ငါးကီလိုမီတာဧရိယာမြေအတွင်းရှိ လူအားလုံးက တောင်ကြားထဲရှိ မျိုးနွယ်စုအဖြစ် သွတ်သွင်းခြင်း ခံလိုက်ရသည်။ မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုပင် ထိုအရာကို လက်ခံလိုက်ရ၏။
လူအများက စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို စတင်လေ့လာလာသည့်အတွက် မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက သည်မန္တန်ကို ပို၍ စိတ်ဝင်စားမိလာ၏။
မျိုးနွယ်စု၏ အရွယ်အစားကလည်း ကြီးစွာ တိုးတက်လာခဲ့သည်။ ဖမ်းဆီးလာသည့်လူများကိုပါ ထည့်ပေါင်းလျှင် မျိုးနွယ်စုအတွင်း၌ ယောက်ျားသားအရေအတွက်က ငါးရာကျော်ရှိလာခဲ့လေပြီ။ သည်အရာက မျိုးနွယ်စုများကြား၌ အလယ်အဆင့်မျိုးနွယ်စုတစ်ခုဟု သတ်မှတ်လို့ရသည်။
လူအများက တစ်နေရာတွင် စုစည်းကာ ရှိနေသဖြင့် တောင်ကြားအတွင်း၊အပြင် နေရလပ်မရှိအောင် ဖြစ်လာ၏။ ထို့ကြောင့် ဝမ်လင်းက အစီအရင်အသစ်တစ်ခုကို ချမှတ်ခဲ့ရသည်။သည်အစီအရင်အသစ်က တောင်ကြားထဲရှိ အစီအရင်စွမ်းအားနှင့် ငါးကီလိုမီတာဝန်းရံထားသည့် အစီအရင်တို့၏ စွမ်းအားကို ထည့်သွင်းပေါင်းထည့် ထားခြင်း ဖြစ်သည်။
သည်အစီအရင်သစ်၏ ကာကွယ်နိုင်မှု ဧရိယာက တစ်ဆယ်ကီလိုမိတာခန့် ကျယ်ပြောလေသည်။ ထို့ကြောင့် နေရာပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွား၏။
မျိုးနွယ်စုအသစ်တိုင်းက နာမည်တစ်ခု ပေးရန်လိုသည်။ ဝမ်လင်းက မျိုးနွယ်စုအသစ်နာမည်ကို စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဟု ပေးလိုက်၏။
သည်တစ်ဆယ်ကီလိုမီတာ ဧရိယာ၏ ဗဟိုချက်က တောင်ကြား ဖြစ်လာခဲ့သည်။ တောင်ကြားက တားမြစ်နေရာတစ်ခု ဖြစ်လာကာ ထိုနေရာသို့ ဝမ်လင်းသာ ဝင်နိုင်သည်။ ဝမ်လင်းခေါ်ယူခြင်း မရှိလျှင် မည်သူကမျှ ဝင်လာခွင့် မရှိချေ။
ထပ်ပြောရလျှင် စိတ်ဝိညာဉ်သန့်စင်ခြင်း မျိုးနွယ်စုဝင်များက ဝင်ပေါက်တွင် အစောင့်များသဖွယ် တည်ရှိခြင်းမျိုး ဖြစ်လာ၏။
သည်တောင်ကြားက မျိုးနွယ်စုအတွင်း၌ အမြင့်ဆုံးစွမ်းအား၏ သင်္ကေတတစ်ခုပင်။
ဝမ်လင်း၏ စည်းမျဉ်များက ခုထိ ပြောင်းလဲခြင်း မရှိသေးပေ။ သူ့စည်းမျဉ်းက မန္တန်ကို အဆင့်သုံးသို့ ရောက်ရှိပြီးနောက် နောက်အဆင့်သို့ တက်ရန် နည်းလမ်းသုံးခုသာ ရှိခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အတွင်းရှိလူတိုင်းက သူတို့အချိန်များကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးကြ၏။ ကင်းလှည့်နေသူများကလွဲ၍ အပြင်တွင် မည်သူမှ ရှိမနေပေ။ အကြောင်းကတော့ လူတိုင်းသည် သူတို့အိမ်များထဲ၌ ကျင့်ကြံနေကြသောကြောင့် ဖြစ်လေသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ အခြားမျိုးနွယ်ဟုများနှင့် လုံးဝ မတူကွဲပြားသည်။ သည်မျိုးနွယ်စုက ကျင့်ကြံခြင်းကလန်တစ်ခု ပေါ်ပေါက်လာသည်နှင့်ပင် ဆင်တူနေသေးသည်။
ဝမ်လင်းက တောင်ကြားထဲ၌ တစ်ယောက်တည်းသာ နေထိုင်သဖြင့် သူ့နေထိုင်မှုက အလွန်အေးချမ်းလို့နေသည်။ အရင်က သည်တောင်ကြားတွင် ရှိခဲ့သောအိမ်များကိုလည်း ဝမ်လင်းက ရွေ့ပြောင်းစေခဲ့ပြီး ဖြစ်ကာ ခုသည်နေရာက ကောင်းကင်ဘုံနယ်မြေတစ်ခုနှင့်ပင် ဆင်တူလို့နေသည်။
ကောင်းကင်ဘုံနယ်မြေနှင့် ဆင်တူသည့် သည်နေရာ၌ ဝမ်လင်းက ကိုယ်တိုင်ကိုယ်ကျ သစ်သားအိမ်တစ်လုံးကို ဆောက်လုပ်ထားသည်။ သည်သစ်သားအိမ်က ရိုးရှင်းလှ၏။ သို့သော် သည်ရိုးရှင်းမှုထဲ၌ ကြီးကျယ်သည့် တာအို ပါဝင်နေပေသည်။ ကျင့်ကြံသူတစ်ယောက်ကသာ သည်နေရာကို ဖြတ်ကျော်သွားပါက သူတို့က သည်အိမ်ဆောက်ထားသည့် သစ်သားများက အခြားသစ်သားများနှင့် ခြားနားနေသည်ကို သတိပြုမိပေလိမ့်မည်။
သည်သစ်သားအိမ်က ဝမ်လင်း နေထိုင်သည့်နေရာပင်။ သူက အိမ်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံလို့နေ၏။
သူက ခုချိန်တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေခြင်း မဟုတ်ဘဲ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေခြင်း ဖြစ်၏။
အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ဆောင်းရာသီ ရောက်လာခဲ့လေပြီ။ သည်နေရာရှိ ဆောင်းရာသီက ပြင်ပနှင့် ခြားနားခြင်း မရှိချေ။နှင်းပွင့်များက ကောင်းကင်ထက်မှ ကျဆင်းလျက်ရှိကာ ကမ္ဘာတစ်ခုလုံး ဖြူဖွေးနေသလား မှတ်ရ၏။
ဝမ်လင်းက ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာ၏။ သူက သစ်သားအိမ်အပြင်သို့ လမ်းလျှောက်ထွက်လာရာ ကောင်းကင်ထက်မှ နှင်းများ ကျဆင်းနေသည်ကို တွေ့မြင်လိုက်ရ၏။ သူက နှင်းကျနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေရင်း သည်အဖြစ်၌ စိတ်နစ်မြုပ်နေ၏။
ခဏကြာပြီးနောက် ဝမ်လင်းက ခေါင်းမော့ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ခု နှစ်နှစ် ရှိသွားပြီ…”
သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ရောက်ရှိနေသည်မှာ နှစ်နှစ်ပင် ရှိသွားခဲ့လေပြီ။ သည်ဆောင်းကုန်သည်နှင့် နှစ်နှစ်တိတို ပြည့်ပြီ ဖြစ်သည်။
သူက လက်မြှောက်ပြီး နှင့်ပွင့်တစ်ခုကို ဖမ်းဆုပ်လိုက်၏။ နှင်းပွင့်က သူ့လက်ထဲသို့ ရောက်လာသည့်အခါတွင် နှင်းပွင့်ထံကနေ အေးစက်မှုထွက်ပေါ်လာပြီးနောက် သူ့လက်ထဲတွင် အရည်ပျော်သွား၏။ထိုအခါ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းက သူ့လက်ဖဝါးထဲသို့ ဝင်ရောက်ကာ သွားသည်။
“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ အရာရာတိုင်းမှာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် တွေပါနေတာပဲ…”
ဝမ်လင်းက အသက်ဝဝရှုသွင်းပြီး ထိုင်ချလိုက်၏။ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။
နှင်းများက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်း ကျဆင်းလျက် ရှိသည်။ နှင်းလာသည့်နှင့်ပမာဏက ဖြည်းဖြည်းချင်း တိုးလာခဲ့သည်။ နာရီအချို့ ကြာပြီးနောက် ဝမ်လင်းက နှင်းလူသားတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။
သူက လှုပ်ရှားခြင်း မပြုဘဲ ထိုနှင်းပွင့်များထဲက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးသလင်းကျောက်၏ အဆင့်ကလည်း အဆင့်ငါးကနေ အဆင့် (၃၄) သို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က အဆင့်ပိုမြင့်လာလေလေ နောက်တစ်ဆင့် တက်ရန်က ပိုခက်လာလေပင်။
အဆင့်သုံးက အခြေခံတည်ဆောက်ခြင်းနှင့် တူညီကာ နောက်ထပ်အဆင့် ဆယ်ဆက အမြုတေဖွဲ့တည်ခြင်းနှင့် တူညီသည်။ နောက်ထပ် ဆယ်ဆထပ်ဖြစ်လျှင် နောက်အဆင့်များ ဖြစ်သည်။
ဝမ်လင်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ဆုံးဖြတ်ရခြင်းက ၎င်းတို့သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်နိုင်သောကြောင့် ဖြစ်သည်။ ဆိုလိုသည်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း တိုးလာနိုင်ခြင်းပင်။
သူက နှစ်တစ်ရာစာလောက် သုံးလို့ရသည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများ ရှိသော်လည်း သည်ပမာဏက သူ့အတွက် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရန်အတွက်သာ လုံလောက်ပေသည်။ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရန်အတွက်တော့ စိတ်ကူးနိုင်သည့်ထက်ပိုသော ကောင်းကင်ဘုံ ကျောက်စိမ်းပြားများ လိုအပ်၏။
ထို့ကြောင့် သူက သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်လိုလျှင် နောက်ထပ် နည်းလမ်းကို ရှာရန်လို၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲခြင်းက ဝမ်လင်းတွေးမိသည့် နည်းလမ်းများထဲက တစ်ခုပင်။
ဝမ်လင်းကသာ သည်လိုတွေးထင်မည် မဟုတ်ဘဲ အခြားကျင့်ကြံသူများသည်လည်း ထိုသို့တွေးနေမည်သာ ဖြစ်သည်။ ခုချိန်၌ ကျင့်ကြံခြင်းအဆင့်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုစုပ်ယူခြင်းပေါ် မူတည်နေ၏။
သည်နှစ်နှစ်တွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကလည်း တိုးတက်လာခဲ့၏။ နောက်အဆင့်မန္တန်များအတွက် လိုအပ်သည့်လူများ ပိုပိုတိုးလာသဖြင့် ထိုသူများက တောင်ကြားနေရာကနေ ကိုယ်တိုင်လေ့ကျင့်ရန် အတွက် ထွက်သွားကြသည်။ သည့်အပြင် လတိုင်း အုပ်စုများ ဖွဲ့၍ သေးငယ်သော အခြားမျိုးနွယ်စုငယ်များကို တိုက်ခိုက်ကြသည်။ သူတို့က နတ်ဆိုးသလင်းကျောက်များနှင့် သုံ့ပန်းများကို မျိုးနွယ်စုထံသို့ ပြန်ယူဆောင်လာကြသည်။
မျိုးနွယ်စုနေရာကို ကာကယ်ရန်ရှိနေသည့် အစီအရင်များကလည်း ပြင်ပကျင့်ကြံသူများအတွက်သာ ဖြစ်ကာ ဒေသခံများအတွက်တော့ သက်ရောက်မှု မရှိချေ။ သည်အစီအရင်းများက နတ်ဆိုးစိတ်ဝိညာဉ်ည ကို ခုခံနိုင်ရန်နှင့် ပြင်ပ ကျင့်ကြံသူများကို တားဆီးရန် အတွက် တည်ဆောက်ခဲ့သည့်ပုံပင်။
အချိန်ကုန်လာသည်နှင့် အမျှ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ လူဦးရေကလည်း ဆက်လက်တိုးလာခဲ့ကာ တစ်ဆယ်ကီလိုမီတာအကျယ်အဝန်းပင် မလုံလောက်သလို ဖြစ်လာ၏။
ထို့ကြောင့် အကာအကွယ် အစီအရင်ကို ချဲ့ရန် လိုလာပြန်သည်။ ဝမ်လင်းက သည်အစီအရင်ကို သုံးရက်တိတိ လေ့လာပြီးသည့်နောက် အစီအရင်ကို နောက်ထပ် တစ်ဆယ်ကီလိုမီတာ ထပ်တိုးလိုက်သည်။ ခုချိန်၌ မျိုးနွယ်စုက နှစ်ဆယ်ကီလိုမီတာ အကျယ်အဝန်း ရှိလာပြီ ဖြစ်သည်။ သည်အရာက ကီလိုမီတာသောင်းချီအတွင်း ရှိသည့် မျိုးနွယ်စုများကြားတွင် အားကောင်းသောမျိုးနွယ်စုများထဲက တစ်ခုဟုပင် ယူဆ၍ ရပေသည်။
မျိုးနွယ်စုဝင်များ တိုးပွားလာမှုခြင်းနှင့်အတူ စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို ကျင့်ကြံသည့်သူများပါ တိုးလာခြင်း ဖြစ်သည်။ ဝမ်လင်းက ထိုသူတို့၏ စိတ်ဝိညာည်အလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများက စွမ်းအားအပြည့်အဝ ရရှိရန် အကြိမ်များစွာ ပြုစုပျိုးထောင်ရန် လိုကြောင်း သိလေသည်။
သည်လူများကို သူတို့စိတ်ဝိညာဉ်များအား မည်သို့ ပြုစုပျိုးထောင်ရမည့်ကို သင်ပေးမည့်အစား ဝမ်လင်းက စိတ်ဝိညာဉ်ဆယ်သန်းအလံကို အသုံးပြု၍ စိတ်ဝိညာည်အပိုင်းအစများ ပျိုးထောင်ရန်ကိုသာ ရွေးချယ်ဆုံးဖြတ်လိုက်သည်။ စိတ်ဝိညာဉ်အလံက ချဲ့ထွက်သွားကာ ကီလိုမီတာ နှစ်ဆယ် ဧရိယာထက်ရှိ ကောင်းကင်ကို အနက်ရောင်တိမ်ထုများနှင့် ဝန်းရံလို့သွား၏။
အနက်ရောင်တိမ်ထုများ ပေါ်လာသည့်အခိုက်တွင် စိတ်ဝိညာဉ်သန့်စင်ခြင်း မျိုးနွယ်စုထဲရှိ လူတိုင်းက အပေါ်မော့ကြည့်ကာ တုန်လှုပ်သွားကြသည်။ မျိုးနွယ်စုဝင် အများအပြားက အပြင်သို့ တရမ်ကြမ်းထွက်ကြည့်ကြသည်။ အချို့ ပိုအားကောင်းသည့်လူများက သူတို့အလံများကို ဝန်းရံကာ မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိရန် ပျံသန်းကြည့်ရန် ပြုလုပ်လိုက်ကြသည်။
“ဒီအနက်ရောင် တိမ်ထုထဲကို မင်းတို့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေ ကို သင့်တော်တဲ့ အချိန်ကြာတဲ့အထိ နေတိုင်း ထုတ်လွှတ်ပေးပါ။ ဒီလိုလုပ်ရင် စိတ်ဝိညာဉ်အပိုင်းအစတွေက ပိုသန်မာလာလိမ့်မယ်…” ဝမ်လင်းအသံက ကီလိုမီတာ နှစ်ဆယ် ဧရိယာအတွင်း ပဲ့တင့်ထပ်သွား၏။
သည်အသံကို ကြားလိုက်သည်နှင့် မျိုးနွယ်စုတိုင်းက မြေပေါ်သို့ ဒူးထောက်ချလိုက်ကြသည်။ သူတို့မျက်နှာပေါ်၌လည်း ရိုသေလေးစားမှုများ ရှိနေကာ သူတို့က ဝမ်လင်းရှိရာ တောင်ကြားသို့ ရည်ရွယ်ကာ ဒူးထောက်ထားကြသည်။
အနက်ရောင်တိမ်ထု ပေါ်လာသည်နှင့် မျိုးနွယ်စုဝင်များ၏ စိတ်ဝိညာဉ်အပိုင်းအစများက ငြီးတွားကာ အနက်ရောင်တိမ်ထုအတွင်းသို့ တစ်နေကုန် လှုပ်ရှားသွားလာကြတော့သည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုများက သူတို့၏ စိတ်ဝိညာဉ်အပိုင်းအစများကို အနက်ရောင်တိမ်ထဲသို့ ထုတ်လွှတ်ကာ ပြုစုပျိုးထောင်ကြာတော့သည်။ သည်အနက်ရောင်တိမ်ထုက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနယ်၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့တော့သည်။
စိတ်ဝိညာဉ်သန့်စင်ခြင်း မျိုးနွယ်စုအတွင်း၌ စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို လူတိုင်း မကျင့်ကြံကြချေ။ သူတို့ထဲက အချို့က သည်မန္တန်ကို ကျင့်ကြံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် သူတို့က လူတိုင်းအတွက် အစာရေစာ ထောက်ပံရန် အမဲလိုက်ခြင်းကိုသာ ပြုလုပ်ပေးကြသည်။
ဆယ့်သုံးသည်လည်း ထိုအမဲလိုက်သူများထဲက တစ်ယောက် ဖြစ်သည်။
သူ့ကျင့်ကြံမှုက အချည်းနှီး ဖြစ်သွားပြီးနောက် သူက စကားတစ်ခွန်းမှ ပြောခြင်း မရှိတော့ချေ။ သူက ဆွံ့အနေသည်နှင့်ပင် တူလှ၏။ သူ့ခန္ဓာကိုယ်ထဲ၌လည်း မည်သည့်စိတ်ဝိညာဉ်မှ မရှိတော့ပေ။ သူက အသက်မဲ့သလိုသာ လှုပ်ရှားပြုမူနေတော့သည်။
ညအချိန်ရောက်လျှင် သူ့မရေမတွက်နိုင်အောင် ကျင့်ကြံနေစဉ်အတွင်း သူ့မျက်နှာပေါ်၌ ခံစားမှုတစ်ခုသာ ရှိသည်။ သည်ခံစားမှုကတော့ အဆုံးမရှိသော နာကျင်မှုနှင့် မလိုလားမှုတို့သာ ဖြစ်သည်။
သူက ထိုသို့ကျင့်ကြံ၍မရသည့် အဖြစ်ကို ငြင်းဆန်နေဆဲပင်။ ခုချိန်၌ မျိုးနွယ်စုထဲတွင် အဆင့်လေးမန္တန်သို့ ရောက်ရှိသွားသူ များစွာ ရှိနေခဲ့ပေပြီ။ များစွာသော ပါရမီရှင်အသစ်များလည်း ပေါ်လာခဲ့ပြီး ဆယ့်သုံးနေရာကို အစားထိုးသွားခဲ့သည်။ သူတို့က ချူယောင်ဟွာအောက်ရှိ အားအကောင်းဆုံးလူများ ဖြစ်လာကြသည်။
သည်အရာ၊သည်အဖြစ်များက သူ့နှလုံးသားကို အပ်နှင့် ထိုးစိုက်နေသကဲ့သို့ ခံစားရ၏။
ထို့အတွက်ကြောင့် သူက အမဲလိုက်သည့်အခါတိုင်း သူ့အသက်ကိုပင် ဂရုမစိုက်ဘဲ လုပ်ဆောင်လေ့ရှိသည်။ထို့ကြောင့်လည်း သူက ခဏခဏ သေမလို ဖြစ်ခဲ့ရသည်။ သူ့မျိုးနွယ်စုဝင်များကြောင့်သာ မဟုတ်ပါက သူက သေဆုံးသွားခဲ့လောက်ပေပြီ။
အရင်တုန်းက မျိုးနွယ်စုအတွင်း၌ ဆယ့်သုံး၏ နေရာကို သိသည့် လူအချို့ ရှိကြသည်။ သူတို့က ဆယ့်သုံးကို ခုလိုပုံစံမျိုးဖြင့် မြင်ရတိုင်း စိတ်ထဲ၌သာ သက်ပြင်းချမိတော့သည်။
သည်နေ့တွင် ဝမ်လင်းက သူ့လက်ထဲရှိ သစ်သားပိုင်းတစ်ခုကို ကြည့်နေသည်။ သည်သစ်သားပိုင်းက လုံးဝ နက်မှောင်နေကာ နတ်ဆိုးအလင်းကို ပေးစွမ်းနေသည်။
မျိုးနွယ်စုဝင် အုပ်စုတစ်ခုက အခြားမျိုးနွယ်စုငယ် တစ်ခုကို တိုက်ခိုက်ခဲ့သည့်အခါ သူတို့က မည်သည့်နတ်ဆိုးသလင်းကျောက်ကိုမှ ရရှိခဲ့ခြင်း မရှိပေ။ သို့ရာတွင် မျိုးနွယ်စုဝင်တစ်ယောက်က ရန်သူမျိုးနွယ်စုဝင်၏ အထိတ်အမြတ်ထားသည့်နေရာ၌ သည်သစ်သားပိုင်းကို တွေ့ခဲ့၏။ ထို့ကြောင့် သူက ဒါကို ယူလာပြီး ဝမ်လင်းထံသို့ ပေးခဲ့သည်။
ဝမ်လင်းက သည်သစ်သားပိုင်းကို ကြည့်နေရင်း ရုတ်တရပ် ခေါင်းမော့ကာ တောင်ကြားအပြင်သို့ လှမ်းကြည့်သည်။ ထိုနေရာ၌ ချူယောင်ဟွာ၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။
“ဂျူနီယာက ဆွေးနွေးဖို့ ကိစ္စလေး ရှိလို့ပါ။ ဘိုးဘေးနဲ့ စကားပြောလိုပါတယ်…”
ခုချိန်၌ မျိုးနွယ်စုရှိ လူတိုင်း၏ စိတ်ထဲ၌ ဝမ်လင်းသည် ဘိုးဘေးအဖြစ် ရှိနေခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက သည်အရာကို မငြင်းဆန်ခဲ့ချေ။
“ဝင်လာပါ…” ဝမ်လင်းက ခေါင်းငုံ့ကာ လက်ထဲရှိ သစ်သားပိုင်းကို ပြန်ကြည့်လိုက်၏။
ချူယောင်ဟွာက တောင်ကြားထဲသို့ ဝင်လာခဲ့၏။ သူ့လက်မောင်းကြားတွင် လူတစ်ယောက်ကို ချီမထားသည်။ သည်လူက သွေးများဖြင့် ဖုံးလွှမ်းနေကာ သူ့မျက်နှာကလည်း ဖြူရောနေသည်.
ဝမ်လင်းအနားသို့ အမြန်ရောက်ရှိလာပြီးနောက် ချူယောင်ဟွာက ထိုသူ ချီလာသည့် ခန္ဓာကိုယ်ကို ဘေးသို့ ချကာ မြေပေါ်သို့ ဒူးထောက်ကာ ပြောလိုက်၏။ “ဘိုးဘေး…ဆယ့်သုံးက အမဲလိုက်တဲ့ချိန်မှာ သူက ရှားပါးတဲ့ နတ်ဆိုးသားရဲတစ်ကောင်နဲ့ တွေ့ခဲ့တယ်။ ဒီအဘိုးအိုက ဒါကို သတိပြုမိလို့ အမြန်လိုက်သွားပေမဲ့ နောက်ကျသွားခဲ့တယ်…”
ဝမ်လင်းက သစ်သားပိုင်းကို ပြန်သိမ်း၍ ဆယ့်သုံးထံသို့ ခေါင်းမော့ကာ ကြည့်လိုက်သည်။
ဆယ့်သုံးက လွန်ခဲ့သောတစ်နှစ်ကထက် များစွာ အိုစာသွားခဲ့သည်။ ခုချိန်၌ သူက လူငယ်တစ်ယောက်ဟုပင် မထင်မှတ်ရတော့ချေ။
ဝမ်လင်းက အလေးအနက် ပြောလိုက်၏။ “မင်း ထွက်သွားလို့ ရပြီ…”
ချူယောင်ဟွာက မတ်တပ်ပြန်ရပ်၍ လေးစားစွာ ပြန်ထွက်ခွာသွားတော့သည်။
တောင်ကြားထဲကနေ ထွက်ခွာသွားပြီးနောက် သူက တောင်ကြားကို နောက်ပြန်လှည့်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဆယ့်သုံး…ဒါက မင်းကံပေါ်မှာပဲ မူတည်တော့တယ်…”
ဝမ်လင်းက ဆယ့်သုံးကို ကြည့်ကာ စတင်စဉ်းစားနေသည်။