ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ ဆယ့်သုံး၏ခန္ဓာကိုယ်က သူ့ရှေ့ရှိ လေထဲ၌ မြောက်တက်လာသည်။ သူက ဆယ့်သုံးနှဖူးထက်သို့ လက်ညွှန်ုလိုက်၏။ထို့နောက် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းက ဆယ့်သုံးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
“အာ…” ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လာ၏။
လွန်ခဲ့သောတစ်နှစ်က သူက ဆယ့်သုံး၏ သွေးကြောများသည် လုံးဝ ပျက်စီးကာ ကျင့်ကြံ၍ မရတော့ဟု သိရှိခဲ့၏။ သို့ရာတွင် ခုချိန်၌ သူက အလွန်ထူးဆန်းမှုတစ်ခုကို ရှာတွေ့လိုက်သည်။
ဆယ့်သုံး၏ သွေးကြောများက လွန်ခဲ့သောတစ်နှစ်တုန်းကကဲ့သို့ ပျက်စီးနေသေးသော်လည်း သူ့ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များစွာကို သိုလှောင်ထားနေလေသည်။
သည်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သူ့သွေးကြောများထဲ၌ ရှိနေခြင်း မဟုတ်ဘဲ အသွေးအသားနှင့်အရိုးထဲ၌ ရှိနေခြင်း ဖြစ်သည်။ သည်လိုသာ ဆက်ဖြင်လျှင် ဆယ့်သုံး၏ ခန္ဓာကိုယ်က အလိုလို သန့်စင်ခြင်းအခြေအနေသို့ ဝင်ရောက်သွားနိုင်ပေသည်။
သို့ရာတွင် ဆယ့်သုံးက ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို နားလည်ခြင်း မရှိသဖြင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များစွာကို ဖြုန်းတီးမိသလို ဖြစ်ခဲ့သည်။ ဆယ့်သုံးက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို မည်သို့လှည့်ပတ်ရမည်အား မသိပေ။ထို့ကြောင့် သူက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းမိခဲ့သော်လည်း သူ့ခန္ဓာကိုယ်က ကျွတ်ဆပ်ပြီး သေဆုံးသွားတော့မလို ဖြစ်ခဲ့၏။
“ထူးဆန်းလိုက်တာ…လွန်ခဲ့တဲ့တစ်နှစ်က ဆယ့်သုံးခန္ဓာကိုယ်က ဘာနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေတော့ဘူး။ ဒါပေမဲ့ ခုချိန်မှာ သူက ကြယ်နှစ်ပွင့်အဆင့်ကိုတောင် ရောက်နေခဲ့ပြီ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက လျိုယွမ်၏ မှတ်ဉာဏ်များအရ ကြယ်သုံးပွင့်အဆင့်သည် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အဆင့်တစ်နှင့်ညီမျှကာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် တူတူပင် ဖြစ်၏။
သူက လက်ပြန်မြှောက်ကာ ထိုင်ချလိုက်၏။ ခဏအကြာတွင် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူ့မူလစိတ်ဝိညာဉ်ကလည်း ပျံသန်းထွက်လာပြီး ဆယ့်သုံးနှဖူးထဲသို့ ဝင်ရောက်သွား၏။
ထိုအခါ ဝမ်လင်းက ဆယ့်သုံး၏ လွန်ခဲ့သောတစ်နှစ်က မှတ်ဉာဏ်များကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရတော့သည်။
ဝမ်လင်းက ဆယ့်သုံးသည် သာမန်လူများ မခံနိုင်သည့် နာကျင်မှုကို အံတုကာ လွန်ခဲ့သောတစ်နှစ်မှစ၍ ညစဉ်ညတိုင်း ကျင့်ကြံခဲ့သည်ကို တွေ့မြင်လိုက်ရသည်။ သူက နာကျင်မှုကို ကြံကြံခံကာ နတ်ဆိုးစိတ်ဝိညာဉ်များအား စုပ်ယူခဲ့သည်။ ထိုအခါ နတ်ဆိုးစိတ်ဝိညာဉ်များက သူ့အသွေးအသားများထဲသို့ ဝင်ရောက်သွားခဲ့သည်။ သည်လိုနာကျင်မှုများက သူ့ခန္ဓာကိုယ်အား အင်းဆက်သန်းပေါင်းများစွာက စားသောက်နေသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။
သူက သည်လိုနာကျင်မှုမျိုးကို တစ်နှစ်ကျော်အံတုကာ ကျင့်ကြံခြင်းကို ဘယ်မော့မှ မရပ်တန့်ခဲ့ချေ။
သည်အရာအားလုံးက သူ့ အရှုံးမပေးလိုသည့် စိတ်ဓာတ်ကြောင့်ပင်။ သူက သန်မာလိုပြီး သူ့ထံသို့ ကြည့်သည့် ဝမ်လင်း၏ အသိအမှတ်ပြုသည့်အကြည့်ကို လိုချင်နေသေးသောကြောင့်ပင်။
ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့မျက်လုံးက အလွန်အလေးအနက် ဖြစ်လာပြီး လေထဲမြောနေသည့် ဆယ့်သုံးအား သေချာကြည့်သည်။
ဆယ့်သုံး၏ ခိုင်မာပြတ်သားသောစိတ်ဓာတ်က ဝမ်လင်းအတွက် အမြင်ကောင်းတစ်ခု ဖြစ်သွားစေ၏။ သို့သော် ဆယ့်သုံးအတွက် ပြန်လည်ကောင်းမွန်စေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းက ရှေးဟောင်းနတ်ဘုရားနည်းစနစ်သာ ရှိသည်။ သည်နည်းစနစ်က ဝမ်လင်း လူတစ်ယောက်ကို လွယ်လွယ်ပေးနိုင်သော အရာမဟုတ်ချေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ဆယ့်သုံး၏ရင်ဘက်ထံသို့ လက်ညွှန်ကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အချို့ကို ထည့်သွင်းပေးလိုက်၏။ ထို့ကြောင့် ဆယ့်သုံးက ပါးစပ်အနည်းငယ်ဟ လာနိုင်သည်။ ဝမ်လင်းက သူ့ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်သွင်းလိုက်သည်။ ဆယ့်သုံးက သည်ဆေးလုံးကို စုပ်ယူနိုင်အောင် ကူညီပြီးနောက် ဝမ်လင်းက တစ်ဖန် ပြန်ထိုင်လိုက်ပြန်သည်။
ဆယ့်သုံးခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ကျလာ၏။
အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်ပြီးနောက် ဆယ့်သုံးက ပြင်းထန်စွာ ချောင်းဆိုးလာခဲ့သည်။ သူက ပြန်ထလာနိုင်ခဲ့ပြီးနောက် သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သွေးများ အန်ထုတ်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
သူက သတိပြန်ရလာသည်နှင့် သူ့ရှေ့ရှိ ဝမ်လင်းကို သတိပြုမိလိုက်သည်။ သည်အရာက သူ့ကို အလွန်စိတ်လှုပ်ရှားစေ၏။ သူက သတိပြုမိချင်းချင်း အမြန်ထကာ ဒူးထောက်ချ၍ လေးစားမှုအား ပြသသည်။
“ဆယ့်သုံးက ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းက ဆယ့်သုံးကို ကြည့်ကာ ပြောလိုက်သည်။ “မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလုပ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေရတာလဲ…”
ဆယ့်သုံးခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက ဝမ်လင်းကို လေးစားပြီး ဖြစ်သည့်အတွက် လွန်ခဲ့သောတစ်နှစ်က သူလုပ်ခဲ့သည့်အရာများကို ဝမ်လင်းအား အလျင်အမြန် ပြောပြလိုက်သည်။ သူ ပြောသည့်အရာများက ဝမ်လင်း သူ့မှတ်ဉာဏ်ထဲတွင် တွေ့မြင်ခဲ့သည်နှင့် လုံးဝထပ်တူညီနေသည်။
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဆယ့်သုံး…မင်းခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေက မင်းသွေးကြောတွေ ပျက်စီးနေတဲ့အတွက် လှည့်ပတ်နိုင်မှု မရှိတော့ အသုံးမဝင်ဘူး။ ဒီလောက်များပြားတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေကို စုဆောင်းထားတဲ့အတွက် မင်းက သေဆုံးရလိမ့်မယ်…”
ဆယ့်သုံးမျက်နှာက ဖြူရောသွားကာ သူက နာကျင်စွာ ပြုံး၏။ သူက အသက်ဝဝရှုသွင်းကာ ပြောလိုက်သည်။ “ဘိုးဘေး…ဆယ့်သုံးက အသုံးမဝင်တဲ့လူ မဖြစ်ချင်ဘူး။ ဆယ့်သုံးက ဒီနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ စုဆောင်းတာ ကောင်းတဲ့အရာမဟုတ်တာ သိပါတယ်။ ဒါပေမဲ့ ဒီတစ်နည်းကပဲ ကျနော့်ကို စိတ်သက်သာစေမှု ရစေတယ်။ကျနော့်မှာလည်း လူတိုင်းလို နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ရှိတယ်လို့ ခံစားရစေတယ်…”
အဆုံးသပ်၌ ဆယ့်သုံးအသံက တိမ်ဝင်သွားကာ သူက လက်သီးကျစ်ကျစ် ဆုတ်ထားမိသည်။
ဝမ်လင်းက ဆယ့်သုံးကို ကြည့်နေ၏။ အချိန်အတန်ကြာမှ သူက ပြောလိုက်သည်။ “ငါ့မှာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေကို မင်းရဲ့ အသွေးအသားထဲကို ပြောင်းဖို့ ခွင့်ပြုပေးနိုင်တဲ့ ကျင့်ကြံခြင်းနည်းတစ်ခု ရှိတယ်။ ဒါက မင်းရဲ့ခွန်အားကို မခန့်မှန်းနိုင်လောက်အောင် တိုးမြင့်သွားစေနိုင်တယ်။ မင်းက ဘာမန္တန်မှ အသုံးမပြုရင်တောင် မင်းရဲ့ခန္ဓာကိုယ်က သန်မာသထက် သန်မာလာလိမ့်မယ်။ ဒါက ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ပဲ။ မင်း ဒါကို သင်ဖို့ ဆန္ဒရှိလား…”
ဆယ့်သုံးခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ့မျက်နှာက ပျော်ရွှင်မှုနှင့် ပြည့်နှက်သွားကာ ချက်ခြင်း ခေါင်းညိတ်လိုက်၏။
“သဘောတူတာ မစောနဲ့ဦး။ ဒီခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်က အလွန်ခက်ခဲပြီး အန္တရာယ်လည်း များတယ်။ မင်းက တစ်ခုခုမှားသွားရင် ငါလည်း မင်းကို ကယ်ပေးနိုင်မှာ မဟုတ်ဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းက အလွန်လည်းနာကျင်ရတယ်။ မင်း ဒါကို ခံနိုင်ပါ့မလား…”
“ဘိုးဘေး…ဆယ့်သုံးက သင့်ကို စိတ်မပျက်စေရပါဘူး…” ဆယ့်သုံးက ဝမ်လင်းကို ပြတ်သားစွာ ကြည့်သည်။
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် သူ့နှဖူးထက်သို့ ဖိချကာ ၎င်းကျောက်စိမ်းပြားထဲသို့ အချက်အလက်များ ထည့်သွင်းလိုက်ကာ ဆယ့်သုံးထံသို့ ၎င်းကို ပစ်ပေးလိုက်သည်။ “မင်းခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေတယ်။ ဒါ့ကြောင့် မင်းက ဒီကျောက်စိမ်းပြားထဲကို ကြည့်မြင်နိုင်ပါလိမ့်မယ်…”
ဆယ့်သုံးက ကျောက်စိမ်းပြားကို လက်ခံလိုက်သည့်အခါ သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုက ဖော်ပြ၍ပင် မရချေ။ သူက ဝမ်လင်းကို အကြိမ်များစွာ ဦးညွတ်ဂါဝရပြုပြီးနောက် ထွက်ခွာသွားတော့၏။
ဆယ့်သုံးထွက်ခွာသွားသည့်အခါ ဝမ်လင်းက သက်ပြင်းချမိသည်။ သူက ဆယ့်သုံးကို ရှေးဟောင်းနတ်ဘုရားနည်းစနစ် ပေးခဲ့ခြင်း မရှိပေ။ ထိုအစား သူက ဘီလူးနတ်ဆိုးကလန်မှ နည်းစနစ်ကို ဆယ့်သုံးအား ပေးခဲ့ခြင်း ဖြစ်၏။
“သူက ဘီလူးနတ်ဆိုးကလန်ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ပြည့်စံအောင် ကျင့်ကြံနိုင်ရင် ငါက သူ့ကို ရှေးဟောင်းနတ်ဘုရားနည်းစနစ်ရဲ့ ပထမအဆင့်ကို သင်ပေးရမယ်။ သူ မလုပ်နိုင်ရင်တော့ သူက ရှေးဟောင်းနတ်ဘုရားနည်းစနစ်နဲ့ မထိုက်တန်လို့ပဲ…”
မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ဆိုသည့်အချိန်က ကျော်လွန်သွားခဲ့သည်။ သည်နှစ်နှစ်အတွင်း စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုက ရူးသွပ်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့သည်။ သည်မျိုးနွယ်စု၏ အရွယ်အစား၊အကျယ်အဝန်းကလည်း ကီလိုမီတာနှစ်ဆယ်ကနေ ချဲ့ထွင်ကာ ကီလိုမီတာ တစ်ရာ့ငါးဆယ်ထို ရှိလာခဲ့သည်။ မျိုးနွယ်စုတွင် ယောက်ျားသားပေါင်းကလည်း ငါးထောင်ကျော်ရှိလာခဲ့လေပြီ။
ငါးသောင်းကီလိုမီတာ ဧရိယာအတွင်း အဖွဲ့ဝင် သောင်းချီရှိသည့် မျိုးနွယ်စုနှစ်ခုကလွဲ၍ အခြားကျန်သည့်မျိုးနွယ်စုအားလုံးကို စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုက ဝါးမြိုပစ်နိုင်ခဲ့သည်။
သည်နှစ်နှစ်အတွင်း ဝမ်လင်းက ရန်သူမျိုးနွယ်စုဝင်များက အားကောင်းသဖြင့် သုံးကြိမ်ပါဝင်ခဲ့ရသည်။ သို့ရာတွင် သည် မြေရိုင်းလွင်ပြင်၌ သူတို့က မည်မျှအားကောင်းသည် ဖြစ်စေ ဝမ်လင်း၏ ပြိုင်ဘက် ဖြစ်မလာနိုင်ချေ။
ဝမ်လင်း၏ သည်မြေရိုင်းလွင်ပြင်၌ ကိုယ်ပိုင်အင်အားစု တည်ဆောက်သည့် အစီအစဉ်က အောင်မြင်လာသည်ဟု ပြော၍ရသည်။ ခုချိန်၌ သူက စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို ကျင့်ကြံသည့် လူငါးထောင်ကျော်ကို အမိန့်ပေးနိုင်နေပြီ ဖြစ်သည်။ သူတို့က တစ်ဦးချင်းစီ အားကောင်းလှခြင်း မရှိသော်လည်း သူတို့ စိတ်ဝိညာဉ်အပိုင်းအစများကို အတူ စုစည်းထုတ်လွှတ်ချိန်၌ ကြီးမာသည့်လက်သီးချက်တစ်ခုကို ထုတ်လွှတ်နိုင်သည်ဟု ပြော၍ ရပေသည်။
သူတို့အတွက် ကြီးထွားဖို့ အချိန်သာ ရမည်ဆိုပါက ဝမ်လင်းသည် အလွန်အားကောင်းသောအင်အားတစ်ခုကို ထိန်းချုပ်နိုင်သူ ဖြစ်လာပေတော့မည်။
သည်ကီလိုမီတာ ငါးသောင်းအတွင်းရှိ မျိုးနွယ်စုကြီးသုံးခုက မျှခြေအခြေအနေ၌ ရှိနေသည်။
အမှန်တော့ ချူယောင်ဟွာက မျိုးနွယ်စုကြီးနှစ်ခုထဲက တစ်ခုကို တိုက်ခိုက်ချင်ခဲ့ပေသည်။ သို့သော် ဝမ်လင်းက တားဆီးထားခဲ့၏။ သူက မျိုးနွယ်စုဝင်များကို တိုက်ခိုက်ခြင်းအား မပြုလုပ်သေးဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ခိုင်းထားသည်။
ဝမ်လင်းစကားများက သည်မျိုးနွယ်စုအတွက် နတ်ဘုရားအမိန့်ပင်။
ဖော်ပြဖို့ ထိုက်တန်သည့် အရာတစ်ခုရှိသေးသည်။ သည်အရာကတော့ ဆယ့်သုံးပင်။ သည်ကလေး၏ ဇွဲလုံလကတော့ အံ့ဖွယ်ပင်။ သူက ဘီလူးနတ်ဆိုးကလန်၏ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို အနည်းငယ် သင်ယူနိုင်စွမ်း ရှိခဲ့ပြီး ဖြစ်၏။ သူ့ခန္ဓာကိုယ်က သံမဏိအလားမာကြောနေပြီ ဖြစ်ကာ တိုက်ပွဲအတွင်း သူက ရှေ့ဆုံးကနေ အမြဲ တိုက်ခိုက်သည်။ မည်သူကမျှ သူ့ကို ရပ်တန့်နိုင်ခြင်း မရှိချေ။
သည်လေးနှစ်အတွင်း ဝမ်လင်းက သေးငယ်သောမျိုးနွယ်စုလေးက ခုလို လူငါးထောင်ကျော်သည့် မျိုးနွယ်စုကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ဝမ်လင်းက သူတို့အားလုံးကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်ခိုင်းထားခြင်းသည် သူ့၌ အခြားအစီအစဉ်များ ရှိနေသောကြောင့်ပင်။ သူက သည်မျိုးနွယ်စုကနေ ခဏထွက်သွားရန် ဆုံးဖြတ်ထားခဲ့၏။
သူ့ဦးတည်ချက်ကတော့ ရှေးဟောင်းနတ်ဆိုးမြို့ ဖြစ်သည်။
လွန်ခဲ့သော လေးနှစ်က ဝမ်လင်းသည် သည်ရောသို့ သွားရန် အခွင့်ရခဲ့၏။သို့သော် သူက မသွားခဲ့ခြင်းမှာ သူ့တွင် ကိုယ်ပိုင်အင်းအား မရှိသေးသောကြောင့် ဖြစ်၏။ သူသာ ထိုသို့သွားခဲ့ပါက အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။
လေးနှစ်ကြာပြီးနောက် ဝမ်လင်းက ရှေးဟောင်းနတ်ဆိုးမြို့သို့ ပူပန်မှုမရှိဘဲ သွားနိုင်ပြီ ဖြစ်သည်။ သူက ရှေးဟောင်းနတ်ဆိုးမြို့၌ ခြေကုပ်စရာတစ်ခု မရခဲ့ရင်ပင် သူက အခြေအနေကို ပိုကောင်းအောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိလာခဲ့ပြီ မဟုတ်လော။
ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်ရန် သူက အသံလွှင့်ကျောက်စိမ်းပြားနှစ်ခုကို လွန်ခဲ့သော လဝက်တည်းက ပြုလုပ်ခဲ့သည်။ သူက တစ်ခုကို သူနှင့်အတူယူဆောင်၍ အခြားတစ်ခုကို မျိုးနွယ်စုထဲ၌ ထားရစ်ခဲ့မည် ဖြစ်သည်။
ပစ္စည်းများ ရှားပါးခြင်းကြောင့်သာ မဟုတ်လျှင် သူက မျိုးနွယ်စုအတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို ချမှတ်ထားခဲ့မည် ဖြစ်သည်။ သည်လိုဆိုလျှင် သူက ချက်ခြင်း ပြန်လာနိုင်မည် ဖြစ်သည်။
ဝမ်လင်းက သည်တစ်ကြိမ် သူတစ်ယောက်တည်း သွားရောက်မည် မဟုတ်ပေ။ သူနှင့်အတူ အခြားနှစ်ယောက်ပါ ခေါ်လာမည် ဖြစ်သည်။ ထိုနှစ်ယောက်ထဲက တစ်ယောက်ကတော့ ဆယ့်သုံးပင်။
အခြားတစ်ယောက်ကတော့ ဟော်ဖောင် ဖြစ်၏။ သူက မျိုးနွယ်စုငယ် တစ်ခုမှ ဖြစ်ကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို နိုးထနှင့်ခဲ့ပြီးသူ တစ်ယောက်လည်း ဖြစ်နေသည်။ သူက ဝမ်လင်း၏ မျိုးနွယ်စုထံသို့ ရောက်လာသည့်အခါတွင် ကြယ်နှစ်ပွင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။
ချူယောင်ဟွာ ကိုယ်တိုင် သည်လူ့ကို ဖမ်းလာခဲ့ပြီး မှတ်ဉာဏ်များ ဖျောက်ဖျက်၍ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အဖွဲ့ဝင် ဖြစ်စေခဲ့ခြင်းပင်။ သည်လူက ကျင့်ကြံခြင်း၌ အလွန်ပါရမီ ရှိသည်။ သူက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ကြယ်နှစ်ပွင့်အဆင့်ကနေ စတင်ခဲ့ပြီး သိပ်မကြာခင်မှာ လူတိုင်းကို ဖိနှိပ်နိုင်ကာ ချူယောင်ဟွာနီးပါး အစွမ်းထက်လာခဲ့၏။
ခုချိန်၌ သူက အဆင့်ငါးတွင် ရောက်နှင့်နေပြီး မူလစိတ်ဝိညာဉ်(၃၁)ခုပါဝင်သည့် စိတ်ဝိညာဉ်အလံပေါင်း (၉၇) ရှိနေခဲ့ပြီ ဖြစ်သည်။ ခုလက်ရှိ သူ့ခွန်အားက အမြုတေဖွဲ့တည်ခြင်းအဆင့်တစ်ယောက်နှင့် ခြားနားခြင်း မရှိတော့ချေ။
ဝမ်လင်းက သူ့ကို ပါရမီရှင်တစ်ယောက် အဖြစ် မြင်ခဲ့သည်။ စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်က လွယ်ကူသော်လည်း လေးနှစ်မျှဖြင့် အမြုတေဖွဲ့တည်ခြင်းအဆင့်လောက် ရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းက ဝမ်လင်းလုံးဝ မမျှော်လင့်ထားသည့် အရာပင်။
သူသာ နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်နိုင်ခဲ့ပါက သူသည် အနီရောင်လိပ်ပြာကဲ့သို့ ပါရမီရှိသည်ဟု ပြောရပေတော့မည်။ တကဘ်တော့ သူက အနီရောင်လိပ်ပြာ၏ အထက်တွင်ပင် ရှိနေသည်။
ဝမ်လင်းက ထိုကဲ့သို့သော ပါရမီမျိုးနှင့် ပတ်သတ်၍ ဂရုတစိုက်ရှိ၏။ထို့ကြောင့် ဝမ်လင်းက မျိုးနွယ်စုတွင် ထားခဲ့ခြင်းထက် သူ့ကို ထိန်းချုပ်နိုင်မှု ပိုလွယ်ကူအောင် သူနှင့်အတူ ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဟော်ဖောင်က ဝမ်လင်းအပေါ်၌ လေးစားမှုက ဆယ့်သုံးထက် အားနည်းလိမ့်မည် မဟုတ်ပေ။ သူက ဘိုးဘေးက သူ့ကို အပြင်သို့ ခေါ်သွာမည်ဟု ကြားလိုက်သည်နှင့် အလွန်ပင် စိတ်လှုပ်ရှားခဲ့ရသည်။
ဆယ့်သုံး၏ ခွန်အားကလည်း တုန်လှုပ်ဖွယ်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူက ဟောင်ဖောင်နှင့် တိုက်ခိုက်ရမည် ဆိုရင်ပင် ဆိုးဆိုးရွားရွား ဖြစ်လိမ့်မည် မဟုတ်ချေ။
သည်အရာများကို ရရှိခြင်းက သူ့ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် အားထုတ်မှုတို့ကြောင့်သာ ဖြစ်သည်။ သူက ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို ရရှိပြီးသည့်နောက် နေရော၊ညရော ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆံဒးခဲ့သည်။ ကျင့်ကြံမှု၌ အသည်းအသန်ဖြစ်မှုက သည်မျိုးနွယ်စုတွင် ဆယ့်သုံးက နံပါတ်တစ်ပင်။
သည်မနက်တွင် နေက ကောင်းကင်ထက်ကနေ မြင့်တက်လာခဲ့ချိန် ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်ကနေ လှမ်းထွက်လာခဲ့သည်။ ဟော်ဖောင်နှင့် ဆယ့်သုံးတို့က သူ့နောက်ကနေ လိုက်ပါလာခဲ့ကြသည်။