Switch Mode

အပိုင်း (၅၇၅):

သုတ်သင်ခြင်း

တစ္ဆေပုံရိပ်က တဟုန်ထိုး တိုးဝင်လာရာ ဝမ်လင်းမျက်နှာက ရှုံ့မဲ့သွား၏။ သူက သူ့ပါးစပ်ကို ဟကာ အနက်ရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်သည်။ ထိုအလင်းတန်းက သူ့လက်ထဲ၌ ပေသုံးဆယ်ခန့်ရှည်သည့် စိတ်ဝိညာဉ်ဆယ်သန်းအလံအဖြစ် ထွက်ပေါ်လာသည်။ တစ်ချက်လှုပ်ခါလိုက်သည်နှင့် အလံကထဲက မူလစိတ်ဝိညာဉ်အနည်းငယ်က ပျံသန်းထွက်လာသည်။

တစ္ဆေပုံရိပ်က မှင်တက်သွားကာ ၎င်း၏ တစ္ဆေမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်းထံသို့ တိုးဝင်ခြင်း မပြုတော့ဘဲ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းမူလစိတ်ဝိညာဉ်များထံသို့သာ တိုးဝင်သွားတော့သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရှေ့သို့ ရွေ့လျားလိုက်သည်။ သူက တစ္ဆေပုံရိပ်ကို ကျော်လွန်သွားသည့်အခါ သားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ပစ်လွှတ်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့လက်ညှိုးဖြင့် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ ဖိချလိုက်လေ၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက နက်မှောင်သွားသည်။ထို့နောက် သူက ဘယ်လက်ကို တစ္ဆေပုံရိပ်ထံသို့ ဆန့်တန်းကာ အော်ပြောလိုက်သည်။ “ပြန်လာခဲ့…”

တစ္ဆေပုံရိပ်က ဟိန်းသံပြုလိုက်ကာ မနာခံသည့်ပုံပင်။ ထိုလူက ကြိတ်၍ ကျိန်ဆဲလိုက်သည်။ သူ့ထံ၌ ထိုတစ္ဆေပုံရိပ်ကို ထိန်းချုပ်နိုင်သည့် အခြေအနေ ရှိမနေခဲ့ချေ။ ဝမ်လင်းက အလင်းတန်းအလား နီးကပ်လာခဲ့၏။

ဝမ်လင်း လက်ညှိုးက လေထဲသို့ ညွှန်လိုက်သည့်အခိုက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က လက်ညှိုးထိပ်၌ စုဝေးကာသွားသည်။

Demonic Finger!

နတ်ဆိုးလက်ချောင်း…။

သေဆုံးခြင်းမန္တာန်သုံးခု၏ ဒုတိယမြောက် မန္တာန်…။

လက်ညှိုးတစ်ချောင်း၏ စွမ်းအားက ကောင်းကင်အရောင်ကိုပင် ပြောင်းလဲသွားစေသည်။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ရူးသွယ်ဖွယ် ပျံ့နှံ့ကာသွား၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ ထိန်းချုပ်မှု မရှိဘဲနှင့် တစ္ဆေပုံရိပ်က ဝမ်လင်းထုတ်လွှတ်ထားသည့် မူလစိတ်ဝိညာဉ်များထံသို့ လျင်မြန်စွာ တိုးဝင်သွားသည်။ ၎င်း၏ မျက်လုံးထဲ၌ သည်စိတ်ဝိညာဉ်များက သူ့အတွက် အလွန်အာဟာရ ဖြစ်နေသည့်ပုံပင်။ ၎င်းတစ္ဆေပုံရိပ်က သည်စိတ်ဝိညာဉ်များကို ဝါးမြိုနိုင်ပါက ၎င်း၏ တစ္ဆေစွမ်းအင်ကို များစွာ တိုးတက်နိုင်မည် ဖြစ်သည်။

“နတ်ဆိုး လက်ချောင်း…” အနက်ရောင်ဝတ်စုံနှင့်လူက ချက်ခြင်းပင် ဝမ်လင်း၏ သည်တိုက်ခိုက်မှုကို သိလိုက်၏။ သည်လှုပ်ရှားတိုက်ခိုက်မှုက ခရမ်းရောင်အုပ်စုခွဲ၏ လေးယောက်မြောက်တပည့်အပေါ်၌ အသုံးပြုခဲ့ဖူးရာ လူတိုင်းက စွမ်းအားကောင်းလှသည်ဟု ထင်မြင်ခဲ့ကြသည် မဟုတ်လား။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့ညာလက်ကို သူ့ရင်ဘက်ပေါ်ကနေ ဖယ်ရှားခြင်းလည်း မပြုနိုင်ချေ။ မဟုတ်လျှင် သူက တစ္ဆေပုံရိပ်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားမည် ဖြစ်၏။ ခုချိန်၌ အန္တရာယ်က နီးကပ်လာပြီ ဖြစ်ရာ သူက နောက်သို့ အမြန်ဆုတ်၍ နောက်ထပ် အနက်ရောင်တိမ်ထုတစ်ခုကို ထွေးထုတ်လိုက်ပြန်သည်။

သည် အဆိပ်များပါဝင်သည့် အနက်ရောင်တိမ်ထုက ပျံ့ကျဲကာ ဝမ်လင်းကို ရပ်တန့်ရန် ရည်ရွယ်လာ၏။

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ မီးခိုးရောင်သင်္ကေတနှစ်ခုက သူ့နှဖူးထက်၌ တဖျပ်ဖျပ် လင်းလက်သွားကာ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။ သည်အသက်ဓာတ်အားချိပ်တံဆိပ်များက နောက်တစ်ဖန် ထွက်ပေါ်လာပြန်ပြီ။

သည်ချိပ်ပိတ်မှုများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်အခိုက်မှာပင် ဝမ်လင်းက အဆိပ်တိမ်ထုကို ဖြတ်ကျော်ကာသွားတော့သည်။ သည်အဆိပ်တိမ်ထုက ဝမ်လင်းခန္ဓာကိုယ်နှင့် ထိမိသည်နှင့် လွင့်ပြယ်ကာသွား၏။

အနက်ရောင်ဝတ်စုံနှင့်လူက နောက်သို့ ဆက်လက်ဆုတ်နေရင်းဖြင့် မရေမတွက်နိုင်သော အနက်ရောင်အဆိပ်တိမ်ထုများကို ဝမ်လင်းအား တားဆီးရန်အတွက် ထွေးထုတ်နေသည်။ သူ့အစီအစဉ်က စောနက သူထုတ်လွှတ်လိုက်သည့် တစ္ဆေပုံရိပ်နားသို့ တည်နေရာ ရွှေ့ပြောင်းရန်ပင် ဖြစ်သည်။

သို့ရာတွင် သည်အဆိပ်က ဝမ်လင်းကို အနည်းငယ်ပင် သက်ရောက်မှု ရှိမနေတော့သည် မဟုတ်လား။ သူက တည်နေရာ ရွှေ့ပြောင်းရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းပုံရိပ်က အဆိပ်တိမ်ထုထဲကနေ ထွက်ပေါ်လာခဲ့တော့သည်။ ဝမ်လင်းက အားကောင်းလှသော နတ်ဆိုးစွမ်းအင်များပြည့်နေသည့် လက်ချောင်းနှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်၏။

နတ်ဆိုးလက်ချောင်း…။

အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်က ပြောင်းလဲသွားသည်။ သူက ရှောင်ရန် အချိန်မရတော့သဖြင့် သူ့ဘယ်ဘက်လက်ကို မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။ ထို့နောက် သည်ချိပ်တံဆိပ်ကို ဝမ်လင်း လက်ချောင်းထိပ်သို့ တွန်းပို့လိုက်သည်။

ထိုအခါ သူတို့နှစ်ယောက်၏ လက်ချောင်းများက ထိတိုက်မိသွားကြသည်။ သို့ရာတွင် တိုက်ရိုက် ထိမိနေခြင်းတော့ မဟုတ်ဘဲ သူတို့လက်ချောင်းများကြား၌ သုံးလက်မခန့် ကွာဟမှု ရှိနေ၏။

ဝမ်လင်း လက်ချောင်းထိပ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ဝတ်စုံနက်နှင့်လူ၏ လက်ချောင်းထိပ်မှ အနက်ရောင်စွမ်းအင်နှင့် ထိတိုက်ကာ သွားတော့သည်။ သည်အခိုက်၌ သူတို့နှစ်ယောက်၏ လက်ချောင်းနှစ်ခုကြား၏ အနက်ရောင်အလုံးတစ်လုံး ဖြစ်ပေါ်လာခဲ့သည်။

သည် အနက်ရောင်အလုံးငယ်က ဝမ်လင်း၏ နတ်ဆိုးစွမ်းအင်များနှင့် ဝတ်စုံနက်နှင့်လူ၏ အနက်ရောင်စွမ်းအင်တို့ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို အလုံးထဲ၌ ကျယ်လောင်စွာ တုန်ခါသံများ ရှိနေကာ အနက်ရောင်အလင်းများကလည်း လှုပ်ရှားနေ၏။

ဝမ်လင်းက လေထဲ၌ မြောလွင့်နေဆဲဖြစ်ကာ အလိုက်သင့် သက်တောင့်သက်သာ ခံစားချက်ကို ပေးစွမ်းနေသည်။

အနက်ရောင်ဝတ်စုံနှင့်လူကတော့ ဆန့်ကျင့်ဘက်ပင်။ သူ့မျက်နှာက သုန်မှုန်နေကာ သူ့မျက်လုံးများက တဖျပ်ဖျပ်တောက်ပနေ၏။ သူက မြေပြင်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိနေသည်။

သူတို့နှစ်ယောက်ကြားရှိ အနက်ရောင်အလုံးထဲရှိ တုန်ခါသံက ပိုမို ကျယ်လောင်လာခဲ့သည်။ ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကလည်း နတ်ဆိုးစွမ်းအင်များ အဖြစ်သို့ ရူးသွပ်စွာ ပြောင်းလဲ၍ ထို အနက်ရောင်အလုံးထဲသို့ ထည့်သွင်းကာ နေသည်။

အနက်ရောင်ဝတ်စုံနှင့်လူကတော့ ကြိတ်၍ ကျိန်ဆဲမိ၏။ သူ့တွင် ထိုသို့ ထည့်သွင်းရန် နတ်ဆိုးစွမ်းအင်များ ရှိမနေခဲ့ချေ။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက ကြမ်းကြုတ်နေသည်။ သူက ပါးစပ်မဟဘဲ နတ်ဘုရားအာရုံဖြင့်သာ ပို့လွှတ်လိုက်၏။ “မင်းလိုမျိုး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တစ်ယောက်က ငါ့ထက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပိုများနေမယ်လို့ ငါ မယုံဘူး။ မင်းက ငါနဲ့ တိုက်ခိုက်ချင်တော့လဲ ဘယ်သူ သေမလဲ၊ရှင်မလဲ ကြည့်ရတာပေါ့…”

ဝမ်လင်းမျက်လုံးက တောက်ပနေကာ သူက ပြန်ပြောလိုက်သည်။ “သင်က သင့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို တစ္ဆေပုံရိပ်က စုပ်ယူနေတယ်။ သင်က ငါ့ပြိုင်ဘက် ဘယ်လို ဖြစ်လာနိုင်မှာလဲ…”

အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာ နှာခေါင်းရှုံကာ ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ ထို့နောက် သူက အံကြိတ်ကာ သူ့ရင်ဘက်ကို ဖိထားသည့် ညာလက်ကို ရုတ်တရပ် မလိုက်သည်။ သူက ထိုသို့ ပြုလုပ်လိုက်သည့်အခိုက်တွင် မူလစိတ်ဝိညာဉ်များကို ဝါးမြိုရန် ကြိုးစားနေသည့် တစ္ဆေပုံရိပ်က ရုတ်တရပ် ဟိန်းသံပြုကာ အနက်ရောင်ဝတ်စုံနှင့်လူကို စူးစိုက်ကြည့်လာသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်က ခဏတာ တုံ့သွားသေး၏။ သို့သော် သူက ချက်ခြင်း ပြန်မလိုက်၏။

သူက လက်မြှောက်လိုက်သည့်အခိုက်မှာပင် တစ္ဆေပုံရိပ်က ဒေါသတကြီး ဟိန်းသံပြု၏။ ၎င်း၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ သို့သော် ၎င်းက လုံးဝ ပျောက်ကွယ်ခါနီး၌ ၎င်း၏ တစ္ဆေမျက်လုံးက ဖျပ်ခနဲ လင်းလက်သွားသည်။ ၎င်းက ဝတ်စုံနက်လူနှင့် ဝမ်လင်းတို့ အခြေအနေကို စူးစိုက်ကြည့်နေ၏။ ထို့နောက် ၎င်းက တစ်ုခခုကို ဆုံးဖြတ်ချက် ချလိုက်သည့်ပုံပင်။ ထို့နောက် ၎င်းခန္ဓာကိုယ်ကနေ အနက်ရောင်အလင်းလှိုင်းများ ထွက်လာတော့သည်။

ဝတ်စုံနက်နှင့်လူ၏ အသွင်က ပြောင်းလဲသွားသည်။ သည်အခိုက်၌ အနက်ရောင်အလင်းက လွန်စွာ တောက်ပသွား၏။ သည်တေက်ပမှုအောက်၌ တစ္ဆေပုံရိပ်က ပျောက်ကွယ်နေရာကနေ ရပ်တန့်ကာ သွားသည်။ ထို့နောက် တစ္ဆေပုံရိပ်က ချက်ခြင်းလှည့်ကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ရှိရာသို့ ထိုးထွက်သွားကာ ပျောက်ကွယ်သွားတော့၏။

မူလစိတ်ဝိညာဉ်များကတော့ ထိုတစ္ဆေပုံရိပ်နောက်သို့ လိုက်ပါသွားကြ၏။

သည်မြင်ကွင်းက မြန်ဆန်စွာ ဖြစ်ပျက်ခဲ့ခြင်းပင်။ ထို့အတွက် အနက်ရောင်ဝတ်စုံနှင့်လူက မှင်တက်သွားပြီးနောက် သူက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက ဝမ်လင်းကို နီရဲသောမျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ အော်ဟောက်လိုက်သည်။ “ဒါ မင်းကြောင့်ပဲ။ မင်းကြောင့်သာ မဟုတ်ရင် ဒီ ကောင်းကင်တစ္ဆေက ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ…”

ဝမ်လင်း မျက်လုံးကလည်း အေးစက်လာခဲ့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နှက်နေကာ သူက ပြောလိုက်သည်။ “ခွေးကောင်…မင်းသေရမယ်…”

ခုချိန်၌ တစ္ဆေပုံရိပ်က သူ့ထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ထပ်မံ ဆုတ်ယူနေခြင်း မရှိတော့ချေ။ ထို့အတွက် သူက သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို သူ့ကလန်၏ နည်းလမ်းကို အသုံးပြုကာ အလုံးငယ် ထဲသို့ ပေါင်းစပ်လိုက်၏။

“ဝမ်လင်း…မင်း သေခြင်းကို လက်ခံစမ်း…” ထိုသို့ပြောပြီးနောက် သူက သူ့ တစ္ဆေဆန့်သည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ၏ ကိုးဆယ်ရာခိုင်နှုန်းကို အလုံးငယ်ထဲသို့ ပေါင်းစပ်လိုက်လေသည်။ သည်အခိုက်၌ ထိုအလုံးငယ်ထဲကနေ ကျယ်လောင်သောအသံများက ကောင်းကင်အနှံ့ထွက်ပေါ်လာ၏။ သူနှင့်ဝမ်လင်းတို့၏ လက်ချောင်းနှစ်ခုကြားရှိ အလုံးငယ်က သာမန် မဟုတ်ဘဲ နတ်ဘုရားပြစ်ဒဏ်အလင်းလုံးပင်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ တစ္ဆေဆန်သည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ထိုအလုံးငယ်ထဲသို့ ဝင်သွားသည့် အခိုက်တွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်များက မလုံလောက်မှန်း ထင်ရှားလာသည်။ထို့ကြောင့် ထိုအလုံးငယ်က ဝမ်လင်းဆီသို့ တဖြည်းဖြည်းချင်း ဖိနှိပ်တိုးဝင်လာတော့၏။

အနက်ရောင်ဝတ်စုံနှင့်လူက ထိုအလုံးငယ် ဝမ်လင်းကို ထိမှန်တော့မည်ကို ကြမ်းကြုတ်စွာ ကြည့်နေ၏။ ထိုသို့သာ ထိမှန်က ဝမ်လင်း ခန္ဓာကိုယ်က ပျက်စီးသွားမည် ဖြစ်ကာ သူ့မူလစိတ်ဝိညာဉ်ပင် လုံးဝ ပြန့်ကျဲပျက်စီး၍ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ပင် ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။

သို့သော် ထိုအခိုက်၌ အနက်ရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို ကြည့်ကာ မှင်တက်သွား၏။ သူက ဝမ်လင်းကို ကြည့်သည့်အခါ မည်သည့်ကြောက်လန့်မှုမှ ရှိမနေသည်ကို တွေ့လိုက်ရ၏။ထိုအစား သူ့အသွင်က ထူးဆန်းနေကာ လှောင်ပြုံးပြုံးနေသည်။

သည်အသွင်ဟန်ပန်က လူတိုင်းနှလုံးကို တုန်ယင်စေနိုင်သည်။

ဝမ်လင်းက သည်အလုံးငယ်ကို ကြည့်ပင် မကြည့်ချေ။ သူက ပြောလိုက်၏။ “နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား…ဖြေလျော့ခြင်း…”

ထိုသို့ပြောလိုက်သည့်အခိုက်တွင် စောစောပိုင်းက ဝမ်လင်း ပစ်ထားသည့် သားရဲချုပ်နှောင်ခြင်းလက်ကောက် ရှိရာ နေရာမှ မာန်ပြင်းလှသည့် အသံတစ်ခု ထွက်ပေါ်လာတော့၏။ ထိုအသံက ကောင်းကင်ထက်တိုင် ထွင်းဖောက်သွားသလား မှတ်ရ၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်က ရုတ်တရပ် ကြီးစွာ ပြောင်းလဲသွားသည်။

သည်အသံနောက်၌ ကြီးမားလှသည့် စိတ်ဝိညာဉ်သားရဲကြီးတစ်ကောင် လိုက်ပါလာသည် မဟုတ်လား။ ၎င်းက ပေါ်ထွက်လာသည်နှင့် နောက်ထပ် ဟိန်းဟောက်ပြန်၏။

ဝမ်လင်းက အော်ပြောလိုက်သည်။ “သူ့ကိုသတ်…”

သားရဲ စိတ်ဝိညာဉ်က ဟိန်းလိုက်ပြန်သည်။ ၎င်း၏ မျက်လုံးက အလွန်တရာ အေးစက်နေကာ ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။

ဝမ်လင်းက ထိုသားရဲ ဤသို့မနာခံခြင်းအတွက် ကြိုပြင်ဆင်ထားခဲ့ပေ၏။ သူက နှာခေါင်းရှုံ့ကာ စကားတစ်ခွန်းကို ရွတ်ဆိုလိုက်သည်။

သည်စကားတစ်ခွန်းက အလွန်အမင်း ရှုပ်ထွေးကာ အခြားလူများက မည်သည့်အရာကို ဆိုလိုမှန်း နားလည်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် သည်စကားက စစ်ရထားကို ဖန်တီးထားသည့် ကောင်းကင်ဘုံသားထံကနေ သင်ကြားထားခြင်း ဖြစ်၏။ ယင်းစကားလုံးက ကိုးခုမြောက်မန္တန်စကားလုံးပင်။

သည်ကိုးခုမြောက်မန္တာန်စကားလုံးက သည်သားရဲကို ထိန်းချုပ်ရာ၌ အထူးအသုံးပြုသည်။သည်သားရဲကို ချိပ်တံဆိပ်ဖယ်ရှားပြီးသည်နှင့် သည်စကားလုံးကို အသုံးပြုနိုင်ပေသည်။

စကားတစ်ခွန်းဖြင့်ပင် သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ၎င်း၏အကြည့်ကလည်း ဝတ်စုံနက်နှင့်လူထံသို့ ကျရောက်သွား၏။

စိတ်ဝိညာဉ်သားရဲက ဟိန်းသံပြုကာ အနက်ရောင်ဝတ်စုံနက်နှင့်လူထံသို့ အလင်းတန်းအလား ရွေ့လျားသွားလေ၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက အလွန်အမင်း ပြောင်းလဲသွား၏။ သူက သူ့ တစ္ဆေကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သုံးစွဲထားနှင့်ပြီး ဖြစ်ကာ သူ့အတွက် ရှောင်ရှားရန် မဖြစ်နိုင်တော့ပေ။ သူက ကြိုးစား ရှောင်မည်ဆိုရင်ပင် အဖျက်အစီးအော်ရာများ ပြည့်နေသည့်အလုံးငယ်၏ တန်ပြန်ဒဏ်ကို ခံရမည် ဖြစ်သည်။

သို့သော် ခုချိန်၌ သားရဲစိတ်ဝိညာဉ်က သူ့ထံ တိုးဝင်လာနေ၏။ သူက မရှောင်နိုင်လျှင် သေရပေမည်။ သူက သူ့ခေါင်းကို နောက်သို့ ဆက်ခနဲ လှည့်ကာ ဝမ်လင်းကို ကြည့်သည်။ ထို့နောက် သူ့ဘယ်ဘက်လက်ကို မြှောက်ကာ သူ့နှဖူးအား ကိုယ်တိုင် ရိုက်ချ၏။

သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း တုန်ယင်သွားပြီးနောက် သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာသွားပြီး အကွာအဝေးတစ်ခုသို့ ရူးသွယ်ဖွယ် ပျံသန်းသွားတော့သည်။

သူ့မူလစိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီးနောက် ခန္ဓာကိုယ်က အသက်ဓာတ်မရှိတော့သည့် ရုပ်သေးတစ်ရုပ်လို ဖြစ်သွား၏။ ဝမ်လင်းထံသို့ တိုးဝင်လာနေသည့် အလုံးငယ်ကလည်း ရပ်တန့်ကာ သွားကာ ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်ထံသို့ ပြန်တိုးဝင်လို့သွားတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset