သတ်ဖြတ်ခြင်းမန္တန်သုံးခုဖြစ်သည့် ပထမနှစ်ဆင့်ဖြစ်သည့် မရဏလက်ချောင်း နှင့် နတ်ဆိုးလက်ချောင်းတို့က ဝမ်လင်း မကြာခဏအသုံးပြုသည့် နည်းစနစ်များ ဖြစ်ကြသည်။ ၎င်းတို့၏ စွမ်းအားက အာဏာတက်ခြင်းအဆင့် ကျင့်ကြံများနှင့် ယှဉ်ပါက လုံလောက်ခြင်း မရှိသော်လည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူများကိုတော့ ဖိနှိပ်ထားနိုင်စွမ်း ရှိပေသည်။
သို့သော် စစ်ထူနန်က သည်မရဏလက်ချောင်းနှင့် နတ်ဆိုးလက်ချောင်းတို့ကို အသုံးပြုသည့်အခါ ၎င်းတို့၏ စွမ်းအားက တုန်လှုပ်ဖွယ်ဖြစ်သည်။ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများပင် ထိုနည်းစနစ်များ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ပေသည်။ ဝမ်လင်းနှင့် စစ်ထူနန်တို့ကြားရှိ ကျင့်ကြံမှုအဆင့် ကွာဟမှုကြောင့် မရဏလက်ချောင်းနှင့် နတ်ဆိုးလက်ချောင်းတို့၏ အဆီအနှစ်ကလည်း ခြားနားသွားရခြင်း ဖြစ်၏။
သည် သတ်ဖြတ်ခြင်းမန္တန်သုံးခုက စစ်ထူနန် ဖန်တီးထားခြင်း ဖြစ်သည့်အတွက် ၎င်းတို့က နတ်ဆိုးသဘာဝပါဝင်နေခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်က နတ်ဆိုးနှလုံးသား မရှိလျှင် သည် နည်းစနစ်၏ အဆီအနှစ်ကို သင်ကြားရန် မဖြစ်နိုင်ချေ။
ဝမ်လင် တာအိုက စစ်ထူနန်၏ တာအိုနှင့် လုံးဝ ခြားနား၏။ထို့ကြောင့် ဝမ်လင်းက သည်မန္တန်နှစ်ခုကို အသုံးပြုသည့်အခါ လိုက်လျောညီထွေ သဟဇတဖြစ်မှု ကင်းမဲ့နေသည်။
သတ်ဖြတ်ခြင်းမန္တန်သုံးခု၏ နောက်ဆုံးတစ်ခု ဖြစ်သည့် တစ္ဆေလောကလက်ချောင်းကတော့ အခြားနှစ်ခုထက် များစွာ အားကောင်းသည်။ ၎င်း၏ စွမ်းအားက အဆင့်နိမ့်ကောင်းကင်ဘုံမန္တန်၏ စွမ်းအားနှင့်ပင် အလွန်တရာနီးစပ်နေ၏။
စစ်ထူနန်က သည်လက်ညှိုးနည်းစနစ်ကို ဝမ်လင်းအား သင်ပေးခဲ့စဉ်က စိတ်ပူပန်ခဲ့သည်။ သူ စိတ်ပူပန်ရသည့်အကြောင်းကတော့ သည်မန္တန်က အာဏာတက်ခြင်းအဆင့်တစ်ယောက်ကိုပင် ထိတ်လန့်စေမည် ဖြစ်သော်လည်း ဝမ်လင်းက သည်အရာကို အတင်းအသုံးပြုလျှင် သူ့တာအိုနှလုံးသားပေါ်၌ သက်ရောက်မှု ရှိမည် ဖြစ်သောကြောင့်ပင်။ တဖြည်းဖြည်းဖြင့် သူ့ကို နတ်ဆိုးလမ်းကြောင်းသို့ သည်နည်းစနစ်က ဆွဲခေါ်သွားနိုင်၏။
နောက်ဆုံးမန္တန်က အခြားနှစ်ခုနှင့်လုံးဝ မတူချေ။ ပထမမန္တန်နှစ်ခုက ဝမ်လင်း သူ့တာအိုနှလုံးသားအပေါ်၌ မည်သည့်သက်ရောက်မှုမှ မရှိအောင် အသုံးပြုနိုင်စွမ်း ရှိမည် ဖြစ်သော်လည်း နောက်ဆုံးမန္တန်ကတော့ ထိုသို့ မဟုတ်တော့ချေ။
စစ်ထူနန်က သည်အရာကို ဝမ်လင်းအား ကြိုပြောပြခဲ့၏။ သည့်အတွက်ကြောင့်လည်း သည်နှစ်များတွင် ဝမ်လင်းက ခရမ်းရောင်အုပ်စုခွဲ အကိုခြောက် ချန်ထောင်နှင့် ရင်ဆိုင်ရာ၌သာ တစ်ကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သည်သတ်ဖြတ်ခြင်းမန္တန်သုံးခုတွင် နောက်ဆုံးမန္တန်က အစစ်အမှန်သတ်ဖြတ်ခြင်းမန္တန် မည်၏။
ပြိုကျခြင်းတိုက်ပွဲဆန္ဒဆယ်ခုက လေဟာနယ်ထဲ၌ ဖန်တီးထားခြင်း ဖြစ်ကာ ကောင်းကင်ဘုံ၏ အစိတ်အပိုင်းတစ်ခုလည်း မည်၏။ ၎င်းတိုက်ခိုက်မှုထဲ၌ နတ်ဆိုးဗိုလ်ချုပ်၏ ခွန်အားပြည့်တိုက်ခိုက်မှု ပါဝင်သည်။သူ့လက်သီး စိတ်ဆန္ဒက အလွန်အားကောင်းလွန်းလှကာ လေဟာနယ်ကို ဖြတ်၍ပင် လူတစ်ယောက်ကို သတ်ပစ်နိုင်စွမ်း ရှိ၏။
ဝမ်လင်းက သူ့ညာလက်ညှိုးကို ထိုးစိုက်လိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရူးသွပ်ဖွယ် လှုပ်ရှားလာကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်း၍ သူ့လက်ညှိုးထိပ်၌ လာရောက်စုဝေးသည်။ မျက်စိတစ်မှိတ်အတွင်း သူ့လက်ညှိုးပတ်လည်၌ သိပ်သည်းသော အနက်ရောင်အလင်းတစ်ခုက ဝန်းရံလာ၏။
သည်လို အနက်ရောင်အလင်းက စစ်မှန်သောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် မည်သည်။
ဝမ်လင်း လက်ညှိုးဖြင့် ညွှန်လိုက်သည့်အခိုက်တွင် သူက လေထဲရှိ မွန်းစတားဆန်သည့် လက်သီးစိတ်ဆန္ဒကို ခံစားမိသည်။ သည့်နောက် သည်လက်သီးစွမ်းအားက ရောက်ရှိလာခဲ့၏။
ကောင်းကင်တစ်ခုလုံး ပြိုကျသွားသလား မှတ်ရကာ ထိုလက်သီးစွမ်းအား၏ ဗဟိုချက်ကတော့ ဝမ်လင်းပင်။
ဖျက်စီးခြင်းအားက အရပ်မျက်နှာအနှံ့မှ ဝမ်လင်းထံသို့ ကျရောက်လာသည်။ ထိုအခါ ဝမ်လင်း လက်ညှိုးထိပ်ရှိ အနက်ရောင်အလင်းက ချဲ့ကားသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံပေးသွား၏။
ကောင်းကင်ပင်တုန်လှုပ်သွားစေနိုင်သည့်အသံတစ်ခုက ရှေးဟောင်းနတ်ဆိုးမြို့အနှံ့ ပဲ့တင့်ထပ်သွား၏။ ဝမ်လင်းမျက်နှာကလည်း ဖြူရောသွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
သူ့ညာလက်ညှိုးကလည်း အနည်းငယ် တုန်ယင်သွားကာ ထုံထိုင်းသွား၏။
အဖျက်အစီးအားက သူ့ခန္ဓာကိုယ်ကနေ ပြန်ဆုတ်ခွာသွား၏။သို့သော် ၎င်းအားက ချက်ခြင်းပင် ယခင်ထက် ဆယ်ဆပြင်းသောအားဖြင့် သူ့ထံသို့ ပြန်တိုးဝင်လာပြန်၏။
ဒုတိယကြိမ်အားက ရောက်ရှိလာ၏။ ၎င်းအားက ယခင်ထက် ပိုမို မြန်ဆန်စွာ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာသည်။
ဝမ်လင်း ညာလက်ညှိုးက တုန်ယင်နေဆဲပင်။ မရဏလက်ချောင်းစွမ်းအားက ပထမတစ်ကြိမ် အဖျက်အစီးအားကို တောင့်ခံနိုင်အောင် ဝမ်လင်းအား ကူညီပေးလိုက်နိုင်၏။
ဝမ်လင်း မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာခဲ့သည်။
သည်အခိုက်၌ ပေတစ်သောင်းအတွင်း ရှိ ကောင်းကင်ပင်နက်မှောင်လာခဲ့သည်။ နန်းတော်ထက်၌ပင် ဝဲကတော့ တစ်ခု ဖြစ်တည်လာ၏။
ဝမ်လင်းက မာန်သွင်းလိုက်ရာ သူ့လက်ပေါ်တွင် မီးခိုးရောင်အမျှင်တန်းနှစ်ခုက ပေါ်ထွက်လာပြီး လှုပ်ရှားလာခဲ့သည်။ သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ချက်ခြင်း အသုံးပြုုလိုက်ခြင်း ဖြစ်သည်။
မီးခိုးရောင်အမျှင်တန်းနှစ်ခုက ထိုးထက်သွားကာ ဒုတိယကြိမ်မြောက် ရောက်လာသောစွမ်းအားနှင့် ချက်ခြင်း တွေ့ဆုံသွား၏။
သည်ဒုတိယကြိမ်အားက လွန်စွာ အားကောင်းလှသည်။ တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း မီးခိုးရောင်အမျှင်တန်းနှစ်ခုက ပျက်စီးသွားခြင်း မရှိပေ။ထိုအစား ယင်းအမျှင်တန်းနှစ်ခုက ဝမ်လင်းကို ဗဟိုပြုကာ ဝဲကတော့ တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
ဒုတိယကြိမ်မြောက်အား၏ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းပေါ်သို့ ကျရောက်လာပြီးနောက် မြန်ဆန်စွာ အားနည်းသွားခဲ့သည်။တစ်ချိန်တည်းမှာပင် မီးခိုးရောင်ဝဲကတော့ ထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်ပေါ်လာ၏။
သည်စိတ်ဆန္ဒက အလွန်တုန်လှုပ်ဖွယ်ပင်။ ၎င်းက ကောင်းကင်ဘုံသားများနှင့် အုပ်ချုပ်သူများကို သတ်ပစ်နိုင်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကြမ်းကြုတ်စွာဖြင့် ဒုတိယကြိမ်အားကို ဖြတ်ကျော်သွား၏။
ကောင်းကင်ပင်တုန်လှုပ်စေနိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အသုံးပြုကာ ဒုတိယကြိမ်မြောက်အားကို နောက်သို့ အတင်း ဆုတ်သွားစေ၏။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းက ခြေတစ်လှမ်းတိုး၍ ရှေ့သို့ ထိုးတက်သွား၏။ သူက လက်ဆန့်တန်းလိုက်ရာ မီးခိုးရောင်ဝဲကတော့က ရုတ်တရပ် ပျောက်ကွယ်သွားပြီး မီးခိုးရောင်အမျှင်တန်းနှစ်ခုအဖြစ်သို့ ပြန်ပြောင်းကာ သူ့ညာလက်ပေါ်၌ ပေါ်လာခဲ့သည်။
“သိပ်သည်းစမ်း…” မာန်သွင်းသံတစ်ချက်ဖြင့်ပင် မီးခိုးရောင်အမျှင်တန်းနှစ်ခုက ခုနစ်လက်မခန့်ရှိသည့် ဓားအဖြစ် ဝမ်လင်းလက်ထဲ၌ သိပ်သည်းသွားသည်။ ဓားကို ကိုင်ဆွဲထားသည့်အခါ ဝမ်လင်းခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ပေးစွမ်းသွား၏။
သည်အခိုက်၌ ဝမ်လင်းက မတူကွဲပြားသည့်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ သူ့ပတ်လည်ရှိ လေထုပင် သတ်ဖြတ်ခြင်းဆန္ဒက အစားထိုးသွား၏။
သည်အခိုက်၌ သူက သတ်ဖြတ်သူနတ်ဆိုးတစ်ပါးအလား ထင်မှတ်ရသည်။ သူက သတ်ဖြတ်ခြင်းဓားကို ကိုင်ဆွဲကာ လေဟာနယ်ထဲသို့ ခြေလှမ်း၍ ဘယ်တောင်ပံဗိုလ်ချုပ်ထံသို့ လှမ်းသွား၏။
ဗိုလ်ချုပ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလိုက်သည်။ “ကောင်းတယ်…မင်းက ငါ့ရဲ့ ပြိုကျခြင်းတိုက်ပွဲဆန္ဒအတွင်း တိုက်ခိုက်ဖို့ ဆုံးဖြတ်တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ။ မင်းက နောက်ထပ် ကျရောက်လာမဲ့ ပြိုကျမှုအား ရှစ်ခုကို ဖျက်စီးနိုင်ပြီး ငါ့ရှေ့ ရောက်လာနိုင်မလား ကြည့်ရတာပေါ့…”
သည်အခိုက်၌ အဖြူရောင်ဝတ်စုံနှ့င် အမျိုးသမီး၊ သွေးဘိုးဘေ၏ သမီးတော် ယောင်ရှင်းရွှယ်က အကွာအဝေးတစ်ခုတွင် မတ်တပ်ရပ်လျက် ရှိနေသည်။ သူမက မျက်မှောင်အနည်းငယ် ကြုတ်သွားမိ၏။ သူမ လွန်ခဲ့သော သုံးနှစ်က သည် ရှေးဟောင်းနတ်ဆိုးမြို့သို့ ရောက်လာစဉ်တုန်းက သူမက ဘယ်တောင်ပံဗိုလ်ချုပ်၏ သည်မန္တန်ဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ သည်မန္တန်က အမှန်ပင် ကြမ်းတမ်းလှသည်။သူမကျင့်ကြံမှုအဆင့်ဖြင့်ပင် သူမက လေးခုမြောက် ပြိုကျမှုအား၌ ရှုံံးနိမ့်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူမအဖေသာ သူမကို သွေးမန္တန်သင်ထားပေးခြင်း မရှိပါက သူမက ငါးခုမြောက်ပြိုကျမှုအားကို တောင့်ခံနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
မည်သို့ပင် ဖြစ်စေ နောက်ဆုံးတော့ သူမက ရှစ်ခုမြောက်ပြိုကျမှုအား တွင် ရှုံးနိမ့်သွားခဲ့ရ၏။ သို့ရာတွင် ဘယ်တောင်ပံဗိုလ်ချုပ်က မှန်းဆရန်ခက်ခဲကာ သူမကို တပ်မှူးရာထူး ပေးခဲ့သည်။
သည်နေရာတွင် တပ်မှူးကများစွာ မရှိလှပေ။ စုစုပေါင်းမှ ဆယ့်ခြောက်ယောက်သာ ရှိ၏။
ဝမ်လင်းက သူ့ သတ်ဖြတ်ခြင်းလမ်းကြောင်းကို ထုတ်ဖော်ကာ နတ်ဆိုးဗိုလ်ချုပ်ထံသို့ ဓားဖြင့် တိုးဝင်သွားသည်။
သို့ရာတွင် သူနှင့် ဗိုလ်ချုပ်ကြား၌ ပြိုကျမှုအား ရှစ်ခု ကျန်နေသေးသည်။ တတိယကြိမ် ပြိုကျမှုအားက ဒုတိယကြိမ်အားထက် ဆယ်ဆပြင်းထန်မှု ရှိသည်။ ၎င်းက ဝမ်လင်းကို အရပ်မျက်နှာအနှံ့ကနေ ဖိနှိပ်လာ၏။မရေမတွက်နိုင်သော တောင်များက သူ့အပေါ်သို့ ဖိနှိပ်လာသကဲ့သို့ပင်။
ဝမ်လင်းမျက်လုံးက နီရဲလာ၏။ သူ့သတ်ဖြတ်ခြင်းဆန္ဒကလည်း ပိုထူထဲလာသည်။ တတိယကြိမ်ပြိုကျမှုအားကို ရင်ဆိုင်ရာ၌ သူက နောက်သို့ ဆုတ်သွားလိုခြင်းမရှိဘဲ တိုက်ပွဲဆန္ဒများသာ ပြည့်နှက်လာသည်။ သူ့လက်ထဲရှိ သတ်ဖြတ်ခြင်းဓားကို ကိုင်ဆွဲကာ သူက အော်ပြောလိုက်သည်။ “တတိယပြိကျမှုအား…ငါ့အတွက် ပျက်စီးလိုက်စမ်း…”
သတ်ဖြတ်ခြင်းဓားက တစ်ခါမှ မမြင်တွေ့ဖူးသည့် မီးခိုးရောင်အလင်းကို ပေးစွမ်းသည်။ သည်မီးခိုးရောင်အလင်းက ဆယ်ပေခန့် ချဲ့ထွက်လာပြီး ဝမ်လင်းကို ဝန်းရံသွားသည်။ထို့နောက် သူက ကြယ်ပျံတစ်စင်းအလား ရှေ့သို့ တိုးဝင်သွား၏။
ဓားတစ်လက်၏ စွမ်အားက ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည်။
လေဟာနယ်ထဲမှ ထွက်ပေါ်လာသည့် တတိယကြိမ်ပြိုကျမှုအားက ပြင်းထန်စွာ ပိုင်းဖြတ်ခြင်း ခံလိုက်ရကာ ဝမ်လင်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးသလို ဖြစ်သွာ၏။ သူက နတ်ဆိုးဗိုလ်ချုပ်ထံသို့ တိုက်ရိုက် ဆက်တိုးဝင်လာနေသည်။
ဘယ်တောင်ပံဗိုလ်ချုပ်၏ မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ကောင်းတယ်…”
ဝမ်လင်း ထိုးထွက်လာသည့် အခိုက်တွင် လေးခုမြောက်ပြိုကျမှုအားက ရောက်ရှိလာသည်။ နောက်ထပ် ပြိုကျမှုအားများက အရင်ပြိုကျမှုအားများထက် ပိုမိုမြန်ဆန် ပြင်းထန်ပေသည်။ ဆင့်ကဲ ပိုမြန်၊ပိုပြင်းထန်လာခြင်း ဖြစ်၏။
သည်အခိုက်၌ လေးခုမြောက်ပြိုကျမှုအားက ပထမဆုံးတစ်ခုထက် အဆတစ်ထောင် အားကောင်းပေသည်။ သည်လိုစွမ်းအားမျိုးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများ ခုခံနိုင်သည့်အရာမျိုး မဟုတ်ပေ။
လေးခုမြောက် ပြိုကျမှုအားက ချက်ခြင်းပင် ကောင်းကင်ကိုတောင် အရောင်ပြောင်းသွားစေသည်။ နန်းတော်ထက်ရှိ ဝဲကတော့ကလည်း တွန့်လိန်သွားကာ ၎င်းက သည်အားကို မခံနိုင်သည့်အလားပင်။
လေးခုမြောက်ပြိုကျမှုအားက ဝမ်လင်းထန်သို့ တရကြမ်း ရောက်ရှိလာသည်။ ဝမ်လင်းဖန်တီးထားသည့် သတ်ဖြတ်ခြင်းဓားမှ သတ်ဖြတ်ခြင်းအားက ချက်ခြင်း ပျက်စီးသွားသည်။ သည်လေးခုမြောက်ပြိုကျမှုအားက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တစ်ယောက်မဟုတ်လျှင် ခုခံရန် မဖြစ်နိုင်ချေ။
ဝမ်လင်းခန္ဓာကိုယ်က သတ်ဖြတ်ခြင်းဓားထံကနေ ခွဲထွက်သွား၏။ တစ်ပြိုနက်တည်းမှာပင် လေးခုမြောက်အားက သူ့ထံသို့ တဟုန်ထိုး ကျဆင်းလာသည်။
ဝမ်လင်းမျက်နှာက အလွန်အမင်း ဖြူရောနေကာ သူက ရှေ့သို့ ဆက်တိုးခြင်းကို မရပ်တန့်ချေ။ ခုချိန်၌ သူ့ခန္ဓာကိုယ်က ပြင်းထန်သောအားတစ်ခုဖြင့် ဆွဲညှစ်ထားခြင်း ခံထားရသလို ဖြစ်နေသည်။
သူက သည်လေးခုမြောက်ပြိုကျမှုအားက သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ခုခံနိုင်သည့်အရာ မဟုတ်မှန်း ခံစားမိလိုက်၏။ သူ့တွင် မီးခိုးရောင်အခိုးငွေ့များ ပိုရှိနေလျှင် ၎င်းပြိုကျမှုအားကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်မည် ဖြစ်သည်။သို့ရာတွင် သည်လေးနှစ်အတွင်း သူက လူများစွာကို သတ်ခဲ့သော်လည်း ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်က အောင်မြင်ရန် ခက်ခဲလွန်းနေ၏။
ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်ကလွဲ၍ သူက တစ္ဆေလောကလက်ချောင်းကို အသုံးပြုမှ ထွင်းဖောက်နိုင်တော့မည် ဖြစ်သည်။ သို့ရာတွင် သည်တစ္ဆေလောကလက်ချောင်းက သူ့အစစ်အမှန်ဝှက်ဖဲ ဖြစ်၏။ သည်အန္တရာယ်များလှသည့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် သူက သူ့အစစ်အမှန်ခွန်အားကို လွယ်လွယ် ထုတ်ပြသလိုခြင်း မရှိချေ။
သည်အခိုက်၌ ဝမ်လင်းက ဆုံးဖြတ်ချက် ပြတ်သားစွာချ၍ သတ်ဖြတ်ခြင်းဓားကို မီးခိုးရောင်အမျှင်တန်းနှစ်ခု အဖြစ်သို့ ပြန်ပြောင်းလိုက်၏။ ထို့နောက် ၎င်းက သူ့လက်မောင်းထဲသို့ အမြန်ဝင်ရောက်သွားပြီး သင်္ကေတနှစ်ခု သူ့နှဖူးထက်၌ ပေါ်လာ၏။ သည်သင်္ကေတနှစ်ခု သူ့ခန္ဓာကိုယ်အနှံ့သို့ မြန်ဆန်စွာ ပျံ့နှံ့သွားကာ အသက်ဓာတ်အားချိပ်တံဆိပ်နှစ်ခု အကာအကွယ်ကို ဖြစ်ပေါ်စေသည်။
သည်အခိုက်မှာပင် လေးခုမြောက်ပြိုကျမှုအားက သူ့ထံသို့ ရောက်ရှိလာတော့သည်။
သည်အခိုက်၌ ဝမ်လင်းက သည်လေးခုမြောက်ပြိုကျမှုထဲက လက်သီးဆန္ဒကို ရှင်းလင်းစွာ ခံစားမိနေသည်။
သည်လက်သီးဆန္ဒထဲ၌ ယုံကြည်မှုတစ်ခု ရှိနေ၏။
“ယုံကြည်မှု…” ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သည်လို အလင်းက သူ့မျက်လုံးထဲ၌ ဖြစ်ခဲလှသည်။ သည်လိုအလင်းမျိုးက ကျောက်ရီ သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းပစ်စဉ်၌ ရုတ်တရပ် ရရှိခဲ့သည့် ဉာဏ်အလင်းမျိုးကို ဖော်ကျူးသည့် မျက်လုံးထဲ၌ လျှပ်တစ်ပြက် ပေါ်လာသည့် အလင်းမျိုးပင်။