ဝမ်လင်းမျက်လုံးက အေးစက်နေပြီး သူက လေထဲသို့ လက်ညွှန်လိုက်သည်။ ခြင်္သေ့ပုံရိပ်က တုန်ယင်ကာသွားသည်။ ထို့နောက် ၎င်းက အနက်ရောင်အမျှင်တန်းအဖြစ်သို့ ပြောင်းလဲသွားကာ ဆယ့်သုံး၏ စိတ်ဝိညာဉ်အလံထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
“ဒီသားရဲက မင်းရဲ့ စိတ်ဝိညာဉ်ဆယ်ခုအလံအတွက် မူလစိတ်ဝိညာဉ်အဖြစ် သင့်တင့်တယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်မှာ ဘယ်လှည့်ကွက်မှ မရှိဘူး။ မင်းက ဒါကို ချိပ်ပိတ်ထားနိုင်ပေမဲ့ ဒါကလည်း မင်းကို ပယ်ချထားနိုင်တယ်။ ဒါကို သင်ခန်းစာအဖြစ် မှတ်ထားပါ…” ဝမ်လင်းက သည်စကားလုံးများကို ပြောကြားပြီးနောက် သူက လှည့်၍ တောင်ကြားအနက်ပိုင်းသို့ ပြန်သွားသည်။
ဆယ့်သုံးမျက်နှာက သူ့လက်ထဲရှိ အလံကို ကြည့်ရင်း ရှက်ရွှံသည့်ပုံ ဖြစ်နေ၏။ ထို့ကြောင့် သူက တွေးတောကာ နေသည်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ တစ်လဆိုသည့်အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။ ရွာထဲရှိ ရွာသားများအားလုံးကလည်း ညသန်းခေါင်ယံ အချိန်၌ ထွက်ခွာသွားကြ၏။
ချူယောင်ဟွာနှင့် ဆယ့်သုံးက ဦးဆောင်ကာ သွားသည်။ သူတို့က လူတိုင်းကို ဦးဆောင်ကာ လှိုဏ်ဂူရှိရာသို့ ဦးတည်သွားနေကြသည်။
ဝမ်လင်းက လိုက်ပါသွားခြင်း မရှိချေ။ သူ့နတ်ဘုရားအာရုံပင် လိုက်ပါသွားခြင်း မရှိချေ။ သည်အရာက သူတို့အတွက် စမ်းသပ်ချက်တစ်ခုပင်။ သူတို့ ကျရှုံးလျှင် အရည်အချင်းမပြည့်မီသည်ကို ဆိုလိုမည် ဖြစ်၏။ ထိုအခါ ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးမြို့သို့ အခြားအခွင့်အလမ်းများ ရှာဖွေရန် ထွက်ခွာသွားပေမည်။
ငါးရက်ကြာပြီးနောက် ဝမ်လင်းက တောင်ကြားအနက်ပိုင်းထဲ၌ ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာ၏။ သိပ်မကြာခင်တွင် ဆူညံဆူညံအသံများကို အကွာအဝေးတစ်ခုကနေ ကြားလိုက်ရကာ လူတန်းရှည်ကြီးတစ်ခုက တောင်ကြားထဲသို့ ဝင်ရောက်လာကြ၏။
သည်လူတန်းရှည်က တောင်ကြားထဲမှ ရွာသားများ မဟုတ်ကြပေ။ ထိုသူတို့၏ မျက်နှာပေါ်၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့်နေကြ၏။ သူတို့ထဲ၌ ယောက်ျား၊မိန်းမ အစုံပါဝင်နေသည်။ သူတို့လက်များက ကြိုးများဖြင့် ချည်တုပ်ထားခြင်း ခံထားရကာ ခုနစ်ယောက်တစ်တန်း ရှိနေကြ၏။ လူတန်းတစ်ခုချင်းစီ၏ လက်ထဲ၌ သစ်တုံးများကို ကိုင်ဆောင်ထားရပြီး သူတို့က ရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့နေကြသည်။
ချူယောင်ဟွာက ရှေ့ဆုံးကနေ ဦးဆောင်လျှောက်နေသည်။ သူက ပင်ပန်းနွမ်းနွယ်နေဟန် ရသော်လည်း သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတို့ ရှိနေ၏။
ရွာသားများက သည်လူတန်းဘေးနားကနေ ကပ်လျှောက်လာကြ၏။ သုံ့ပန်းများထဲက တစ်ယောက်ယောက်က နှေးကွေးလွန်းသွားသည်နှင့် ရွာသားများက ထိုလူများကို အော်ဟစ်မာန်မဲ နေကြ၏။
ဆယ့်သုံးက လူတန်းနောက်ဆုံးမှ လမ်းလျှောက်လာ၏။ သူ့အော်ရာသည်လည်း အရင်နှင့် လုံးဝ ခြားနားသွား၏။ သူက ဝင့်ကြွားနေသည့်ဟန် မရှိတော့ဘဲ တည်ငြိမ်နေသည့်ဟန်ပန်နှင့် ရှိနေ၏။ ခုချိန်၌ သူ့မျက်နှာပေါ်၌ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ရှိနေသည်။
သူက လူခုနစ်ယောက်တန်းနောက်ကနေ လိုက်ပါ နေခြင်းဖြစ်၏။ထိုသူတို့၏ မျက်လုံးထဲ၌လည်း သူ့အပေါ် လေးစားမှုတို့ ရှိနေကြသည်။
ဆယ့်သုံးက သည်တိုက်ပွဲအတွင်း ကြီးကြီးမားမား စွမ်းဆောင်နိုင်ခဲ့သည်ဟု ပြော၍ ရ၏။ သူနှင့် ချူယောင်ဟွာတို့က အတူပူးပေါင်းကာ ရန်သူတို့၏ အစီအရင်ကို ကျော်ဖြတ်၍ ဖမ်းဆီးနိုင်ခဲ့ကြပေသည်။
ရန်သူ့ အကြီးအကဲသည်လည်း တိုက်ပွဲစသည်နှင့် ဆယ့်သုံး ခြင်္သေ့စိတ်ဝိညာဉ်၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူက စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို အသုံးပြုကာ ရန်သူများ ရှေ့မှာပင် သူတို့အကြီးအကဲ၏ စိတ်ဝိညာဉ်ကို သန့်စင်ကာ စိတ်ဝိညာဉ်အလံထဲ၌ ချိပ်ပိတ်ပစ်ခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ချူယောင်ဟွာကလည်း နှေးကွေးနေခြင်း မရှိဘဲ တိုက်ပွဲအတွင်း သေဆုံးခဲ့သူများ၏ စိတ်ဝိညာဉ်များကို သန့်စင်ကာ ချိပ်ပိတ်ပစ်ခဲ့သည်သာ ဖြစ်၏။
သည်မြင်ကွင်းက ရန်သူများအတွက် ကြီးစွာတုန်လှုပ်မှုကို ဖြစ်သွားစေသည်။
သည်လူတန်းရှည်ကြီးက တောင်ကြားထဲသို့ ရောက်ရှိလာကြ၏။ ထိုအခါ အိမ်ထဲကနေ ရွာသူအမျိုးသမီးများက ထွက်လာကြာကာ သစ်သားဆွဲပုံးများကို ယူဆောင်လာကြ၏။
ထိုသစ်သားဆွဲပုံးများထဲ၌ အစိမ်းရောင်အရည်များ ပါနေကာ ဆိုးရွားသည့်အနံ့ကို ပေးစွမ်းနေ၏။
ပြင်ပမှဖမ်းခေါ်လာသည့်လူတိုင်း၏ ခေါင်းသည် ထိုပုံးထဲသို့ နှစ်ခံရကာ သည်အစိမ်းရောင်အရည်အချို့ကို အတင်းအကြပ် သောက်စေခြင်း ခံလိုက်ရသည်။ သည်အရည်ကို သောက်သုံးပြီးနောက် သူတို့က စိတ်ရှုပ်ထွေးဟန် အသွင်ဟန်ပန်များ ဖြစ်ပေါ်သွားကြသည်။ သည့်နောက် ရွာသားအချို့က သူတို့ကို ခေါ်ကာ နား အနားကပ်ကာ ခပ်တိုးတိုး ပြောလိုက်ကြ၏။
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် သည်အရာကို တွေ့မြင်နေရကာ သူက အံ့အားသင့်မိခြင်း မရှိချေ။ လျိုယွမ်၏ မှတ်ဉာဏ်များအရ သူ့ဘိုးဘေးက သည်လိုသေးငယ်သော မျိုးနွယ်စုများတွင် သူတို့ အရေအတွက် တိုးပွားအောင် မှတ်ဉာဏ်ဖျောက်ဖျက်သည့် အရည်များကို တိုက်ကျွေးကြသည်ဟု ပြောထားခဲ့ပေသည်။
သည်အရည်များ၏ သက်ရောက်မှုက သောက်သုံးသည့်လူကို အရာအားလုံး မေ့ပျောက်သွားစေ၏။ ထို့နောက်မှာ တစ်ယောက်ယောက်က ထိုလူတို့၏ နာမည်အသစ်နှင့် ခုလက်ရှိ မျိုးနွယ်စုအသစ်အခြေအနေကို ကပ်၍ ပြောကြားလိုက်သည်။ ထိုလူတို့ နိုးလာသည့်အခါ သူတို့က မျိုးနွယ်စု၏ အဖွဲ့ဝင်အသစ် ဖြစ်သွားမည် ဖြစ်သည်။
ဝမ်လင်း အမြင်၌ သည်အရည်က ဘာမှ ထူးခြားမနေခဲ့ချေ။
ကျင့်ကြံသူတစ်ယောက်က သည်အရည်ကို သောက်သုံးမည်ဆိုလျှင်ပင် အခြေခံအားဖြင့် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
ချူယောင်ဟွာက ဝမ်လင်းထံသို့ အမြန်သွားရောက်၏။ သူက သင့်တော်သော အကွာအဝေးတစ်ခုတွင်ရပ်ကာ လေးစားစွာ ဦးညွတ်၍ ပြောလိုက်၏။ “ဂျူနီယာ ချူယောင်ဟွာက ကောင်းကင်ဘုံသားကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်း၏ ခွင့်ပြုမှုရသည့်အခါ ချူယောင်ဟွာက တောင်ကြားအနက်ပိုင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။ သိပ်မဝေးသော နေရာတွင် သူက ဝမ်လင်းသည် ကြာပွင့်သဏ္ဌာန်ထိုင်နေသည်ကို လှမ်းတွေ့လိုက်ရ၏။
သူက ဝမ်လင်း ရှေ့သို့ ရောက်လာသည့်အခါ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ထို့နောက် လေးစားစွာ ပြောလိုက်သည်။ “ကောင်းကင်ဘုံသား…ဂျူနီယာက ရန်သူမျိုးနွယ်ထံကနေ ဒီနတ်ဆိုးသလင်းကျောက်ကို တွေ့ခဲ့ပါတယ်။ ကောင်းကင်ဘုံသားကို ပေးဖို့ ဒီသလင်းကျောက်ကို ယူလာခဲ့ပါတယ်…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးသလင်းကျောက်က ချူယောင်ဟွာ လက်ထဲကနေ သူ့ထံသို့ ပျံသန်းလာခဲ့၏။ သူက အနက်ရောင်သည်ကျောက်တုံးကို သေချာစစ်ဆေးကြည့်လိုက်သည်။ သည်ကျောက်တုံးနှင့် ပတ်သတ်၍ ဘာမှ ထူးထူးထွေထွေမရှိဘဲ သာမန်အကြမ်းထည်ဟုသာ ထင်ရ၏။
ဝမ်လင်းက သူ့လက်ကို ညှစ်လိုက်ရာ အနက်ရောင်ကျောက်တုံးက ကွဲသွား၍ လက်မအရွယ်ခန့် နတ်ဆိုးသလင်းကျောက် ပေါ်လာ၏။
“အဆင့်နှစ် နတ်ဆိုးသလင်းကျောက်…” ဝမ်လင်းက ထိုသလင်းကျောက်ကို ခဏကြည့်လိုက်ပြီးနောက် ဝါးမြိုလိုက်တော့သည်။
ချူယောင်ဟွာက ခေါင်းငုံ့ကာ တိတ်ဆိတ်လျက်သာ ရှိနေသည်။ သူက တစ်ချိန်လုံး လေးစားသည့်ဟန်အမူအရာကိုသာ ထုတ်ဖော်ပြသထားသည်။
နတ်ဆိုးသလင်းကျောက်ကို ဝါးမြိုပြီးနောက် ၎င်းက ဝမ်လင်းကိုယ်ထဲရှိ နတ်ဆိုးသလင်းကျောက်နှင့် မြန်ဆန်စွာ ပေါင်းစပ်သွားကာ အဆင့်ငါး နတ်ဆိုးသလင်းကျောက် ဖြစ်လာတော့၏။
ဝမ်လင်းက ချူယောင်ဟွာကို ကြည့်ကာ သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူက နတ်ဘုရားအာရုံဖြင့် ၎င်းအထဲသို့ ထည့်သွင်းပြီးနောက် ချူယောင်ဟွာထံသို့ ပစ်ပေးကာ ပြောလိုက်သည်။ “မင်းတို့ဆီမှာ ပထမအဆင့် မန္တန်သုံးခုပဲ ရှိသေးတယ်။ လူတစ်ယောက် ဒီအဆင့်သုံးခုကို မအောင်မြင်ရင် နောက်ထပ် ထပ်ရမှာ မဟုတ်တော့ဘူး။ မင်းက ငါ့အတွက် နတ်ဆိုးသလင်းကျောက်ကို ပြန်ယူလာတဲ့အတွက် အဆင့်လေးကို ပေးလိုက်မယ်။ ဒါကို ကောင်းကောင်းလေ့လာပါ။ အခြားလူတွေကို မသင်ပေးပါနဲ့။ မဟုတ်ရင် ငါက ဒါကို ကျိန်းသေပေါက် ပြန်ယူရလိမ့်မယ်…”
ချူယောင်ဟွာက သူ့စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ထားရ၏။ သူက ကျောက်စိမ်းပြားကို လက်ခံပြီးနောက် မြန်ဆန်စွာ ပြန်ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားပြီးနောက် ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကြည့်ရတာ ဒါက မှန်ကန်တဲ့ ခြေလှမ်းဖြစ်တဲ့ပုံပဲ။ ဒီရွာက တဖြည်းဖြည်း ကြီးထွားလာပြီး အခြားအနားမှာ ရှိတဲ့ မျိုးနွယ်စုတွေကို ဝါးမြိုလာနိုင်ရင် ငါရလာမယ့် နတ်ဆိုးသလင်းကျောက်ပမာဏကလည်း တိုးလာလိမ့်မယ်။ ထပ်ပြောရရင် မျိုးနွယ်စုမှာ လူတွေ ပိုရှိလာလေလေ စိတ်ဝိညာဉ်မွန်းမံခြင်း မန္တန်ကို ကျင့်ကြံတဲ့လူတွေ များလာလေပဲ။ ဒါက ငါဟာ စိတ်ဝိညာဉ်ဆယ်သန်းအလံကို သိပ်မကြာခင်မှာ ပြန်ကောင်းမွန်အောင် လုပ်နိုင်တော့မယ်လို့ ဆိုလိုတာနဲ့ တူတူပဲ…”
ခုချိန်၌ ဝမ်လင်းထံတွင် စိတ်ဝိညာဉ်အပိုင်းအစများစွာ တိုးမြှင့်လာနေခဲ့ပြီ ဖြစ်သည်။
စိတ်ဝိညာဉ်မွန်းမံခြင်း မန္တန်ကို ကျင့်ကြံပြီး သန့်စင်ထားသည့် စိတ်ဝိညာဉ်အပိုင်းအစအားလုံးက အတွေးတစ်ချက်ဖြင့် သူ့အပိုင် ဖြစ်လာနိုင်ပေသည်။
တောင်ကြားထဲရှိ ရွာသားဦးရေက တိုးတက်လာခဲ့၏။ ယောက်ျားသားအရေအတွက်က ငါးဆယ်ကျော် ရှိလာ၏။ အမျိုးသမီးများကတော့ ရွာသားများကြား၌ ခွဲခြားထား၏။ လှပသော အမျိုးသမီးအနည်းငယ်ကိုတော့ ချူယောင်ဟွာက ဝမ်လင်းအတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ သို့ရာတွင် သူက ထိုအခါ၌ ဝမ်လင်း၏ အေးစက်စက်တုံ့ပြန်မှုသာ ရရှိလိုက်၏။
သည်မျိုးနွယ်စုအဖွဲ့ဝင်သစ်များက စိတ်ဝိညာဉ်မွန်းမံခြင်း မန္တန်ကို စတင်ကျင့်ကြံကြသည်။ ခုချိန်၌ တောင်ကြားထဲတွင် ကျင့်ကြံသူများ၏ ရပ်ဝန်းလိုသာ ဖြစ်နေတော့သည်။
နေ့တိုင်း အပြင်ထွက်၍ အမဲလိုက်သည့် လူအချို့ကလွဲ၍ ကျန်သည့်လူအားလုံးက ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားကြသည်။
အမျိုးသမီးအချို့ပင် စတင်ကျင့်ကြံလာကြ၏။ ပထမ၌ ချူယောင်ဟွာက သည်အရာကို ကန့်ကွတ်သော်လည်း ဝမ်လင်း၏ အငေါက်ခံလိုက်ရသဖြင့် သူ့ရည်ရွယ်ချက်ကို ချက်ခြင်းပြောင်းကာ အမျိုးသမီးများ ကျင့်ကြံခြင်းကိုပါ ခွင့်ပြုပေးခဲ့သည်။
သည့်အတွက် တောင်ကြားထဲတွင် ကလေးများကလွဲ၍ လူအားလုံးက ရူးသွပ်စွာ ကျင့်ကြံကြတော့သည်။
ဆယ့်သုံးနှင့် ချူယောင်ဟွာတို့က စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို ကျင့်ကြံသည့်လူတိုင်း၏ ပန်းတိုင် ဖြစ်လာကြပေသည်။
အချိန်က သည်အတိုင်း ကုန်ဆုံးသွားနေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ သည်ခြောက်လအတွင်း ရွာထဲရှိ လူများက အပြင်သို့ မကြာခဏ ထွက်ခွာကြ၏။ သူတို့က အုပ်စုဖွဲ့၍ ဖြစ်စေ ကိုယ်တိုင်ဖြစ်စေ ထွက်၍ သူတို့ကိုယ်ပိုင် စိတ်ဝိညာဉ်အလံကို ပြုလုပ်ခြင်း သို့မဟုတ် စိတ်ဝိညာည်သန့်စင်နိုင်သည့် သားရဲများကို သတ်ဖြတ်ခြင်းအား ပြုလုပ်ကြသည်။
ဆယ့်သုံးအပြင် အခြားလေးယောက်သည်လည်း သည်ခြောက်လအတွင်း အဆင့်သုံးသို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့က ကိုယ်ပိုင် စိတ်ဝိညာဉ်အလံများ ပြုလုပ်ရန်သာ လိုတော့သည်။
လူတိုင်းက ဝမ်လင်း၏ စည်းမျဉ်းကို သိကြသည်။ သူတို့က တတိယအဆင့်ထက် ကျော်လွန်သည့် မန္တန်များကို လိုချင်လျှင် သူတို့က အရည်အသွေးကောင်းများ ရရှိအောင် လုပ်ရမည်။ ထိုသို့ပြုလုပ်ရန် နည်းလမ်းသုံးခု ရှိ၏။
ပထမနည်းလမ်းက နတ်ဆိုးသလင်းကျောက်များကို ဝမ်လင်းအားပေးခြင်း၊ ဒုတိယနည်းက ပြင်ပကျင့်ကြံသူများ၏ သဲလွန်စကို ရှာဖွေခြင် နှင့် တတိယနည်းလမ်းက အနည်းဆုံး စိတ်ဝိညာဉ်အပိုင်းအစ ဆယ်ခုပါသော အလံဆယ်ခု ပြုုလုပ်ခြင်းနှင့် ထိုအလံများထဲ၌ မူလစိတ်ဝိညာဉ် လေးခုပါဝင်သည့်အလံလေးခုကို ပြုလုပ်ခြင်း တို့ ဖြစ်ကြသည်။
သည်နည်းလမ်း သုံးခုကို လုပ်နိုင်သည့် မည်သူမဆို ဝမ်လင်းက အဆင့်လေးမန္တန်ကို ချီးမြှင့်မည် ဖြစ်သည်။ အဆင့်ငါးမန္တန်အတွက်ကတော့ လိုအပ်ချက်များ ပိုမို တင်းကျပ်ပေသည်။
ခုချိန်၌ ချူယောင်ဟွာ တစ်ယောက်တည်းသာလျှင် အဆင့်လေးမန္တန်ကို ရရှိသေး၏။
ဆယ့်သုံးကတော့ စိတ်ဝိညာဉ်အလံ ခုနှစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ခက်ခဲနေသည်က မူလစိတ်ဝိညာဉ်များပင် ဖြစ်သည်။ ခုချိန်၌ သူ့တွင် မူလစိတ်ဝိညာဉ် နှစ်ခုသာ ရှိကာ ဒုတိယတစ်ခုက လွန်ခဲ့သောနှစ်ဝက်က သန့်စင်ခဲ့သည့် ရန်သူ့အကြီးအကဲ စိတ်ဝိညာဉ် ဖြစ်သည်။
သည့်အတွက်ကြောင့် နောက်ထပ် အခြားမျိုးနွယ်စုများကို တိုက်ခိုက်လိုသည့် တိုက်ပွဲခေါ်သံက ပိုပို ကျယ်လောင်လာခဲ့သည်။ အခြားမျိုးနွယ်စုများကို တိုက်ခိုက်လျှင် သူတို့က နတ်ဆိုးသလင်းကျောက်များ၊ မူလစိတ်ဝိညာဉ်များနှင့် စိတ်ဝိညာဉ်အပိုင်းအစများစွာကို ရရှိနိုင်မည် ဖြစ်၏။
ချူယောင်ဟွာ၏ စကားက အမှန်ဖြစ်လာသည်ဟု ပြော၍ ရ၏။ နှစ်ငါးထောင်ကြာလို့ ပြင်ပကျင့်ကြံသူများ ရောက်လာတိုင်း သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သွေးလွှမ်းရသည်ဟု သူပြောခဲ့သည်က အမှန်ပင် ဖြစ်လာခဲ့သည်။
ဝမ်လင်း ရောက်ရှိလာမှုကြောင့် သည်တောင်ကြားက တိတ်ဆိတ်နေသော ရွာလေးကနေ အခြားမျိုးနွယ်စုများကို တိုက်ခိုက်ကျူးကျော်ကာ အဆင့်မြင့်သည့် မန္တန်များကို တောင့်တလာခဲ့သည် မဟုတ်လား။
စစ်ပွဲခေါ်သံက ပိုပိုကျယ်လောင်လာသလို ခရူးဆိတ်စစ်ပွဲသစ်က နောက်ဆုံးတော့ စတင် လာခဲ့ပေပြီ။ ( ခရူးဆိတ်စစ်ပွဲ= အလယ်ခေတ် ဥရောပတွင် အကြီးအကျယ် ဖြစ်ခဲ့သည့် ဘာသာရေး စစ်ပွဲ …ဘာသာပြန်သူ…)
သည်တစ်ကြိမ်၌ ယောက်ျား၊မိန်းမ မခွဲတော့ချေ။ ကလေးငယ်များကို ဂရုစိုက်ရန် နေခဲ့သည့် အနည်းငယ်မှလွဲ၍ တစ်ရွာလုံးနီးပါးသည် ထွက်ခွာသွားကြသည်။ သူတို့က တစ်နေရာတည်းသို့ တိုက်ခိုက်မည် မဟုတ်ဘဲ အုပ်စုသုံးစုခွဲကာ မတူညီသော မျိုးနွယ်စု သုံးခုသို့ သွားရောက် တိုက်ခိုက်မည် ဖြစ်၏။
သည်အရာကသာ သူတို့လိုအပ်ချက်များအတွက် အဆင်ပြေပေလိမ့်မည်။ သူတို့က မျိုးနွယ်စုတစ်ခုတည်းကိုသာ သွားရောက်တိုက်ခိုက်ပါက နတ်ဆိုးသလင်းကျောက်နှင့် မူလစိတ်ဝိညာဉ်များကို ခွဲယူရမည့်နည်းလမ်း မရှိကြချေ။
နတ်ဆိုးကုန်းမြေ၌ အင်အားစုတစ်ခုက တိုးတက်လာနေသည်ကို မည်သူကမျှ သတိမပြုမိကြချေ။ အကြောင်းကတော့ မည်သူကမျှ သည်လို မြေရိုင်းနယ်မြေမှာရှိသည့် မျိုးနွယ်စုများငယ်များနှင့် ပတ်သတ်၍ စစ်ဆေးရန် စိတ်မဝင်စားကြသောကြောင့်ပင်။
ပြင်ပကျင့်ကြံသူများပင် ဝမ်လင်းကဲ့သို့ မျိုးနွယ်စုငယ်များတွင် နေထိုင်ရန် မဆုံးဖြတ်ခဲ့ကြချေ။ သူတို့က မတူညီသော နိုင်ငံများသို့ သွားကာ မတူညီသော အဆင့်အတန်းများကို ရရှိခဲ့ကြ၏။ နိုင်ငံများ၏ စစ်တပ်ရာထူးနှင့် ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်ကို ရရှိရန် သူတို့က နှစ်ငါးရာ ကြာမြင့်မည့် သွေးလွှမ်းမှု တိုက်ပွဲတစ်ခုကို စတင်ခဲ့လေပြီ။