Switch Mode

အပိုင်း (၅၇၆):

စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တန်

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

မိုးခြိမ်းသံအလား တုန်ခါသံများ ထွက်ပေါ်သွား၏။ အလင်းလုံးငယ်က ဝတ်စုံနက်နှင့်လူ၏ ခန္ဓာကိုယ်အနားသို့ နီးကပ်သွားသည်နှင့် သူ့အင်္ကျီများက ချက်ခြင်း ပျက်စီးသွားသည်။ သူ့အရေပြားသည်လည်း ထို့အတူသာ။ ထို့နောက် သူ့အသွေးအသားများနှင့် အရိုးများပါ မကျန် ပျက်စီးသွားတော့၏။ ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်ကလွဲ၍ အရာအားလုံးက သည်ကမ္ဘာပေါ်ကနေ ပျောက်ကွယ်ကာ သွားတော့သည်။

သားရဲ စိတ်ဝိညာဉ်ကလည်း ထိုလူ၏ မူလစိတ်ဝိညာဉ်နှင့် လွဲချော်သွားသဖြင့် ဒေါသတကြီး ဟိန်းသံ ပြုလိုက်လေသည်။

ဝမ်လင်းက လက်ဆန့်တန်း၍ စစ်ရထားကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူက ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်နောက်သို့ လိုက်ပါသွားတော့သည်။ ထိုအခါ သားရဲ စိတ်ဝိညာဉ်က ပျော်ရွှင်သွားကာ ဝမ်လင်းကို ကျော်လွန်၍ ထိုမူလစိတ်ဝိညာဉ်နောက်သို့ လိုက်ပါသွားသည်။

လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့က ပထမဆုံးအကြိမ် အဖြစ် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်းပင်။ ဝမ်လင်းနှင့်အတူ စစ်ရထားကလည်း ရွေ့လျားနေသဖြင့် သားရဲစိတ်ဝိညာဉ်အတွက် လှုပ်ရှားနိုင်သည့် အဝန်းအဝိုင်းက များစွာ ကျယ်ပြန့်လာခဲ့သည်။

အနည်းငယ် နောက်ကလိုက်ပါပြီးနောက် သားရဲစိတ်ဝိညာဉ်က ဆက်လက် မစောင့်စားနိုင်တော့သည့်ပုံ ဖြစ်လာ၏။ ၎င်း၏ ဦးခေါင်းက ဝမ်လင်းထံသို့ ပြန်လှည့်လာကာ ဟိန်းသံပြု၍ သူ့ထံသို့ တိုးဝင်လာတော့သည်။

ဝမ်လင်း အသွင်က ပုံမှန်အတိုင်း ရှိသော်လည်း သူ့မျက်ခုံးနှစ်ခုကတော့ ရုတ်တရပ် ကျုံ့သွားမိသည်။

သားရဲစိတ်ဝိညာဉ်က အလွန်မြန်လှ၏။ ဝမ်လင်းမျက်နှာကလည်း အေးစက်လာသည်။ ထိုသားရဲက ရှေ့သို့ ထပ်မံလှမ်းလာမည်ဆိုပါက သူက ၎င်းကို အပြစ်ပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

နီးကပ်လာသည့်အခါ သားရဲစိတ်ဝိညာဉ်က ရုတ်တရပ်တန့်သွားကာ ဝမ်နည်းသည့်အရိပ်အယောင် ပေါ်လာခဲ့သည်။

ဝမ်လင်းက တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူ့မျက်လုံးထဲရှိ အေးစက်မှုကလည်း ပျောက်ကွယ်သွားသည်။ သူက သားရဲထံသို့ ခေါင်းညိတ်ပြလိုက်သည်။ သားရဲ စိတ်ဝိညာဉ်က ဝမ်လင်းထံသို့ ကြည့်လိုက်ပြီး ရုတ်တရပ် သူ့ထံသို့ ခုန်ဝင်လာခဲ့သည်။ သည်အရာက သူသည် ဝမ်လင်းကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ သို့သော် သူ့အပေါ်၌ ခေါ်ဆောင်ခြင်း ဖြစ်လေ၏။ သူက ဝမ်လင်းကို သယ်ကာ ကြောက်မက်ဖွယ်နှုန်းဖြင့် လှုပ်ရှားသွား၏။

ဝမ်လင်းက စိတ်ထဲရှိ ပျော်ရွှင်ကျေနပ်မှုကို ဖိနှိပ်ထားနေရသည်။အကြောင်းကတော့ ပထမဆုံးအကြိမ်အဖြစ် သည်သားရဲက သူ့ကို သယ်ဆောင်ရန် ဆန္ဒရှိနေခြင်း မဟုတ်လား။ သည်စစ်ရထားကို ဖန်တီးခဲ့သည့် ကောင်းကင်ဘုံသားက သည်စစ်ရထားရတနာသည် အခြားအရာများနှင့် ခြားနားကြောင်း ကျောက်စိမ်းပြား တစ်ခု၌ မှတ်တမ်းတင်ထားခဲ့သည်။ သားရဲကို ထိန်းချုပ်သည့် မန္တာန်စကားလုံးက အလွန်အားကောင်းသော်လည်း သားရဲစိတ်ဝိညာဉ်ကိုယ်တိုင် အသိအမှတ်မပြုလျှင် ၎င်း၏ စစ်မှန်သောစွမ်းအားကို အစိတ်အပိုင်းအချို့သာ အသုံးပြုနိုင်ပေမည်။

သားရဲက သူ့ကို အမှန်ပင် အသိအမှတ်ပြုပါက စစ်ရထား၏ အပြည့်အဝစွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။

“သားရဲက ငါ့ကို အသိအမှတ်ပြုသေးတာ မဟုတ်ဘူး။ ဒါက ဒီကောင် မူလစိတ်ဝိညာဉ်ကို ဝါးမြိုချင်နေလို့ပဲ။ ၎င်းက ငါဟာ နှေးနေတယ်လို့ ထင်နေတဲ့အတွက် ငါ့ကို သယ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒါကလည်း အစကထက်စာရင်တော့ အများကြီး ကောင်းလာတာ ဖြစ်တယ်…”

သားရဲစိတ်ဝိညာဉ်က လွန်စွာ မြန်၏။ ၎င်း၏ အမြန်နှုန်းက ဝမ်လင်း ငွေနဂါးကြယ်သံလိုက်အိမ်မြှောက်ကို ဟင်းလင်းပြင်ထဲ၌ အသုံးပြုသည့် အမြန်နှုန်းထက် နှေးကွေးနေခြင်း မရှိပေ။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်က မြန်ဆန်စွာ ပျံသန်းနေ၏။ သူ့ဒန်တျန်ထဲ၌ သေးငယ်သော သလင်းကျောက်တစ်ခု ရှိနေ၏။ ထိုသလင်းကျောက်ထံကနေ နတ်ဆိုးစွမ်းအင်အချို့ကို ထုတ်လွှတ်နေသည်။

သူက ထွက်ပြေးနေရင်း ဝမ်လင်းအပေါ် အမုန်းက အလွန်တရာ ပြင်းထန်နေ၏။ သူက ခန္ဓာကိုယ်အသစ်တစ်ခုကို တွေ့ကာ ဝါးမြိုပြီး စွမ်းအားအပြည့် ပြန်ရသည်နှင့် ဝမ်လင်းကို ရက်စက်စွာ သတ်ပစ်ရန် လိုက်ရှာမည်သာ ဖြစ်သည်။

သူက ထွက်ပြေးနေစဉ်မှာ သူ့အသွင်က ရုတ်တရပ် ပြောင်းလဲသွားသည်။ သူက ခေါင်းလှည်ကြည့်လိုက်ရာ စိတ်ဝိညာည်သားရဲက သူ့နောက်သို့ မြန်ဆန်စွာ လိုက်ပါလာနေသည်ကို တွေ့မြင်လိုက်ရသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်က ကြောက်လန့်သည့်အသွင် ဖြစ်လာကာ သူက ဦးတည်ရာ ပြောင်းလိုက်၏။

သူ့မူလစိတ်ဝိညာဉ်က ရုတ်တရပ် တုန်ယင်ကာသွားသည်။ သူ ခဏတာပင် ရပ်တန့်သွားရ၏။ သားရဲ စိတ်ဝိညာဉ်၏ မျက်လုံးထဲ၌ လောဘများနှင့် ပြည့်နေ၏။ ၎င်းက သူသာ သည်မူလစိတ်ဝိညာဉ်ကို ဝါးမြိုနိုင်လျှင် ခွန်အားတိုးတက်လာမည်ကို သိနေသည် မဟုတ်လား။ ၎င်းက လုံလောက်အောင်သန်မာလာပါက သည်ဘာမဟုတ်သည့်လူထံကနေ လွတ်မြောက်အောင်လုပ်နိုင်မည် ဖြစ်သည်။ သည့်နောက် သူက ကျယ်ပြောလှသည့် စကြဝဠာထဲ၌ စိတ်ကြိုက် သွားလာအသက်ရှင်နိုင်တော့မည် မဟုတ်လား။

သူ့စိတ်ထဲရှိ သည်အတွေးကြောင့် သားရဲ စိတ်ဝိညာဉ်က ပိုမို၍ ကြိုးစားလာခဲ့သည်။ ၎င်းက ပါးစပ်ဟလိုက်ရာ ၎င်းပါးစပ်ထဲကနေ ငါးညှီနံ့လှိုင်းတစ်ခုက ထွက်ပေါ်လာ၏။ သည်အရာက စိတ်ဝိညာဉ်ရှိုက်သွင်းခြင်း မည်၏။ ၎င်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ချက်ခြင်း တောင့်တင်းသွား၏။ ၎င်းကသာ စဦးစိတ်ဝိညာဉ် ဖြစ်နေလျှင် ၎င်း၏ ခုခံနိုင်မှုက ချက်ခြင်း ဆုံးရှုံးသွားမည်သာ။

သို့ရာတွင် အနက်ရောင်ဝတ်စုံနှင့်လူ၏ စိတ်ဝိညာဉ်က စဦးစိတ်ဝိညာဉ် မဟုတ်ဘဲ မူလစိတ်ဝိညာဉ်သာ ဖြစ်သည်။ သည့်အပြင် သည်မူလစိတ်ဝိညာဉ်က အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေသည့် မူလစိတ်ဝိညာဉ်ပင်။

ထို့ကြောင့် သည်ရှိုက်သွင်းမှုက သည်မူလစိတ်ဝိညာဉ်အပေါ် သက်ရောက်မှု ရှိသွားသော်လည်း လုံးဝ တောင့်တင်းသွားခြင်းတော့ မဟုတ်ချေ။ သူက မထင်မှတ်ထားသည့် ထောင့်မှ လှုပ်ရှားကာ သားရဲ၏ သွားများထံကနေ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သူက သူ့မူလစိတ်ဝိညာဉ်အဆီအနှစ်ကို အသုံးပြုလိုက်ရသဖြင့် သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးလုနီးပါး ဖြစ်သွားရ၏။

သို့သော် ထိုအခိုက်၌ ဝမ်လင်းက လှုပ်ရှားလာ၏။ သူက ကိုယ်တိုင် လှုပ်ရှားခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်ကျာပွတ်ဖြင့် ပိုင်းရိုက်လိုက်ခြင်းပင်။

သည်ကျာပွတ်က အရိပ်တစ်ခုကဲ့သို့ အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ထွေးပိုက်သွားသည်။ ဝမ်လင်းက ကျာပွတ်ကို ပြန်ဆွဲယူကာ သူ့ စိတ်ဝိညာဉ်အလံထဲသို့ ထည့်သွင်းကာ ချိပ်ပိတ်ပစ်လိုက်သည်။

သားရဲ စိတ်ဝိညာဉ်က ရုတ်တရပ် နာကြည်းသွားကာ ခေါင်းလှည့်၍ ဝမ်လင်းကို ဝါးမြိုရန် ဟန်ပြင်၏။ ၎င်း၏ အရသာရှိသောစားစရာကို ခိုးယူခံလိုက်ရခြင်းက ၎င်းကို အလွန်အမင်း ဒေါသထွက်သွားစေ၏။

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိ၏။ ထို့နောက် သူ့မျက်လုံးက အေးစက်လာကာ မန္တာန်တစ်ခွန်း ရွတ်ဆိုလိုက်သည်။

သည်တစ်ခွန်းဖြင့်ပင် သားရဲစိတ်ဝိညာဉ်၏ မျက်လုံးက ရုတ်တရပ် နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။ ၎င်းက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်လိုက်ပြီးနောက် ၎င်းခန္ဓာကိုယ်က စစ်ရထားထဲသို့ ပြန်ဝင်ရောက်သွားတော့သည်။

၎င်း၏ ခန္ဓာကိုယ်က စစ်ရထားထဲသို့ ပြန်ဝင်ရောက်သွားသည့်အခိုက်တွင်ပင် ၎င်းက ဝမ်လင်းကို အလျော့ပေးလိုခြင်း မရှိသေးချေ။ ၎င်းက သားရဲချုပ်နှောင်ခြင်းလက်ကောက်ထဲကနေ ရုန်းကန်နေ၏။ ထိုအခါ သားရဲချုပ်နှောင်ခြင်းလက်ကောက်ထံကနေ အားကောင်းသော စုပ်အားတစ်ခု ထွက်ပေါ်လာသည်။

ဝမ်လင်းက ခါးသက်စွာ ပြုံးမိသည်။ သားရဲ ချုပ်နှောင်ခြင်းလက်ကောက်နှင့် ပတ်သတ်၍ ခုလိုမျိုး စုပ်အားက သူ့ကို အလွန်ပင် ခေါင်းကိုက်စေသည် မဟုတ်လား။ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့လက်ထဲ၌လည်း ကောင်းကင်ဘုံကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားပြီး ထိုစုပ်အားကို တုန့်ပြန်လိုက်၏။

သည်တစ်ကြိမ်၌ ၎င်းလက်ကောက်ထံက ကောင်းကင်ဘုံစွမ်းအင် စုပ်ယူမှုသည် အရင်ထက် အဆများစွာ ပိုများနေသည်။ သည်အရာက ထိုသားရဲစိတ်ဝိညာဉ်မှာ မည်မျှ ဒေါသထွက်နေကြောင်းကို ပြသကာနေ၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူခံရခြင်းက သားရဲချုပ်နှောင်ခြင်းလက်ကောက်၏ ဘေးထွက်ဆိုးကျိုး ဖြစ်၏။ ၎င်းလက်ကောက်က သားရဲစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီးနောက် သားရဲက ထိုလက်ကောက်ကို အနည်းငယ် ထိန်းချုပ်မှု ရလာခဲ့သည်။ သို့ရာတွင် ၎င်း၏ လက်ကောက်အပေါ် ထိန်းချုပ်နိုင်မှုက အကန့်အသတ်နှင့်သာ။ ထို့ကြောင့် ၎င်းသားရဲက အများဆုံးမှ သာမန်ထက်ပို၍ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ရုံသာ ရှိလေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သားရဲချုပ်နှောင်ခြင်း လက်ကောက်ထံမှ စုပ်အားကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ၎င်းသားရဲက မတက်သာဘဲ လက်လျော့လိုက်ရခြင်း ဖြစ်၏။

သားရဲချုပ်နှောင်ခြင်းလက်ကောကို ပြန်သိမ်းဆည်းပြီးနောက် ဝမ်လင်းက ခါးသက်စွာ ပြုံးလာ၏။ သူကမျက်စိမှိတ်ကာ ကျင့်ကြံနေလိုက်ရ၏။ သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည် ကောင်းမွန်လာသည့်အထိ မျက်လုံး ပြန်မဖွင့်တော့ချေ။

“ဒီသားရဲ စိတ်ဝိညာဉ်…” ဝမ်လင်းက ခေါင်းခါမိ၏။ ခုချိန်၌ ကောင်းကင်က အလင်းရောင်ရလာပြီ ဖြစ်ကာ ညတုန်းက ရှိခဲ့သည့် နတ်ဆိုးစွမ်းအင်များကလည်း တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်လာ၏။

ဝမ်လင်းက မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူက သူ့သိုလှောင်အိတ်ထဲကနေ အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်ပါဝင်သည့် စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်၏။ သူက အလံကို လှုပ်ခါလိုက်ရာ မူလစိတ်ဝိညာဉ်က ပေါ်လာ၏။ သူ့လက်ကို လျှပ်စီးတန်းအလား လှုပ်ရှားလိုက်ရာ မူလစိတ်ဝိညာဉ်က သူ့လက်ဝါးပေါ်သို့ ဖမ်းဆုပ်ပြီးသား ဖြစ်သွားသည်။

တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က အမျှင်တန်းများအဖြစ် ဖြစ်ပေါ်ကာ မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ပြီး အတားအဆီးတစ်ခု ဖြစ်တည်သွားသည်။ သည်မူလစိတ်ဝိညာဉ်က သူ့ကိုယ်သူ ဖျက်စီးပစ်ချင်ရင်ပင် သည်အမျှင်တန်းများက တားဆီးထားတော့မည် ဖြစ်၏။

ဝမ်လင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ကျင့်ကြံမှုအဆင့်ကွာခြင်းချက်ကြောင့် လုံးဝ ချိပ်ပိတ်မထားနိုင်သော်လည်း သူ့ကိုယ်သူဖျက်စီးမည်ကိုတော့ စောလျင်စွာ သိရှိနိုင်မည် ဖြစ်၏။

မူလစိတ်ဝိညာဉ်က အပြင်သို ရောက်လာသည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ငါက ဒါကို လက်မခံနိုင်ဘူး။ မင်းရဲ့ ဒီစိတ်ဝိညာဉ်သားရဲ ရတနာကြောင့်သာ မဟုတ်ရင် မင်းက ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ မင်းက သေချာပေါက် သေရမှာ…”

မူလစိတ်ဝိညာဉ်က သူသည် အတားအဆီးတစ်ခုချမှတ်ခံထားရကြောင်းကို သတိပြုမိလိုက်၏။ သည့်အတွက် သူက သူ့ကိုယ်သူ ဖျက်စီးပစ်နိုင်တော့မည် မဟုတ်ချေ။

ဝမ်လင်းက ထိုမူလစိတ်ဝိညာဉ်နှင့် အချိန်ဖြုန်းခြင်း မရှိဘဲ တိုက်ရိုက်မေးလိုက်သည်။ “နတ်ဆိုးသလင်းကျောက် ဘယ်မှာလဲ…”

အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “အရှက်မရှိလိုက်တာ။ မင်းက ငါ့ကို မန္တာန်တွေနဲ့ အတင်း ဖမ်းထားပြီးမှ ရတနာကို အားကိုးပြီး အလစ်တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်ကံကြမ္မာကလန်က ဒီလိုမျိုး လုပ်တက်တာလား…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သူ့လက်ကို ညှစ်လိုက်၏။ မူလစိတ်ဝိညာဉ်က နာကျင်စွာ ဆက်တိုက်အော်ဟစ်ကာ အားနည်းလာ၏။ သို့သော် ၎င်း၏ အကြည့်က ကြမ်းကြုတ်နေတုန်းပင်။

မူလစိတ်ဝိညာဉ်က နှာခေါင်းရှုံ့ကာ ဝမ်လင်းကို ကြည့်၍ ပြောသည်။ “ငါ လျိုယွမ်…ကောင်းကင်တစ္ဆေကလန်ရဲ့တပည့် ဖြစ်တယ်။ ငါက ကောင်းကင်တစ္ဆေလမ်းကြောင်းကို ကျင့်ကြံပြီး ငါ့ကိုယ်ပိုင်တစ္ဆေစိတ်ဝိညာဉ်လည်း ရှိတယ်။ မင်းက ငါ့ကို သတ်ရင်တောင် ငါ့ဆရာက တာအိုတစ္ဆေက ငါ့အတွက် လက်စားပြန်ချေပေးလိမ့်မယ်။ သူက ရှေ့ဖြစ်ဟောသူ ကိုယ်တိုင် အလေးထားရတဲ့ တစ်ယောက်ပဲ။ ဝမ်လင်း မင်းက ဒါကို ဂရုမစိုက်ဘူးလား…”

ဝမ်လင်းက ထိုမူလစိတ်ဝိညာဉ်ကို အေးစက်စွာကြည့်၏။ သူ့ စိတ်ရှည်မှုက ကုန်ဆုံးလာခဲ့သည်။ ထို့ကြောင့် သူက ညာလက်ကိုမြှောက်ကာ ၎င်းကို ရိုက်ချလိုက်၏။ မူလစိတ်ဝိညာည်က သည်ရိုက်ချက်ကြောင့် ပို၍ပင် အားနည်းသွားခဲ့တော့၏။

“ငါ့ဆရာက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး…” မူလစိတ်ဝိညာဉ် လျိုယွမ်မျက်လုံးထဲရှိ ကြမ်းကြုတ်မှုက အကန့်အသတ်သို့ပင် ရောက်ရှိလာခဲ့တော့သည်။

ဝမ်လင်းမျက်လုံးကလည်း အေးစက်လာ၏။ သူက ဘယ်လက်ဖြင့် ထိုမူလစိတ်ဝိညာဉ်၏ နှဖူးကို ဖိချကာ တိုးညှင်းစွာ ပြောလိုက်၏။ “စိတ်ဝိညာဉ် ရှာဖွေခြင်း…”

စိတ်ဝိညာဉ်ရှာဖွေရန်က အတားအဆီးများစွာ ရှိ၏။သို့သော် ဝမ်လင်း ခုလက်ရှိအဆင့်ဖြင့် ထိုသို့ ပြုလုပ်ရန်က အရမ်းခက်ခဲခြင်း မရှိတော့ချေ။ သည့်အပြင် ခုချိန်၌ သည်မူလစိတ်ဝိညာဉ်က အားနည်းနေကာ မည်သည့်ခုခံမှုမှ မလုပ်နိုင်တော့ချေ။

လျိုယွမ်ပါးစပ်ထဲကနေ အထိတ်တလန့်အသံများ ထွက်လာ၏။ သည်စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်က ကြမ်းတမ်းရက်စက်ပြီး အန္တရာယ်ပေးနိုင်သည့် မန္တာန်ဖြစ်သည်။ သည်အန္တာန်က ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုပါက နာကျင်မှု သက်သာမည် ဖြစ်သော်လည်း ခုလို မူလစိတ်ဝိညာဉ်ပေါ်သို့ တိုက်ရိုက်အသုံးပြုခြင်းက အလွန်အမင်း နာကျင်စေပေလိမ့်မည်။

လျိုယွမ်၏ နာကျင်စွာ အော်ဟစ်သံများက တဖြည်းဖြည်း အားပျော့လာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်ပြီးနောက် သူ့အသံက ပျောက်ကွယ်သွားကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း ဝိုးတဝါး ဖြစ်သွား၏။

ဝမ်လင်းက ဘယ်လက်ကို မြှောက်ကာ လျိုယွမ်၏ ဒန်တျန်ထဲသို့ တိုက်ရိုက် ဆန့်တန်းလိုက်သည်။ သူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရာ လက်ထဲ၌ သလင်းကျောက်တစ်ခု ပါလာခဲ့၏။

ဝမ်လင်းက လျိုယွမ်၏ မူလစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်အလံထဲ၌ ပြန်ချိပ်ပိတ်လိုက်ကာ စဉ်းစားလို့နေ၏။ သည်မူလစိတ်ဝိညာဉ်က သူ့အတွက် များစွာ အသုံးဝင်သည်။ သူက လျိုယွမ်၏ မူလစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်အလံ၏ မူလစိတ်ဝိညာဉ်များထဲက တစ်ခုအဖြစ် သန့်စင်မွန်းမံရန် စီစဉ်ထားသည်။

မူလစိတ်ဝိညာဉ်ကို အလံထဲသို့ ပြန်သိမ်းဆည်းပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်က အကွာအဝေးတစ်ခုသို့ အလင်းတန်းအလား ရွှေ့လျားသွားတော့သည်။ သူ့ဦးတည်ရာက မူလစိတ်ဝိညာဉ်များ ကောင်းကင်တစ္ဆေနောက်သို့ လိုက်ပါသွားသည့်နေရာ ဖြစ်လေ၏။

“ဒီ နတ်ဆိုးစိတ်ဝိညာဉ်နယ်မြေက လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။ ချူယောင်ဟွာက ပြင်ပကျင့်ကြံသူတွေ ဒီကို ရောက်လာတိုင်း သွေးလွှမ်းမှုတွေ ဖြစ်တယ်လို့ ပြောတာ အံ့အားသင့်စရာတော့ မရှိတော့ဘူးပဲ…”

“ကောင်းကင်တစ္ဆေကလန်…ဒီလျိုယွမ်က ချဲ့ကားပြောနေပေမဲ့ သူ့စကားတွေက မှန်နေတုန်းပဲ။ ဒါပေမဲ့ အဲ့ကိစ္စက နောက်နှစ်ငါးရာ ကြာမှ ဖြစ်မှာပါ။ ဒါ့ကြောင့် ငါ ခုစိတ်ပူစရာမလိုသေးဘူး။ ဒီကောင်းကင်တစ္ဆေကလန်ရဲ့ နည်းလမ်းတွေက စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ လျိုယွမ်ရဲ့ မှတ်ဉာဏ်ထဲမှာ ငါ စမ်းသပ်ကြည့်နိုင်တဲ့ မကောင်းဆိုးဝါး အတားအဆီးမန္တာန်တွေ အများကြီးရှိနေတယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset