အနက်ရောင်ဝတ်စုံနှင့်လူက ကြိတ်၍ ကျိန်ဆဲနေ၏။ သူက နောက်သို့ လျင်မြန်စွာ ဆုတ်နေသည်။ သူက သူ့ရှေ့ရှိ ဝမ်လင်းကို အနိုင်ပိုင်းနိုင်မည်ဟု ယုံကြည်ချက် မရှိချေ။ ထို့အတွက် သူက အချိန်ဖြုန်းမည့်အစား တက်နိုင်သမျှ အမြန် ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ဓားအပိုင်းအစများနှင့် မီးတောက်ငယ်များ ရောက်ရှိလာသည့်အခိုက်တွင် ဝမ်လင်းက ၎င်းတို့ကို တားဆီးရန်အတွက် အသက်ဓာတ်အားချိပ်တံဆိပ် အလွှာနှစ်ခုကို အသုံးပြုခဲ့၏။
တကယ်တော့ အနက်ရောင်ဝတ်စုံနှင့်လူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံး အထွတ်အထိတ်အဆင့် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ထိုလူ၏ ကောင်းကင်ဘုံစွမ်းအင်ပမာဏက ဝမ်လင်းယှဉ်နိုင်သည့်အရာ မဟုတ်ချေ။ ထို့အတွက် ဝမ်လင်းက သူ့တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်နိုင်သော်လည်း အသက်ဓာတ်အားချိပ်တံဆိပ်များထဲက တစ်ခုကတော့ ထာဝရ ပျောက်ကွယ်သွားခဲ့ရပေ၏။
အသက်ဓာတ်အားချိပ်တံဆိပ်များက ဝမ်လင်းအနာဂတ်အတွင် အသက်အာမခံ ဖြစ်နေ၏။ သူက များစွာ အားထုတ်ပြီးမှ ချိပ်တံဆိပ်သုံးခုကိုသာ ရရှိခဲ့ခြင်းပင်။ ခုချိန်၌ တစ်ခုက အနက်ရောင်ဝတ်စုံနှင့်လူ၏ ဖျက်စီးခြင်းကို ခံလိုက်ရပေပြီ။ ဝမ်လင်းနှလုံးသားက ထိုဆုံးရှုံးမှုအတွက် နာကျင်ရသော်လည်း ခုချိန်၌ သူက သတ်ဖြတ်လိုမှု စိတ်ဆန္ဒများနှင့် ပြည့်ကာ နေ၏။
သူ့ရန်သူက ဆက်လက်မတိုက်ခိုက်ဘဲ နောက်သို့ ဆုတ်သွားသည်ကို မြင်သည်နှင့် ဝမ်လင်း မျက်လုံးက အေးစက်လာကာ ထိုလူနောက်သို့ အမြန် လိုက်သွား၏။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စိတ်ဝိညာဉ်အလံက သူ့လက်ထဲ၌ ချက်ခြင်း ထွက်ပေါ်လာခဲ့သည်။
သူက နောက်ကလိုက်နေရင်း ကျာပွတ်ကို ဝှေ့ရမ်းလိုက်၏။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက သုန်မှုန်နေကာ သူက ရုတ်တရပ် ပြန်လှည့်၍ ကျာပွတ်ကို ဖမ်းဆုပ်ရန် ကြိုးပမ်းကာ အော်ပြောလိုက်သည်။ “အလိုက်မသိတဲ့ ကောင်လေး…ဒီနေ့ ငါက မင်းကို မင်းဆရအစား သင်ခန်းစာတစ်ခု ပေးရတော့မှာပေါ့…”
သူ့လက်က ကျာပွတ်နားသို့ ရောက်လာသည့်အခိုက်မှာပင် သူ့လက်ချောင်းထိပ်များတွင် အနီစက်ငါးခု ပေါ်လာ၏။ သည်အနီစက်ငါးခုက သူ့လက်လှုပ်ရှားသည့်အတိုင်း ရွေ့လျားကာ ထူးဆန်းသောခံစားချက်ကို ပေးစွမ်းနေသည်။
သည်အခိုက်တွင် လူတစ်ယောက်က အကွာအဝေးတစ်ခုမှ ကြည့်ပါက အနက်ရောင်ဝတ်စုံနှင့်လူ၏ ညာလက်က လှုပ်ရှားခြင်းမပြုဘဲ အနီစက်များက လှုပ်ရှားနေသည်ဟုသာ မြင်ရပေမည်။
ထို့နောက် သူ့ညာဘက်လက်က အလင်းတန်းအလား လှုပ်ရှားကာ ဝမ်လင်း၏ စိတ်ဝိညာဉ်ကျာပွတ်ကို ဖမ်းဆုတ်လိုက်၏။ သူက ကျာပွတ်ကို ဖမ်းဆုပ်လိုက်သည့်အခိုက်တွင် သူ့လက်ချောင်းထိပ်ရှိ အနီစက်ငါးခုက တောက်ပသွားသည်။ ထို့နောက် ထိုအနီစက်ငါးခုက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ကြယ်ငါးခု ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်၏။
အနက်ရောင်ဝတ်စုံနှင့်လူက အော်ဟစ်လိုက်၏။ “ချုပ်နှောင်ခြင်း…”
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်သည်။ သူက ကျာပွတ်နှင့် ပတ်သတ်၍ စိတ်ပူခြင်းမရှိချေ။ ထို့အတွက် ကျာပွတ်ကို ပြန်ရုတ်သိမ်းရမည့်အစား ခြေတစ်လှမ်းလှမ်းကာ အနက်ရောင်ဝတ်စုံနှင့်လူနားသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။
ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းလိုက်သည့်အခိုက်တွင် အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်က ကျာပွတ်ကို ထိမိသွား၏။ ထိုအခါ ကျာပွတ်ထိပ်ကနေ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကျာပွတ်တစ်ခုလုံးသို့ ပျံ့နှံ့ကာသွား၏။
တစ်ပြိုင်နက်တည်းမှာပင် အနက်ရောင်အလင်းက ဝတ်စုံနက်နှင့်လူ၏ လက်တစ်လျှောက်ကို ပျံ့နှံ့ကာ သွား၏။ သူက အထိတ်တလန့် အော်ဟစ်လိုက်ရတော့သည်။ သူ့လက်ကနေ တစီစီအသံများ နှင့် အဖြူရောင်အခိုးငွေ့များပင် ထွက်ပေါ်လာခဲ့လေသည်။
အနက်ရောင်ဝတ်စုံနှင့်လူက သူ့လက်ကို အမြန်ပြန်ရုတ်သိမ်းလိုက်ရ၏။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုများ ရှိနေသည်။ သူ့ စိတ်ထဲ၌ ကြယ်ငါးခုသွေးချိပ်ပိတ်မှုက ထိပ်တန်းချိပ်ပိတ်မှု တစ်ခုဟု သိနေ၏။ အထူးသဖြင့် ချိပ်ပိတ်မှုက ရန်သူ၏ ရတနာများအတွက် အသုံးပြုခြင်း ဖြစ်သည်။ သူ့ကျင့်ကြံမှု သက်တမ်းတစ်လျှောက် သူက ၎င်းကို အသုံးပြုကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တိုက်ခိုက်ရာ၌ တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ သို့သော် သည်တစ်ကြိမ်၌ သူက ပထမဆုံးအကြိမ် အဖြစ် ကျရှုံးခဲ့ရ၏။
ထိုအခိုက်၌ သူ့ခန္ဓာကိုယ်မှ တိုက်ပွဲစိတ်ဆန္ဒသည်လည်း ပျောက်ကွယ်သွားခဲ့တော့၏။ သူက နောက်သို့ ပြန်ဆုတ်ရန် ဟန်ပြင်လိုက်စဉ် စိတ်ဝိညာဉ်ကျာပွတ်က မထင်မှတ်ထားသည့် ထောင့်မှ သူ့ထံသို့ တိုးဝင်လာ၏။ ကျယ်လောင်သော ကျာပွတ်ရိုက်သံနှင့်အတူ စိတ်ဝိညာဉ်ကျာပွတ်က သူ့ကျောပေါ်သို့ ရိုတ်ချသွား၏။
သည်ရိုက်ချက်တစ်ချက်ဖြင့်ပင် သူ့မျက်နှာက ဖြူရောကာ သွား၏။
“မူလစိတ်ဝိညာဉ်ကို ထိခိုက်ပျက်စီးစေတဲ့ ရတနာ…”
အနက်ရောင်ဝတ်စုံနှင့်လူက အသက်ဝဝရှုသွင်းလိုက်၏။ သူက ရပ်တန့်ခြင်း မရှိဘဲ လွတ်မြောက်ရန် အတွက် နောက်သို့ ဆက်ဆုတ်လေ၏။သို့ရာတွင် ထိုအခိုက်၌ သူ့ပတ်လည်ရှိ လေဟာနယ်က ကွေးညွတ်ကာ ဝမ်လင်းက ရောက်ရှိလာတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ နှာခေါင်းရှုံ့၍ အနက်ရောင်အခိုးငွေ့တိမ်ထု တစ်ခုကို ထွေးထုတ်လိုက်၏။ ထို အခိုးငွေ့ ထွက်ပေါ်လာသည်နှင့် ၎င်းက ဝမ်လင်းကို လျင်မြန်စွာ ဝန်းရံကာ သွား၏။
ထိုသို့ပြုလုပ်ပြီးသည့်နောက် အနက်ရောင်ဝတ်စုံနှင့်လူက တုန့်ဆိုင်းခြင်းမရှိ တိုးဝင်လာနေသည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကို ဖြတ်သန်းကာ ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက ထွက်ပေါ်လာချင်းချင်း အနက်ရောင်ဝတ်စုံနှင့်လူ၏ တိမ်ထုနှင့် ဝန်းရံခြင်း ခံလိုက်ရသည်။ ထိုအနက်ရောင်တိမ်ထုက အလွန်အားကောင်းသည့် အဆိပ်များပင်။ သူက ချက်ခြင်းပင် နာကျင်မှုကို ခံစားလိုက်ရ၏။
တုန့်ဆိုင်းခြင်းမရှိ ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ပြောလိုက်သည်။ “လေ…”
စကားတစ်ခွန်းဖြင့်ပင် လေကြမ်းတစ်ခုက အနက်ရောင်တိမ်ထုကို ဖြတ်တိုက်သွားကာ အပေါက်ဖြစ်သွားစေ၏။ ထိုအပေါက်က ချက်ခြင်းပင် ပြန်ပိတ်လာခဲ့၏။သို့သော် ဝမ်လင်းက အစိမ်းရောင်အခိုးငွေ့အဖြစ်ပြောင်းကာ ထိုအနက်ရောင်တိမ်ထုထံကနေ လွတ်မြောက်သွားတော့၏။
သူက ပြန်ပေါ်လာသည့်အခါ ထိုအနက်ရောင်ဝတ်စုံနှင့်လူကို ပိုမို ထိတ်လန့်သွားမိလေ၏။ သည်လူက မန္တာန်များစွာ ရှိနေသည်မှာ သိသာပြီး အသုံးမပြုရသေးသည့် ရတနာများပင် ရှိနေမည်သာ ဖြစ်၏။ သူ ထွက်ခွာသွားရသည့်အကြောင်းက ဝမ်လင်း ကျော်ကြားမှုကို ထိတ်လန့်နေသောကြောင့်သာ ဖြစ်သည်။
“သူက ဘယ်ကလန်က ငါမသိပေမဲ့ ရှေ့ဖြစ်ဟောသူရဲ့ တပည့်တွေကို သိနေတဲ့အတွက် ထျန်ယွမ်ဂြိုဟ်ကပဲ ဖြစ်ရမယ်။ သူက ငါ့ကို သတ်ဖို့ မလွယ်တာ သိလို့ ပြန်ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့တာပဲ…”
“ငါက ဒီလူကို အသက်ရှင်ခွင့် ပေးလို့မရဘူး…” ဝမ်လင်း မျက်လုံးက အေးစက်လာခဲ့၏။ သူက အနက်ရောင်ဝတ်စုံနှင့်လူနောက်သို့ လိုက်ပါသွားပြန်၏။
တစ်ယောက်က ရှေ့ကသွား၍ တစ်ယောက်ကနောက်ကနေ လိုက်ပါနေသည့် လူနှစ်ယောက်က နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ဖြတ်သန်းသွားနေ၏။
နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကား ပိုမိုနက်ရှိုင်းစွာ သွားလေလေ ထိုစွမ်းအင်များကလည်း ပိုသန်မာလေ ဖြစ်၏။ ၎င်းစွမ်းအင်များက ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေခြင်းပင်။ သို့သော် ထိုစိတ်ဝိညာဉ်စွမ်းအင်များအားလုံး၏ ဦးခေါင်းထက်၌ ဦးချိုတစ်ချောင်းတော့ ရှိနေ၏။
ထို နတ်ဆိုးစိတ်ဝိညာဉ်များ၏ စွမ်းအားက ၎င်းတို့၏ ခေါင်းထက်ရှိ ဦးချိုအရေအတွက် ပေါ်တွင် မူတည်နေသည်။
ဝမ်လင်းနှင့် အနက်ရောင်ဝတ်စုံနှင့်လူတို့၏ တည်နေရာက နတ်ဆိုးစွမ်းအင်များ၏ ဗဟိုချက်တွင် မဟုတ်တော့ပဲ အစွန်းဖျားသို့ ရောက်ရှိနေကြ၏။ သည်နေရာ၌ နတ်ဆိုးစွမ်းအင်များက အလွန်အားနည်း၏။ ထို့ကြောင့်လည်း အစောပိုင်းတုန်းက ထိုလူက နတ်ဆိုးစွမ်းအင်များကို စုပ်ယူကာ တည်ရှိနေနိုင်ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်က နတ်ဆိုးစွမ်းအင်များကို ဖြတ်သန်းလာစဉ်တွင် များစွာသော နတ်ဆိုးစိတ်ဝိညာဉ်များက ပေါက်ကွဲကုန်ကြ၏။ သို့ရာတွင် ၎င်းတို့က အားနည်းသည့် စိတ်ဝိညာဉ်များသာ။
နတ်ဆိုးစိတ်ဝိညာဉ်တစ်ကောင် သေတိုင်း နတ်ဆိုးစွမ်းအင်ကို သတ်လိုက်သည့်လူက စုပ်ယူရရှိ၏။
အနက်ရောင်ဝတ်စုံနှင့်လူက ထွက်ပြေးနေရင်း မျက်မှောင်ကြုတ်နေ၏။ သူ့ခန္ဓာကိုယ်က အရိုးမရှိသည့်အတိုင်း ရုတ်တရပ် တွန့်လိန်ပစ်လိုက်သည်။ သည်အခိုက်၌ အနက်ရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကြောင့် တစစီ ဖြတ်တောက်သွား၏။
ထို့နောက် အနက်ရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့လိုက်ကာ သူ့ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်ရာ ဝမ်လင်းက သူ့နောက်သို့ လိုက်ပါနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။
“ဒီကောင်က ပြဿနာပဲ။ အထူးသဖြင့် သူ့ လခြမ်းကွေးဓားသွား ဖြစ်တယ်။ ဒါက တကယ့်ကို မြန်လွန်းလှတယ်။ ငါက ကြိုတင်ပြင်ဆင်လာတာ ကြောင့်သာ မဟုတ်ရင် ဒီဓားသွားကြောင့် ဒဏ်ရာ ရနေလောက်ပြီ။ သူ့မှာသာ အကာအကွယ်ရတနာ မရှိရင် ငါက သူဘယ်ကလန်က ဖြစ်ဖြစ် သတ်ပစ်ပြီး သူ့နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်ကို ရယူပြီးနေပြီ…”
အနက်ရောင်ဝတ်စုံနှင့်လူ၏ သုန်မှုန်နေ၏။ ထို့နောက် သူက ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်ရာ နတ်ဆိုးစိတ်ဝိညာဉ်လှိုင်းများက သူ့နားသို့ တိုးကပ်မလာဝံ့တော့ချေ။
ခုချိန်၌ သူ့လက်နှစ်ဖက်ထံက အနက်ရောင်အခိုးငွေ့အမျှင်တန်းများ ထွက်ပေါ်နေကာ ၎င်းတို့က သူ့လက်၌ စက်ဝိုင်းတစ်ခုလို လှည့်ပတ်နေသည်။ သူက အသက်ဝဝရှုသွင်းကာ ရုတ်တရပ် ထိုအမျှင်တန်းများကို သူ့ရင်ဘက်ပေါ်သို့ ဖိချလိုက်၏။ သူ့လက်နှင့် ရင်ဘက် ထိသွားသည့်အခိုက်တွင် အနက်ရောင်အမျှင်တန်းများက သူ့ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားကြသည်။
အနက်ရောင်ဝတ်စုံနှင့်လူက နာကျင်သည့်အသွင် ဖြစ်ပေါ်နေကာ သူ့မျက်လုံးများကလည်း နီရဲလာ၏။ သည်အခိုက်၌ သူက ကြောက်လန့်ဖွယ်ဖြစ်နေကာ နာကျင်မှုကို တောင့်ခံနေသည့်ပုံပင်။
အနက်ရောင်အခိုးငွေ့များက သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင်နေကာ နောက်ဆုံး၌ သူက တောင့်မခံနိုင်တော့သည်ဟန်ဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်၏။
သူ့အသံက ကောင်းကင်ကိုပင် တုန်ခါသွားစေလောက်၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကလည်း ထိုအော်သံ၏ ဖိအားကို ခံရသည်။ အပေါ်စီးမှ ကြည့်ပါက သူ့ပတ်လည် ပေတစ်ထောင်အတွင်း၌ မည်သည့် နတ်ဆိုးစိတ်ဝိညာဉ်မှ ရှိမနေသည်ကို တွေ့ရမည် ဖြစ်၏။
ထိုအခိုက်၌ ဝမ်လင်းက ထိုလူကို လိုက်မှီလာ၏။ သူက ပေတစ်ထောင်အကွာတွင် ရပ်တန့်ကာ အနက်ရောင်ဝတ်စုံနှင့်လူကို အေးစက်စွာ ကြည့်နေ၏။
အနက်ရောင်ဝတ်စုံနှင့်လူက ရုတ်တရပ် ခေါင်းမော့ကာ ဝမ်လင်းကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်းက သေချင်နေတာပဲ…”
ထိုသို့ ပြောပြီးနောက် သူက ဘယ်လက်ကို မြှောက်ကာ ဝမ်လင်းထံသို့ ညွှန်၏။ အနက်ရောင်အခိုးငွေ့ အမျှင်တန်းများက သူ့ဘယ်ဘက်လက်ကနေ ရေဘဝဲလက်တံများကဲ့သို့ ထွက်ပေါ်လာ၏။
“တားမြစ်ခံမကောင်းဆိုးဝါး…လေးခုမြောက် ကောင်းကင်တစ္ဆေ ထွက်ပေါ်လာစမ်း…”
ထိုသို့ပြောပြီးနောက် သူ့နာကျင်နေသည့်အသွင်က ပိုဆိုးလာ၏။ သူ့မျက်လုံးကလည်း ပိုနီရဲလာသည်။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောများပင် ဖောင်းကြွလာ၏။ ထိုဖောင်းကြွလာသည့် သွေးကြောများက သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားနေကာ အလွန်ထူးဆန်းလှ၏။
ထူးဆန်းသော အားတစ်ခုကလည်း သူ့ရင်ဘက်ကနေ ထွက်ပေါ်လာကာ ညာဘက်လက်ကနေ တစ်ဆင့် ဘယ်ဘက်လက်ပေါ်သို့ စီးဆင်းသွား၏။ အနက်ရောင် လက်တံများကလည်း လျင်မြန်စွာ စတင်လှည်ပတ်လာကာ တစ္ဆေပုံရိပ်တစ်ခုကို ဖြစ်ပေါ်သွားစေသည်။
ထိုတစ္ဆေပေါ်လာသည်နှင် ၎င်းက ဟိန်းဟောက်လိုက်သည်။ သို့သော် မည်သည့်အသံမှ ထွက်မလာပေ။ သို့သော် သည်အသံက နတ်ဆိုးစွမ်းအင်များကို နောက်ထပ် ပေဒါဇင်ခန့်သို့ ဆုတ်သွားစေ၏.
ဝမ်လင်းကလည်း နောက်သို့ အမြန် ဆုတ်၏။ သူက ထိုအသံကို နားဖြင့် မကြားရသော်လည်း သူ့မူလစိတ်ဝိညာဉ်ကို ဆွဲဖြဲပစ်ရန် ကြိုးစားလာသည်ကို ခံစားမိ၏။
အနက်ရောင် ဝတ်စုံနှင့်လူက အော်ပြောလိုက်သည်။ “ဖြေလျော့ခြင်း..”
သည်အရာက စကားတစ်ခွန်းသာ ပြောလိုက်ရခြင်း ဖြစ်သော်လည်း သူ့အသံက တုန်ယင်နေ၏။ ထို့ကြောင့် သည်အရာက သူကိုယ်တိုင် မည်မျှနာကျင်နေသည်ကို ဖော်ပြနေပေသည်။
စကားတစ်ခွန်းဖြင့်ပင် တစ္ဆေပုံရိပ်က အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်မှ ပျံ့နှံလာ၏။ တစ္ဆေပုံရိပ်၏ မျက်လုံးထဲကနေ တစ္ဆေဆန်သောအလင်းကို ထုတ်လွှတ်ကာ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။ ထို့နောက် ၎င်းက တစ်ဖန် ငြီးသံပြုကာ ဝမ်လင်းထံသို့ တိုးဝင်လာလေတော့၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံဓားက သူ့ရှေ့၌ ပျံဝဲလာ၏။ ဓားခုတ်ပိုင်းချက်တစ်ခုနှင့်အတူ ဓားစွမ်းအင်တန်းက ထိုးထွက်သွား၏။ သို့ရာတွင် တစ္ဆေပုံရိပ်က ပါးစပ်ဟကာ ဓားစွမ်းအင်ကို ဝါးမြိုပစ်လိုက်သည်။
လခြမ်းကွေးဓားသွားကလည်း တစ္ဆေပုံရိပ်ကို ထွင်းဖောက်သွားသော်လည်း မည်သည့်ပျက်စီးမှုကိုမှ မဖြစ်ပေါ်စေခဲ့ပေ။ ၎င်းက အနက်ရောင်ဝတ်စုံနှင့်လူကို လှည့်၍ တိုက်ခိုက်ရန် ကြိုးစားလိုက်စဉ်မှာပင် အနက်ရောင်လက်တံများက လိမ်ယှက်သွားကာ ထူထဲသော အကာအကွယ်အလွှာတစ်ခုကို ဖြစ်စေပြီး လခြမ်းကွေးဓားသွားကို တားဆီးသွားလေသည်။