Switch Mode

အပိုင်း (၅၈၄):

တောင်ကြားအပြင်ဘက်၌ ဝမ်လင်းက ညာလက်ကို မြှောက်လိုက်ရာ ကြီမားသည့်မြေထုကြီးက ကောင်းကင်ထက်သို့ ပျံဝဲတက်လာခဲ့သည်။

ဝမ်လင်းက တောင်ကြားအပြင်ဘက်တွင် ထိုင်ချကာ စိတ်ဝိညာဉ်ဆယ်သန်းအလံကို ထုတ်ယူလိုက်၏။ ပေသုံးဆယ်ရှည်သည့် စိတ်ဝိညာဉ်အလံက လေထဲ၌ တဖျပ်ဖျပ် လွင့်နေကာ တစ္ဆေငြီးသံများကို ထုတ်လွှတ်နေသည်။

စိတ်ဝိညာဉ်ဆယ်သန်းအလံက ခုချိန်၌ စိတ်ဝိညာဉ်ဆယ်သန်း မရှိတော့သော်လည်း သည်အရာက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ အဓိကရတနာ ဖြစ်နေဆဲသာ။ တောင်ကြားထဲရှိ လူတိုင်းက စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို ကျင့်ကြံကြသောကြောင့် သည်အလံကို မြင်လိုက်သည့်အခိုက်၌ အကုန်လုံးက လေးစားသမှုပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။

ဝမ်လင်းက အလံကို ဖမ်းဆုပ်ကာ တစ်ချက် ဝှေ့ယမ်းလိုက်ရာ မူလစိတ်ဝိညာဉ်မျာက ပျံသန်းထွက်သွား၏။ ချီလင်သားရဲအပါအဝင် ကျန်နေသေးသော မူလစိတ်ဝိညာဉ် ခြောက်ခုက ချက်ခြင်းပင် သည်ငါးကီလိုမီတာဧရိယာကို လှည့်ပတ် ထွက်ပေါ်လာ၏။

တစ်ပြိုက်နက်တည်းမှာပင် ဝမ်လင်းက သွေးအဆီအနှစ်ကို အလံပေါ်သို့ ထွေးထုတ်လိုက်၏။ အလံက ချက်ခြင်း ပြန့်ကားလာကာ သည်ငါးကီလိုမီတာ မြေထုတစ်ခုလုံးအား ထွေးပိုက်လွှမ်းသွားသည်။

“သန့်စင်ခြင်း…” ဝမ်လင်းမျက်လုံးများက အေးစက်ကာ နေသည်။

မူလစိတ်ဝိညာဉ်ခြောက်ခု၏ မျက်လုံးများက တစ္ဆေအလင်းများကို ထုတ်လွှတ်လာကာ ၎င်းတို့က ခရမ်းရောင်မီးတောက်ကို ထွေးထုတ်လိုက်ကြ၏။ သိပ်မကြာခင်တွင် ငါးကီလိုမီတာမြေထုက သည်ခရမ်းရောင်မီးတောက်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

သည်မီးတောက်များက မူလစိတ်ဝိညာဉ်များ၏ အဆီအနှစ်များ ဖြစ်ကာ အလွန်စွမ်းအားကောင်းလှ၏။ မီးတောက်များ ဝုန်းကနဲ ပေါ်လာသည်နှင့် တစီစီအသံများက ငါးကီလိုမီတာမြေထု ထံကနေ ထွက်ပေါ်လာကြသည်။

ထိုမီးတောက် တစီစီအသံများနှင့်အတူ ကြောက်လန့်တကြားအသံများပါ ရောပါလာခဲ့၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်ပြီးနောက် မြေထုတစ်ဝက်သာ ကျန်တော့သည်။ ကျန်သည့်မြေထုတစ်ဝက်က လုံးဝ နီရဲသွား၏။

သို့ရာတွင် အစိမ်းရောင်အလင်း၏ အကာအကွယ်ပေးမှုကြောင့် မီးတောက်များက မြေထုထဲရှိ အရာအားလုံးကို သန့်စင်နိုင်ခြင်း မရှိချေ။ အစိမ်းရောင်အလင်းကလည်း ပြင်းထန်စွာ တောက်ပ၍ မီးတောက်များ၏ ကျူးကျော်လာမှုကို ခုခံသည်။အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိလာတော့၏။

ဝမ်လင်းက တစ်ချက်ကြည့်ကာ မတ်တပ်ပြန်ရပ်၍ တောင်ကြားထံသို့ ပြန်သွား၏။

“မင်းတို့က လိပ်ခွံထဲမှာလို ပုန်းနေခြင်းတော့လည်း ငါက ခုနစ်ရက် အချိန်ယူရတော့မှာပေါ့။ခုနစ်ရက် ပြီးရင် အစီအရင်က လုံးဝ သန့်စင်ခြင်း ခံရလိမ့်မယ်။ အဲ့နောက်မှာ အရာအားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာ ဖြစ်သွားပြီ…”

တောင်ကြားထဲရှိလူများ၏ သွေးများက သည်မြင်ကွင်းကို တွေ့သည့်အခါ သူတို့သွေးများက ဆူပွက်လာကြ၏။ သူတို့အားလုံးက သည်အကြောင်းနှင့်ပတ်သတ်ပြီး ပြောဆိုနေကြသည်။ဝမ်လင်းအပေါ်လေးစားမှုကလည်း အကန့်အသတ်သို့ ရောက်လာခဲ့၏။ ကလေးများပင် ဝမ်လင်းကို နတ်ဘုရားအဖြစ် မှတ်ထင်ကုန်ကြ၏။ ်

သည့်နောက် ဝမ်လင်းက ချူယောင်ဟွာကို ဆယ့်သုံးအား တောင်ကြားအနက်ပိုင်းသို့ ပို့ဆောင်ရန် အမိန့်ပေးလိုက်၏။

ချူယောင်ဟွာက ဝမ်လင်းအမိန့်ကို ချက်ခြင်းနာခံလိုက်၏။ ဆယ့်သုံးကို ဝမ်လင်းထံသို့ ခေါ်သွားပေးပြီးနောက် သူက တလေးတစား ပြန်ထွက်လာခဲ့သည်။

ဆယ့်သုံး၏မျက်နှာက ခုချိန်၌ သွေးရောင်အနည်းငယ် သန်းလာခဲ့သည်။ သို့သော် သူက အသိလွတ်နေတုန်းပင်။ ဆယ့်သုံးကို ကယ်တင်ရန်က လွယ်ကူပေသည်။ သို့သော် သူက ထိုသို့ အသက်ရှင်အောင်လုပ်နိုင်လျှင်ပင် ဆယ့်သုံးက အသုံးမဝင်တော့သည့် လူတစ်ယောက် ဖြစ်နေဦးမည်သာ။

ဆယ့်သုံးခန္ဓာကိုယ်ထဲရှိ သွေးကြောများက ပြန့်ကျဲပျက်စီးနေသည်။ထို့ကြောင့် သူက မည်သည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကိုမှ စုပ်ယူနိုင်တော့မည် မဟုတ်ချေ။

ဆယ့်သုံးခန္ဓာကိုယ်ထဲရှိ သွေးကြောများကသာ ပြန်လည်ဖွံ့ဖြိုးကောင်းမွန်လာခြင်း မရှိပါက သူသည် ဆက်လက်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။ သို့ရာတွင် ဝမ်လင်းက သည်ကိစ္စနှင့်ပတ်သတ်၍ မတက်နိုင် ဖြစ်နေသည်။ ကောင်းကင်ဘုံကို ဆန့်ကျင့်နိုင်သည့် ဆေးဝါးများဖြင့် သူပြန်ကောင်းလာနိုင်ပေ၏။

ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ဝမ်လင်းသိထားသည့် ကျင့်ကြံခြင်းနည်းလမ်းများထဲတွင် ဆယ့်သုံးကျင့်ကြံနိုင်သည့် နည်းတစ်ခုတော့ ရှိနေ၏။ သို့ရာတွင် သည်အရာက အလွန်အရေးကြီးလှသည်။ ဝမ်လင်းက ချီတုံ့ချတုံ ဖြစ်သွား၏။ သည်လိုပုံစံက ဝမ်လင်းထံတွင် ဖြစ်ခဲလှပေ၏။

ဝမ်လင်းက တွေးတောကာ နေသည်။ သူက ဆယ့်သုံးကို ရှေးဟောင်းနတ်ဘုရားများ၏ ကျင့်ကြံခြင်းနည်းလမ်းကို သင်ကြားပေးလိုက်လျှင် ဆယ့်သုံးက အသုံးမကျတော့သည့်လူအဖြစ်မှ စွမ်းအားကောင်းသောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားနိုင်လောက်၏။

သို့ရာ၌ သည်အရာက အာမခံချက်တော့မရှိချေ။ ဆယ့်သုံး၏ ခန္ဓာကိုယ်က ဝမ်လင်း၏ မူလခန္ဓာကိုယ်လောက် မကောင်းမွန်ချေ။ ထို့ကြောင့် ဆယ့်သုံးက ၎င်းနည်းစနစ်ကို အောင်မြင်အောင် မကျင့်နိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက ရှေးဟောင်းနတ်ဘုရားများ၏ နည်းလမ်းကို မကျင့်ကြံနိုင်ပါက သူက သေဆုံးပေလိမ့်မည်။ အကြောင်းကတော့ သူက ထိုနည်းလမ်းကို သုံးသည်နှင့် ရူးလောက်ဖွယ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာာ သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်ဘဲ ပျက်စီးသွားမည် ဖြစ်သောကြောင့်ပင်။

သည့်အပြင် ရှေးဟောင်းနတ်ဘုရားများက စိတ်ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုသာ ဝါးမြိုလေ့ရှိ၏။ ဝမ်လင်းက သည်နည်းစနစ်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ဝါးမြိုနိုင်ခြင်း ရှိမရှိကိုတော့ သေချာမသိချေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ခေါင်းယမ်းကာ သည်အကြောင်းကို ထပ်မတွေးတော့ချေ။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း ပျောက်ကွယ်သွားပြီး နတ်ဆိုးသလင်းကျောက်မှ နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ်လာသည်။ သည်အခိုက်၌ ဝမ်လင်းက နတ်ဆိုးအော်ရာကိုသာ ထုတ်လွှတ်သည့် အနေထားသို့ ပြန်ရောက်ရှိသွားသည်။

သူက သူ့လက်ချောင်းကို မြန်ဆန်စွာ လှုပ်ရှား၍ ဆယ့်သုံး၏ နှဖူးလက်သို့ ဖိချလိုက်သည်။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ဆယ့်သုံးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ရွှေရောင်အလင်းအစက်များ အဖြစ်သို့ ပြောင်းလဲသွား၏။

ဝမ်လင်းက သူ့လက်ကို ပြန်မြှောက်ယူလိုက်သည်။ထို့နောက် သူက မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်၏။

အမွှေးတိုင်တစ်တိုင်ဝက်စာ ကြာချိန်ပြီးနောက် ဆယ့်သုံးက ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်။ သူက တောင်ကြားအထက်ရှိ ကောင်းကင်ကို ကြည့်ကာ ဆိတ်ဆိတ်နေနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ထ၍ ဝမ်လင်းရှေ့သို့ အလွန်နာကျင်နေသည့်ဟန်ဖြင့် ဒူးထောက်ချလိုက်သည်။

သည်နာကျင်မှုက သူ့ခန္ဓာကိုယ်ကနေ ဖြစ်လာခြင်းမဟုတ်ဘဲ နှလုံးသားထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။

သူက ပြန်သတိရလာသည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မှ မရှိတော့သည်ကို ချက်ခြင်း နားလည်လိုက်သည်။ ခုလက်ရှိသူက စတင်ကျင့်ကြံခြင်း မပြုခင်တုန်းကထက်ပင် အားနည်းနေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက ခုထိ မျက်လုံးဖွင့်မလာသေးပေ။ ဆယ့်သုံးက ဝမ်လင်းရှေ့တွင် အချိန်အတန်ကြာ ဒူးထောက်နေပြီးနောက် သုံးကြိမ်သုံးခါ ဂါဝရပြုလိုက်၏။ ထို့နောက် သူက ထွက်ခွာသွားတော့သည်။

သူထွက်ခွာသွားပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာပြီး သက်ပြင်းချမိသည်။ သည်လူများကြား၌ ဆယ့်သုံးက ပါရမီအရှိဆုံးဖြစ်သည်။ သူက စိတ်ဝိညာဉ်အလံနှင့်ပတ်သတ်၍လည်း များစွာ နားလည်သဘောပေါက်ခဲ့သည်။ သည်လိုသာ ဖြစ်မလာခဲ့ပါက သူက နောက်အနာဂတ်၌ ကျိန်းသေ အောင်မြင်သည့်လူတစ်ယောက် ဖြစ်လာမည်သာ။

ဆယ့်သုံးက သူ့အိမ်သို့ ပြန်လာခဲ့၏။ သူက တောင်ကြားထဲတွင် ဇနီးနှင်သားသမီးမရှိသည့် လူအနည်းငယ်ထဲမှ တစ်ယောက်ပင်။ သည့်အတွက် သူက အိမ်ထဲ၌ တစ်ကိုယ်တည်းသာ နေထိုင်သည်။ ခုသူ့ထံ၌ လူငယ်တစ်ယောက်၏ အော်ရာတို မရှိတော့ဘဲ ဘဝနေဝင်ချိန်နီးနေသည့် လူအိုတစ်ယောက်၏ အော်ရာမျိုးသာ ရှိနေတော့သည်။

အချိန်အတန်ကြာပြီးနောက် သူက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ စိတ်ဝိညာဉ်မွန်းမံခြင်း မန္တန်ကို ကျင့်ကြံရန် ကြိုးစားကြည့်၏။ သို့ရာတွင် သူက ကြိုးစားလိုက်သည့်အခါတိုင်း သူ့ခန္ဓာကိုယ်ကနေ နာကျင်မှုလှိုင်းများ ထွက်ပေါ်လာ၏။ သည်လိုနာကျင်မှုက သာမန်လူတစ်ယောက် တောင့်ခံနိုင်သည့် အရာမဟုတ်ချေ။

သို့သော် ဆယ့်သုံးက တောင့်ခံနေ၏။ သူက ကျရှုံးသွားသည့်အခါတိုင်း နောက်တစ်ဖန် ကြိုးစားပြီး သည်မခန့်မှန်းနိုင်လောက်သည့် နာကျင်မှုကို ဆက်လက်တောင့်ခံနေတော့သည်။

အကြိမ်အနည်းငယ် ကျင့်ကြံပြီးသည့်နောက် သူ့ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်လာသည်။ သူ့ခန္ဓာကိုယ်ရှိသွေးကြောများကလည်း နာကျင်မှုကြောင့် ဖောင်းကြွနေတော့သည်။ ဆယ့်သုံးမျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်တို့ကို တွေ့မြင်နေရသည်။

“ငါက လက်မလျှော့ချင်သေးဘူး…” သူက အသက်ဝဝရှုသွင်းကာ နာကျင်မှုကို အံကြိတ်တောင့်ခံရင်း ဆက်လက်ကျင့်ကြံပြန်သည်။ သည်တစ်ကြိမ်၌ သူက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်ရာ သူ့ခန္ဓာကိုယ်က တောင်ကြီးတစ်ခု ဖိသိပ်ထားသလို ခံစားလိုက်ရ၏။ သူက သွေးတစ်လုပ်ပင် အန်ထုတ်လိုက်ရသည်။

တောင်ကြားအပြင်ဘက်ရှိ ငါးကီလိုမီတာ မြေထုက မီးတောက်များဖြင့် သန့်စင်ခြင်းကို ခံနေရဆဲပင်။ သည်မြေထုကို ကာကွယ်ပေးထားသည့် အစိမ်းရောင်အလင်းကလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့လာခဲ့သည်။

ငါးကီလိုမီတာဧရိယာအတွင်းရှိ လူတိုင်းက မျှော်လင့်ချက်မဲ့မှုတို့နှင့် ပြည့်နေကြ၏။ သူတို့က အပြင်ဘက်မှ မီးတောက်က ပိုကြီးသထက် ကြီးလာသည်ကိုသာ စောင့်ကြည့်နေရင်း သူတို့မျှော်လင့်ချက်များပါ လောင်ကျွမ်းခံနေရတော့သည်။

မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူက မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့မျက်လုံးများက တောက်ပကာနေသည်။ ရုတ်တရပ် သူက ကြောက်ကြောက်လန့်လန့်ထိုင်နေသည့် အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုထံသို့ ကြည့်ကာ ပြောလိုက်သည်။ “ဒါက မင်းယူလာတဲ့ ဘေးကပ်စိုးပဲ။ မင်းက မျိုးနွယ်စုတစ်ခုလုံးကို မင်းနဲ့အတူ ဆွဲချပစ်တယ်…”

အဖြူရောင်ဝတ်စုံနှင့်အဘိုးအို ခန္ဓာကိုယ်က တုန်ယင်နေပြီး သူက ဆိတ်ဆိတ်သာ နေသည်။

“ဒီပြင်ပကျင့်ကြံသူက ငါတို့ ဆန့်ကျင်နိုင်တဲ့လူမျိုး မဟုတ်ဘူး။ မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် အစီအရင်ကလည်း ပျက်စီးသွားလိမ့်မယ်။ အဲ့ကျရင် မင်းနဲ့ငါသာ မက မျိုးနွယ်စုတစ်ခုလုံးလည်း ဒီမီးတောက်ကြောင့် လောင်ကျွမ်းသေဆုံးရလိမ့်မယ်။ မျိုးနွယ်စုတစ်ယောက်အနေတဲ့ မင်းရှေ့မှာ မျိုးနွယ်စုတစ်ခုလုံး သေဆုံးမှာကို ဘယ်လိုများ ထိုင်ပြီး ကြည့်နေနိုင်ရတာလဲ…”

အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုက ခါးသက်စွာ ပြောလိုက်သည်။ “မင်း ဆိုလိုတာက…”

မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက အလေးအနက် ပြောလိုက်၏။ “မင်းက အမှားလုပ်ခဲ့တာ။ဒါ့ကြောင့် မင်းက အဲ့အတွက် တာဝန်ပြန်ခံရမယ်။ ဒါက ငါတို့မျိုးနွယ်စုတစ်ခုလုံး ရှင်သန်ဖို့ တစ်ခုတည်းသောနည်းပဲ။ စိတ်မပူပါနဲ့၊ မင်းသေရင် ငါက မင်းအတွက် နည်းလမ်းတစ်ခုခုရှာပြီး ပြန်လက်စားချေပေးပါ့မယ်…”

“ထပ်ပြောရရင် ငါတို့ လွတ်သွားတာနဲ့ ငါက ချက်ခြင်း ရှေးဟောင်းနတ်ဆိုးမြို့ကို သွားပြီး ဒီကိစ္စကို ဘယ်တောင်ပံဗိုလ်ချုပ်ရှိ သတင်းသွားပို့ပေးမယ်။ ဗိုလ်ချုပ်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားလိမ့်လို့ ငါ ယုံကြည်တယ်…”

အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက အချိန်အတန်ကြာ နှုတ်ဆိတ်နေ၏။ သူက ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးသည့်ဟန်ပန်ဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်က အခြားမျိုးနွယ်စုအဖွဲ့ဝင်များအပေါ်သို့ ကျရောက်သွားသည်။ သူက ထိုသူတို့၏မျက်နှာပေါ်ရှိ ကြောက်ရွှံ့မှုကို တွေ့မြင်လိုက်သည့်အခါ အသက်ဝဝရှုကာ အစီအရင်၏ အစွန်းနားသို့ ပျံသန်းသွားတော့သည်။

“စိန်ခေါ်မှုကို ငါပို့လိုက်တာ။ မင်း သတ္တိရှိရင် ငါနဲ့လာပြီး တိုက်ခိုက်ပါ။ အဲ့တိုက်ပွဲ ပြီးရင် ငါနိုင်တာဖြစ်စေ၊ ရှုံးတာ ဖြစ်စေ အပြစ်မဲ့တဲ့လူတွေကို ဆွဲမထည့်ပါနဲ့…”

အဖြူရောင်ဝတ်စုံနှင့် အဘိုးအို၏ အသံက အစီအရင်ကို ကျော်ဖြတ်ကာ တောင်ကြားထဲသို့ ရောက်ရှိသွား၏။

ဝမ်လင်းက မျက်လုံးပွင့်လာခဲ့သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက် ဝှေ့ခါလိုက်ပြီး ပျောက်ကွယ်သွား၏။ သည့်နောက် သူက တောင်ကြားအပြင်၌ ပြန်ပေါ်လာခဲ့သည်။ သူက ငါးကီလိုမီတာဧရိယာကို ကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုကို လှမ်းမြင်လိုက်ရသည်။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ခါလိုက်ရာ မူလစိတ်ဝိညာဉ်ခြောက်ခုက မီးတောက်များ ထွေးထုတ်နေခြင်းကို ရပ်တန့်ကာ သူ့ပတ်လည်သို့ လာဝန်းရံ၏။

မီးတောက်များ ကျူးကျော်မှုမရှိတော့သည့်အခါ အဖြူရောင်ဝတ်စုံနှင်လူက အံကြိတ်၍ အစီအရင် ပြင်ပသို့ လှမ်းလျှောက်ထွက်လာသည်။ သူက လက်မြှောက်လိုက်ရာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းနှစ်ခုက သူ့လက်ချောင်းကြားထဲ၌ လှုပ်ရှားသွား၏။ သူက ဝမ်လင်းကို ပြောလိုက်သည်။ “တိုက်ကြတာပေါ့…”

“မင်းက အရည်အချင်းမမှီဘူး…” ဝမ်လင်းက သူ့လက်ကို ဆန့်တန်းလိုက်ရာ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုအသွင်က ပြောင်းလဲသွား၏။ သူ့လက်ချောင်းကြားတွင် လှည့်ပတ်နေသည့် နတ်ဆိုးစွမ်းအင်ကလည်း ရုတ်တရပ် ပျောက်ရှသွားသည်။

တစ်ပြိုင်နက်တည်းမှာပင် အဘိုးအိုခန္ဓာကိုယ်က ဝမ်လင်းထံသို့ အလိုလို ပျံဝဲလာခဲ့သည်။ ဝမ်လင်းက အဘိုးအို၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်၏။

အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုက ရုန်းကန်သည့်အခါ ဝမ်လင်းမျက်လုံးက ပိုမို အေးစက်လာပြီး သူက လက်ကို အားစိုက်လိုက်သည်။ အက်ကွဲသံတစ်ခုနှင့်အတူ အဘိုးအို၏မျက်လုံးက ပြူးထွက်လာပြီး သေဆုံးသွားတော့သည်။

ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က မြင့်တက်လာပြီး အဘိုးအို၏ စိတ်ဝိညာဉ်ကို ပိတ်လှောင်ချိပ်ပိတ်ကာ စိတ်ဝိညာဉ်ဆယ်သန်းအလံထဲသို့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုအဖြစ် ထည့်သွင်းလိုက်လေသည်။

ထိုသို့ပြုလုပ်ပြီးနောက် သူက အဘိုးအိုခန္ဓာကိုယ်အား နောက်သို့ လွှင့်ပစ်လိုက်သည်။ မူလစိတ်ဝိညာည်များထဲက တစ်ကောင်က ထိုခန္ဓာကိုယ်ကို မီးတောက်ဖြင့် မှုတ်ထုတ်လိုက်ရာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားလေတော့သည်။

ဝမ်လင်းက လက်ဆန့်တန်းကာ ငါးကီလိုမီတာမြေထုကို လှမ်းဆွဲယူပြီး တောင်ကြားဘေးနားသို့ နေရာချလိုက်၏။

“အစီအရင် ဖွင့်လိုက်စမ်း…” ဝမ်လင်းအကြည့်က ငါးကီလိုမီတာမြေထု ပေါ်သို့ အေးစက်စွာ ကျရောက်သွားသည်။

မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူက ဝမ်လင်းသည် အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုကို ထိုမျှလွယ်ကူစွာ သတ်ပစ်လိုက်နိုင်မည်ဟု မထင်ထားမိချေ။ သည်လိုကျင့်ကြံမှုအဆင့်က သူတွေးထင်ထားသည်ထက် များစွာ ပိုနေသည်။ သူက လက်တုန့်ပြန်မည့် အကြံဉာဏ်ကို ချက်ခြင်း စွန့်ပစ်ကာ သည်လိုစွမ်းအားနှင့်လူကို ဒေါသထွက်အောင် မလုပ်ဝံ့တော့ချေ။

သည်အချိန်မှာ သူက အစီအရင်ကို ဖွင့်လှစ်ခြင်း၊ မဖွင့်လှစ်ခြင်းက အရေးမပါတော့ချေ။ သူက သက်ပြင်းချကာ သင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။ ထိုသင်္ကေတကြောင့် သည်ငါးကီလိုမီတာ ဧရိယာကို ကာကွယ်ပေးထားသည့် အစီအရင်က ပျောက်ကွယ်သွားတော့သည်။

“ချူယောင်ဟွာ၊ မျိုးနွယ်စုအသစ်တွေ ပေါင်းထည့်လိုက်…” ထိုသို့ ပြောပြီးနောက် ဝမ်လင်းက တောင်ကြားအနက်ပိုင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset