟော်ဖောင်က ကျိန်ဆဲမိလိုက်သည်။ သူက အလံငယ်များထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများကို ချက်ခြင်း ထုတ်လွှတ်လိုက်ရာ ဆိုင်ထဲ၌ ပြည့်နှက်သွားသည်။

ဆယ့်သုံးခန္ဓာကိုယ်ကလည်း ထို စိတ်ဝိညာဉ်အပိုင်းအစများနှင့် ရောနှောနေသည်။ တိုက်ပွဲက စလေပြီ။

နတ်ဆိုးတပ်သား တစ်ယောက်က အမြန်အော်ပြောလိုက်၏။ “နတ်ဆိုးမန္တန်…ညီကိုတို့…မြန်မြန် ချိုးဖျက်ဖို့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကြ…”

နတ်ဆိုးတပ်သား ခြောက်ယောက်က တိုက်ခိုက်ရည် ရှိသူများပင်။ ထို့ကြောင့် သူတို့က သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ပျံ့နှံ့စေလိုက်၏။ ချက်ခြင်းပင် အားကောင်းသော နတ်ဆိုးစိတ်ဝိညာဉ်အမျှင်တန်းခြောက်ခုက ထိုးထွက်သွားတော့သည်။ သည်အမျှင်တန်းခြောက်ခုက အနည်းဆုံး နတ်ဆိုးစွမ်းအင် အဆင့်(၃၀)လောက် ရှိပေမည်။ သည်စွမ်းအင်အမျှင်တန်းခြောက်ခုက စိတ်ဝိညာဉ်အပိုင်းအစများကို နောက်သို့ ဆုတ်သွားစေ၏။

ဆယ့်သုံးမျက်နှာက အလွန်ဖြူရောနေသည်။ ဟော်ဖောင်ကလည်း စိတ်ထဲ၌ ကျိန်ဆဲနေ၏။သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ဆုံးဖြတ်ချက် ချလိုက်ကြသည်။

သူတို့က သေဆုံးရမည် ဆိုလျှင်ပင် ဘိုးဘေးလုံခြုံမှု ရှိအောင် လုပ်ဆောင်မည်သာ။

သည်အခိုက်၌ ဟော်ဖောင်က ဆယ့်သုံးသည် စိတ်ရှုပ်စရာဟု မခံစားရတော့ချေ။

သုန်မှုန်နေသောမျက်နှာနှင့် လူ၏ အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး သူက အော်ပြောလိုက်သည်။ “မင်းတို့ရဲ့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်းကြ…မြန်မြန်လုပ်…”

သူ အော်လိုက်သည့်အခိုက်၌ နတ်ဆိုးစိတ်ဝိညာဉ်အမျှင်တန်းခြောက်ခုက ထိန်းချုပ်မှု လွတ်ကင်းသွားတော့သည်။ နတ်ဆိုးတပ်သားခြောက်ယောက်က စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သည်အမျှင်တန်းခြောက်ခုက ဝမ်လင်းထံသို့ တိုးဝင်လာပြီး သူ့မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်ရောက်သွားတော့၏။

သည်အခိုက်၌ ဝမ်လင်းမျက်လုံးထဲရှိ လွမ်းဆွတ်မှုက ပျောက်ကွယ်သွား၏။ထို့နောက် သူက သက်ပြင်းရှည်ကြီးချကာ သူ့မျက်လုံးကလည်း ပြန်လည် ကြည်လင်လာခဲ့သည်။

“ဘယ်လိုတောင် အားကောင်းတဲ့ နတ်ဆိုးစိတ်လည်း…” ဝမ်လင်းမျက်လုံးထဲ၌ အံ့အားသင့်မှု အငွေ့အသက်တို့ ရှိနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset