Switch Mode

အပိုင်း (၅၈၀)

ဆယ့်သုံး

ဝမ်လင်းက ချူယောင်ဟွာကို စိတ်ဝိညာဉ်အလံ ပြုလုပ်သည့်နည်းလမ်းကို သင်ပေးခဲ့ပြီး ဖြစ်၏။ သို့ရာတွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက လိုအပ်သည့် ပစ္စည်းများ ကင်းမဲ့နေသည်။ထို့ကြောင့် အလံများ ပြုလုပ်ရန်က ခက်ခဲနေဆဲပင်။

သူက သည်အရာကို သဘောပေါက်လိုက်သည့်အတွက် သည်ကိစ္စကို ဖြေရှင်းရန် သေချာတွေးနေ၏။ သူက မာကြောသောသစ်ပင်များ၊ သားရဲအရေပြားများနှင့် သက်ရောက်မှုကို တုပနိုင်ရုံသာ ရှိသည့် အချို့ချိပ်တံဆိပ်များကို အသုံးပြုရန် စီစဉ်ခဲ့သည်။

သည်အစားထိုး ပြုလုပ်ထားသည့် စိတ်ဝိညာဉ်အလံက စိတ်ဝိညာဉ်ဆယ်ကောင်ကိုသာ ချိပ်ပိတ်ထားနိုင်မည် ဖြစ်၏။ ထို့ကြောင့် သည်အလံ၏ အကန့်အသတ်က စိတ်ဝိညာဉ်ဆယ်ကောင်ပင်။

သည်အလံကို လူဆယ်ယောက်က တစ်ပြိုင်နက်တည်း အသုံးပြုလျှင်တော့ စိတ်ဝိညာဉ်တစ်ရာအလံလောက် သန်မာအားကောင်းမည် မဟုတ်သော်လည်း စွမ်းအားတစ်ဝက်တော့ ရှိနေဦးမည်သာ ဖြစ်သည်။

စိတ်ဝိညာဉ်အလံသစ် ပြုလုပ်သည့်နည်းလမ်းကို ကျောက်စိမ်းပြား ပေါ်၌ မှတ်တမ်းတင်ထားပြီးနောက် ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ကာ ချူယောင်ဟွာနှင့် ဆယ့်သုံးလို့ အမည်ရသည့် လူငယ်ကို ဆင့်ခေါ်လိုက်သည်။

ဆယ့်သုံးလို့ခေါ်သည့်လူငယ်က စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ မန္တာန်များကို အထုံပင် ပါနေသလား ထင်မှတ်ရသည်။ သွန်းထျန်သာ ရှိနေလျှင် သူက သည်အရာနှင့် ပတ်သတ်၍ ကျိန်းသေပေါက် တုန်လှုပ်မိပေလိမ့်မည်။

ဆယ့်သုံးက ဝမ်လင်း ရှေ့၌ မတ်တပ်ရပ်နေ၏။ သူက ဝမ်လင်းအပေါ်၌ လေးစားမှုနှင့် အံ့အားသင့်မှုတို့ကို ခံစားမိနေသည်။

သူက စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို ပိုကျင့်ကြံလေလေ သူ့နှလုံးသားထဲရှိ အံ့အားသင့်မှုကလည်း ပိုလာလေလေ ဖြစ်သည်။ သည်မန္တန်ကို လေ့လာခဲ့သည့် သုံးလအတွင်း သူက သည်အရာကိုသာ ကျွမ်းကျင်သွားလျှင် ၎င်း၏စွမ်းအားသည်လည်း စိတ်ကူးသည်ထက်ပိုလိမ့်မည်ဟု ကောက်ချက်ချမိနေသည်။

ဆယ့်သုံးက အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။

ချူယောင်ဟွာက ဆယ့်သုံးထက် ပို၍ အတွေ့အကြုံ ရှိသူဖြစ်သည်။ထို့ကြောင့်သူက လေးစားသည့်ဟန်ပန်ဖြင့်သာ တိတ်တဆိတ် မတ်တပ်ရပ်နေ၏။

“ကောင်းကင်ဘုံသား… ရွာထဲမှာ ယောက်ျားသား နှစ်ဆယ့်ခုနှစ်ယောက်လုံးက ဒီနတ်ဆိုးမန္တန်ကို စတင် ကျင့်ကြံနေပါပြီ။ ခုချိန်မှာ ဆယ့်သုံးကလွဲလို့ ကျန်တဲ့ အများစုကတော့ အဆင့်တစ်မှာပါ တစ်ဆို့နေကြတယ်…”

ဝမ်လင်းက ကြာပွင့်သဏ္ဌန်ထိုင်နေလျက်ရှိသည်။ သူက ခေါင်းညိတ်ပြလိုက်၏။ စိတ်ဝိညာဉ်မန္တန်က သင်ယူရန် လွယ်ကူသော်လည်း လူတိုင်းအတွက်တော့ မဟုတ်ချေ။ သည်နေရာရှိ လူအများက သည်သုံးလအတွင်း ပထမအဆင့်ကို ရောက်ရှိနေပြီ ဆိုသည့်အချက်ပင်လျှင် ဟင်္သာပြဒါးဂြိဟ်ပေါ်တွင် ဖြစ်ပါက တုန်လှုပ်ဖွယ်သတင်းပင်။

ဆယ့်သုံးကို ကြည့်ရင်း ဝမ်လင်းသည် သည်ကလေး၏ ကျင့်ကြံမှု အမြန်နှုန်းနှင့် ပတ်သတ်၍ ကျေနပ်စွာ ခံစားနေရ၏။

ဝမ်လင်းအကြည့်ကို သတိပြုမိသဖြင့် ဆယ့်သုံးမျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကလည်း ပိုမို ပြင်းထန်လာခဲ့သည်။

ဝမ်လင်းက ပြုံး၍ သူ့ညာလက်ကို ဆန့်တန်းလိုက်ရာ ကျောက်စိမ်းပြား တစ်ခု ပေါ်လာ၏။ သူက သည်ကျောက်စိမ်းပြားကို ပစ်ပေး၍ ပြုံးကာ ပြောလိုက်သည်။ “စိတ်ဝိညာဉ်အလံပြုလုပ်တဲ့ နည်းလမ်းအသစ်က ဒီထဲမှာ ပါတယ်…”

ဆယ့်သုံးက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ကာ အလွန်ပျော်ရွှင်သည့်ပုံ ဖြစ်သွား၏။ သူက အသက်ဝဝရှုသွင်းကာ ကျောက်စိမ်းပြားကို နှဖူးပေါ်သို့ ဖိချလိုက်၏။ထို့နောက် ချူယောင်ဟွာ သူ့ကို သင်ကြားပေးသည့် နည်းလမ်းအတိုင်း စတင်ပုံဖော်လိုက်သည်။ သိပ်မကြာခင်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်လာကာ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်လာ၏။

သူက ဝမ်လင်းကို ကြည့်၍ ရုတ်တရက် မြေပေါ်သို့ ဒူးထောက်ချကာ အလေးအနက် သုံးကြိမ်သုံးခါ ဦးညွတ်လိုက်သည်။

ဝမ်လင်းက မျက်လုံးမှိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း ထွက်သွားလို့ ရပြီ။ စိတ်ဝိညာဉ်အလံ ဖန်တီးမှုမှာ အာရုံစိုက်ထားကြ…”

ဆယ့်သုံးက ခေါင်းညိတ်လိုက်၏။ သည့်နောက် သူက ကျောက်စိမ်းပြားကို ချကာ လေးစားစွာဖြင့် လှည့်ထွက်သွားတော့သည်။

ချူယောင်ဟွာက တုန့်ဆိုင်းဆိုင်း ဖြစ်နေသည်။ သူက ဝမ်လင်းကို ကြည့်၏။သည့်နောက် မြေပေါ်ရှိ ကျောက်စိမ်းပြားကို ကြည့်သည်။ ဝမ်လင်းခွင့်ပြုချက်မရှိဘဲ သူက သည်ကျောက်စိမ်းပြားကို ကောက်ယူကာ စစ်ဆေးဝံ့ခြင်း မရှိပေ။

ဝမ်လင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “ကြည့်ပါ…မင်းလည်း တတိယအဆင့် ရောက်နေပြီပဲ။ မင်းက စိတ်ဝိညာဉ်အလံတစ်ခုကို အောင်မြင်အောင်လုပ်နိုင်ရင် မင်းရဲ့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို စိတ်ဝိညာဉ်အပိုင်းအစထဲ ထည့်ချိပ်ထားနိုင်ရင် မင်းရဲ့ စွမ်းအားကလည်း အများကြီး တိုးတက်လာလိမ့်မယ်…”

ချူယောင်ဟွာက ကျောက်စိမ်းပြားကို အမြန်ကောက်ယူကာ သူ့နှဖူးထက်သို့ ဖိချလိုက်သည်။ သိပ်မကြာခင်တွင် သူက အသက်ဝဝရှုသွင်း၍ လေးစားစွာ ပြောလိုက်သည်။ “ဂျူနီယာက ဒီအလံကို လုပ်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ သွားရှာပါတော့မယ်…”

ထိုသို့ပြောပြီးနောက် သူက အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။ ကောင်းကင်ဘုံသား…ငါနဲ့ ဆယ့်သုံးတို့နှစ်ယောက်လုံး စိတ်ဝိညာဉ်အလံကို အောင်မြင်အောင် လုပ်နိုင်တာနဲ့ ငါက ငါးရာကီလိုမီတာ အကွာမှာ ရှိတဲ့ လှိုဏ်ဂူတစ်ခုကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်။ အဲ့နေရာမှာ အခြားမျိုးနွယ်စု တစ်ခု ရှိနေတယ်…”

ဝမ်လင်းက ပြောလိုက်သည်။ “မင်း စိတ်သဘောအတိုင်းပဲ…”

ချူယောင်ဟွာက ခေါင်းညိတ်ကာ ပြန်ထွက်သွားတော့၏။

တစ်လအတွင်း လှိုဏ်ဂူကို တိုက်ခိုက်မည့် သတင်းက သည်တောင်ကြားထဲရှိ ရွာတွင် ပျံ့နှံ့သွားသည်။ ရွာသားများအတွက် သည်အရာက တိုက်ပွဲကြီးပင်။ အခြား တစ်ဖက်က သူတို့ထက် အင်အားသာပေမဲ့ စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကြောင့် သူတို့အနိုင်ရရန် အခွင့်ရေးက များစွာ မြင့်နေပြီ ဖြစ်သည်။

သည်တစ်လအတွင်း ယောက်ျားသားတိုင်းက စိတ်ဝိညာဉ်မွန်းမံခြင်း မန္တန်ကို ကျင့်ကြံပြီး အင်အားပြည့် ဖြစ်နေကြ၏။ ဆယ့်သုံးက ရွာကနေ ထွက်ခွာ၍ စိတ်ဝိညာဉ်အလံပြုလုပ်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို သွားရောက်စုဆောင်းလေသည်။

သည်ကလေး၏ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တန်နှင့်ပတ်သတ်သည့် အထုံပါရမီက သိသာပေသည်။သူက သုံးကြိမ်သာ ကျရှုံးပြီးနောက် ပထမဆုံး သူ့စိတ်ဝိညာဉ်အလံကို ပြုလုပ်နိုင်ခဲ့သည်။

သည်ပထမဆုံး စိတ်ဝိညာဉ်အလံက တောင်ကြားထဲ၌ ဆူညံပွက်လော ရိုက်သွားစေသည်။ လူတိုင်းက ဆယ့်သုံးနား၌ ဝန်းရံနေကြကာ ခုနှစ်လက်မခန့် ရှိသည့် သူ့လက်ရှိ အလံသည် အားလုံး၏အမြင်၌ အာရုံစိုက်စရာ ဖြစ်လာခဲ့တော့သည်။

ဆယ့်သုံးက လူတိုင်း၏ အကြည့်များကြောင့် စိတ်လှုပ်ရှားနေသည်။

ချူယောင်ဟွာက သူ့မုတ်ဆိတ်ကို ပွတ်ကာ ပြုံးနေ၏။ အမှန်တော့ သူက ဆယ့်သုံးမတိုင်ခင် လွန်ခဲ့သော ရက်အနည်းငယ်ထဲက စိတ်ဝိညာဉ်အလံကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူက လူတိုင်းကို မဖော်ပြခဲ့ပေ။ အကြောင်းကတော့ ဆယ့်သုံးကို ခုလိုမျိုးတောက်ပစေချင်သောကြောင့် ဖြစ်သည်။

ချူယောင်ဟွာက ပါးနပ်သည့် မြေခွေးအို တစ်ကောင်ပင်။ သူက ဆယ့်သုံးသည် ကောင်းကင်ဘုံသား ဝမ်လင်း၏ အာရုံစိုက်မှုကို ရရှိနေသည်ကို သတိပြုမိပြီး ဖြစ်သည်။ သူကလည်း အသက်ကြီးရင့်လာနေတာ ဖြစ်သည့်အတွက် အနာဂတ်က ဆယ့်သုံးနှင့် ပိုသက်ဆိုင်နေသည် မဟုတ်လား။

လူအုပ်ထဲက တစ်ယောက်က မေးလိုက်သည်။ “ကောင်လေး ဆယ့်သုံး…မင်း စိတ်ဝိဉာဉ်အပိုင်းအစတစ်ခုကို အထဲမှာ ချိပ်ပိတ်ထားနိုင်မှ ဒီစိတ်ဝိညာဉ်အလံက အသုံးဝင်နိုင်တာမဟုတ်လား။ မင်းက ဘယ်အချိန်တုန်းကများ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ဒီထဲ ဖမ်းဆီးနိုင်လိုက်တာလဲ…”

ဆယ့်သုံးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ငါက စိတ်ဝိညာဉ်အပိုင်းအစကို ဒီထဲမှာ ချိပ်ပိတ်မထားနိုင်ဘူးလို့ ဘယ်သူက ပြောလဲ…သေချာကြည့်ချေ…”

ထိုသို့ပြောပြီးနောက် သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို အရပ်မျက်နှာအနှံ့မှ စုစည်း၍ သူ့လက်ချောင်းထိပ်၌ အစိမ်းရောင်အလင်းတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။

သူက စိတ်ဝိညာဉ်အလံသို့ ညွှန်လိုက်၏။ ထိုအခါ စိတ်ဝိညာဉ်အလံက ချက်ခြင်း တုန်ခါသွား၏။ အနက်ရောင်အခိုးငွေ့တစ်ခုက ပျံသန်းထွက်လာကာ အတောင်ပံနှင့် ခြင်္သေ့နှင့်တူသည့် သားရိုင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားတော့သည်။

ထိုသားရိုင်းပေါ်လာသည်နှင့် ၎င်းက ဟိန်းဟောက်လိုက်လေ၏။

ချူယောင်ဟွာ၏ မျက်လုံးပင် ကျဉ်းမြောင်းသွားခဲ့၏။ သည်အရာက သူ့ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ဆယ့်သုံးက ဂုဏ်ယူဝင့်ကြွားသည့် ဟန်ပန်ဖြင့် သားရိုင်းကို လက်ညွှန်ကာ အော်ပြောလိုက်သည်။ “တိုက်ခိုက်စမ်း…”

ခြင်္သေနှင့်တူသည့် စိတ်ဝိညာဉ်အပိုင်းအစက ကြမ်းကြုတ်စွာ ကြည့်၍ တောင်နံရံထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်နံရံပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားလေ၏။

ခြင်္သေ့စိတ်ဝိညာဉ်အပိုင်းအစပေါ်တွင်တော့ မည်သည့်ထိခိုက်မှုမှ ရှိမနေခဲ့ချေ။

ပတ်ဝန်းကျင်ရှိ လူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာ၏။ သူတို့၏ လေးစားသည့်အကြည့်က ဆယ့်သုံးကို ဂုဏ်ယူဝင့်ကြွားသွားစေ၏။

သူက သည်တစ်ခေါက် တောအုပ်ထဲသို့ ဝင်သည့်အခါ၌ သည်ခြင်္သေပျံကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သည်သားရိုင်းက ဒဏ်ရာများစွာ ရရှိထားပြီး သေမလို ဖြစ်နေခဲ့၏။ ဆယ့်သုံးက အံကြိတ်ကာ စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန်ကို အသုံးပြုကာ စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့သည်။ အကြမ်များစွာ ကြိုးစားပြီးနောက် သူက ၎င်း၏ စိတ်ဝိညာဉ်ကို သန့်စင်မွန်းမံရာ၌ အောင်မြင်ပြီး စိတ်ဝိညာဉ်အလံထဲသို့ ချိပ်ပိတ်ထားနိုင်ခဲ့၏။

ဆယ့်သုံးက အသက်ဝဝရှုသွင်းကာ သူ့လက်ကို ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။ “ပြန်လာခဲ့…”

ထိုသို့ပြောလိုက်ပြီးနောက် သူက လက်ထဲရှိ စိတ်ဝိညာဉ်အလံကို လှုပ်ခါလိုက်သည်။ သို့သော် သည်အခိုက်၌ ခြင်္သေစိတ်ဝိညာဉ်အပိုင်းအစက ဆယ့်သုံးကို ကြမ်းကြုတ်စွာ ကြည့်လာ၏။ ၎င်းက မြန်ဆန်စွာဖြင် တိုးဝင်လာသည်။ သူ့ဦးတည်ရာက စိတ်ဝိညာဉ်အလံမဟုတ်ဘဲ ဆယ့်သုံးထံသို့ ဖြစ်နေ၏။

၎င်းမျက်လုံးထဲရှိ ကြမ်းကြုတ်မှုကလည်း သတ်ဖြတ်လိုမှုစိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဆယ့်သုံးအသွင်က ပြောင်းလဲသွား၏။ သူက စိတ်ဝိညာဉ်အလံကို ကိုင်ထားရင်း အော်ပြောလိုက်ပြန်သည်။ “ပြန်လာခဲ့စမ်း…”

ခြင်္သေ့စိတ်ဝိညာဉ်က သူ့အမိန့်ကို လုံးဝလစ်လျူရှုကာ သူ့ထံသို့သာ ဦးတည်တိုးဝင်လာနေသည်။ လူတိုင်းကလည်း အမြန် အုပ်စုခွဲကာ ပြန့်ကျဲသွားတော့သည်။ ချူယောင်ဟွာက အံကြိတ်ကာ ရှေ့သို့ ထိုးတက်လာ၏။ ခုချိန်တွင် သူ့လက်ထဲ၌လည်း သုံးလက်မခန့်ရှိသည့် အလံတစ်ခု ရှိနေ၏။

တစ်ချက်လှုပ်ခါလိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခုက ဖျပ်ခနဲ တောက်ပသွားပြီး သေးငယ်သော စာကလေးနှင့်တူသည့် ငှက်စိတ်ဝိညာဉ်က ခြင်္သေ့ထံသို့ ဦးတည်ပျံသန်းသွားတော့သည်။

ခြင်္သေ့က တိုးတင်လာနေရင်း ရုတ်တရက် လှည့်ကြည့်လိုက်ရာ ငှက်ငယ်ကို တွေ့မြင်သွားသည်။ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်၍ ငှက်ငယ်၏ အရှိန် လျော့သွားအောင် ပြုလုပ်လိုက်သည်။

သည်အခိုက်၌ ခြင်္သေ့စိတ်ဝိညာဉ်အပိုင်းအစက ဆယ့်သုံး အနားသို့ ရောက်လာတော့၏။ ၎င်းက ပါးစဟ၍ ဆယ့်သုံးအား ဝါးမြိုပစ်ရန် ကြိုးစားလိုက်သည်။

ဆယ့်သုံးမျက်နှာက လုံးဝ ဖြူရောသွား၏။ သူက နောက်သို့ ဆုတ်လိုသော်လည်း ထူးဆန်းသောအားတစ်ခုက သူ့အား တားဆီးထားသည်ဟု ခံစားလိုက်ရ၏။ သူက သည်ခြင်္သေ့ပါးစပ်ကြီးက သူ့ထံသို့ တိုးဝင်လာသည်ကိုသာ စောင့်ကြည့်ရုံသာ တက်နိုင်တော့သည်။

သည်အခိုက်၌ တောင်ကြားအနက်ပိုင်းထံကနေ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

သည် အေးစက်စက်နှာခေါင်းရှုံ့သံနောက်၌ ဆောင်းရာသီထက်ပင် အေးသည့် အသံတစ်ခုက လိုက်ပါလာသည်။ “သားရိုင်းလောက်ကများ…မင်းက လုပ်ဝံ့တယ်ပေါ့…”

သည်အသံက ဆယ့်သုံးနားထဲသို့ ဝင်လာသည့်အခါ သူက ကောင်းကင်ဘုံမှ အသံတစ်ခုကို ကြားလိုက်ရသလို ခံစားမိသွားသည်။ သူက ကြောက်ကြောက်လန့်လန့်ဖြင့် အော်ပြောလိုက်တော့သည်။ “ကောင်းကင်ဘုံသား…ငါ့ကို ကယ်ပါ…”

ထိုအေးစက်သည့်အသံက ခြင်္သေ၏ နားထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါ၍ ပြိုကျပျက်စီးလုနီးပါး ဖြစ်သွားတော့သည်။

၎င်းက လုံးဝ မပျက်စီးသွားခြင်းက သန်မာခြင်းကြောင့် မဟုတ်ဘဲ ဝမ်လင်းက မပျက်စီးသွားစေခြင်းကြောင့်သာ ဖြစ်သည်။

၎င်းက တိုးဝင်နေရာကနေ ရုတ်တရက် ရပ်တန့်ကာ ချက်ခြင်း အထိတ်တလန့် အော်ဟစ်၍ ထွက်ပြေးရန် ဟန်ပြင်သည်။ သည်အခိုက်၌ တောင်ကြားအနက်ပိုင်းထဲကနေ လူတစ်ယောက် လမ်းလျှောက် ထွက်လာတော့သည်။

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက ပေပေါင်းများစွာကို ဖြတ်သန်းပြီးဖြစ်ကာ ကောင်းကင်ထက်၌ ပေါ်လာ၏။

ခြင်္သေ့စိတ်ဝိညာဉ်က တုန်ယင်နေသည်။ ၎င်းက ထိုလူထံမှ စွမ်အားက သူခုခံနိုင်သည့်အရာ မဟုတ်မှန်း သိနေ၏။

ခြင်္သေ့စိတ်ဝိညာဉ်က သနားစဖွယ် အော်မြည်လိုက်သည်။ ၎င်းက လွတ်မြောက်ရန် မကြိုးပမ်းတောင့်ဘဲ ရိုကျိုးသည့်အသွင်ဖြင့် ဝပ်ချလိုက်သည်။ ၎င်းမျက်လုံးထဲရှိ ကြောက်ရွှံ့မှုကလည်း ပိုမိုအားကောင်းလာခဲ့သည်။

သည်မြင်ကွင်းက တောင်ကြားထဲရှိ လူတိုင်းအား တုန်လှုပ်သွားစေသည်။

ချူယောင်ဟွာပင် မှင်တက်သွားမိ၏။ဝမ်လင်းအပေါ်လေးစားမှုကလည်း သူ့နှလုံးသားထဲ၌ ပိုပိုတိုးသွားခဲ့သည်။

ဆယ့်သုံးမျက်လုံးထဲ၌ နက်ရှိုင်းစွာ စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။ သူက ဝမ်လင်းကို ကြည့်လိုက်သည့်အခါ သူ့နှလုံးသားထဲ၌ လေးစားမှုတို့ ပြည့်နှက်သွားသည်။

သူတို့နှစ်ယောက်ပင် ခုလို ဖြစ်သည့်အတွက် ကျန်သည့်လူများဆိုလျှင် ပြောစရာပင် လိုတော့မည် မဟုတ်ချေ။

အမှန်တော့ ခြင်္သေ့စိတ်ဝိညာဉ် အပိုင်းအစက ဝမ်လင်းကို အလွန်အမင်း ကြောက်လန့်သွားခြင်းက ဝမ်လင်း မန္တန်ပေါ်တွင် ချန်ထားသည့် အားနည်းချက်ကြောင့် ဖြစ်သည်။

ဝမ်လင်း အထူးပြုထားသည့် မန္တန်ကို သင်ကြားထားသည့်လူများ ချိပ်ပိတ်ထားသည့် စိတ်ဝိညာဉ်အပိုင်းအစအားလုံးက သူ့ ထိန်းချုပ်မှုနှင့် ဖိနှိပ်မှုအောက်တွင် ရှိလို့နေပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset