Switch Mode

အပိုင်း (၅၇၇):

ရှီနယ်ပယ်

“နတ်ဆိုး စိတ်ဝိညာဉ်နယ်မြေကို နိုင်ငံကိုးခုနဲ့ ခွဲခြမ်းထားတယ်။ နိုင်ငံ တစ်ခုစီမှာ ချိပ်ပိတ်ထားတဲ့ ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်တစ်ခု ရှိတယ်။ ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်က ကောင်းကင်နဲ့မြေကြီးကနေ သဘာဝအတိုင်း ဖြစ်တည်လာတာ ဖြစ်ပြီး အားကောင်းတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်။ ကျင့်ကြံသူတစ်ယောက်က ၎င်းနဲ့ ပေါင်းစပ်နိုင်တာနဲ့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း များစွာတိုးတက်သွားလိမ့်မယ်။ သူတို့က အားကောင်းတဲ့ မန္တာန်တစ်ခုကို သင်ယူဖို့တောင် အခွင့်ရေးရဦးမှာ။ လျိုယွမ်ရဲ့ မှတ်ဉာဏ်အရဆိုရင် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်တိုင်းက ရှားပါးတဲ့ ရတနာတစ်ခုပဲ၊ ဒါကို ပေါင်းစပ်နိုင်တာနဲ့ စိတ်ဝိညာဉ်အစဦး လို့ခေါ်တဲ့ အခြေအနေကို ဝင်ရောက်နိုင်ဖို့ အခွင့်ရေး ရှိလာမယ်…”

“ ဒီစိတ်ဝိညာဉ်အစဦးလို့ခေါ်တဲ့ဟာက ထူးဆန်းအံ့ဖွယ် အခြေနေတစ်ခုဖြစ်တယ်။ ကျင့်ကြံသူတစ်ယောက်က ဒီအခြေအနေကို ဝင်ရောက်နိုင်တာနဲ့ သူတို့က ကောင်းကင်နဲ့မြေကြီးအပေါ် နားလည်မှုက အံ့မခန်းအဆင့်ကို ရောက်သွားနိုင်လိမ့်မယ်။ ဒါ့အပြင် ကျင့်ကြံသူတစ်ယောက်က ဒီအခြေအနေကို ဝင်ရောက်သွားရင် သူတို့ရဲ့နယ်ပယ်ပေါ် အခြေခံတဲ့ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်ဦးမှာ…”

“ပြောကြတာက ကောင်းကင်ဘုံနယ်မြေ ပြိုကျပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ မန္တာန်တွေက အားကောင်းတဲ့ ကျင့်ကြံသူတွေ ဒီအခြေအနေကို ဝင်ရောက်သွားနိုင်ပြီး ဖန်တီးထားကြတာလို့ ဆိုတယ်…”

ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လျိုယွမ်၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် သည်နယ်မြေနှင့်ပတ်သတ်သည့် အကြောင်းအရာတို့ကို သိရှိလာခဲ့သည်။

“ဒီ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို ရဖို့က အတော်လေး ခက်ခဲမှာပဲ။ လျှိုယွမ်ရဲ့ မှတ်ဉာဏ်ထဲက အတိုင်းဆိုရင် ဒီနေရာက နှစ်ပေါင်းထောင်သောင်းချီပြီး တည်ရှိခဲ့ပြီး နှစ်ငါးထောင်ကြာလို့ တစ်ကြိမ်ပွင့်ခဲ့တဲ့အခါမှာတောင် ဒီရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို ရရှိခဲ့တဲ့ ကျင့်ကြံသူက အလွန့်အလွန် နည်းပါးကြတယ်တဲ့။ ပြောကြတာက ဒီလောက် မရေမတွက်နိုင်တဲ့ နှစ်တွေမှာတောင် ဒီနတ်ဆိုးစိတ်ဝိညာဉ်ကို ရရှိခဲ့တဲ့ လူက လူဆယ်ယောက်ပဲ ရှိတယ်လို့ ဆိုကြတယ်…”

“ဒီစိတ်ဝိညာဉ်ကို ရဖို့ တစ်ခုတည်း နည်းလမ်းက ပြီးမြောက်ခြင်းတဲ့…”

“နိုင်ငံတစ်နိုင်စီမှာ ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်တစ်ခု ရှိတယ်။ ဒီစိတ်ဝိညာဉ်ကလည်း ဘယ်သူ့မှ ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ ဆိုင်ရာ နိုင်ငံများရဲ့ အမှတ်သင်္ကေတများလည်း ဖြစ်ကြတယ်။ ဒီလို စိတ်ဝိညာဉ်တွေက အနည်းဆုံးနှစ်ပေါင်း တစ်သိန်းကြာမှ တစ်ကြိမ် ဖွံဖြိုးလာတာ…

“နိုင်ငံတစ်ခုချင်းစီရဲ့ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ် အဆင့်ကလည်း ခြားနားပြန်တယ်။ ဥပမာအနေနဲ့ ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်က လွန်ခဲ့တဲ့ နှစ်တစ်သိန်းကမှ မွေးဖွားခဲ့တာ ဖြစ်တယ်၊ အဲ့အတွက် ၎င်းက အဆင့်နိမ့်ဆုံးထဲမှာ ပါတယ်…”

“ကိုးခုမီးတောင်သေနိုင်ငံက ရှေးဟောင်းစိတ်ဝိညာဉ်ကတော့ ၎င်း မွေးဖွားလာကတည်းက ခုထိ ဘယ်သူကမှ ပေါင်းစပ်ခြင်း မပြုရသေးဘူး။ ဒါ့ကြောင့် ၎င်းရဲ့ ခွန်အားက အံ့မခန်းအဆင့်ကို ရောက်နေပြီ…”

“ပြီးမြောက်ခြင်း(သတ်ဖြတ်ခြင်း) အများအပြား လုပ်နိုင်ခြင်းကသာ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ရှေ့မှာ ဆုတောင်းလို့ရတယ်။ မရေမတွက်နိုင်တဲ့လူအများအပြားကို သတ်ထားတဲ့ လူတွေက ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာနိုင်တယ်…”

“ဒီ ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်တွေက အရမ်းထူးဆန်းတယ်။ ဒီနယ်မြေမှာ မွေးတဲ့ လူတွေက ဘယ်လောက်များတဲ့ ပြီးမြောက်ခြင်းကို လုပ်နိုင်ပါစေ သူတို့က ဒီစိတ်ဝိညာဉ်ရှေ့မှာ ဆုတောင်းလို့ပဲ ရပြီး ပေါင်းစပ်လို့ မရဘူး။ ပြင်ပက ကျင့်ကြံသူတွေကသာ ဒီစိတ်ဝိညာဉ်တွေနဲ့ ပေါင်းစပ်နိုင်ခွင့် ရှိတယ်…”

“ဒီလို ဖြစ်ရတဲ့ အကြောင်းကတော့ ဘယ်သူမှ မသိကြဘူး…”

“ဒါ့ပြင် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ဒီစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်ဖို့ သော့ချက် တစ်ခု ဖြစ်တယ်။ လူတစ်ယောက်က လုံလောက်တဲ့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မရှိရင် သူတို့က စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ဖို့ အခွင့်ရှိတာတောင်မှာ အောင်မြင်မှာ မဟုတ်ဘူး…”

“ဒါ့ကြောင့်ပဲ ပြင်ပကျင့်ကြံသူတွေ ဒီနေရာကို နှစ်ငါးထောင်ကြာတိုင်း တစ်ခါ ရောက်လာတာနဲ့ သွေးလွှမ်းမှု တွေ ဖြစ်တာ။ ပြင်ပကျင့်ကြံသူတွေက အသတ်ဖြတ်မခံရဖို့ သတ်ဖြတ်ရန် လိုတယ်။ ဒါမှသာ သူတို့က အခြားလူတွေဆီကနေ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်မှာ…”

“အခြားလူတွေကို သတ်ဖြတ်နိုင်မှသာ လူတစ်ယောက်ရဲ့ ပြိုင်ဘက်တွေက လျော့ကျသွားမှာ ဖြစ်တယ်…”

ဝမ်လင်းက မူလစိတ်ဝိညာဉ်များ ရှိသည့်နေရာသို့ ပျံသန်းနေရင်း စဉ်းစားကာနေ၏။ သူက ကြယ်ပျံတစ်စင်းအလား လှုပ်ရှားနေကာ ကောင်းကင်ကို ဖြတ်သန်းသွားလာနေ၏။

“လျိုယွမ်က ခုလိုမျိုးတွေ ဒီနေရာရဲ့ အကြောင်းကို သိနေရတဲ့ အကြောင်းကတော့ သူ့ကလန်အဖွဲ့ဝင်က ဒီနေရာကို ရောက်လာဖူးလို့ ဖြစ်တယ်။ အဲ့လူက ရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ်ကို မရရှိနိုင်ခဲ့ပေမဲ့ ဆယ်ရာခိုင်နှုန်းသာ အသက်ရှင်နိုင်တဲ့ လူတွေထဲမှာ ပါဝင်ခဲ့တယ်…”

“သူက ကောင်းကင်တစ္ဆေကလန်ကို ပြန်ရောက်လာတာနဲ့ ချက်ခြင်းပဲ ဒီနတ်ဆိုးစိတ်ဝိညာဉ်နယ်မြေအကြောင်းကို မှတ်တမ်းတင်ခဲ့တာ။ ဒါ့ကြောင့် လျိုယွမ်က ခုလို အကြောင်းတွေကို သိနေရခြင်းပဲ။ ခု သူ့ဗဟုသုတ တွေကြောင့် ငါ့အတွက် ပိုလွယ်ကူသွားပြီ…”

“ခု ဒီနေရာမှာ အခြေမြစ်တစ်ခု ခိုင်မာဖို့ တက်နိုင်သမျှ နိုင်ငံတစ်ခုကို ဆက်သွယ်ရမယ်…”

“နိုင်ငံတစ်ခုနဲ့ ဆက်သွယ်မိရင် အဲ့နိုင်ငံမှာ အဆင့်မြင့်တဲ့ နေရာတစ်ခု ရဖို့လိုတယ်။ ဒါမှသာ သင်က နတ်ဆိုးတပ်သားများနဲ့ နတ်ဆိုးဗိုလ်ချုပ်တွေကို သူ့အမိန့်ကို နာခံစေနိုင်မှာ။ ဒါက ဒီနေရာမှာ အစပြုဖို့၊ အကျိုးအမြတ်ရဖို့ အကောင်းဆုံး နည်းလမ်းပဲ…”

“ခု ဒီနေရာနဲ့ အနီးဆုံးနိုင်ငံက ကောင်းကင်နတ်ဆိုး နိုင်ငံပဲ လျိုယွမ်က အဲ့နိုင်ငံကို စောစောရောက်ချင်နေပြီး ဘယ်တောင်ပံ ဗိုလ်ချုပ်ရာထူးရဲ့ တုန်ကင်ကို ရနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီနိုင်ငံကို ဝင်ရောက်ဖို့က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အဆင့်သုံး ရှိဖို့ လိုအပ်နေတယ်…”

“ဒီနေရာက အဆင့်တွေကို အသုံးပြုပြီး နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို တိုင်းတာတယ်။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အဆင့်သုံးက အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်လိုအပ်ချက်နဲ့ ညီမျှတယ်…”

ဝမ်လင်းက မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့လက်ကို ဝှေ့ရမ်းလိုက်၏။ထိုအခါ သူ့လက်ဝါးပေါ်၌ သလင်းကျောက်တစ်ခု ပေါ်လာသည်။ သည်သလင်းကျောက်က လျိုယွမ်ဒန်တျန်ထဲက နတ်ဆိုး သလင်းကျောက်ပင်။ဝမ်လင်းက သလင်းကျောက်ကို စစ်ဆေးကြည့်ပြီးနောက် ၎င်းအထဲ၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်သည် အဆင့်နှစ် ရှိကြောင်း သိရှိလိုက်သည်။

“ဒီလျိုယွမ်က ငါ့ကို သတ်ချင်တာ အံ့အောစရာ မရှိတော့ဘူး။ ငါ တောင်ကြားထဲမှာ စုပ်ယူတဲ့ နတ်ဆိုးသလင်းကျောက်က အဆင့်တစ် ရှိနေတာပဲ။ ခု သူ့မှာ ရှိတဲ့ အဆင့်နှစ်နဲ့ ပေါင်းရင် အဆင့်သုံးဖြစ်နေပြီလေ…”

“ဒါပေမဲ့ ခုတော့ ငါ့အတွက်ပဲ အကျိုး ရှိစေခဲ့ပြီ…”

ဝမ်လင်းက ဆက်လက်၍ ပျံသန်းနေ၏။ သူ့နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းကြည့်ရာ မူလစိတ်ဝိညာဉ်များက သူနှင့် သိပ်မဝေးတော့သည်ကို သိလိုက်သည်။

သူ့ခန္ဓာကိုယ်က အစိမ်းရောင်အခိုးငွေ့ထုသို့ ပြောင်း၍ ပိုမိုလျင်မြန်စွာ ပျံသန်းသွားသည်။ သို့ရာတွင် သူက ရုတ်တရပ် အကြံတစ်ခု ရလိုက်၏။ သူက အစိမ်းရောင်အခိုးငွေ့ထုထဲကနေ ပြန်ထွက်လိုက်သည်။ သူ့အသွင်က စဉ်းစားနေသည့်ဟန် ဖြစ်နေ၏။

“ခနနေပါဦး…လျိုယွမ်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ထားတဲ့ အချိန်မှာ စိတ်ဝိညာဉ်အစဦးဆိုတဲ့ အခြေအနေကို ဝင်ရောက်နိုင်တယ်တဲ့။ ဒီစကား…ဒီ စိတ်ဝိညာဉ်အစဦး…စိတ်ဝိညာဉ်အစဦး…စိတ်…”

ဝမ်လင်း ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက ရုတ်တရပ် ရပ်ကာ လေထဲ၌ တောင့်တောင့်ကြီး ဖြစ်သွား၏။ သူ့မျက်လုံးများကလည်း လွန်စွာ တောက်ပနေ၏။

“ရှီ နယ်ပယ်…။ ဒါက ရှီနယ်ပယ်များ ဖြစ်နေနိုင်မလား…” ဝမ်လင်းမျက်လုံးက ပိုမိုတောက်ပလာ၏။

“ဂျိ၊တောက်၊ရှီ…” ဝမ်လင်းနှလုံးက ခုန်ပေါက်နေသည်။

ဂျိနယ်ပယ်ကို ရရှိပြီးနောက် ဝမ်လင်းက ၎င်းနှင့်ပတ်သတ်သည့် အချက်အလက်များကို အရူးအမူး ရှာဖွေကြည့်ခဲ့ဖူးပေသည်။ ထိုအထဲကနေ အချက်အလက်အများဆုံးပါသည့် ရှေးဟောင်းမှတ်တမ်းကိုတော့ နတ်ဆိုးပင်လယ်အောက်ရှိ လှိုဏ်ဂူထဲ၌ တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုမှတ်တမ်းထဲ၌ ဂျိနယ်ပယ်နှင့် ပတ်သတ်သည့် အကြောင်းကို များစွာ ဖော်ပြထား၏။

သူက ဂျိနယ်ပယ်နှင့် ပတ်သတ်၍ အချက်အလက်များကို ရှာဖွေခဲ့ရင်း အခြားနယ်ပယ်နှစ်ခုနှင့် ပတ်သတ်၍လည်း အနည်းငယ် သိခဲ့ရ၏။

ထိုအခြားနယ်ပယ်နှစ်ခုကတော့ တောက်(တာအို)နယ်ပယ်၊နှင့် ရှီနယ်ပယ်တို့ ဖြစ်ကြသည်။

ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေပြီး သူက နက်ရှိုင်းစွာ တွေးနေ၏။

“စိတ်ဝိညာဉ်အစဦး…ဒီ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ပတ်သတ်တဲ့ နယ်ပယ်သုံးခုက တည်ရှိခဲ့တာ အရမ်းကြာမြင့်ခဲ့ပြီ။ ဂျိနယ်ပယ်က စိတ်ဝိညာဉ်စွမ်းအင်ကို နတ်ဘုရားအာရုံအဖြစ်‌ ပြောင်းလဲနိုင်တယ်ဆိုတော့ အခြားနယ်ပယ်နှစ်ခုကလည်း အဲ့လိုမျိုး လုပ်နိုင်သင့်တယ်။ စိတ်ဝိညာဉ်အစဦး ဆိုတာက ရှီနယ်ပယ်ကို နတ်ဘုရားအာရုံအဖြစ် ပြောင်းလဲစေတဲ့ သက်ရောက်မှုများ ဖြစ်နေမလား…”

“ဂျိနယ်ပယ်က သေခြင်းဆိုရင် ရှီနယ်ပယ်က ရှင်သန်ခြင်း။ ရှီနယ်ပယ်ကို နတ်ဘုရားအာရုံအဖြစ် ပြောင်းနိုင်ရင် ဒါက ငါ့နတ်ဘုရားအာရုံဟာ အဆုံးမဲ့ရှင်သန်ပြီး ဘယ်တော့မှ မသေဆုံးနိုင်တော့တာ ဒါမှမဟုတ် ဖန်တီးနိုင်တာကို ဆိုလိုတာမဟုတ်လား…”

“ငါက သေခြင်းရှင်ခြင်းနယ်ပယ်ကို ကျင့်ကြံတယ်။ ငါက ဂျိနယ်ပယ်နဲ့ ရှီနယ်ပယ်နှစ်ခုထဲက ဂျိနယ်ပယ်ကို သေခြင်း၊ ရှိနယ်ပယ်ကို ရှင်သန်ခြင်းအဖြစ် ပေါင်းစပ်ပစ်နိုင်ရင် ငါ့နယ်ပယ်ကလည်း ပြည့်စုံသွားပြီ…”

ဝမ်လင်းက ဤသို့ တွေးနေရင်း ခါးသက်စွာ ပြုံးမိကာ ခေါင်းခါရမ်းလိုက်သည်။ သည်အကြောင်းနဲ့ ပတ်သတ်ပြီး ခုလိုအများကြီး စိတ်ကူးယဉ်မနေတာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သည်အရာက အလွန်ပင် စိတ်ကူးယဉ်ဆန်ကာ လက်တွေ့မကျချေ။

သူက သက်ပြင်းချ၍ သူ့စိတ်ကိုယ်သူ ပြန်ပြင်ဆင်လိုက်၏။ သူတွေးထင်မိသွားသလို စိတ်ဝိညာဉ်အစဦးက သူ ထင်သလို ဖြစ်နေခြင်းမဖြစ်နေခြင်းက ခုချိန်၌ အရေးမပါချေ။ သူနှင့်လည်း လုံးဝ မသက်ဆိုင်သေးချေ။ ထိုအကြောင်းကို ဆက်တွေးနေခြင်းကလည်း အဓိပ္ပာယ်မရှိလှပေ။

ဝမ်လင်းက ဆက်လက်ရွေ့လျားသွား၏။ ခြေတစ်လှမ်းဖြင့် သူက ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ကီလိုမီတာ ငါးထောင်အကွာ၌ ပြန်ပေါ်လာခဲ့၏။

ဝမ်လင်း ပုံရိပ်က ကောင်းကင်ထက်၌ ပြန်ပေါ်လာသည့်အခါ သူက ကွင်းပြင်တစ်ခု အထက်၌ ပျံသန်းကာနေ၏။ သူက ပြန်ပေါ်လာသည့်အခါ တစ္ဆေလိုအရာများက သူ့ထံသို့ ပျံသန်းလာပြီး သူ့အားလှည့်ပတ်လာ၏။

သည်အရာများက မူလစိတ်ဝိညာဉ်များပင်။ ထိုအထဲက ချီလင်သားရဲမူလစိတ်ဝိညာဉ်က ဟိန်းသံ ပြုလိုက်၏။

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ မြေပြင်ပေါ်ရှိ အနက်ရောင်အက်ကွဲကြောင်းတစ်ခု ထံသို့ အာရုံစိုက်လိုက်၏။

သည်အက်ကွဲကြောင်းက ပေတစ်ထောင်ခန့် ကျယ်ပြောသည်။ သို့ရာတွင် အချိန်အတန်ကြာပြီးနောက် ဤက နီးကပ်လာကာ ခုချိန်၌ ပေတစ်ရာခန့်သာ ကျယ်တော့၏။

သည်ဧရိယာတစ်ခုလုံးက မြက်ရိုင်းများဖြင့် ဖုံးနေသဖြင့် ဂရုတစိုက်မကြည့်ပါက မြေပြင်ပေါ်ရှိ သည်အက်ကွဲကြောင်းကို တွေ့မြင်ရန် ခက်ခဲမည် ဖြစ်သည်။

ဝမ်လင်းက သူ့ပါးစပ်ကို ဟ၍ စုပ်ယူလိုက်ရာ သူ့ကို ဝန်းရံနေသည့် မူလစိတ်ဝိညာဉ်များက အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ သည့်နောက် ၎င်းတို့သည် သူ့မူလစိတ်ဝိညာဉ်ထဲရှိ စိတ်ဝိညာဉ်ဆယ်သန်းအလံထဲသို့ တိုးဝင်သွားတော့၏။

မူလစိတ်ဝိညာဉ်များကို ပြန်လည် သိမ်းဆည်းပြီးနောက် ဝမ်လင်းက အက်ကွဲကြောင်းဘေးနားသို့ ရောက်လာပြီး ၎င်းအက်ကြောင်းကို အေးစက်စွာ ကြည့်လိုက်၏။

“လျိုယွမ်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ကောင်းကင်တစ္ဆေတစ်ကောင်က ကောင်းကင်တစ္ဆေကလန်ရဲ့ ကိုယ်ပွားတစ်ခုပဲ။ ဒီအရာတွေက လေဟာနယ်ထဲကနေ မွေးဖွားပြီး ပုံမှန်အားဖြင့် အသွင်သဏ္ဌာန်မရှိကြဘူး။ ဒါပေမဲ့ ကောင်းကင်တစ္ဆေကလန်ရဲ့ အဖွဲ့ဝင်တွေကတော့ သေမျိုးကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ သွေးကို အသုံးပြုကာ ဒီ တစ္ဆေတွေကို ဆွဲဆောင်ပြီး ကျင့်ကြံသူတစ်ယောက်ရဲ့ စဦးစိတ်ဝိညာဉ်ကို ကြားခံအဖြစ် ထည့်ပေါင်းတယ်။ အဲ့နောက်မှာ သူတို့က လျှို့ဝှက်မန္တာန်တစ်ခုကို အသုံးပြုပြီး ဒီတစ္ဆေကို သူတို့အသက်ဓာတ်နဲ့ ချိတ်ဆက်ပြီး ကောင်းကင်တစ္ဆေဖြစ်စေကြတယ်…”

“လျိုယွမ်က ကောင်းကင်တစ္ဆေကလန်မှာ ဆိုရင် အဆင့်တန်းမြင့်မားတဲ့လူ။ သူက ဒီနေရာကို မလာခင် သူ့ဆရာက သူ့ရဲ့ အားအနည်းဆုံး ကိုးခုမြောက်အသက်ဓာတ်ကောင်းကင်တစ္ဆေကို လျိုယွမ်အား ကာကွယ်ဖို့ ပေးခဲ့တယ်။ လျိုယွမ်က ဒါကို သန့်စင်ဖို့ အချိန်အများကြီး မရခဲ့ဘူး။ ဒါ့ကြောင့်ပဲ အဲ့ကောင်းကင်တစ္ဆေက သူ့ကို သစ္စာဖောက်ပြီး အဝေးထွက်သွားခဲ့တာ…”

ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူက ညာလက်ကို ဝှေ့ယမ်းလိုက်၏။ မီးခိုးရောင်အမျှင်တန်းနှစ်ခုက ရုတ်တရပ် ပေါ်လာခဲ့ပြီး သူ့လက်ချောင်းများကြား၌ စတင်လှုပ်ရှားလာသည်။ သူ့လက်က ဖျပ်ခနဲ တောက်ပသွားပြီး သည်အမျှင်တန်းနှစ်ခုကလည်း မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လို့ သွား၏။

ကောင်းကင်တစ္ဆေက ထိုအက်ကွဲကြောင်းထဲ၌ ပုန်းနေခြင်း ဖြစ်သည်။ သူက သူ့ဆရာကို သစ္စာဖောက်ပြီးနောက် အကျိုးဆက်ကို ခံစားခဲ့ရသည်။ အကြောင်းကတော့ သူ့ဆရာ၏ သွေးအဆီအနှစ် ထောက်ပံ့ပေးမှု မရတော့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းက ခုချိန်၌ အလွန်အားနည်းနေသည်။

သို့သော် သည်လိုအားနည်းမှုက ယာယီသာ ဖြစ်သည်။ ၎င်းက ခုနှစ်ရက်ကြာ တောင့်ခံပြီးပါက ၎င်းဆရာထံကနေ သွေးအဆီအနှစ်ကို ထပ်မံလိုအပ်တော့မည် မဟုတ်ချေ။၎င်းက (၄၉) ရက်ကြာ တောင့်ခံပြီးပါက ၎င်း၏ လွတ်လပ်မှုကို လုံးဝ ပြန်ရပြီး အထည်ဒြပ်မရှိသည့် ပုံစံသို့ ပြန်ရသွားမည် ဖြစ်၏။ ထိုသို့ ဖြစ်လာခဲ့လျှင် ၎င်းက သည်ကမ္ဘာကြီး၏ မည်သည့်နေရာ မဆို စိတ်ကြိုက်သွားလာနိုင်ပြီ ဖြစ်သည်။

ခုချိန်မှာတော့ ၎င်းက အက်ကွဲကြောင်းထဲ၌ ပုန်းကာနေ၏။ ထို့နောက် ၎င်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ထံသို့ တိုးဝင်လာသည့် မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းနှစ်ခုထဲက တစ်ခုပေါ်သို့ ခုန်အုပ်လိုက်သည်။

သို့‌သော် ၎င်းက ထိုသို့ ခုန်အုပ်လိုက်သည့်အခိုက်တွင် မီးခိုးရောင်အခိုးငွေ့က အလင်းစက်များအဖြစ်သို့ ပြိုကျသွားသည်။ တစ္ဆေက မှင်တက်သွားကာ နောက်သို့ ပြန်ဆုတ်လို၏။ သို့သော် နောက်ကျသွားခဲ့ပေပြီ။

သည်မီးခိုးရောင်အလင်းစက်များက မြန်ဆန်စွာ စုဝေးသွားကာ တစ္ဆေထံသို့ တိုးဝင်သွားခဲ့ပြီး ဖြစ်သည်။

ချက်ခြင်းပင် ကောင်းကင်တစ္ဆေက မီးခိုးရောင်အခိုးငွေ့နှင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ တစ္ဆေက ဒေါသတကြီး အော်ဟစ်ကာ နောက်သို့ မြန်ဆန်စွာ ဆုတ်၏။ သည်အခိုက်မှာပင် အခြာမီးခိုးရောင်အမျှင်တန်းတစ်ခုက သူ့ရှေ့သို့ ရောက်လာကာ နောက်ထပ် မီးခိုးရောင်အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းအလင်းစက်များက ကောင်းကင်တစ္ဆေကို အလယ်တွင် ထား၍ စုဝေးသွားပြန်၏။

အချိန်တိုအတွင်းမှပင် ကောင်းကင်တစ္ဆေက မီးခိုးရောင်အလင်းစက်များဖြင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset