Switch Mode

အပိုင်း (၅၇၈):

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်သစ်

ဝမ်လင်းက အက်ကွဲကြောင်း အပြင်ဘက်၌ မတ်တပ်ရပ်နေသည်။ သည်အခိုက်တွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ညာလက်ကို ဆန့်ထုတ်ကာ ပြောလိုက်၏။ “စုဆောင်း…”

ထိုသို့ပြောပြီးသည့်နောက် ကောင်းကင်တစ္ဆေထံကနေ ဒေါသတကြီး တဝီဝီအော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ တစ်ပြိုင်နက်တည်းမှာပင် အနက်ရောင်အလင်းတန်းတစ်ခုက အက်ကွဲကြောင်းထဲကနေ ထွက်လာကာ ဝမ်လင်းထံသို့ ခုန်ဝင်လာ၏။ ဝမ်လင်းက နောက်သို့ အမြန်ဆုတ်သည်။သို့သော် ၎င်းက သူ့နောက်သို့ လိုက်ပါလာ၏။ ထိုအနက်ရောင်အလင်းတန်းက ကောင်းကင်တစ္ဆေပင်။

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့ကာ သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ကျာပွတ်ကို ထုတ်ယူ၏။ သူက ထိုကျာပွတ်ကို လှုပ်ယမ်းလိုက်ရာ ကောင်းကင်တစ္ဆေက နာကျင်စွာ ငြီးတွားလိုက်ရပြီး အရှိန်နှေးကျသွားသည်။

စိတ်ဝိညာဉ်ကျာပွတ်က စိတ်ဝိညာဉ်များကို ဒဏ်ရာရအောင် တိုက်ခိုက်ရာ၌ အထူးအသုံးဝင်သည်။ ကောင်းကင်တစ္ဆေက အစစ်အမှန် ခန္ဓာကိုယ်မရှိသော် ပထမတန်းစား စိတ်ဝိညာဉ်အမျိုးအစားတစ်ခုသာ ဖြစ်သည်။

ကောင်းကင်တစ္ဆေက နာကျင်မှုအော်၌ ပိုမို ကြမ်းကြုတ်လာသည်။ ၎င်းက မြက်ရိုင်းကွင်းပြင်ကို လစ်လျူရှုကာ ဝမ်လင်းထံသို့ တိုးဝင်သွားသည်။ ၎င်း၏ မျက်နှာက အလွန်အမင်း ကြမ်းတမ်းနေကာ သတ်ဖြတ်လိုမှုနှင့် ပြည့်နေ၏။

မီးခိုးရောင်အမျှင်တန်းနှစ်ခုကလည်း သူ့ခန္ဓာကိုယ်ထဲ၌ အပ်များအလား သွားလာလှုပ်ရှားကာ ၎င်း၏ အသက်ဓာတ်ကို စုပ်ယူနေ၏။ သို့သော် သည်အခိုက်၌ ကောင်းကင်တစ္ဆေက သည်အရာများကို လစ်လျူရှုကာ ဝမ်လင်းထံသို့သာ တဟုန်ထိုး တိုးဝင်နေသည်။ ကောင်းကင်တစ္ဆေ ဖြတ်ကျော်သွားသည့် နေရာတိုင်းရှိ မြက်ရိုင်းများက ညှိုးခြောက်ကာ အဝါရောင်ဖြစ်သွားလေ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။ သူက နောက်သို့ ဆုတ်နေရာကနေ ရပ်တန့်ကာ စိတ်ဝိညာဉ်ကျာပွတ်ကို လှုပ်ယမ်းလိုက်၏။ ကျာပွတ်သံများဆက်တိုက်ထွက်ပေါ်ခြင်းနှင့်အတူ ကောင်းကင်တစ္ဆေက နာကျင်စွာ ငြီးတွာအော်‌ဟစ်နေရ၏။ နောက်ဆုံးတွင် ၎င်းက ထိုနာကျင်မှုကို ထပ်မံ ခံနိုင်ခြင်း မရှိတော့ဘဲ ထွက်ပြေးရန် ပြန်လှည့်သည်။

ဝမ်လင်းက သည်အချိန်၌ ကောင်းကင်တစ္ဆေက အားအနည်ဆုံးအချိန် ဖြစ်နေမှန်း သိသည်။ ၎င်းက လွတ်မြောက်ပြီး ပြန်ကောင်းမွန်လာသည်နှင့် သူ့အတွက် ပြဿနာ ဖြစ်ပေလိမ့်မည်။ လျိုယွမ်၏ မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် သူက ကောင်းကင်တစ္ဆေက ပထမခုနှစ်ရက်နှင့် လုံးဝပြန်ကောင်းရန် (၄၉) ရက်သာ ကြာကြောင်း သိရှိပြီး ဖြစ်သည်။

သူက တုန့်ဆိုင်းခြင်း မရှိဘဲ စိတ်ဝိညာဉ်ကျာပွတ်ကို ပစ်လွှတ်လိုက်၏။ ကျာပွတ်က ကောင်းကင်တစ္ဆေထံသို့ နဂါးတစ်ကောင်အလား တိုးဝင်သွား၏။

ကောင်းကင်တစ္ဆေက အလွန်ကြမ်းကြုတ်လှ၏။ ၎င်းက မလွတ်မြောက်နိုင်သည်ကို သိသည်နှင့် ပြန်လှည့်ကာ အစိမ်းရောင်မီးကို ပါးစပ်ထဲကနေ ထွေးထုတ်၏။ သည်အစိမ်းရောင်မီးက စိတ်ဝိညာဉ်အလံကို ဝန်းရံကာ သွားသည်။

သည်အစိမ်းရောင်မီးက ကောင်းကင်တစ္ဆေ၏ အသက်ဓာတ်မီးတောက်ပင်။သည်အရာက ၎င်း၏ စွမ်းအားပြည့် တိုက်ခိုက်မှု မည်သည်။ ၎င်းက ဝမ်လင်းထက် သည်ကျာပွတ်ကို ပိုမို၍ မုန်းတီးကာ နေ၏။

၎င်းက သူသေဆုံးရမည်ဆိုရင်ပင် သည်ကျာပွတ်ကိုပါ ဖျက်စီးပစ်ရန် ရည်ရွယ်ထား၏။

၎င်းက အသက်ဓာတ်မီးတောက်ကို ထွေးထုတ်လိုက်သည့်အခိုက်တွင် ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ ဝမ်လင်းက သည်ကောင်းကင်တစ္ဆေ၏ စွမ်းအားကို ကောင်းကောင်းသိ၏။ သို့သော် ၎င်းက ခုချိန်၌ အားအနည်းဆုံးချိန် ဖြစ်နေသည့်အတွက် သူက ဖမ်းဆီးရန် လိုက်လာခြင်းပင်။

သို့သော် သည်မီးတောက်ကို မြင်လိုက်သည့်အခိုက်၌ သူ့နှလုံးသားပင် တုန်ယင်ကာသွား၏။ ၎င်းက သူ့ကို တိုက်ရိုက် တိုက်ခိုက်လာခြင်း မဟုတ်သော်လည်း ထိုမီးတောက်၏ စွမ်းအားကို ခံစားမိနေဆဲပင်။ ခန္ဓာကိုယ်ကို လောင်ကျွမ်းရမည့်အစား သည်မီးတောက်က စိတ်ဝိညာဉ်ကို လောင်ကျွမ်းမည့်အရာ ဖြစ်နေ၏။

ချက်ခြင်းပင် သူ့မူလစိတ်ဝိညာဉ်က လောင်ကျွမ်းခံရသည်ဟု ခံစားမိသွား၏။ခုချိန်၌ သူက စိတ်ဝိညာဉ်ကျာပွတ်အတွက် နာကျင်နေရန် အချိန်မရှိချေ။ထို့အတွက် သူက လျင်မြန်စွာ ပြန်ဆုတ်၏။

သို့သော် ထိုအခိုက်မှာပင် စိတ်ဝိညာဉ်ကျာပွတ်ထံကနေ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ထို့နောက် ကျာပွတ်ထံကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ သည်ရွှေရောင်အလင်းတန်းက ချက်ခြင်းပေါ်ကာ ချက်ခြင်း ပြန်ပျောက်ကွယ်သွားခြင်း ဖြစ်၏။ ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းကာသွား၏။

သည် ရွှေရောင်အလင်း ဖျပ်ခနဲ တောက်ပသွားမှုနှင့်အတူ အစိမ်းရောင်မီးတောက်က ချက်ခြင်း ပျောက်ကွယ်သွား၏။ ၎င်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်ခြင်းမဟုတ်ဘဲ ဧရာမလက်ကြီးနှင့် ရိုက်ချသကဲ့သို့ ချက်ခြင်းပင် ပျောက်ကွယ်သွားရခြင်း ဖြစ်၏။

မီးတောက်က လွင့်ပြယ်သွားသည်နှင့် ကောင်းကင်တစ္ဆေက ထိုသို့ဖြစ်သွားသည်ကို မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ ၎င်းက စူးရှစွာ အော်ဟစ်ကာ လျင်မြန်စွာ ထွက်ပြေးတော့သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ သည် ရွှေရောင်ဖျပ်ခနဲ တောက်ပမှုက မီးတောက်များကို ငြိမ်းသက်သွားစေရုံသာမက ကောင်းကင်တစ္ဆေကိုလည်း ပိုမို၍ ထွင်းဖောက်သွားအောင် ပြုလုပ်သေး၏။ ကောင်းကင်တစ္ဆေက ကြောက်လန့်တကြား အသံပြု၍ ၎င်းက လျင်မြန်စွာ ပျောက်ကွယ်လာသည်။

ဝမ်လင်းက မြန်ဆန်စွာပင် စိတ်ဝိညာဉ်ကျာပွတ်ကို လှမ်းဆွဲယူလိုက်၏။ ကျာပွတ်ကာ တုန်ခါနေကာ ဝမ်လင်းလက်ထဲသို့ ပြန်ရောက်လာခဲ့သည်။

ကျာပွတ်ကို ကိုင်ထားရင်းမှ ဝမ်လင်းက စိတ်သက်သာရာ ရရှိသွားတော့၏။ စောနက ကျာပွတ်ထဲက ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းက အလွန်ထူးဆန်းလှသည်။

သည့်နောက် သူက ကောင်းကင်တစ္ဆေထံသို့ ကြည့်လိုက်၏။ ဝမ်လင်းကသာ ကျာပွတ်ကို အမြန်ပြန်ဆွဲမယူရင် ၎င်းက သေပြီးနေလောက်ပေပြီ။ ခုချိန်၌လည်း ၎င်းက သေဆုံးခြင်းမရှိသေးသော်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်ကာ သေဆုံးတော့မလို ဖြစ်နေ၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်၏။ တစ်ချက် လှုပ်ခါလိုက်မှုနှင့်အတူ သူက ထိုတစ္ဆေကို ဖမ်းဆီးလိုက်၏။ အလံထဲရှိ အထူးပတ်ဝန်းကျင်ကြောင့် ကောင်းကင်တစ္ဆေက ပျောက်ကွယ်နေရာကနေ ရပ်တန့်သွားသည်။

ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက စိတ်ဝိညာဉ်ကျာပွတ်ကို သေချာ ကြည့်ရှုလိုက်သည်။ အစိမ်းရောင်မီးနောက်ကို ပျောက်ကွယ်စေပြီးနောက် ကျာပွတ်ပေါ်၌ ပြောင်းလဲမှုအချို့ ရှိလာသည်။ ခုချိန်၌ ၎င်းကျာပွတ်က ပိုမိုပင် မာကျောလာသည့်ပုံပင်။

ထို့နောက် ဝမ်လင်းက ကျာပွတ်ကို ပြန်သိမ်းဆည်းလိုက်သည်။ သူက အကွာအဝေးတစ်ခုသို့ ကြည့်လိုက်ပြီးနောက် ညာဘက်အရပ်သို့ တဟုန်ထိုး ထွက်သွားတော့သည်။

သုံးရက်ကြာပြီးနောက် ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားတစ်ခုကို လှမ်းတွေ့လိုက်ရသည်။ ထိုတောင်ကြားပတ်လည်ရှိ အစီအရင်က အားကောင်းသော ဖိအားကို ပေးစွမ်းကာ နေ၏။

ဝမ်လင်းက သည်ဖိအားနှင့် ရင်းနှီးပြီးသားပင်။ သည်ဖိအားက အတားအဆီးအလံထဲကနေ ထွက်ပေါ်လာသည့် ဖိအားကဲ့သို့ ဖြစ်၏။

ဝမ်လင်းက ထွက်ခွာလာသည့်အခါ အတားအဆီးအလံကို ထုတ်၍ အစီအရင်ကို ကူညီပေးရန် ထားရစ်ခဲ့ပေသည်။ သို့မှသာ တောင်ကြားထဲရှိ လူများက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများထံကနေ လုံခြုံမည် ဖြစ်သည်။

သူက အလင်းတန်းအလား လှုပ်ရှားလိုက်ရာ တောင်ကြားပြင်ပသို့ ရောက်လာ၏။ ခြေတစ်လှမ်းဖြင့်ပင် သူက အစီအရင်ကို ဖြတ်ကျော်သွားသည်။ သူက သည်အစီအရင်ကို တစ်ကြိမ် ချိုးဖျက်ခဲ့ဖူးပြီး ဖြစ်သလို အတားအဆီးအလံကလည်း အထဲ၌ ရှိနေသဖြင့် ဝမ်လင်းက ခုလို လွယ်လင့်တကူ ဝင်ရောက်နိုင်ခြင်းပင်။

သူက တောင်ကြားထဲ၌ ထွက်ပေါ်လာသည်နှင့် အထဲရှိ နေထိုင်သော ရွာသားများကို တွေ့လိုက်ရသည်။ သူတို့က တောင်ကြားအလယ်၌ ချူယောင်ဟွာ စကားပြောနေသည်ကို နားထောင်နေကြသည်။

ချူယောင်ဟွာက ဝမ်လင်းကို မြင်သည်နှင့် ချက်ခြင်း ပျော်ရွှင်သွားသည်။ သူက ထိုလူအားလုံးကို ကျော်လာကာ ဝမ်လင်းကို ဦးညွတ်ကာ ပြောလိုက်၏။ “ငါက သင်ပြန်လာတာကို ကြိုဆိုပါတယ်…ကောင်းကင်ဘုံသား…”

သူက ဝမ်လင်းသည် အခြား ပြင်ပကျင့်ကြံသူတစ်ယောက်နှင့် ထွက်ခွာသွားပြီး ခု ပြန်လာသည်ကို တွေ့မြင်ခဲ့ရပေသည်။ သည်အရာက ဝမ်လင်းသည် အခြားတစ်ယောက်ကို သတ်ပစ်လိုက်သည်ဟု ဆိုလိုနေခြင်းပင်။

ချူယောင်ဟွာ အမြင်၌ ပြင်ပကျင့်ကြံသူနှစ်ယောက်ဆုံတွေ့ခြင်းက သူတို့အတွက် သေခြင်းရှင်ခြင်း အခြေအနေပင် ဖြစ်သည်။

“တောင်ကြားရဲ့ အနက်ပိုင်းနေရာက တားမြစ်ဧရိယာ ဖြစ်တယ်။အဲ့နေရာကို မလာပါနဲ့…” ဝမ်လင်းက ထိုသို့ပြောပြီးနောက် လူတိုင်းမျက်လုံးရှေ့မှာပင် ပျောက်ကွယ်သွားကာ တောင်ကြားအနက်ပိုင်းသို့ သွားလေ၏။

ချူယောင်ဟွာ ကျေနပ်ပီတီ ဖြစ်နေ၏။ ကောင်းကင်ဘုံသားက သည်နေရာတွင် ရှိနေခြင်းက သူတို့လုံခြုံမှုအတွက် သေချာစေသည်မဟုတ်လား။

သူက ရွာသားများဘက်သို့ ပြန်လှည့်ကာ အော်ပြောလိုက်၏။ “ဘယ်သူကမှ တောင်ကြားအနက်ပိုင်းကို သွားလို့မရဘူး။ မင်းတို့အားလုံး ကိုယ့်ကလေးကို စောင့်ကြည့်ထားပါ…။ဒီစည်းမျဉ်းကို မဖျက်ပါနဲ့…”

ပတ်ဝန်းကျင်ရှိ ရွာသားများက ခေါင်းညိတ်လိုက်ကြသည်။ သို့သော် သူတို့က မပျှော်မရွှင် ဟန်ပန်များ ဖြစ်နေကြသည်။ သူတို့ထဲက တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါတို့က ဘာလို့ မသွားရတာလဲ။ အဲ့နေရာက အေးမြသာယာတဲ့ဟာကို…”

ချူယောင်ဟွာက ထိုလူကို ကြည့်ကာ အော်ပြောလိုက်သည်။ “ဒါက ရွာရဲ့ဥပဒေပဲ။ ဒီနေ့ကစပြီး ဒီဥပဒေကို ထပ်ပေါင်းထည့်တယ်။ လူတိုင်းက ဒါကို ချိုးဖောက်တာနဲ့ အပြစ်ပေးခံရမယ်…”

ထိုသို့ပြောလိုက်သည့်အခါ လူတိုင်းက မည်သည့်စကားမှ ထပ်မဆိုဝံ့တော့ချေ။

ချူယောင်ဟွာက ချောင်းဟန့်ကာ ထပ်ပြောလိုက်သည်။ “ဒီတောင်ကြားက သေးငယ်လွန်းတယ်။ ငါတို့က ဒီကနေ ထွက်သွားသင့်တယ်…ငါတို့မျိုးနွယ်က နည်းနည်းပိုကြီးတဲ့ နေရာကို ရသင့်တယ်…”

ပတ်ဝန်းကျင်ရှိ ရွာသားများ၏ မျက်လုံးများက နီရဲလာ၏။ “တစ်ယောက်က ရှေ့သို့တိုးကာ မေးလိုက်သည်။ အကြီးအကဲ…ငါတို့က စစ်ပွဲကို သွားရမှာလား…”

ချူယောင်ဟွာက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းက တောင်ကြားအနက်ပိုင်း၌ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ ဝမ်လင်းက သည်နေရာတွင် နေရန် ဆုံးဖြတ်ရသည့်အကြောင်းက သူ့တွင် အခြားအစီအစဉ်များ ရှိနေသောကြောင့်ပင်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် နေထိုင်ရန်က သူ့အတွက် ခြေကုပ်ယူရန် အခိုင်အမာတစ်ခု၊ခွန်အားနှင့် တပ်သားများ လိုသည် မဟုတ်လား။

သူက ရှေးဟောင်းနတ်ဆိုးမြို့ကို သွားမည် ဖြစ်၏။သို့သော် သူက ထိုသို့ မသွားခင် ကြိုတင်ပြင်ဆင်မှု အချို့ ပြုလုပ်ထားရပေမည်။

ရှေးဟောင်းနတ်ဆိုးမြို့၌ သူ့အတွက် အခိုင်အမာခြေကုပ်ယူမည့်နေရာတစ်ခု ရရန်က ခက်ခဲနေပေသေးသည်။ လျိုယွမ်မှတ်ဉာဏ်များအရဆိုရင် ဘယ်တောင်ပံဗိုလ်ချုပ်နေရာတွင် ကျွမ်းကျင်သူများစွာ ရှိနေ၏။ ထိုသူများက သည်နေရာ၏ ဒေသခံများပင်။

ထိုသူတို့၏ ကျင့်ကြံမှုက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ပေါ်တွင် အာရုံစိုက်ထားခြင်းဖြစ်ကာ ယင်းကပင် သူတို့၏ မန္တန်များ ဖြစ်ကြ၏။

ဝမ်လင်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အသုံးပြုသည့် မည်သူ့ကိုမျှ မဆုံဖူးသေးသော်လည်း လျိုယွမ်ကတော့ ဆုံခဲ့ဖူး၏။ လျိုယွမ်၏ ဘိုးဘေးကလည်း ထိုလူများနှင့် ကာလာကြာရှည်စွာ ဆက်နွှယ်မှု ရှိခဲ့ဖူးသေးသည်။

လျိုယွမ်၏ မှတ်ဉာဏ်များကို မရှာဖွေခင်ချိန်တုန်းကတော့ ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးမြို့သို့ ချက်ခြင်းသွားမလို့ လုပ်ထား၏။သို့သော် ခုချိန်၌ သူက စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

“ရှေးဟောင်းနတ်ဆိုးမြို့ကို သွားပြီး ဘယ်တောင်ပံဗိုလ်ချုပ်ရဲ့ နေရာကို သွားဆက်သွယ်မဲ့အစားငါက ဒီမှာနေပြီး ဒီနေရာရဲ့ ဒေသခံတွေကို ငါ့အမိန့်ကို နာခံအောင် လုပ်တာက ပိုကောင်းမယ်။ ငါက သူတို့ကို ခုကစပြီး မန္တန်တွေကို သင်ပေးမယ်။ ပြီးရင် ငါ့အတွက် အင်အားတစ်ခု ဖြစ်လာအောင် လုပ်ရမယ်…”

ဝမ်လင်းက ထိုသို့ ဆုံးဖြတ်ချက် ချထားလိုက်သည်။

“ကြီးကြီးကျယ်ကျယ် အောင်မြင်အောင်လုပ်မဲ့လူက အသေးအဖွဲ့ကိစ္စလေးတွေကို စိုးရိမ်နေစရာမလိုဘူး။ ငါက သူတို့ကို စိတ်ဝိညာည်အလံရဲ့ မန္တန်တွေ သင်ပေးမယ်။ ဒီမန္တန်တွေက အသုံးပြုရတာ လွယ်ပြီး သတ်ဖြတ်ဖို့အတွက်လည်း ကောင်းမွန်တယ်။ လူတစ်ယောက် ပိုသတ်လေ စိတ်ဝိညာဉ်တွေကို ပိုစုစည်းမိလေပဲ။ ဒါဆိုရင် သူတို့ခွန်အားကလည်း တိုးလာလိမ့်မယ်…”

“ငါက ဒီအခွင့်အရေးကို အသုံးပြုပြီး ငါ့စိတ်ဝိညာဉ်ဆယ်သန်းအလံကို ပြန်ပြုပြင်ရမယ်။ ငါက ဒါကိုသာ ပြုပြင်နိုင်ရင် အာဏာတက်ခြင်းအဆင့်တွေကိုတောင် ကြောက်စရာမလိုတော့ဘူး။ ငါက ဒီနေရာကို ဝင်လာတဲ့လူတွေရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ကျိန်းသေပေါက် ပါဝင်ရမယ်…”

“အဲ့လိုသာ လုပ်နိုင်ရင် ငါက နောက်ဆုံးမှာ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို ရနိုင်ဖို့ အခွင့်ရေးရလိမ့်မယ်…”

ထိုသို့တွေးတောကာ ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သူ့လက်ထဲ၌ ကျောက်စိမ်းပြားနှစ်ခု ပေါ်လာခဲ့သည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ ၎င်းကျောက်စိမ်းပြားထဲသို့ မန္တန်တစ်ချို့ကို ချန်မှတ်ထားလိုက်၏။

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၌ မန္တန်သုံးခု ရှိ၏။ ယင်းတို့က စိတ်ဝိညာဉ် မွန်းမံခြင်း၊ စိတ်ဝိညာဉ်ထုတ်ယူခြင်း နှင့် စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း တို့ ဖြစ်ကြသည်။

စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းက ကလန်၏ အစစ်အမှန်တပည့်များသာ သင်ကြားနိုင်သည်။ တကယ်တော့ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း မန္တန်က စိတ်ဝိညာဉ်ဆယ်သန်းအလံအတွက် ပြုလုပ်ထားခြင်းပင်။ သည်မန္တန်က အလံကို ထိန်းချုပ်ရာ၌ အသုံးပြုခြင်း ဖြစ်၏။

စိတ်ဝိညာဉ်မွန်းမံခြင်းနှင့် ထုတ်ယူခြင်းတို့က စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ရင်းမြစ်များ ဖြစ်သည်။

သည်မန္တန်နှစ်ခုကို သင်ယူပြီးပါက ကိုယ်တိုင် စိတ်ဝိညာဉ်အလံများကို ဖန်တီးလာနိုင်ကာ ကလန်၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ စိတ်ဝိညာဉ်အလံတစ်ခုကို သန့်စင်မွန်းမံနိုင်ခြင်းက ကလန်၏ တပည့်တစ်ယောက်အဖြစ် အမှန် သပ်မှတ်လာနိုင်ပြီ ဖြစ်၏။

စိတ်ဝိညာဉ်မွန်းမံခြင်းက တည်ရှိပြီးသား စိတ်ဝိညာဉ်များကို သန့်စင်ပစ်ခြင်းဖြစ်ကာ ထုတ်ယူခြင်းကတော့ သက်ရှိတစ်ယောက်၏ စိတ်ဝိညာဉ်ကို နှုတ်ယူခြင်း ဖြစ်လေ၏။

ဝမ်လင်းက ကျောက်စိမ်းပြားနှစ်ခုထဲ၌ စိတ်ဝိညာဉ်မွန်းမံခြင်းနှင် ထုတ်ယူခြင်း အစောပိုင်းအဆင့်များကို ထည့်သွားထားခြင်းပင်။ သည့်နောက် သူက အနည်းငယ်စဉ်းစားပြီးနောက် စိတ်ဝိညာဉ်အလံပြုလုပ်သည့် ရိုးရှင်းသော ညွှန်ကြားချက်အချို့ကိုပါ ထည့်သွားထားလိုက်သည်။ သည်ထည့်သွင်းထားသည့် နည်းလမ်းဖြင့် စိတ်ဝိညာဉ်အလံတစ်ခုကို ပြုလုပ်လျှင် ဝမ်လင်းသာသိသည့် အပြစ်အနာဆာတစ်ခု ရှိနေမည် ဖြစ်၏။

ဝမ်လင်းက သတိကြီးသည့် လူတစ်ယောက်ဖြစ်သဖြင့် သူက လူတစ်ယောကို မည်သည့်သံသယမှ မထားဘဲ သင်ပေးမည်မဟုတ်သည်မှာ သဘာဝကျပေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset