Switch Mode

အခန်း (၄၉၂)

ခရီးပန်းတိုင်၊ ဗုဒ္ဓဟူးဂြိုဟ်

ပြည်ထောင်စုကြီး ထိုသို့ ထုတ်ပြန်ကြေညာလိုက်သည်နှင့် လူတိုင်းနီးပါးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ တစ်နှစ်ဆိုသည့် အချိန်တိုလေးအတွင်းတွင် ဖြစ်ရပ်ပေါင်းမြောက်များစွာ ဖြစ်ပျက်သွားခဲ့သည်မဟုတ်ပါလော။ ပထမဦးဆုံးအနေနှင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ဖြစ်ရပ်ဆိုးကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီးနောက် ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးများ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ဝိညာဉ်ဆန့်ကျင်ဗုံး အောင်မြင်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ ဖောက်ထွက်သွားခဲ့သည် ဖြစ်သည်။ နောက်ဆုံးတွင် ပြည်ထောင်စုပျိုးပင် အစီအစဉ်နှင့်အတူ ရှေ့ဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ဆင်းသက်မည့် စီမံကိန်းများကို စတင်လိုက်ပြီဖြစ်သည်။

ထိုဖြစ်ရပ်များအားလုံးကြောင့် ဉာဏ်ရည်ထုံထိုင်းသူများပင်လျှင် ကြီမားသော ကိစ္စရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ရိပ်မိသွားကြပေသည်။ တစ်ချိန်ထဲမှာပင် ယခုကဲ့သို့ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည့် ဖြစ်ရပ်ကြီးများဆီမှ သဲလွန်စအချို့ကို ရရှိနိုင်ပေသည်။

သို့သော် အသေးစိတ်အချက်အလက် အကုန်လုံးကို သိရှိထားသူများမှာ များများစားစားမရှိပေ။ လက်တစ်ဆုပ်သာ လူအချို့သာလျှင် အမှန်တရားကို သိရှိထားကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုလက်တစ်ဆုပ်စာထဲတွင် ပါဝင်ပေသည်။ ယခုတွင် သူသည် ပြည်ထောင်စုကြီးဆီမှ သတင်းများ ကြားသိလိုက်ရပြီးနောက် အထူးတလည် အံ့အားသင့်နေခြင်းမရှိပေ။ သူ့အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်သိပ်မကျန်တော့ပေဟုသာ မှတ်ယူလိုက်၏။

” လဝက်ပဲ လိုတော့တယ် ” လျှို့ဝှက်ခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့၏ အမူအရာမှာ တည်ကြည်နေ၏။ သူသည် ခေါင်းငုံ့ကာ လွန်ခဲ့သည့် နှစ်လကျော်အတွင်း သူ၏ ကြိုးစားအားထုတ်မှုများကြောင့် ရရှိလာခဲ့သည့် ရလဒ်များကို ကြည့်နေသည်။ သူ၏ရှေ့တွင် ဓမ္မရတနာပေါင်း မြောက်မြားစွာ ရှိနေပြီး ၎င်းတို့ တစ်ခုချင်းစီထဲမှ အံ့သြမှင်တက်ဖွယ်ရာ ဖိနှိပ်စွမ်းအားများ ထွက်ပေါ်နေကြ၏။ အကယ်၍ သူ၏ဘေးတွင် လူတစ်ယောက်ယောက် ရှိနေမည်ဆိုပါက ထိုဓမ္မရတနာများကြောင့် အံ့သြတုန်လှုပ်သွားရမည်မှာ မလွဲမသွေပင်။

အဘယ်ကြောင့်ဆိုသော် ထိုဓမ္မရတနာအားလုံးမှာ ဓမ္မလက်နက်များ ဖြစ်နေကြသောကြောင့်ပင်။

အထူးသဖြင့် ဓမ္မရတနာ သုံးခုဆိုလျှင် ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ဓမ္မလက်နက် အငွေ့အသက်များ မဟုတ်ပါသော်လည်း ထိုအငွေ့အသက်များနှင့် ဆင်တူနေ၏။ ထို ရတနာသုံးမျိုးမှာ သုံးရောင်ခြယ်ဓားပျံလေးများ၊ ဖဲကြိုးတစ်ချောင်းနှင့် အကြေးခွံသုံးခုတို့ပင် ဖြစ်ကြသည်။

၎င်းတို့မှာ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်၏ ဓမ္မရတနာများ ဖြစ်ကြပေသည်။

ဖဲကြိုးလေးနှင့် အကြေးခွံများမှာ အဋ္ဌမအဆင့် ဓမ္မလက်နက်များနှင့် ဆင်တူနေ၏။ ထိုကျင့်ကြံသူကြီး သုံးယောက်ထဲမှ ခေါင်းဆောင်ကြီး၏ သုံးရောင်ခြယ် ဓားပျံလေးများမှာမူ…. ၎င်းတို့အား ပေါင်းစည်းလိုက်ပါက ၎င်းတို့၏ စွမ်းအားမှာ နဝမအဆင့် ဓမ္မလက်နက်အစစ်တစ်ခုနှင့် မယှဉ်နိုင်သည့်တိုင်အောင် အဋ္ဌမအဆင့်ဓမ္မလက်နက်များထက် ပို၍သာလွန်နေကြောင်း ဝမ်ပေါင်လဲ့က အာရုံခံမိနေ၏။

၎င်းတို့အပြင် ဝမ်ပေါင်လဲ့၏ရှေ့၌ အော်လံကြီးတစ်လုံးလည်း ရှိနေသေးသည်။ ထိုအော်လံကြီးမှာ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအ‌ဖြစ်သာ ရှိနေသေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းအား ဆက်တိုက်အဆင့်မြင့်တင်ခဲ့သောကြောင့် အလွန်အင်မတန်မှ အစွမ်းထက်သော သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ၎င်းမှာ ဝင်းလက်တောက်ပနေပြီး ၎င်း၏ကိုယ်ထည်ထဲတွင် အမှတ်အသားများ ရွေ့လျားနေကြသည်က်ု မြင်နိုင်ပေသည်။ ထို့ကြောင့် ၎င်းမှာ အလွန်အင်မတန်မှ အံ့ဩဖွယ်ရာကောင်းနေပြီး ရတနာတစ်ခုကဲ့သို့ ဖြစ်နေ၏။

ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် သေသေချာချာ စဉ်းစားတွေးတောခဲ့ပြီးနောက် ဓမ္မလက်နက်များအဖြစ် အဆင့်မြှင့်တင်ခဲ့သည့် ကြိုးတစ်ချောင်းနှင့် တံဆိပ်တော်ကြီးတစ်ခုလည်း ရှိနေသေးသည်။

ထိုကြိုးမှာ ပစ်လွှတ်လိုက်သည်နှင့် ကောင်းကင်ယံထဲသို့ ပျံတက်သွားပြီး ပျောက်ကွယ်သွား၏။ တံဆိပ်တော်ကြီးမှာမူ အသုံးပြုလိုက်မည်ဆိုပါက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မိမိ၏ပြိုင်ဘက် အားအင်ချိနဲ့နေသည့်အချိန်မှ ရုတ်ခြည်းဆိုသလို အရှိန်အဟုန်ပြင်းစွာ ပြန်၍ ပြုတ်ကျလာသည် ဖြစ်သည်။

၎င်းတို့မှာ သိပ်၍အားမကိုးရပါသော်လည်း အလားအလာ အများကြီး ရှိသည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရဆဲပင်။ ထို့အပြင် သူကိုယ်တိုင်ပင်လျှင် ၎င်းတို့အား အပြည့်အဝ နားမလည်နိုင်သည်ဖြစ်ရာ သူ၏ ပြိုင်ဘက်များသာဆိုပါက ၎င်းတို့၏ လှုပ်ရှားမှုများကို အလွယ်တကူ ကြိုတင်ခန့်မှန်းနိုင်တော့မည် မဟုတ်သောကြောင့် ၎င်းတို့အား ခက်ခက်ခဲခဲနှင့် ရင်ဆိုင်ဖြေရှင်းရတော့မည် မဟုတ်ပါလော။

” အချိန်တစ်ခုခု ရောက်လာရင် ဒီ အားကိုးမရတဲ့ ဓမ္မရတနာကြီးနှစ်ခုဆီက အံ့သြဖို့ကောင်းတဲ့ ဂုဏ်သတ္တိတွေ ထွက်ရင်ထွက်လာနိုင်တယ်… ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ တွေးလိုက်၏။ အမှန်တွင် သူသည် ဖြစ်နိုင်မည်ဆိုပါက ထိုဓမ္မရတနာနှစ်ခုအား အဆင့်မြှင့်တင်ခဲ့မည် မဟုတ်ပေ။ သို့သော် သူ စမ်းသပ်ကြည့်ခဲ့ပြီးနောက် သူ၏ ဓမ္မရတနာအားလုံးထဲတွင် ထိုဓမ္မရတနာနှစ်ခုကိုသာ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်စွမ်း ရှိသည်ဖြစ်ပြီး အခြားဓမ္မရတနာများမှာ အဆင့်မြှင့်တင်ရန် အလွန်အင်မတန်မှ ခဲယဥ်းနေခဲ့သည်ကို သိခဲ့ရသောကြောင့် ဖြစ်သည်။

ကံကောင်းသည်မှာ ထိုဓမ္မရတနာနှစ်ခုအား ဓမ္မလက်နက်များအဖြစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် ၎င်းတို့မှာ ပိုမိုထူးခြားသော အစွမ်းသတ္တိများကို ထပ်၍ ပိုင်ဆိုင်သွားကြ၏။ ဥပမာပြရလျှင် ထိုကြိုးကြီး၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရမည်ဆိုပါက အပြင်ခန္ဓာကိုယ်တစ်ခုလုံးသာမက ကျင့်ကြံခြင်းစွမ်းအားများပါ ထိန်းချုပ်ခံလိုက်ရမည်ဖြစ်သည်။ ထို့နောက် ထိုကဲ့သို့ ချည်နှောင်ခံထားရသည့် လူပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူသည် သာမန်လူတစ်ယောက်အဖြစ်သို့ ရောက်သွားမည်သာ ဖြစ်သည်။

တံဆိပ်တော်ကြီးမှာဆိုလျှင် ပို၍ပင် ကောက်ကျစ်စဉ်းလဲလာ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား စမ်းသပ်ကြည့်လိုက်ပြီးနောက် ၎င်းမှာ သူကိုယ်တိုင်ပင် နားမလည်နိုင်သော စည်းမျဉ်းများဖြင့် အလုပ်လုပ်နေသည်ဖြစ်ကြောင်း သိလိုက်ရ၏။ အကယ်၍ တစ်စုံတစ်ယောက်မှာ ထိုတံဆိပ်တော်ကြီး၏ ဖိနှိပ်ခြင်းကိုသာ ခံလိုက်ရမည်ဆိုပါက အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်ပြီး ထိုဒဏ်ရာများမှ ပြန်လည် သက်သာလာနိုင်တော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုကြိုးကြီးနှင့် တံဆိပ်တော်ကြီးတို့ကိုကြည့်ကာ သက်ပြင်းချလိုက်၏။ အမှန်တွင် သူ အဆင့်မြှင့်တင်ချင်ဆုံး ဓမ္မရတနာမှာ သူ၏ဓားအိမ်လေးပင် ဖြစ်သည်။ သို့သော် ၎င်းအား အဆင့်မြှင့်တင်နိုင်ရန် ကုန်ကြမ်းပစ္စည်းမြောက်မြားစွာ လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်ဆီမှ ကုန်ကြမ်းပစ္စည်းမြောက်မြားစွာ ရရှိခဲ့သည့်တိုင်အောင် မလုံလောက်သေးပေ။ လက်ရှိတွင် သူသည် ၎င်းအား သုံးဆယ်ရာခိုင်နှုန်းအထိသာ အဆင့်မြှင့်တင်ရသေးသည် ဖြစ်သည်။

ထိုဓားအိမ်အား အဆုံအထိ အဆင့်မြှင့်တင်ကာ ဓမ္မလက်နက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအားလုံးကို အင်္ဂါဂြိုဟ်ပေါ်၌ ရှာတွေ့နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထား၏။

” အဲတာဆိုလည်း ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ် ရောက်မှ အဲဒီပစ္စည်းတွေကို ရှာရတာပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ ထိုဓားကြီးပေါ်သို့ သွားရန် လိုသေးသည့် အချိန်ပမာဏကို တွက်ချက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာ၏။

” လဝက်တိတိ ကျန်ပါသေးတယ်… ကျန်တဲ့အချိန်တွေကို အသုံးချပြီး အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခု ဖန်တီးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်သွားလိုက်ပြန်သည်။ ထို့နောက် သူသည် တစ်ဖက်တွင် ဖြတ်ကျော်အဆင့်ထဲသို့ဝင်ရောက်ကာ စိတ်ဆန္ဒအကြွင်းအကျန်များကို လိုက်လံရှာဖွေနေသလို အခြားတစ်ဖက်တွင်လည်း အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအား ဖန်တီးနိုင်ရန် ကြိုးပမ်းနေတော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီး သိပ်မကြာခင်တွင် ပြည်ထောင်စုပျိုးပင်များ ဗုဒ္ဓဟူးဂြိုဟ်သို့ သွားရန် သုံးရက်သာ လိုတော့သည် ဖြစ်သည်။

လက်ရှိပြည်ထောင်စုကြီးထဲ၌ ရှိသော သင်္ဘောပျံများနှင့်ဆိုလျှင် အင်္ဂါဂြိုဟ်မှ ဗုဒ္ဓဟူးဂြိုဟ်သို့ သွားနိုင်သည့် အမြန်ဆုံးခရီးစဉ်မှာ သုံးရက်တိတိ ကြာမြင့်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာမရှိတော့သဖြင့် သူ၏ တံခါးပိတ်ကျင့်စဉ်အား အဆုံးသတ်လိုက်ရ၏။ သို့သော် သူသည် ထိုလဝက်အတွင်း ရရှိခဲ့သည့် ရလဒ်များကြောင့် ကျေနပ်အားရနေဆဲပင်။

လဝက်အတွင်း အဋ္ဌမအဆင့် ဓမ္မလက်နက်အစစ်တစ်ခုအား ဖန်တီးသန့်စင်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်လောက်အောင် ခဲယဉ်းကြောင်း သူက သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုလဝက်အတွင်း သူချမှတ်ခဲ့သည့် ရည်မှန်းချက်ပန်းတိုင်မှာ အဋ္ဌမအဆင့် ဓမ္မလက်နက်အစစ်တစ်ခုကို ဖန်တီးရန်မဟုတ်ဘဲ တစ်ခါသုံး အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကိုသာ ဖန်တီးနိုင်ရန်ဖြစ်သည်။

ထိုကဲ့သို့ တစ်ခါသုံး ဓမ္မလက်နက်များအား ဖန်တီးရသည်မှာ သိသိသာသာပို၍ လွယ်ကူပေသည်။ ထိုသို့ဖန်တီးရာ၌ ကြုံတွေ့ရသည့် အကြီးမားဆုံးသော အခက်အခဲမှာ နတ်ဘုရားများ၏ စိတ်ဆန္ဒ အကြွင်းအကျန်များကို ရယူနိုင်ရန်သာ ဖြစ်သည်။ အခြား ဓမ္မလက်နက်ကျင့်ကြံသူများ အတွက်ဆိုလျှင် ကံကောင်းမှသာ ထိုကဲ့သို့သော စိတ်ဆန္ဒ အကြွင်းအကျန်များကို ရယူနိုင်ကြသည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အထူးတလည် ကြိုးစားအားထုတ်နေစရာပင် မလိုပေ။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်ရှိ စိတ်ဆန္ဒအကြွင်းအကျန်စုစုပေါင်း၏ တစ်ဝက်ကျော်အား ဖမ်းဆီးပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် တစ်ခါသုံး ဓမ္မလက်နက်တစ်ခုအား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။ ထို့အပြင် သူသည် အမြင့်သုံးမီတာရှိ ခေါင်းလောင်းတစ်လုံးကဲ့သို့သော အခြား ရတနာလေးများကိုလည်း ဖန်းတီပြုလုပ်ခဲ့သေးသည်။

ထိုခေါင်းလောင်းမှာ အလွန်အင်မတန်မှ ခိုင်ခံ့၏။ ၎င်းမှာ တစ်ကြိမ်သာ အသုံးပြု၍ရပါသော်လည်း ၎င်းအား အသုံးပြုလိုက်သည်နှင့် ရန်သူများအား ဟန်ချက်ပျက်သွားစေပြီး သူတို့၏ ဝိညာဉ်ချီများကိုပင် ချုပ်တည်းနိုင်စွမ်းရှိသည့် အကာအကွယ်စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ပေးနိုင်သည် ဖြစ်သည်။

သလင်းကျောက်နှင့်တူသည့် ဓမ္မရတနာတစ်ခုလည်း ရှိသေးသည်။ အစတွင် ဝမ်ပေါင်လဲ့မှာ အလိုအလျောက် ပေါက်ကွဲနိုင်သည့် ဓားပျံများနှင့် ဆင်တူသော သလင်းကျောက်များကို ဖန်တီးရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ အလွန်အင်မတန်မှ ခဲယဉ်းနေသောကြောင့် သူသည် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည့်တိုင်အောင် မအောင်မြင်ခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ ၎င်း၏ အတွင်းပိုင်းထဲတွင် နတ်ဘုရားများ၏ စိတ်ဆန္ဒအကြွင်းအကျန်များ ရှိနေဆဲဖြစ်သောကြောင့် ၎င်းမှာ အစွမ်းသတ္တိအချို့ကို ပိုင်ဆိုင်ထားဆဲပင်။

‌၎င်းမှာ အလိုအလျောက်ပေါက်ကွဲနိုင်စွမ်း မရှိတော့ပါသော်လည်း အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် အရည်တစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး အလွန်အင်မတန်မှ အားကောင်းသော ကော်ရည်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား မစမ်းသပ်ကြည့်ရသေးပါသော်လည်း သူ၏ သုံးသပ်ချက်များအရဆိုလျှင် ထိုကော်ရည်များမှာ အလွန်အင်မတန်မှ စေးကပ်နေမည် ဖြစ်သည်။

၎င်းမှာ သူဖန်တီးနိုင်ခဲ့သည့် ပစ္စည်းများထဲမှ အချို့အဝက်သာ ဖြစ်ပေသည်။ အခြားရတနာများ ရှိနေသေးပါသော်လည်း ၎င်းတို့အားလုံးမှာ တစ်ခါသုံးပစ္စည်းများသာ ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့မှာ အတိုင်းအတာ တစ်ခုအထိ သူ၏ ပြိုင်ဘက်များကို ခြောက်လှန့်နိုင်ပါသော်လည်း အကန့်အသတ်နှင့်သာ အသုံးပြု၍ရမည်ဖြစ်သည်။

” ထားလိုက်ပါတော့။ ဒီလောက်ဆို ဖြစ်ပါတယ်… ” ဝမ်ပေါင်လဲ့မှာ အထူးတလည် စိတ်ကျေနပ်နေခြင်းမရှိသလို စိတ်ပျက်နေခြင်းလည်း မရှိဘဲ သူ၏ ဓမ္မလက်နက်များအား သိမ်းဆည်းလိုက်၏။ သို့သော် သူသည် တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်မလာခင် ဖြတ်ကျော်အဆင့်ထဲသို့ နောက်ဆုံးအကြိမ်အဖြစ် ဝင်ရောက်သွားခဲ့သေးသည်။ ထို့နောက် သူသည် သူ၏ အမှောင်အမြုတေနှင့် အမှောင်ပညာရပ်တို့ကို အသုံးပြုကာ အင်္ဂါဂြိုဟ်အနှံ့ လိုက်လံရှာဖွေလိုက်ပြီးနောက် အမှောင်မီးတောက်အား အသုံးပြုကာ ရှာတွေ့ခဲ့သမျှ စိတ်ဆန္ဒအကြွင်းအကျန်အားလုံးကို ဖမ်းဆီးခဲ့၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ လိုက်လံဖမ်းဆီးလိုက်ပြီးနောက်‌ နောင်တအနည်းငယ် ရသွားခဲ့၏။ ထိုသုံးလအတွင်းတွင် သူသည် သူ အင်္ဂါဂြိုဟ်ပေါ်၌ မြင်ခဲ့ရသော နေမင်းကြီးနှင့်တူသည့် နတ်ဘုရား စိတ်ဆန္ဒအကြွင်းအကျန်နှင့် နောက်ထပ်တစ်ကြိမ်ထပ်၍ ပြန်လည်ဆုံတွေ့နိုင်ရန် မျှော်လင့်ရင်း ဖြတ်ကျော်အဆင့်ထဲသို့ ကြိမ်ဖန်များစွာ ဝင်ရောက်ခဲ့၏။

သို့သော်လည်း ထို စိတ်ဆန္ဒ အကြွင်းအကျန်ကြီးမှာ အန္တရာယ်များကို အာရုံခံမိနေသောကြောင့် ပုန်းကွယ်နေခဲ့သည့် အလားပင်။ ဝမ်ပေါင်လဲ့မှာ အချိန်မရှိတော့သလို ၎င်းအား ကြိမ်ဖန်များစွာ လိုက်လံရှာဖွေခဲ့သည့်တိုင်အောင် ရှာမတွေ့နိုင်ခဲ့ပေ။ ယခုတွင် သူသည် အင်္ဂါဂြိုဟ်ပေါ်မှ ထွက်ခွာသွားရတော့မည် ဖြစ်ပါသော်လည်း ၎င်းအား ရှာမတွေ့သေးသဖြင့် နှာမှုတ်လိုက်၏။

” ထားတော့။ ငါ့လို လူချောကြီးတစ်ယောက် ပိုင်တဲ့ စိတ်ဆန္ဒအကြွင်းအကျန်တစ်ခု ဖြစ်ခွင့်မရတာ မင်း ကံဆိုးတာပဲ။ မင်းပဲ နစ်နာသွားမှာ ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်ပြီး နတ်ဘုရားစိတ်ဆန္ဒမြောက်မြားစွာကို သိမ်းပိုက်ကာ ဖြတ်ကျော်အဆင့်အား အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ အထူးဒေသထဲတွင် အချိန်အကြာကြီး မနေတော့ဘဲ ကျင့်သိုမင်နှင့် အပေါင်းအပါများအား ချက်ချင်း ဆင့်ခေါ်လိုက်ပြီးနောက် အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်သည်။ ထို့နောက် သူသည် လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် စိတ်မပါ လက်မပါနှင့် သူတို့အားလုံးကို နှုတ်ဆက်စကား ဆိုလိုက်ရ၏။

” အင်္ဂါဂြိုဟ်အထူးဒေသမြို့တော်ကို မင်းတို့အားလုံးရဲ့ လက်ထဲမှာ ထည့်ခဲ့မယ်နော် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူတို့အားလုံးကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ လီဝမ်အာတစ်ယောက် တံခါးပိတ်ကျင့်စဉ်ထဲ၌ ရှိနေသေးသောကြောင့် သူသည် နောင်တများ ရနေရ၏။ သို့သော်လည်း သူသည် ကမ္ဘာပေါ်မှနေ၍ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် စတင်ရောက်ရှိလာခဲ့သည့် မနူးမနပ်ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်နေသည့်တိုင်အောင် ရှေးဦးဝိညာဉ်ခေတ်ထဲမှ ကျင့်ကြံသူများအတွက် နှုတ်ဆက်ခွဲခွာရခြင်းများမှာ ဓမ္မတာသာဖြစ်ကြောင်း နားလည်ထားဆဲပင်။

ထို့ကြောင့် သူသည် အာရုံများပြန်လည်စုစည်းကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ဗုဒ္ဓဟူးဂြိုဟ်သို့ ထွက်ခွာမည့် သင်္ဘောပျံကြီးပေါ်သို့ တက်သွားလိုက်တော့သည်။

ခုန်းတောက်မှာလည်း သူနှင့်အတူ လိုက်လာခဲ့၏။ ကျင့်သိုမင်နှင့် လင်းတျန်ဟောက်တို့မှာ ပြည်ထောင်စုပျိုးပင် ပထမအသုတ်ထဲ၌ မပါသောကြောင့် ဤအစီအစဉ်ထဲတွင် ပါဝင်ပတ်သက်ခွင့် မရှိသေးပေ။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့အား လိုက်လံနှုတ်ဆက်လိုက်ကြပြီး သူတို့၏ သင်္ဘောပျံကြီး ကောင်းကင်ယံထဲ၌ ပျံသန်းကာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေလိုက်ကြတော့သည်။

သူတို့မှာ ထိုကဲ့သို့ငေးကြည့်နေရင်း ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာ၏။ သူတို့မှာ မည်သည့်အချိန်မှ ဝမ်ပေါင်လဲ့နှင့် နောက်ထပ်တစ်ကြိမ်ပြန်၍ ဆုံတွေ့ခွင့်ရမည်ကို မသိနိုင်ဘဲ ဖြစ်နေရ၏။

လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေကြ၏။ သို့သော်လည်း အထူးဒေသထဲ၌ ဝမ်ပေါင်လဲ့ ချမှတ်ပေးသွားခဲ့သည့် အခြေခံအုတ်မြစ်များမှာ ခိုင်ခံ့မှုအပြည့် ရှိနေသည်မဟုတ်ပါလော။ ထို့အပြင် တရိပ်ရိပ်နှင့် တန်ခိုးအာဏာ ကြီးထွားလာပြီဖြစ်သော ကောင်းကင်တာအိုကျောင်းကလည်း သူတို့၏နောက်မှ ကူညီထောက်ပံ့ပေးထားသည်လည်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့်တိုင်အောင် အရာအားလုံးမှာ ချောချောမွေ့မွေ့ လည်ပတ်နေဦးမည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့ စီးနင်းလိုက်ပါသွားသော သင်္ဘောပျံကြီးမှာ အင်္ဂါဂြိုဟ်၏ ဆွဲငင်အားထဲမှ ရုန်းထွက်လာပြီးနောက် ကျယ်ပြောလှသော စကြဝဠာကြီးထဲရှိ ဗုဒ္ဓဟူးဂြိုဟ်ဆီသို့ ဦးတည်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset