“ နောက်ဆုံးတော့ ငါ အဆင့်တက်သွားပြီပဲ ”
ရွှီချင်းသည် မတ်တတ်ရပ်၍ လက်သီးချက်များ ထိုးလိုက်ရာ လေတိုးသံများ ထွက်ပေါ်နေသည်။ အမှန်တကယ်တော့ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော လေအားသည် အခန်းတံခါးကို အနည်းငယ် လှုပ်ခါသွားစေသည်။
ယင်းမြင်ကွင်းက ရွှီချင်း၏မျက်ဝန်းများကို ပြူးကျယ်သွားစေ၏။ လက်ရှိအချိန်တွင် သူသည် ယမန်နေ့ကထက် အဆပေါင်းများစွာ သန်မာနေသည်ကို အာရုံခံမိလိုက်သည်။
အကယ်၍ သူသာ ချိုကြီးစပါးအုံးမြွေနှင့် ထပ်တိုက်ရမည်ဆိုပါက လက်သီးတစ်ချက်တည်းဖြင့် မြွေကြီး၏ဗိုက်ကို ပေါက်ထွက်သွားအောင် ထိုးနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေသည်။
ယင်းအပြင် သူ၏အာရုံခံနိုင်စွမ်းသည်လည်း ပို၍ စူးရှပြတ်သားလာသည်။ သူ့အမြင်က ပို၍ ကြည်လင်ကာ သူ့အကြားအရုံသည်လည်း ပို၍ အားကောင်းလာသည်။ သို့ဖြစ်၍ ခြံဝန်း၏အပြင်ဘက်မှ တဒေါက်ဒေါက်ခေါက်နေသောအသံသဲ့သဲ့က သူ့နားထဲ ဝင်ရောက်လာသည်။
ရွှီချင်းသည် အခန်းတံခါးဘေးသို့ လျှောက်သွားသည်။ လရောင်အောက်တွင် သူသည် အခန်းတံခါးအဟလေးထဲမှနေ၍ ချောင်းကြည့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော မိန်းကလေးကို မြင်လိုက်ရသည်။
မိန်းကလေးသည် ဒဏ်ရာများရထားသည်ဖြစ်၍ ခန္ဓာကိုယ်လေး မသိမသာ တုန်ရီနေသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်သွားပြီး ဂရုမစိုက်ရန် တွေးလိုက်ပါသော်လည်း မိန်းကလေးက တံခါးကို အဆက်မပြတ် ခေါက်နေ၏။
သို့ဖြစ်၍ အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အခန်းတံခါးကို ဖွင့်ကာ အပြင်ထွက်သွားသည်။
ရွှီချင်း၏ပုံရိပ်ကို လှမ်းမြင်လိုက်ရသောအခါ မိန်းကလေးသည် သိသိသာသာ ရှက်ရွံ့နေဟန်တူ၏။ သူမသည် အလိုလို နောက်ဆုတ်သွားမိပြီး ဝါးတံခါးလေးမှတစ်ဆင့် ရွှီချင်းကို လှမ်းကြည့်လိုက်သည်။
“ ကိစ္စတစ်ခုခု ရှိလို့လား ”
ရွှီချင်းက မေးမြန်းလိုက်သည်။
“ ငါ … ငါလည်း စခန်း နေထိုင်ခွင့် ရသွားတယ်။ ပြီး … ပြီးတော့ စခန်းမှာ အလုပ်လည်း ရလိုက်တယ် ”
မိန်းကလေးသည် စကားပြောနေရင်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။
“ ငါ သိပြီ ”
ရွှီချင်းသည် ခေါင်းညိတ်၍ ထွက်ခွာရန်ပြင်လိုက်သည်။
“ ခဏနေပါဦး။ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ညီမ ဒီကို အစ်ကို့ကို ကျေးဇူးတင်စကားပြောဖို့ လာခဲ့တာပါ ”
မိန်းကလေးက ခပ်သွက်သွက် ပြောလိုက်သည်။
“ ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ မြွေသားစားချင်လို့ ငါလုပ်ခဲ့တာ။ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး ”
ရွှီချင်းသည် စကားပြောပြီးနောက် အခန်းဆီ လှည့်ပြန်သွားသည်။
မိန်းကလေးသည် ရွှီချင်း၏နောက်ကျောကိုကြည့်၍ နှုတ်ခမ်းစူသွားသည်။ ထို့နောက် သူမက ရုတ်တရက် အော်ပြောလိုက်လေ၏။
“ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ အဲဒီကျေးဇူးကြွေးကို နောင်တချိန်ကျရင် ညီမ သေချာပေါက် ဆပ်မှာပါ ”
စကားပြောပြီးသည်နှင့် မိန်းကလေးသည် အဝေးသို့ ပြေးထွက်သွားကာ အမှောင်ထုထဲ တိုးဝှေ့ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် လှည့်ကြည့်လိုက်သော်လည်း ထိုကိစ္စကို စိတ်ထဲမထားပေ။ ထို့နောက် သူသည် အခန်းပြန်သွားပြီး အသက်ပြင်းပြင်းရှူ၍ သူ့ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို အာရုံခံလိုက်သည်။ သူ့ရင်ထဲတွင် ပိုကောင်းမွန်သော ဘဝမျိုး ပိုင်ဆိုင်ရမည်ဟူသော သူ့ရည်မှန်းချက်နှင့်ပတ်သက်၍ ယုံကြည်မှုရှိလာသည်။
သို့သော်လည်း သူ့ဘယ်ဖက်လက်မှ အရင်းတည်လာသော နာကျင်ကိုက်ခဲမှုက သူ့ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများစွာ ရှိနေပြီဖြစ်ကြောင်း တွေးမိသွားစေသည်။ မြွေသည်းခြေသည်ပင် ဓာတ်နှောများများစားစားကို ချေဖျက်ရန် မစွမ်းသာပေ။
တိတ်ဆိတ်သော ညအခါသမယတွင် အပြင်ဘက်မှ သားရဲများ၏ ဟိန်းဟောက်သံများလည်း မရှိပေ။ ထို့နောက် ရွှီချင်းသည် ခုတင်ဘေးသို့ လျှောက်သွားပြီး သန့်ရှင်းသပ်ရပ်သော အိပ်ယာကိုမြင်၍ ချေးအလိမ်းလိမ်းတက်နေသော သူ့အဝတ်အစားများကို ကြည့်မိလိုက်သည်။ သူက အနည်းငယ် စဉ်းစားတွေးတောပြီးနောက် သန့်ရှင်းသောအိပ်ယာကို ဖယ်ကာ ခုတင်ကြမ်းခင်းပေါ်တွင် လှဲအိပ်လိုက်သည်။
သူ့လက်သည် မည်းနက်နေသော သံတုတ်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး တဖြည်းဖြည်း အိပ်ချင်စိတ်က တိုးဝှေ့ဝင်ရောက်လာသည်။
အနှီသံတုတ်သည် သူ အယုံကြည်ရဆုံး အဖော်မွန်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက အမှိုက်ပုံတစ်ပုံထဲတွင် ထိုသံတုတ်ကလေးကို သူ တွေ့ခဲ့ပြီးသည့်အချိန်မှစ၍ ၎င်း၏ အကြမ်းပတမ်းခံကာ စူးရှချွန်ထက်သော ဂုဏ်သတ္တိကို သတိထားမိပြီးနောက် သူသွားသည့်နေရာတိုင်း ကိုယ်နှင့်မကွာဆောင်ထားရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။
“ မနက်ဖန် စခန်းထဲက အဖြူရောင်ဆေးလုံးတွေ ရောင်းတဲ့နေရာကို ငါ ရှာရမယ် ”
ရွှီချင်းသည် တိုးတိုးရေရွတ်လိုက်ပြီး သူ့သားရေအိတ်ရှုံ့ကို စမ်းကြည့်လိုက်သည်။ သားရေအိတ်ထဲ၌ ဤနှစ်အနည်းငယ်အတွင်း သူ စုဆောင်းထားခဲ့သော ငွေကြေးများနှင့် မြို့ပျက်ထဲတွင် သူ တွေ့ခဲ့သော အဖိုးတန်ပစ္စည်းများ ရှိနေသည်။
‘ သူဆင်းရဲတစ်ယောက်က စိန်လက်စွပ်တစ်ကွင်း ပိုင်ဆိုင်ထားခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်သည် ’ ဆိုသော သဘောတရားကို နားလည်ထားသည်ဖြစ်၍ ရွှီချင်းသည် အဖိုးတန်ရတနာ အများအပြားကို ယူမသွားဝံ့ချေ။ သူ ကလေးအရွယ်တုန်းက ထိုကဲ့သို့ ကိစ္စမျိုးကို မြင်တွေ့ခဲ့ဖူးသည်။
သူ စဉ်းစားတွေးတောနေရင်း အိပ်ချင်စိတ်က သူ့ကို အနိုင်ယူလာကာ သူ တဖြည်းဖြည်း မျက်လုံးများ မှိတ်လိုက်တော့သည်။
သူသည် သံတုတ်ကို တင်းကြပ်စွာ ကိုင်ထားဆဲဖြစ်၍ စိတ်အေးလက်အေး အနားယူနိုင်ခြင်း မရှိသေးသည့်အလားပင်။
ညသည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့ပြီး မနက်ခင်းရောင်ခြည်တန်းလေးများက လောကတစ်ခွင် ဖြန့်ကျက်လာသည်။
နောက်တစ်နေ့မနက်ခင်း၌ ရွှီချင်းသည် စောစောထကာ အခန်းလေးထဲမှ ထွက်ခွာလာခဲ့သည်။
သူသည် မထွက်ခွာခင် ခေါင်းဆောင်လဲ့၏အခန်းကို လှမ်းကြည့်ခဲ့သေးသည်။ ခေါင်းဆောင်လဲ့ မရှိသည်ဖြစ်၍ သူသည်လည်း အပြင်ထွက်သွားခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ရွှီချင်းသည် အကြည့်လွှဲကာ စခန်းပတ်လည် လေ့လာရန် ထွက်လာခဲ့သည်။
ယမန်နေ့က မြွေသည်းခြေကို သူ အစိမ်းလိုက်စားခဲ့သော ဖြစ်ရပ်က လူအားလုံးကို တုန်လှုပ်သွားစေခဲ့ဟန်တူသည်။ စခန်းထဲသို့ သူ သွားသောအခါ ဘေးပတ်လည်ရှိ ရတနာမုဆိုးများ၏ အကြည့်မျိုးစုံကို သူ သိသိသာသာ ခံစားမနေသည်။ ယခုအခါ သူတို့ သူ့ကို ကြည့်နေသော အကြည့်က ယခင်နှင့်မတူဘဲ ကွဲပြားနေသည်။
သူက အသက်ငယ်၍ လွယ်လွယ် အနိုင်ကျင့်ရမည်ဟု သူတို့ မခံစားရတော့ပေ။ ထိုအခြင်းအရာကိုကြည့်၍ လူသားများ၏ ယုတ်မာကောက်ကျစ်သောစိတ်ကို မြင်နိုင်သည်။
ယခုတွင် အသိအမှတ်ပြုခြင်းနှင့် သတိထားသည့် အရိပ်အယောင်များသာ ရှိနေသည်။ တချိန်တည်းမှာပင် လမ်းကြိုလမ်းကြားများတွင် ပုန်းကွယ်နေသော သူနှင့် သက်တူရွယ်တူ လူငယ်များ၏ အကြည့်များထဲတွင် မနာလိုသည့်အရိပ်အယောင်များ ယှက်သန်းနေသည်။
နာမည်ဂုဏ်သတင်းသည် အလိုလိုဖြစ်တည်လာသော အရာတစ်ခုဖြစ်သည်။
ရွှီချင်းသည် ရင်ထဲတွင် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။
သူသည် စခန်းရှိ စျေးဆိုင်များကို လှည့်ပတ်ရှာနေရင်း စခန်းပတ်ဝန်းကျင်ကိုလည်း ကျွမ်းကျင်လာသည်။
စခန်းထဲတွင် ခွေးရိုင်းများစွာကို သူ တွေ့လိုက်ရသည်။ ထိုခွေးများသည် တစ်ကောင်နှင့်တစ်ကောင် ဟောင်ကာ အစာလုနေကြ၏။ ခွေးရိုင်းအများစုက ပိန်ကြပါသော်လည်း တချို့ခွေးရိုင်းများက လူများထက်ပင် ထွားကျိုင်းကြသည်။
ခွေးရိုင်းများကို သူ ကြည့်ရှုပြီးနောက် စခန်းပတ်လည်ကို ဆက်လက်လေ့လာနေသည်။
နောက်ဆုံးတွင် စခန်းမြေပုံက သူ့ခေါင်းထဲ အပြည့်အဝ ရောက်ရှိလာသည်။ ထိုစိတ်မြေပုံကို သုံး၍ သူသည် စခန်းအတွင်းပိုင်းမှ ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားသည်။
ဆိုင်သည် မသေးငယ်ဘဲ လူများစွာ ဥဒဟို ဝင်ထွက်နေကြသည်။ လူစည်သော ဆိုင်လေးတစ်ဆိုင်ဖြစ်ဟန်တူပြီး ပစ္စည်းမှန်သမျှ ရောင်းချဟန်တူသည်။
ရွှီချင်းသည် ဆိုင်အပြင်ဘက်မှနေ၍ အတော်ကြာသည်အထိ လေ့လာနေပြီး ယမန်နေ့က မိန်းကလေးကို ဆိုင်ဝန်ထမ်းဝတ်စုံနှင့် ဆိုင်ထဲတွင် တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် ဆိုင်ထဲတွင် တောက်တိုမယ်ရအလုပ် ရသွားသည်မှာ ထင်ရှားသည်။ သူမသည် အလုပ်ရှုပ်နေဟန်တူပြီး နဖူးမှချွေးများ စီးကျနေ၏။
ရွှီချင်းက ဆိုင်ထဲသို့ ဝင်လာသောအခါမှသာ ထိုမိန်းကလေးသည် ရွှီချင်းကို သတိထားမိသွားသည်။ သူမက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ပစ္စည်းတစ်မျိုးအကြောင်း မေးမြန်းချင်နေသော ရတနာမုဆိုးတစ်ယောက်၏ ဘေးသို့ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
ရွှီချင်းသည် ဆိုင်ထဲရှိ အရောင်းပစ္စည်းများအပေါ် ချက်ချင်းအာရုံမထားသေးဘဲ ဆိုင်ထဲဝင်လာသော ဘေးပတ်လည်ရှိလူများကို တစ်ချက်ကြည့်လိုက်သည်။
စုစုပေါင်းလူခုနစ်ယောက်ရှိသည်။ တချို့လူများက အရောင်းပစ္စည်းများကို ကြည့်ရှုနေပြီး တချို့က ခေါင်းငုံ့ကာ စဉ်းစားနေကြသည်။ တချို့ကတော့ စျေးဆစ်နေသည်။ ထိုလူများအနက် ခပ်ပိန်ပိန်လူတစ်ယောက်နှင့် ခပ်ဝဝတစ်ယောက်သည် အဖွဲ့တစ်ဖွဲ့ဖြစ်ဟန်တူသည်။
ခပ်ဝဝလူသည် လုံးဝန်းသောမျက်နှာရှိပြီး ခပ်ပိန်ပိန်လူသည် မြင်းကဲ့သို့ မျက်နှာမျိုးရှိသည်။ သူတို့၏ရုပ်ဆင်းသွင်ပြင်အရ သူတို့စိတ်ထားက မည်သို့ရှိမည်ကို တွေးတောနေစရာပင်မလိုချေ။ သူတို့ထံမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားအငွေ့အသက်များမှာမူ အားမပျော့လှချေ။ သူတို့ထဲမှတစ်ယောက်သည် မိန်းကလေး၏အဖြေများနှင့် ပတ်သက်၍ သဘောမကျသည့်အလား မိန်းကလေးကို ကြိမ်းမောင်းနေသည်။
မိန်းကလေးသည် စိတ်ရှုပ်ထွေးစွာဖြင့် တောင်းပန်နေ၏။ ရွှီချင်းသည် ဆိုင်ထဲရှိ ပစ္စည်းများကို ကြည့်ရှုလိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင်။ ဤဆိုင်သည် ကုန်စုံဆိုင်တစ်ဆိုင်ဖြစ်သည်။ ဆေးလုံးမျာ၊ လက်နက်များ၊ အဝတ်အထည်များ၊ အစားအစာများ စသည်ဖြင့် စုံလင်စွာရှိသည်။
သို့ဖြစ်၍ သူသည် အကြည့်လွှဲကာ ကောင်တာကို သွား၍ ဆေးတံသောက်နေသော ဆိုင်ရှင်အား တည်ငြိမ်စွာ ပြောလိုက်သည်။
***
good
Good