Switch Mode

အပိုင်း (၅၈၂):

စိန်ခေါ်မှု

ရွာသားများက သည်တိုက်ခိုက်မှုအတွက် ကောင်းစွာ ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။ ချူယောင်ဟွာက ပထမအုပ်စုကို ဦးဆောင်သည်။ဆယ့်သုံးက ဒုတိယအုပ်စုကို ဦးဆောင်သည်။ နောက်ဆုံးအုပ်စုကိုတော့ မန္တန်တတိယအဆင့်သို့ ရောက်နေသည့် ရွာသားများက ဦးဆောင်၏။

လဝက်ခန့်ကြာပြီးနောက် ဆယ့်သုံးတို့အုပ်စုသည် ပြန်ရောက်မလာကြသေးချေ။ အချို့သော မတော်တဆ ထိခိုက်မှုများ ရှိခဲ့သော်လည်း သူတို့ရသည့်အကျိုးမြတ်ကလည်း ကောင်းမွန်လှ၏။ သို့ရာတွင် ဆယ့်သုံးတို့အုပ်စု ပြန်ရောက်မလာသေးသောကြောင့် လူတိုင်း စိတ်ထဲ၌ မတင်မကျ ဖြစ်နေရ၏။

ဝမ်လင်း အသွင်သာလျှင် မပြောင်းမလဲ ရှိနေသည်။နောက်ထပ် သုံးရက်ကြာပြီးသည့်နောက် အနက်ရောင်တိမ်ထုတစ်ခုက တောင်ကြားအပြင်ဘက်၌ ပေါ်လာခဲ့၏။ လူတစ်ယောက်က အနီးကပ်ကြည့်ပါက ၎င်းက တောင်ပံများ ရှိသည့် ခြင်္သေတစ်ကောင်ဖြစ်ကြောင်း တွေ့မြင်ပေလိမ့်မည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာမှ ရှိမနေသော်လည်း ၎င်းက အားနည်းလွန်းနေခဲ့သည်။ ၎င်း၏ ကျောပေါ်၌ ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် လူတစ်ယောက်က မလှုပ်မယှက် လှဲလျောင်းကာ နေသည်။ ထိုလူအပေါ်၌ အနီရောင်လိုင်းများက ရွေ့လျားနေကြကာ အလွန်ထူးဆန်းသည့်ပုံစံ ဖြစ်ပေါ်စေနေ၏။

ခြင်္သေ့မူလစိတ်ဝိညာဉ်က တောင်ကြားရှိရာသို့ မြန်ဆန်စွာ တိုးဝင်လာနေ၏။ ၎င်းက နီးက်ပလာလေသည့်အခါ လူများစွာ ပေါ်လာြ၏။ သူတို့က အလံများကို ထုတ်ကာ ခြင်္သေ့ထံသို့ စိတ်ဝိညာည်အပိုင်းအစများအား အစာအဖြစ် ကျွေးလိုက်ကြသည်။ သည်အရာက ခြင်္သေ့၏စွမ်းအင်ကို အမြန်တိုးတက်စေနိုင်ပေသည်။

သည်ခြင်္သေ့ကို တွေ့မြင်ပြီးနောက် လူတိုင်းက သည်ခြင်္သေ့သည် ဆယ့်သုံး၏ ခြင်္သေ့ဖြစ်ကြောင်း သိလိုက်ကြ၏။ ၎င်း၏ ကျောပေါ်တွင်လည်း ဆယ့်သုံးက လှဲလျောင်းကာ နေသည်။

ခြင်္သေ့မူလစိတ်ဝိညာဉ်က တောင်ကြားထဲသို့ ဝင်ရောက်လာပြီးနောက် ၎င်းက အနက်ရောင်အလင်းမှုန်များ အဖြစ်သို့ ပြန့်ကျဲကာ လုံးဝ ပျက်စီးတော့မလို ဖြစ်လာ၏။

သည်အခိုက်၌ တည်ငြိမ်သောအသံတစ်ခုက တောင်ကြားထဲ၌ ပဲ့တင်ထပ်သွား၏။

“စိတ်ဝိညာဉ်သိပ်သည်းခြင်း…”

ထိုသို့ပြောပြီးသည့်နောက် အနက်ရောင်အလင်းစက်များက တောက်ပသွားကာ မြန်ဆန်စွာ ပြန်ပေါင်းစပ် သိပ်သည်းလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ရွာသားများအားလုံးက လေးစားသည့်ဟန်အမူအရာများ ဖြစ်ပေါ်သွားကြကာ လမ်းဖွင့်ပေးလိုက်ကြသည်။ ဝမ်လင်းက လက်နောက်ပစ်၍ လှမ်းလျှောက်လို့ လာသည်။

ခြင်္သေ့မူလစိတ်ဝိညာဉ်က ဝမ်လင်းကို မြင်လိုက်သည့်အခါ ၎င်းက စတင်ငိုကြေးသည်။ ဝမ်လင်းက လက်ဆန့်တန်းလိုက်ကာ ၎င်းကို ပျော်ရွှင်သည့်ဟန်ပန် ပြန်ဖြစ်စေလိုက်သည်။ ၎င်းက ဝမ်လင်း လက်ချောင်းထံသို့ တဟုန်ထိုး တိုးဝင်လာလေတော့၏။

နောက်ဆုံးတွင် ၎င်းက သူ့လက်ချောင်းပေါ်၌ ပျောက်ကွယ်သွားကာ သူ့လက်ချောင်းထိပ်၌ ခြင်္သေ့အသွင် အမှတ်အသားတစ်ခု ပေါ်လာခဲ့၏။

အနီးအနားရှိ လူများက ဝမ်လင်းသည် စိတ်ဝိညာဉ်အပိုင်းအစများကို ထိန်းချုပ်နိုင်ခြင်းနှင့်ပတ်သတ်၍ အသားကျနေပြီ ဖြစ်သဖြင့် သူတို့က အံ့အားသင့်သွားခြင်း မရှိတော့ချေ။ သူတို့က လေးစားသမှုဖြင့် ခေါင်းငုံ့ထားကြ၏။

ဝမ်လင်းက တစ်လှမ်းချင်းလှမ်းကာ ဆယ့်သုံးအနားသို့ ရောက်လာ၏။ သူ ခေါင်းငုံ့၍ တစ်ချက်ကြည့်လိုက်ရာ သူ့အသွင်က နက်မှောင်ကာ သွား၏။

ဆယ့်သုံး၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်လိုင်းတစ်ခုက လှုပ်ရှားနေသည်ကို ဝမ်လင်းက တွေ့မြင်လိုက်၏။ ဆယ့်သုံးမျက်နှာကလည်း ဖြူရောနေကာ အသက်ပင် မရှုနိုင်တော့ချေ။

ဝမ်လင်းက ဒူးထောက်ချကာ သူ့ညာလက်ညှိုးကို ဆယ့်သုံး၏ ရင်ဘက်ပေါ်သို့ တင်လိုက်၏။ စူးရှသောအော်သံတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ရုတ်တရပ် ထွက်ပေါ်လာကာ တစ်ပြိုင်နက်တည်းမှာပင် အနီရောင်မျဉ်းလိုင်းတစ်ခုက ဝမ်လင်းဖိနှိပ်လိုက်သော ရင်ဘက်နေရာကနေ သူ့ထံသို့ တန်းမတ်စွာ ထွက်ပေါ်လာ၏။

ဝမ်လင်းမျက်လုံးက အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်၌ မမြင်ရသောအားတစ်ခုက ပေါ်လာခဲ့သည်။ အနီရောင်လိုင်းက စတီးမျက်နှာပြင် တစ်ခုကို ထိတိုက်မိသကဲ့သို့ ကျယ်လောင်သော အသံတစ်ခု မြည်သွားကာ ၎င်းက နောက်သို့ လွင့်စင်ထွက်သွား၏။

တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းက သူ့လက်ကို လှုပ်ယမ်းကာ အနီရောင်လိုင်းကို ဖမ်းယူလိုက်၏။

အနီရောင်လိုင်းက ဆယ်ပေ ပင်မရှိချေ။ ၎င်းက မြေတစ်ကောင်လို့ ဝန်းပတ်လှုပ်ရှားနေသည်။ ဝမ်လင်းက ၎င်း၏ တစ်ဖက်ခြမ်းကို ကိုင်ထားသည့်အခါ နောက်ထပ် တစ်ဖက်အဆုံးခြမ်းက ဝမ်လင်းထံသို့ ရွေ့လျားလာ၏။

ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုက ပိုတိုးလာခဲ့၏။ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရူးသွပ်စွာ မြင့်တက်လာခဲ့သည်။ သူက လက်ကို ကြမ်းတမ်းစွာ ညှစ်လိုက်ရာ တစီစီပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အနီရောင်လိုင်းကလည်း အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့၏။

အနီရောင်လိုင်း ပျောက်ကွယ်သွားသည်နှင့် ဆယ့်သုံး၏မျက်နှာက ဖြည်းဖြည်းချင်း သွေးရောင်ပြန်သမ်းလာခဲ့သည်။ ဆယ့်သုံးက အလွန်အားနည်းနေသေးသော်လည်း အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ချေ။ သို့ရာတွင် ဝမ်လင်းအသွင်က ပိုမိုနက်မှောင်လာခဲ့၏။

သူက ဆယ့်သုံးသည် ဘာမှအသုံးမကျသည့်လူတစ်ယောက် ဖြစ်သွားသည်ကို ချက်ခြင်း သိမြင်လိုက်၏။

ဆယ့်သုံးခန္ဓာကိုယ်ထဲရှိ ကြယ်သုံးပွင့်အဆင့် နတ်ဆိုးစွမ်းအင်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သည်လိုသာဆိုလျှင် အဆင်ပြေဦးမည် ဖြစ်၏။ သို့သော် သူ့သွေးကြောများသည်လည်း ပြန့်ကျဲ ကြေမွသွားကာ သူ့စိတ်ဝိညာဉ်အလံပင် အခိုးခံလိုက်ရပြီ ဖြစ်နေ၏။

ရန်သူက ဆယ့်သုံးကို မသတ်သော်လည်း ကြမ်းတမ်းရက်စက်စွာ လုပ်ဆောင်ခဲ့ပေ၏။ ခြင်္သေ့ကို ပြန်လွှတ်လိုက်ခြင်းက ထိုလူ၌ အခြားရည်ရွယ်ချက်များ ရှိနေသည်မှာ ရှင်းလင်းသိသာနေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ဆယ့်သုံးနှဖူးထက်သို့ လက်ညွှန်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးသလင်းကျောက်ကို အသက်သွင်းလိုက်ရာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခုက ဆယ့်သုံးနှဖူးထဲသို့ ဝင်ရောက်သွားသည်။

ဆယ့်သုံးခန္ဓာကိုယ်က တုန်ယင်သွား၏ထို့နောက် သူက မျက်လုံးဖွင့်လာရာ ဝမ်လင်းကို တွေ့မြင်သွား၏။ သူက သူ့လေးစားမှုကို ပြသလိုသော်လည်း သူက လှုပ်ပင် မလှုပ်နိုင်သည်ကို တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်က နာကျင်မှုကို ဆက်တိုက် ခံစားနေရသည်။

ဆယ့်သုံးက ကြိုးစား၍ ပါးစပ်ဟလာသည်။ သူက နှလုံးသားထဲ၌ အမြဲသိမ်းဆည်းထားသည့် ဝမ်လင်း၏ နာမည်ကို ရုတ်တရပ် ခေါ်လိုက်၏။ “ဆရာ…”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ဘာမှတော့ မပြောချေ။

“ပြန်လာတဲ့လမ်းမှာ ငါတို့က မျိုးနွယ်စုကြီးတစ်ခုကို တွေ့ခဲ့တာ။ ငါတို့က သူတို့ကို ပတ်ပြီးသွားဖို့ ကြိုးစားပေမဲ့ သူတို့က တိုက်ခိုက်လာကြတယ်။ ငါ့ စိတ်ဝိညာဉ်အလံကို ယူသွားတဲ့ အဖြူရောင်ဝတ်စုံနဲ့ အဘိုးအိုက ငါ့ ခန္ဓာကိုယ်ကထဲကို စောနက နတ်ဆိုး ထည့်ခဲ့တာ ဖြစ်တယ်။ သူက ငါ့ကို စိတ်ဝိညာဉ်အလံတွေ ပြန်လိုချင်ရင် မင်းတို့အားလုံး ငါ့ကို လာရှာရမယ်လို့ ပြောခဲ့တယ်…”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လက်မြှောက်လိုက်သည်။ သည်အခိုက်၌ ဆယ့်သုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သတိထပ်လစ်သွားတော့၏။

“သူ့ကို အနားယူဖို့ ခေါ်သွားချေ…” ဝမ်လင်းက သည်စကားပြောပြီးနောက် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့၏။

ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုဝင်များက မြန်ဆန်စွာ လှုပ်ရှားလာကြကာ ဆယ့်သုံးကို ခေါ်သွားက ဂရုစိုက်လိုက်ကြသည်။

ဝမ်လင်းက တောင်ကြားထဲကနေ ထွက်ခွာလာပြီးနောက် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားနေ၏။ သူ့အသွင်က နက်မှောင်နေကာ မျက်လုံးများကလည်း အေးစက်နေသည်။

နဂိုအားဖြင့် ဆယ့်သုံးက အခြားမျိုးနွယ်စု တစ်ခုထံသို့ သွားတိုက်ခိုက်ခြင်း ဖြစ်သည်။ သူက ကျရှုံးကာ သေဆုံးသွားမည်ဆိုရင်ပင် ဝမ်လင်းက ဂရုစိုက်မည် မဟုတ်ချေ။ သေခြင်းရှင်ခြင်းက ဘဝ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည် မဟုတ်လား။

သို့ရာတွင် ခုကိစ္စကတော့ ခြားနားသွားခဲ့ပြီ ဖြစ်၏။ ဆယ့်သုံးက ပြန်လာသည့်လမ်း၌ အခြားမျိုးနွယ်စုတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရခြင်း ဖြစ်သည်။ ရန်သူက သူ့ကို မသတ်သည့်အပြင် သူ့ခန္ဓာကိုယ်ထဲသို့ နတ်ဆိုးတစ်ကောင်(အနီရောင်လိုင်း) ထည့်သွင်းခဲ့သေး၏။ ထိုသို့သာ လုပ်ရုံမျှ ဆိုလျှင်ပင် သင်ခန်းစာပေးသည်ဟု မှတ်ယူ၍ အဆင်ပြေသေး၏။ သို့သော် သူတို့က သူ့သွေးကြောများကိုပါ ဖျက်စီးပစ်သည့်အပြင် စိတ်ဝိညာဉ်အလံများကို ပြန်လိုချင်ရင် သူတို့ကို လာရှာပါဟုပင် ပြောခဲ့သေး၏။

သည့်အတွက်ကြောင့် အဓိပ္ပာယ်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ထိုအရာက ရန်စခြင်း သို့မဟုတ် စိန်ခေါ်ခြင်း ဟု ပြော၍ ရပေ၏။

ဆယ့်သုံးက စိန်ခေါ်စာကို သယ်ဆောင်ရန် ပြန်ပို့ခံရသည့် လူတစ်ယောက်ပင်။

သည်လူက သည်စိန်ခေါ်မှုကို ပို့လွှတ်လိုက်ကတည်းက ဝမ်လင်းသည် သည်လိုမျိုးနွယ်စုထဲတွင် နေထိုင်သည့် မည်သို့သော လူမျိုးများကများ သူ့ကို ထိုသို့ စိန်ခေါ်ဝံ့သည်အား သိချင်မိသွားသည်။

ဝမ်လင်းက ဉာဏ်ရေကောင်းကာ ပါးနပ်သူ ဖြစ်သည်။ သည်လူ၏ ကျင့်ကြံမှုအဆင့်က သူ့ထက်များစွာ မြင့်နေပါက သူက ရွာသို့ ပြန်လာပြီး ဆယ့်သုံးကို ကုသမည့်နည်းရှာကာ ထိုမျိုးနွယ်စုနှင့် ပတ်သတ်၍ လက်ရှောင်လိုက်မည်သာ ဖြစ်၏။

သည်လို ဖြစ်လာနိုင်ချေကလည်း နည်းပါးလွန်းပေသည်။ ဝမ်လင်း ဆယ့်သုံးပေါ်၌ အသုံးပြုထားသည့် မန္တန်ကို တွေ့မြင်လိုက်သည့်အခါ ထိုလူသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်တွင်သာရှိဦးမည် ဖြစ်ကြောင်း သူက ခန့်မှန်းထား၏။

သည်လိုတွေးမိပြီး ဝမ်လင်းက အေးစက်စွာနှာခေါင်းရှုံ့ကာ ပိုမို မြန်ဆန်စွာ ကောင်းကင်ထက်၌ ဖြတ်သန်းသွားတော့၏။

ကောင်းကင်ရေ မျိုးနွယ်စုက နတ်ဆိုးကုန်းမြေ အနောက်မြောက် ကွင်းပြင်တွင် နေထိုင်သည့် သူများ ဖြစ်ကြ၏။ သည်နေရာ ပတ်ဝန်းကျင်က တောင်တန်းများ သိပ်မရှိဘဲ ပြန့်ပြူးပေသည်။ မူလတုန်းက ထိုနေရာသည် နေထိုင်ရန် သင့်တော်လှသည့် နေရာ မဟုတ်ချေ။သို့သော် ထိုနေရာပ ရှေးဟောင်းအစီအရင်တစ်ခု ရှိနေ၏။

သည်အစီအရင်က လွန်စွာ အားကောင်း၏။ ၎င်းက အသက်သွင်းသည်နှင့် ငါးကီလိုမီတာအတွင်းရှိ အရာအားလုံးက လုံခြုံသွားမည် ဖြစ်သည်။ နတ်ဆိုးစိတ်ဝိညာဉ်ညများ ကျရောက်လာလျှင် ၎င်းအထဲ၌ ရှိနေပါက လုံခြုံမည် ဖြစ်၏။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ရှင်သန်နေထိုင်ရန် သော့ချက်က အကာအကွယ်အစီအရင်တစ်ခု ရှာဖွေနိုင်ခြင်း ဖြစ်သည်။ နတ်ဆိုးကုန်းမြေ၌ သည်လို အစီအရင်မျိုး များစွာ ရှိ၏။ သို့သော် ငါးကီလိုမီတာလုံး ဖုံးလွှမ်းပေးနိုင်သည့် အစီအရင်မျိုးကတော့ အများကြီး မရှိလှချေ။

အစီအရင်၏ ဖုံလွှမ်းနိုင်မှု ဧရိယာ ပိုမိုကျယ်ပြန့်လေလေ အစီအရင်က ပိုအားကောင်းသန်မာလေ ဖြစ်သည်။ လူများစွာလည်း ပိုနေလို့ ရမည်ဖြစ်သည်။

ကောင်းကင်ရေမျိုးနွယ်စု အတွင်းရှိ ရိုးရှင်းသောအိမ်တစ်ခုတွင် အဘိုးအိုနှစ်ယောက် ထိုင်လျက် ရှိနေ၏။

တစ်ယောက် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်ကတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူတို့နှစ်ယောက်ကြားတွင်တော့ ခရမ်းရောင်ရေနွေးကြမ်းအိုး တစ်ခု ရှိနေသည်။

အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ရေနွေးခွက်ကို ကောက်ကိုင်ကာ သောက်လိုက်၏။ “ပြင်ပကျင့်ကြံသူတွေ ယူလာတဲ့ ထဲမှာ ဒီရေနွေးကသာ ငါ့အတွက် အရသာ ရှိစေတယ်…”

မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲကလည်း ရေနွေးခွက်ကို ကောက်ယူကာ သောက်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ “မင်းက ဘယ်အချိန် ပြန်မှာလဲ…”

အဖြူရောင်ဝတ်စုံနှင့်လူက အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။ “မနက်ဖြန်။ ငါက ရှေးဟောင်းနတ်ဆိုးမြို့ကနေ အချိန်အကြာကြီး ထွက်သွားလို့မရဘူး။ ငါက အိမ်အလည်ပြန်လာတာ တစ်လ ပြည့်ပီ။ ထပ်ပြီးနေမယ်ဆိုရင် ငါက ဘယ်တောင်ပံဗိုလ်ချုပ်ကို ရှင်းပြဖို့ ခက်လိမ့်မယ်…”

မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်းက လူတစ်ယောက်ရဲ့ တပည့်ကို ဒဏ်ရာရစေခဲ့ပြီး သူတို့ရဲ့ ထူးဆန်းတဲ့ အလံငယ်တွေကို ယူဆောင်ခဲ့တယ်။ သူတို့ ရောက်လာခဲ့ရင် ငါ ဘာလုပ်ရမလဲ…”

အဖြူရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ပြောလိုက်သည်။ “ဘယ်လို လုပ်ရမယ်ဆိုတာက ဘာပြောတာလဲ…၊ဒီအစီအရင်ကို အသုံးပြုပြီး သူ့ကို သတ်လိုက်ပေါ့…”

မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက မျက်မှောင်ကြုတ်သွားပြီး အလေးအနက် ပြောလိုက်သည်။ “ဒီလူတွေက ထင်သလောက် မရိုးရှင်းဘူး။ သူတို့အားလုံးက နတ်ဆိုးစွမ်းအင် ကြယ်တစ်ပွင့် အဆင့် ရှိနေကြပြီး နတ်ဆိုးမန္တန်တွေကိုလည်း တက်ထားကြတယ်။ အထူးသဖြင့် ဦးဆောင်လာတဲ့ လူပဲ။ သူက အလံငယ်တွေကို အသုံးပြုပြီး နတ်ဆိုးစိတ်ဝိညာဉ်တွေကိုတောင် ထိန်းချုပ် တိုက်ခိုက်နိုင်တယ်။ သူတို့က ငါတို့ကို ပတ်သွားတဲ့ အချိန်မှာ မင်းက သူ့အလံကို စိတ်ဝင်စားခဲ့တယ်။ မင်းက သူတို့ကို သတ်ပြီး ရတနာတွေ ယူလိုက်တဲ့အပြင် သူတို့နောက်ကွယ်မှာ ရှိတဲ့လူ ထွက်လာဖို့လည်း စိန်ခေါ်တဲ့ သဘော လုပ်ခဲ့သေးတယ်။ မင်းလုပ်တာ နည်းနည်း မများဘူးလား…”

အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ရယ်မောကာ ပြောလိုက်သည်။ “ငါက ရှေးဟောင်းနတ်ဆိုမြို့ရဲ့ ဘယ်တောင်ပံဗိုလ်ချုပ်လက်အောက်က ကိုယ်ရံတော် တစ်ယောက်ပဲ။ ငါက ဒီလိုလူရိုင်းအချို့ကို သတ်လိုက်တာကို များတယ်လို့ ဘယ်လိုလုပ် ထင်မှတ်လို့ရပါ့မလဲ…။ ဒါ့အပြင် ငါက ဒီလူတွေရဲ့ နောက်မှာ ရှိတဲ့လူက မသန်မာဘူးလို့ ထင်ထားတယ်။ မဟုတ်ရင် သူက ဒီလို မျိုးနွယ်စုလေးတွေနားမှာ နေနေပါ့မလဲ။ သူက ရှေးဟောင်းနတ်ဆိုးမြို့ကို သွားပြီး ပိုကောင်းတဲ့ နေရာကို ရယူပြီးနေပြီပေါ့။ ငါက ဒီနေရာကို လာဖို့ သူ့ကို သွေးဆောင်ခဲ့တာက သူ့ဆီကနေ ဒီအလံလုပ်တဲ့ နည်းလမ်း လိုချင်လို့ပဲ။ သူသာ လာမယ်ဆိုရင် ပိုတောင်ကောင်းသေး။ မဟုတ်ရင် ငါက ငါအမှတ်အသားလုပ်ထားတဲ့ လူငယ်နောက်ကို လိုက်သွားရဦးမယ်…”

မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက မေးလိုက်၏။ “လူငယ့် စိတ်ထဲက မန္တန်က အတုအယောင် ဖြစ်နေရင်ကော…”

အဖြူရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အလေးအနက် ပြောလိုက်၏။ “ဒါက အတုမဟုတ်ဘူး။ ဒါပေမဲ့ ဒါက မပြည့်စုံသေးဘူး။ နောက်ထပ် အဆင့်တွေ ထပ်ရှိနိုင်သေးတယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset