Switch Mode

အပိုင်း (၅၈၇):

မြို့ထဲသို့ ဝင်ရောက်ခြင်း

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များက တဖြည်းဖြည်းလိုက်၍ ထွက်လာကြကာ ရုတ်တရက် လူတစ်ယောက်က ဒူးထောက်ချလိုက်၏။ ထိုအခါ မျိုးနွယ်စုဝင်တိုင်းက ဝမ်လင်းပျံသန်းသွားသော အရပ်ထံသို့ ဦးတည်၍ ဒူးထောက်ချလိုက်ကြသည်။

သူတို့စိတ်ထဲ၌ ဝမ်လင်းကသည် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ ဘိုးဘေး ဖြစ်သည်။ သူ သည်မှာ ရှိနေသေ၍ သည်စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်က ပျက်စီးတော့မည် မဟုတ်ပေ။

ချူယောင်ဟွာသည်လည်း ဒူးထောက်ထားလေ၏။ လွန်ခဲ့သောလေးနှစ်က အဖြစ်အပျက်များက သူ့စိတ်ထဲ၌ တဖျပ်ဖျပ် ပြန်ပေါ်လာခဲ့သည်။ သည်လေးနှစ်အတွင်း သူ့ကျင့်ကြံမှုအဆင့်ကလည်း ကောင်းကင်ထိ ထိုးတက်ခဲ့ရကာ အရာအားလုံးက သူ့အတွက် အိမ်မက်တစ်ခုလို့ ခံစားရစေသည်။

သူ့နောက်ရှိ မျိုးနွယ်စုဝင် ငါးထောင်ကျော်ကို ကြည့်ကာ ချူယောင်ဟွာက သူ့ခံစားချက်ကို ဖော်ပြရန် စကားတစ်ခွန်းကိုသာ အသုံးပြုနိုင်တော့၏။ထိုစကားက ဝမ်လင်းအပေါ်၌ လေးစားခြင်း မည်သည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်နှင့် ငါးကီလိုမီတာ အကွာသို့ အရောက်တွင် ဝမ်လင်းက သိုလှောင်အိတ်ထဲက သားရဲတစ်ကောင်ကို ထုတ်ယူလိုက်၏။ယင်းသားရဲက ချွန်မြသောပါးစပ်နှင့် အလွန်ကြမ်းကြုတ်သည့်ပုံရှိသည်။ ၎င်းကတော့ ခြင်သားရဲပင်။

၎င်းက လွန်ခဲ့သောနှစ်ဝက် ပြန်နိုးထလာခဲ့သည်။၎င်း၏ ခွန်အားကလည်း များစွာ တိုးတက်လာခဲ့သည်။ ခုချိန်၌ သာမန် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တစ်ယောက်က ၎င်းကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။

ဝမ်လင်းက ခြင်သားရဲသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအထိတ်အထိပ် ခွန်အားလောက် ရှိနေပြီဟု တွက်ချက်မိသည်။

၎င်းတွင် သားရဲသွေးမျိုးဆက်ရှိနေ၏။ ခုချိန်၌ သားရဲဘုရင်အော်ရာသည် ၎င်း၏ ခရမ်းရွှေရောင်ခန္ဓာကိုယ်ကို တဖြည်းဖြည်းချဲ့ကာ လာခဲ့ပြီ ဖြစ်၏။

လူတစ်ယောက်က သေချာမကြည့်ပါက ၎င်း၏ သည်အော်ရာကို သတိပြုနိုင်မည် မဟုတ်ချေ။

ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များအရ သည်သားရဲများက တစ်ကောင်တည်းနေထိုင်ကြခြင်း မဟုတ်ဘဲ အုပ်စုလိုက်နေကြသည်ဟု ဆို၏။ သူတို့က အုပ်စုလိုက်ဖြစ်နေပါက ခေါင်းဆောင်တစ်ယောက်တော့ ရှိရမည် မဟုတ်လား။

သည်သားရဲက ခေါင်းဆောင်ဖြစ်လာရန် ဦးတည်၍ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာနေ၏။

ရှေးဟောင်းနတ်ဘုရားထူစီပင် သည်ခြင်သားရဲအသိုက်ကို ကြောက်လန့်ပြီး ရှောင်ကြဉ်ရသည်ဟု ပြော၍ ရပေ၏။

ခြင်သားရဲက ထွက်ပေါ်လာသည်နှင့် စူးရှစွာ အော်ဟစ်လိုက်သည်။ သည်အော်သံက သည်မြေတွင် ပဲ့တွင်ထပ်လို့သါား၏။ ဆယ့်သုံးနှင့် ဟော်ဖောင်တို့၏ မျက်နှာသည်လည်း ချက်ခြင်း ဖြူရောသွားကြသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် ခြင်သားရဲ၏ စူးရှသောအော်သံကို တောင့်မခံနိုင်သည်မှာ သိသာပေ၏။

သည့်နောက် ခြင်သားရဲက ဝမ်လင်းဘေးနားသို့ ရောက်လာပြီး သူ့ပါးစပ်ဖြင့် ဝမ်လင်းကို ပွတ်သတ်လေ၏။

ဝမ်လင်းက ပြုံး၍ ခြင်သားရဲကို ပြန်ပွတ်သပ်ပေးလိုက်သည်။ သည့်နောက် သူက ၎င်းကျောပေါ်သို့ ခုန်တက်လိုက်၏။

သည့်နောက် ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် လာခဲ့…”

ဆယ့်သုံးက အံတင်းတင်းကြိတ်၏။ သူက စိတ်ထဲ၌ သူ့ဘိုးဘေး၏ ရှေ့တွင် မျက်နှာမပျက်စေရဟု ကြိတ်၍တွေးကာ ခုန်တက်လိုက်သည်။ သူက ခြင်သားရဲ ကျောပေါ်သို့ ရောက်ရှိသွားသည်နှင့် အေးစက်သောအော်ရာက သူ့ခြေထောက်ကနေ ဖြတ်၍ တိုက်ရိုက် တိုးဝင်လာတော့သည်။

သူ့ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကလည်း သည်အော်ရာပေါ်တွင် မည်သည့်သက်ရောက်မှုမှ ရှိမနေချေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ခွေသွားသည်ဟု ခံစားလိုက်ရ၏။ သူ့ စိတ်ဓာတ်ခိုင်မာမှုကြောင့်သာ မဟုတ်ပါက သူက ချက်ခြင်း ပြိုလဲသွားလောက်ပေသည်။

ဟော်ဖောင်ကလည်း ဆယ့်သုံး ထိုသို့ ပြုလုပ်သည်ကို မြင်သည်နှင့် သူက နောက်ကောက် မကျန်လိုချေ။ သူက ခုန်တက်လိုက်၏။ အပေါ်သို့ ရောက်သွားသည့်အခါ အေးစက်သောအော်ရာက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။

သူက သည်အော်ရာကို တောင့်ခံနိုင်ရုံမျှသာ ရှိနေ၏။ ဟော်ဖောင်က ခါးသက်စွာ ပြုံးမိ၏။ သူက ဘိုးဘေးသည် အမှန်ပင် သန်မာကြောင်း တွေးနေမိသည်။ အကြောင်းကတော့ သည်ကြောက်မက်ဖွယ်သားရိုင်းကပင် ဘိုးဘေးနှင့် ယဉ်ပါးနေသည် မဟုတ်လား။

ဝမ်လင်းက ဆယ့်သုံးနှင့် ဟော်ဖောင်တို့၏ လုပ်ဆောင်မှုကို တွေ့မြင်ပြီးနောက် သူက ပြုံးလိုက်သည်။ သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ရှိနေသည်။ အတွေးတစ်ချက်ဖြင့်ပင် ခြင်သားရဲက အလင်းတန်းအလား တဟုန်ထိုး ပျံသန်းသွားတော့၏။

ပြင်းထန်သော လေပြင်းက သူတို့သုံးယောက်ပေါ်သို့ ချက်ခြင်း ရိုက်ခတ်လာ၏။ သည်လေက ဝမ်လင်းအပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိချေ။

ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကတော့ ပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်းတစ်ခု ရိုက်ခတ်ခြင်းကို ခံလိုက်ရသကဲသို့ ခံစားမိသွားသည်။ သူတို့က တစ်ခဏတာ အာရုံစိုက်ထားမှု လွတ်ကင်းသွားသည်နှင့် အဝေးသို့ လွင့်ထွက်သွားနိုင်လောက်၏။

ဆယ့်သုံးက မာန်သွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို အသက်သွားကာ သည်လေပြင်းကို တောင့်ခံ၏။ ဟော်ဖောင်လသည်လည်း မျက်လုံးမှိတ်ကာ သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သည်လေပြင်းကို တောင့်ခံထားပေသည်။

သည်နေရာက ရှေးဟောင်းနတ်ဆိုးမြို့နှင့် (၁၅)သန်း ကီလိုမီတာ ကွာဝေးသည်။ထို့ကြောင့် ခြင်သားရဲက ထိုနေရာသို့ ရောက်ရှိရန် အချိန်အချို့ ယူရမည်သာ။ ဝမ်လင်းကလည်း အလျင်လိုခြင်း မရှိချေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ဖြုန်းတီးပြီး တည်နေရာရွှေ့ပြောင်းခြင်း မပြုချေ။

ခြင်သားရဲက ကောင်းကင်ထက်၌ တဟုန်ထိုး ပျံသန်းနေသည်။ ၎င်းဖြတ်ကျော်သွားသည့် မျိုးနွယ်စုတိုင်းက သူတို့၏ အကာအကွယ်အစီအရင်များကို အသက်သွင်းမိကြသည်။ သူတို့အမြင်၌ ခြင်သားရဲက အလွန်သန်မာနေ၏။ ခြင်သားရဲ၏ ပျံသန်းမှုကြောင့် လေထုပေါက်ကွဲမှုများပင် ဖြစ်ပေါ်သွားကြသည်။ သည်မြင်ကွင်းက တုန်လှုပ်ဖွယ်ပင်။

ဝမ်လင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ပထမဆုံးစဝင်လာတုန်းက မျိုးနွယ်စုများနှင့် အစီအရင်များ၏ တည်ရှိမှုကို မသိခဲ့ချေ။ သည်အစီအရင်းများက အထဲရှိ လူများကို ဖုံးကွယ်ပေးနိုင်သည့် စွမ်းရည်လည်း ရှိနေသည်။ထို့ကြောင့်သူက အစပထမပိုင်း၌ မည်သည့်လူကိုမျှ မတွေ့ခဲ့ရခြင်းပင်။ သို့ရာတွင် သူက ခုချိန်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေနှင့် ပတ်သတ်၍ တော်တော်လေး နားလည်လာခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် သူက အောက်သို့ ငုံ့ကြည့်လိုက်သည်နှင့် မရေမတွက်နိုင်သော မျိုးနွယ်စုများကို တွေ့မြင်နိုင်ခဲ့ပြီ ဖြစ်၏။

သည်မျိုးနွယ်စုများက သန်မာ၊အားနည်း၊ ကြီးမား၊ သေးငယ် စသဖြင့် အမျိုးမျိုးရှိနေကြသည်။

“ငါ့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်ကသာ ဒီကုန်းမြေမှာ ရှိတဲ့ မျိုးနွယ်စုတိုင်းကို တစ်ခုတည်းအဖြစ် စုဆောင်းနိုင်ရင် ဒါက နိုင်ငံကိုးခုတောင် တုန်လှုပ်သွားနိုင်လောက်မဲ့ အင်အားတစ်ခု ဖြစ်လာမှာ…” ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့၏။

ခုနှစ်ရက်ကြာပြီးနောက် ရှေးဟောင်းနတ်ဆိုးမြို့က အကွာအဝေးတစ်ခု၌ ပေါ်လာခဲ့တော့သည်။ သူတို့က မြို့နှင့် ငါးဆယ်ကီလိုမီတာ သို့ရောက်သည့်အခါ ဝမ်လင်းက ခြင်သားရဲကို ပြန်သိမ်းဆည်းလိုက်၏။ သူ၊ဆယ့်သုံးနှင့် ဟော်ဖောင်တို့က မြေပေါ်သို့ ပြန်ဆင်းသက်လိုက်ကြသည်။

ဆယ့်သုံးက အရင်တုန်းက သူ့မျိုးနွယ်စုကနေ သွားခဲ့ဖူးသည့် အဝေးဆုံး အကွာအဝေးက ကီလိုမီတာ ထောင်ချီသာ ရှိသည်။ သို့သော် ခုချိန်၌ သူက ကီလိုမီတာ (၁၅)သန်းကျော်ကို ဖြတ်သန်းသွားလာခဲ့ပြီ ဖြစ်သည်။ သူက အိပ်မက်ထဲ၌သာ သည်လိုမျိုး စိတ်ကူးယဉ်ခဲ့ဖူးသည်။ ခုထိ သူက အနည်းငယ်စိတ်လှုပ်ရှားနေသေးကာ သူ့ခံစားချက်ကိုအမြန် ဖိနှိပ်ထားရ၏။ သူ့မျက်နှာပေါ်၌ စိတ်ခံစားချက်မဲ့သည့်အသွင် ပေါ်လာပြီး သူ့မျက်လုံးများကလည်း အေးစက်စက် ဖြစ်လာခဲ့သ်။ သူက ခုချိန်၌ အနည်းငယ်သော စိတ်လှုပ်ရှားမှုကိုပင် ထုတ်ဖော်ပြသခြင်း မရှိတော့ချေ။

သူ့အသွင်အပြင်က ဝမ်လင်းနှင့်ပင် ဆင်တူနေ၏။ လွန်ခဲ့‌သော လေးနှစ်က သူက ခုလိုမျိုးမဟုတ်ချေ။ ဝမ်လင်းအပေါ် သူ့လေးစားမှုကြောင့် သူက မသိလိုက်မသိဘာသာနှင့် ဝမ်လင်းအပြုအမူဟန်ပန်ကို ပုံတူကူးမိသွားခဲ့သည်။

သည်နေရာက ကောင်းကင်နတ်ဆိုးနိုင်ငံရှိ မြို့များထဲက တစ်မြို့ဖြစ်သည့် ရှေးဟောင်းနတ်ဆိုးမြို့ ဖြစ်သည်။

မျိုးနွယ်စုများ အမြင်၌ ရှေးဟောင်းနတ်ဆိုးမြို့က ကောင်းကင်တမျှခွန်အားကြီး၏။ သည်နေရာက မျိုးနွယ်စုရှိ လူတိုင်း၏ အိပ်မက်ဖြစ်ကာ မြင့်မြတ်သောနေရာလည်း ဖြစ်သည်။

အရင်တုန်းကတော့ သည်လို အတွေးမျိုးက ဆယ့်သုံးထံ၌ ရှိ၏။သို့သော် ခုချိန်၌ ဝမ်လင်းကသာ သူ့အတွက် ကောင်းကင်တမျှခွန်အားကြီးသူ ဖြစ်နေပေပြီ။ သူ့အိပ်မက်က ဝမ်လင်းထံမှ အသိအမှတ်ပြုမှု ရရှိရန်သာ ဖြစ်သည်။

ဟော်ဖောင်ကတော့ ဆယ့်သုံးကို မယှဉ်နိုင်သေးချေ။ သူက သည်ရှေးဟောင်းနတ်ဆိုးမြို့ကို မြင်လိုက်သည်နှင့် ဒူးမညွတ်ဘဲ မနေနိုင် ဖြစ်ရသည်။

ခဏအကြာမှ သူက အသိပြန်ဝင်လာခဲ့၏။ ထို့နောက် သူက မတ်တပ်ရပ်လိုက်သည်။သူ့အသွင်က ရှက်ရွှံဟန် ဖြစ်နေ၏။ သူကမည်သည့် စိတ်လှုပ်ရှားမှုမှ မရှိသည့် ဆယ့်သုံး၏ အသွင်အပြင်ကို တွေ့မြင်လိုက်သည့်အခါ သူက ရှုံးနိမ့်သလို ခံစားလိုက်ရသည်။ သူက အသက်ဝဝရှုသွင်းကာ ရှေးဟောင်းနတ်ဆိုးမြို့သို့ တံတွေးဖြင့် လှမ်းထွေး၏။ သည့်နောက် သူ့မျက်နှာပေါ်၌ အထင်သေးသည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်၏။

ဝမ်လင်းက ဆယ့်သုံးနှင့် ဟော်ဖောင်တို့၏ ပြုမူပုံများကို ကြည့်ကာ ပြုံးလိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အခိုးငွေ့ကဲ့သို့ ရွှေ့လျားသွားသည်။

ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကလည်း မြန်ဆန်စွာ လိုက်ပါသွား၏။

သူတို့သုံးယောက်က ငါးဆယ်ကီလိုမီတာကို ဖြတ်သန်းလာပြီးနောက် ရှေးဟောင်းနတ်ဆိုးမြို့သို့ ရောက်ရှိလာ၏။

ရှေးဟောင်းနတ်ဆိုးမြို့က အလွန်ကြီးမားသည်။ ထို့ကြောင့် ၎င်းက တစ်ချက်ကြည့်ရုံဖြင့် အဆုံးသို့ မြင်ရလိမ့်မည် မဟုတ်ချေ။ ဝမ်လင်းက သည်နေရာကို ဖြတ်သန်းလာစဉ်တစ်လျှောက်တွင် သည်မြို့က အကြီးမားဆုံး ဖြစ်သော်လည်း သူက ဂြိုဟ်များနှင့် ကြယ်စုများကို တွေ့မြင်ခဲ့ဖူးသူသာ ဖြစ်သည်။ သည်မြို့က မည်မျှကြီးမားသည် ဖြစ်စေ ထိုအရာများနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

မြို့ထဲသို့ ဝင်လာပြီးနောက် သူက သူ့ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ထားခြင်း မပြုချေ။ ဝမ်လင်းက တည်ငြိမ်နေ၏။

သည်နေရာက မြို့မြောက်ဘက်ဂိတ်ပင်။ လူများစွာက သည်မြို့ထဲသို့ ဝင်လိုက်ထွက်လိုက်ရှိနေ၏။ သည့်အတွက် သည်နေရာတွင် အစောင့်အကြပ်များ ရှိနေသည်မှာ ပုံမှန်ပင်။

ဝမ်လင်းက ကျင့်ကြံခြင်းကမ္ဘာတွင် အရာအားလုံးက စွမ်းအားပေါ်သာ မူတည်ကြောင်းသိ၏။ အလွန်နှိမ့်ချစွာနေခြင်းက သိပ်ကောင်းလှခြင်း မရှိချေ။ သည်နေရာတွင် စီတန်းနေသည့်လူများက ရှည်လျားလှသည်။ သူက စောင့်မည်ဆိုပါက အထဲသို့ ဝင်နိုင်ရန် နာရီများစွာ ကြာနိုင်သည်။

သူက ရိုးရှင်းစွာပင် လူတန်းရှည်ကို ဖြတ်၍ မြို့ဂိတ်ပေါက်သို့ တည့်တည့်မတ်မတ် လှမ်းလျှောက်လာ၏။ ဆယ့်သုံးနှင့် ဟော်ဖောင်တို့က သူ့နောက်က‌နေ လိုက်ပါလာကြသည်။ ဆယ့်သုံးက ဟော်ဖောင်ထက် ပို၍ တည်ငြိမ်နေ၏။

ဝမ်လင်းက ဂိတ်ပေါက်သို့ ရောက်လာသည့်အခါ အစောင့်အကြပ်များက အာရုံစိုက်မိသွားကြသည်။ သည်အစောင့်အကြပ်များက နတ်ဆိုးမြို့၏ ဘယ်တောင်ပံဗိုလ်ချုပ် လက်အောက်ရှိ နတ်ဆိုးတပ်သားများပင်။

သူတို့၏ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောင်ခြင်းအဆင့်နှင့် ညီမျှ၏။သူတို့အမြင်၌ ဝမ်လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လုံးဝ မရှိသည့် သာမန်မျိုးနွယ်စုဝင် တောသားတစ်ယောက်လိုသာ မြင်နေမိသည်။

သို့သော် ဝမ်လင်းနောက်ရှိ ဆယ့်သုံးနှင့် ဟော်ဖောင်တို့က အဆင့်သုံးနှင့်အထက်ရှိသည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေသည်။

သည်လူနှစ်ယောက်က အစောင့်သဖွယ်ဖြစ်နေခြင်းက ဝမ်လင်းသည် သူတို့အမြင်တွင် ထူးဆန်းသွားစေသည်။ သို့ရာတွင် သည်အရာက စည်းမျဉ်းများကို ဖောက်ဖျက်နိုင်လောက်သည့် ခွန်အား မဟုတ်သေးချေ။

ဝမ်လင်းက နီးကပ်လာသည်နှင့် အနက်ရောင်ချပ်ဝတ်နှင့် တပ်သားတစ်ယောက်က ရှေ့သို့ လှမ်းလာ၏။ သူက သူ့လှံကို ဝမ်လင်းထံသို့ ညွှန်ကာ အေးစက်စွာ ပြော၏။ “ပြန်ဆုတ်စမ်း…”

“ရဲတင်းလိုက်တာ…” ဝမ်လင်းအပြောကို မစောင့်တော့ဘဲ ဆယ့်သုံးက ရှေ့သို့ တိုးလာ၍ လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့စိတ်ထဲ၌ ဝမ်လင်းအပေါ် မလေးစားသည့်လူက သူ့ရန်သူပင်။

ဘီလူးနတ်ဆိုးကလန်၏ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်က သူ့ခန္ဓာကိုယ်ကို သတ္တုတစ်ခုအလား မာကြောစေခဲ့သည်။ သည်လက်သီးချက်ကြောင့် လေထုပင် လှိုင်းထသွားပြီး နတ်ဆိုးတပ်သား ထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

နတ်ဆိုးတပ်သားအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူ့အမြင်၌ ဆယ့်သုံးလက်သီးက ကြယ်ပျံတစ်စင်းအလား တိုးဝင်လာကာ ထိုလက်သီးချက်ထဲ၌ ထူးဆန်းသောအားတစ်ခု ပါနေ၏။ သူက ရှောင်လိုက်လိုသော်လည်း တစ်ခုခုက သူ့ကို လှုပ်မရအောင် လုပ်ထားသလို ခံစားလိုက်ရ၏။

သို့သော် သူက တိုက်ပွဲများစွာ ဖြတ်သန်းဖူးသဖြင့် အတွေ့အကြုံရှိသည့်သူသာ။ သူက လှံကို မြန်ဆန်စွာ လှုပ်ရှား၍ နောက်သို့ အနည်းငယ် ခြေတစ်လှမ်းဆုတ်သည်။

ဆယ့်သုံးလက်သီးက သူ့လှံပေါ်သို့ ကျဆင်းသွား၏။ သူ့လှံပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ သည်အားကြောင့် ၎င်းလှံက အမှုန်အမွှား ဖြစ်သွားတော့သည်။

နတ်ဆိုးတပ်သား၏ မျက်နှာက ဖြူရောသွားသည်။ သည်အားက ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူက နောက်သို့ ခြေလှမ်းများစွာ လွင့်ထွက်သွားရကာ ပါးစပ်ထောင့်မှလည်း သွေးများ ယိုစီးကျလာခဲ့သည်။

အခြားနတ်ဆိုးတပ်သားများကသာ သူ့ကို လှမ်းဖမ်းထားခြင်း မရှိပါက သူက ဒဏ်ရာပိုပြင်းထန်စွာ ရရှိသွားပေမည်။ သို့ရာတွင် သူ့ကို လှမ်းဖမ်းလိုက်သည့် တပ်သားများ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားသလို မျက်နှာလည်း ဖြူရောသွား၏။ သူတို့က လက်သီးအားအချို့တဝက်ကြောင့် ဒဏ်ရာရသွားသည်မှာ ရှင်းလင်းနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset