ရှီမာယူယူနှင့် ကျန်သူများ မီးတောက်ဝံပုလွေအုပ်စုနှင့်တိုက်ခိုက်နေချိန်တွင် သူတို့ဆီသို့ မီးတောက်ဝံပုလွေအုပ်စုအား ခေါ်ဆောင်လာသောသူသည် တောင်ထိပ်ကိုအလောတကြီးဖြတ်သွားလေသည်။ ထို့နောက် သူသည်နောက်တောင်ထိပ်တစ်ခုဆီသို့ ပြေးသွားကာ သူ၏အဖွဲ့ဝင်များဆီသို့ အလျင်အမြန်ချိတ်ဆက်လိုက်ကြသည်။
“ဟွောင်ရှီ ဘယ်လိုလဲ” သူတို့ အဖွဲ့ဝင်ပြန်လာသည်ကို တွေ့လိုက်ချိန်တွင် ထိုနေရာတွင်စောင့်နေသောလူ မေးလိုက်သည်။
“ငါပြန်ပြေးထွက်လာတဲ့အချိန်မှာ ရှီမာယူယူနဲ့ကျန်တဲ့သူတွေက မီးတောက်ဝံပုလွေအုပ်စုဝိုင်းတာခံနေရပြီ” ဟွောင်ရှီသည် သူ့ကိုယ်တွင်ကပ်ထားသော အဆောင်များကိုခွာလိုက်ပြီး အနက်ရောင်ဝတ်လူဆီသို့ လက်ဆင့်ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်သည် “ဆရာ အဲဒါဘာလဲ၊ အဲဒါကပ်ပြီးတော့ ကျွန်တော် အဆပေါင်းများစွာမြန်လာတယ် ခြေထောက်တွေက ကျွန်တော့်ခြေထောက်မဟုတ်တဲ့အတိုင်းပဲ”
“ဒါဘာလဲဆိုတာ မင်းသိဖို့မလိုဘူး” အနက်ရောင်ဝတ်လူသည် အဆောင်အားသိမ်းရင်းပြောလိုက်သည် “အဲဒီမီးတောက် ဝံပုလွေအုပ်စုက သူတို့ကို လုံးဝ ဝိုင်းထားလိုက်တာလား”
“ဟုတ်တယ် ဆရာ” ဟွောင်ရှီအာမခံလိုက်သည်။ “မီးတောက် ဝံပုလွေအကောင် သုံး လေးဆယ်လောက်ရှိတယ်၊ သူတို့အဖွဲ့က အားမနည်းရင်တောင် အဲလောက်များတဲ့မီးတောက်ဝံပုလွေအုပ်ကို နိုင်ဖို့မဖြစ်နိုင်ဘူး”
“အဲလိုသာတကယ်ဖြစ်ရင် ကောင်းမယ်” အနက်ရောင်ဝတ်လူသည်ပြောလိုက်သည် “ဟူး…သူတို့အသက်သေသွားတောင် ငါ့လက်နဲ့ အဲအမှိုက်ကိုမသတ်လိုက်ရတာ နောင်တရတယ်”
“ဆရာ သူတို့ဘယ်လိုသေသွားလဲဆိုတာ ကျွန်တော်တို့ သွားကြည့်သင့်တယ်မလား” ဟွောင်ရှီမေးလိုက်သည်။
“မလိုဘူး” အနက်ရောင်ဝတ်လူသည် ခေါင်းခါကာ ပြောလိုက်သည် “ငါတို့ ဝံပုလွေအုပ်နဲ့တွေ့ရင် ပြဿနာတက်နေမယ်၊ ပြီးတော့ သွေးအနံ့က အနီးအနားက ဝိညာဉ်သားရဲတွေကို အလွယ်တကူရောက်လာစေတယ်၊ သူတို့အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါတို့သိနေတော့ ငါတို့ကိုယ်တိုင် အန္တရာယ်တောထဲဝင်ဖို့ မလိုဘူး”
“ဆရာပြောတာမှန်တယ်”
“ငါတို့ မစ်ရှင်ကိုပြီးအောင်လုပ်ရဦးမယ်၊ ရှီမာယူယူကို ဖြေရှင်းပြီးပြီဆိုတော့ ငါတို့မစ်ရှင်ကို သွားလုပ်ကြမယ်” အနက်ရောင်ဝတ်လူသည် စကားပြောပြီးသည်နှင့် သူ့အဖွဲ့အား တခြား တောင်ထိပ်သို့ခေါ်ဆောင်သွားလေသည်။
တစ်ဖက်တွင် ဝူရန်ဖေနှင့် တခြားသူများသည် သူတို့၏ စာချုပ်သားရဲများကို မှော်ဝင်လက်စွပ်အတွင်းသိမ်းဆည်းကာ တိုက်ပွဲတိုက်ထားသော သစ်တောမှထွက်ခွာရန် ပြင်ဆင်နေကြသည်။
ထွက်ခွါပြီးနောက်ခဏအကြာတွင် သူတို့သည် မြစ်ဘေးသို့ရောက်ရှိကြသည်။ မြစ်ဘေးတွင် လွတ်နေသောနေရာအားကြည့်ကာ ရှီမာယူယူပြောလိုက်သည် “ဒီနေရာက ခုဏက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကနေ တော်တော်လေးဝေးနေပြီးဆိုတော့ ငါတို့ဒီမှာနေပြီး ဒဏ်ရာတွေကိုဆေးရအောင်”
“ကောင်းပြီလေ” မြစ်ကမ်းဘေးရှိ ကျောက်တုံးတွင်ထိုင်ရန် ဖက်တီးကျူအား ဝေကျိရွှီကူညီပြီးနောက် ဘေးတွင်ဝင်ထိုင်လိုက်သည်။
သူတို့သည် ရှီမာယူယူပေးသော ဆေးလုံးများကိုစားပြီးသော်လည်း ထိုဆေးသည် ပထမအဆင့်ဖြစ်၍ အကျိုးသက်ရောက်မှုမှာလည်းနှေးကာ သက်ရောက်မှုလည်းမကောင်းပေ။ ထိုအချိန်တိုအတွင်းတွင် သူတို့ဒဏ်ရာများ ကျက်သည်မှာမဖြစ်နိုင်ပေ။
ဝူရန်ဖေသည် မြစ်ဘေးသို့သွားကာ ချက်ချင်းပင် အပေါ်ဝတ်ကိုချွတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ဒဏ်ရာများကို ဆေးကြောနေသည်။ ရှီမာယူယူ သူ့အားစိုက်ကြည့်သည်နှင့် သူ့ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ဒဏ်ရာဒဏ်ချက် အနာရွတ်များနှင့် ပြည့်ကာ အကျည်းတန်နေသည်ကို တွေ့လိုက်ရသည်။
ရှီမာယူယူ ဇလုံအားထုတ်လိုက်ကာ ရေခပ်ရန် မြစ်ဘေးသို့လာလိုက်သည်။ သူမ ဖက်တီးကျူဆီလျှောက်သွားလိုက်ကာ သူ့အဝတ်များချွတ်ပေးရန် ဟန်ပြင်လိုက်သည်။
“အား.. ယူယူ မင်းဘာလုပ်ချင်လို့လဲ” ရှီမာယူယူ သူ့အားချွတ်မည်လုပ်နေသည်ကို ဖက်တီးကျူမြင်သော မသိစိတ်မှ လက်နှစ်ဖက်သည် သူ့ရင်ဘတ်အား ကာကွယ်ပြီးသားဖြစ်သွားသည်။
ရှီမာယူယူ မျက်နှာမည်းသွားသည်၊ ဒီလူက ဘာလို့အဲလောက်တောင် အကျယ်ချဲ့နေရတာလဲ။
“မင်းရဲ့ ဒဏ်ရာတွေနာကျင်မှုကို မခံစားရဘူးဆိုရင်တော့ အဲလို ကိုယ့်ကိုယ်ကိုပဲဖက်နေလိုက်” သူမပြောပြီးသည်နှင့် ဖက်တီးကျူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားကြည့်လိုက်သည်။
ရှီမာယူယူပြောသည်များကို သူကြားလိုက်သည်နှင့် ခန္ဓာကိုယ်မှ ဒဏ်ရာများကို သတိရလိုက်သည်။ အခုသူလုပ်ဆောင်လိုက်သော လှုပ်ရှားမှုသည် ဒဏ်ရာများကို ပိုနာကျင်စေသည်။ သူသည်းမခံနိုင်တော့ပဲ နာကျင်မှုကြောင့်အော်နေတော့သည်။
ရှီမာယူယူ သူ့အဝတ်အား ကတ်ကြေးဖြင့် ကိုက်ဖြတ်လိုက်ကာ ကျောနှင့် ပခုံးတွင်ရှိသော ဒဏ်ရာများကို ထွက်ပေါ်လာစေလိုက်သည်။
ထိုကတ်ကြေးသည် လင်းလုံအသွင်ပြောင်းထားသည်မှာတော့ ပြောရန်မလိုပေ။ သူမအမှန်တကယ်ပင် နားမလည်တော့ပါ။ သူမ သခင်သည် အသုံးမဝင်ပဲ ထူးဆန်းပြီး စိတ်မနှံ့တဲ့ အရာတွေကိုပဲသူမကို ပြောင်းခိုင်းသလဲ။
ပို၍အဆင်ပြေစေရန် ရှီမာယူူယူသည် ဖက်တီးကျူ၏ အဝတ်များကို တစ်စစီကိုက်ဖြတ်လိုက်ကာ ဇလုံထဲတွင် နစ်လိုက်သည်။ သူ့ဒဏ်ရာမှ သွေးကွက်များကို လုံးဝသန့်စင်ပြီးချိန်တွင် ဆေးမှုန့်ပုလင်းအားထုတ်ကာ ဒဏ်ရာအနှံ့ဖြူးလိုက်လေသည်။ နောက်ဆုံးတွင် ချွတ်ထားသော အဝတ်အားအသုံးပြုကာ သူ့အား စည်းပေးလိုက်သည်။
ဝေကျိရွှီသည် သူ့ခန္ဓာကိုယ်မှ သွေးကွက်များကိုဆေးကြောပြီး၍ မြစ်ဘေးမှပြန်လာသည်။ ရှီမာယူယူ၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို တွေ့သောအခါ သူနောက်လိုက်သည် “ယူယူက ဒဏ်ရာတွေကို စည်းပေးတဲ့နေရာမှာ ကျွမ်းကျင်လိမ့်မယ်လို့ ငါထင်မထားဘူး”
“အရင်က ဒဏ်ရာရနေကျမို့လို့လေ” ရှီမာယူယူပြန်ဖြေလိုက်သည်။
သူမပြောသော အရင်က အချိန်မှာ သူမ လုပ်ကြံသူအဖြစ်ရှိနေချိန်ကိုဆိုလိုခြင်းဖြစ်သည်၊ သို့သော် ဖက်တီးကျူနှင့် ကျန်သူများသည် သူမ မူရုန်အန်းဘက်တော်သားများ၏ ရိုက်နှက်ခြင်းကို ခံရစဉ်အချိန်ဟု နားလည်လိုက်ကြသည်။
“ယူယူ မင်းမစိုးရိမ်ပါနဲ့၊ နောက်ကို မင်းကိုဘယ်သူမှမရိုက်ရဲတော့မှာမဟုတ်ဘူး၊ ဒီဖက်တီးက မင်းကိုအရင်ကာကွယ်ပေးမှာ” ဖက်တီးကျူသည် သူ့လက်မောင်းမှ အဝတ်စအားကြည့်ကာပြောလိုက်သည်။
ရှီမာယူယူ ပြုံးကာ သူ့နောက်ကျောဘက်သို့ လျှောက်သွားလိုက်သည်။ သူ့နောက်ကျောမှ ဒဏ်ရာများကို ဆေးမှုန့်များဖြူးပေးပြီး ဂရုတစိုက် စည်းနှောင်ပေးလိုက်သည်။
“ပြီးပြီ” ရှီမာယူယူ ကောင်းစွာချည်နှောင်လိုက်ပြီးပြောလိုက်သည် “ဒီဆေးမှုန့်က ဒဏ်ရာတွေကို ကုတဲ့နေရာမှာ အရမ်းအသုံးဝင်တယ်၊ ဆေးလုံးနဲ့တွဲပြီးသုံးရင် ပိုအကျိုးသက်ရောက်တယ်၊ ဝူရန်ဖေ မင်းတို့မှာလည်ဒဏ်ရာတွေ အများကြီးပဲ၊ ငါမင်းတို့ကို ကူပြီး စည်းပေးမယ်”
“ငါ ကိုယ့်ဘာသာလုပ်မယ်” သူ့ခန္ဓာကိုယ်အား သူတခြားထိခြင်းမှာ စိမ်းနေ၍ ဆေးပုလင်းထုတ်ကာ သူ့ဒဏ်ရာများကို ကိုယ်တိုင်စည်းနေလေသည်။ သို့သော် ပခုံးမှ ဒဏ်ရာများကြောင့် အကူအညီခေါ်ရတော့သည်။
ဝေကျိရွှီနှင့် ဘေဂုံထန်တို့ ဒဏ်ရာများကို ရှီမာယူယူ ကူညီပြီးစည်းပေးပြီးနောက် ဖက်တီးကျူတစ်ခုခုအား စဉ်းစားမိပြီး ရှီမာယူယူအား ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။
“မင်းဘာဖြစ်နေတာလဲ၊ ငါ့ကိုဘာလို့အဲလို ကြည့်နေတာလဲ” ဖက်တီးကျူ၏ အကြည့်များကြောင့် ရှီမာယူယူ အနည်းငယ်ကြောက်သွားသည်။
“ယူယူ ငါတို့အကုန်လုံးဒဏ်ရာရကြတယ်၊ ဒါပေမယ့်မင်းကတော့ အကောင်းကြီးပဲ” ဖက်တီးကျူပြောလိုက်သည်။
သူပြောပြီးနောက် ဝေကျိရွှီ၊ ဘေဂုံထန်နှင့် ဝူရန်ဖေတို့လည်း သတိထားမိလိုက်ကြသည်။ သူတို့အားလုံး ဒဏ်ရာရကြသည်။ သို့သော် ရှီမာယူယူတွင် ခြစ်ရာတစ်ခုမှပင်မရှိပေ။
“အဟွတ် အဟွတ် ဒါက…” ဘယ်လိုဖြေရမလဲဆိုသည်ကို ရှီမာယူယူမသိတော့ပဲ ချောင်းနှစ်ချက်ဟန့်လိုက်သည်။
“ဟားဟား အစက မင်းကိုတောင်ကိုခေါ်လာတာ အန္တရာယ်ရှိမှာစိုးလို့ စိုးရိမ်လိုက်ရတာ၊ မထင်မှတ်ပဲ မင်းက လျှို့ဝှက်တဲ့သူဖြစ်နေတာကိုး” ဝေကျိရွှီသည် ရယ်မောကာ ရုတ်တရက်ပြောလိုက်သည်။
“ဟီးဟီး….” ရှီမာယူယူ နှာခေါင်းအားကိုင်ကာ ပြုံးလိုက်သည်။
“မင်းက အရမ်းသန်မာတာပဲ” ဝေရန်ဖေပြောလိုက်ပြီး ရှီမာယူယူအား ကြည့်လိုက်သည်။
သူတို့ တိုက်ခိုက်နေချိန်တွင် ရှီမာယူယူသည် မီးတောက်ဝံပုလွေများ သတ်သည့်အကြိမ်တိုင်း အမှားမရှိသည်ကို သူသတိထားမိထားသည်။ သူသည်လည်း မီးတောက်ဝံပုလွေများ၏ အားနည်းချက်ကိုသိထားသော်လည်း သူ့အားနှင့်ဆိုလျှင် ထိုအရာသည် စိန်ခေါ်မှုတစ်ရပ်ပင်။
“ငါတို့ဖြစ်ခဲ့တာတွေကို ငါအနံ့ရနေတယ်” ဘေဂုံထန်ပြောလိုက်သည်။
“မင်းလည်း သတိထားမိတာလား” ဝူရန်ဖေသည် ဘေဂုံထန်အားကြည့်လိုက်သည်။ ထိုအရာအား တစ်ခုခုဖြစ်လိမ့်မည်ဟု တွေးသူမှာ သူတစ်ယောက်တည်းမဟုတ်ပေ။
“ဘာတွေအနံ့ရနေတာလဲ” သူတို့အား ဖက်တီးကျူ ရှုပ်ထွေးစွာကြည့်လိုက်သည်။
“အကုန်လုံးက မသင်္ကာစရာတွေချည်းပဲ” ဝေကျိရွှီပြောလိုက်သည်။
“ဟမ်၊ ဘာကလဲ…”
ဦးနှောက်ခြောက်နေသော ဖက်တီးကျူအား ရှီမာယူယူကြည့်ကာပြောလိုက်သည် “အဲလူပေါ်လာတာက ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား”
“အဲလူက ဘာထူးဆန်းတာလဲ” ဖက်တီးကျူ မေးလိုက်သည်။
ရှီမာယူယူ သူ့အား အထင်သေးသောပုံစံဖြင့်ကြည့်ကာ သူမ ဒီလိုရှင်းပြနေတာတောင် ဒီလူက နားမလည်သေးပါလား။
“ဖက်တီး ဒီနေ့အဲလူက… ငါတို့အားနဲ့ယှဉ်ရင် သူ မသာ ကိုယ်မသာပဲ၊ အဲလူက ငါတို့အဆင့်လောက်မရှိတာတောင် ဖြစ်နိုင်တယ်၊ ဆိုတော့ ဒီလောက် အန္တရာယ်တွေပြည့်နေတဲ့ ပူလွောင်တောင်တန်းကို သူဘာလို့လာတာလဲ၊ သူ့ရဲ့အဖော်တွေကရော” ဝေကျိရွှီသည် စိတ်ရှည်လက်ရှည်ရှင်းပြနေသည်။
ဖက်တီးကျူ မျက်တောင်ခတ်ကာ ပြောလိုက်သည် “မင်းရှင်းပြတာကို နားထောင်ပြီးတော့ ထူးဆန်းတာတော့ရှိနေတယ်”
“ထူးဆန်းတာ အဲဒါတစ်ခုတည်းမဟုတ်ဘူး” ရှီမာယူယူအနည်းငယ် ပြုံးကာ သူမမျက်လုံးထဲတွင် အေးစက်သောအကြည့်များ ဖြတ်ပြေးသွားလေသည်။